Chapter 65
ခဏအကြာတွင် လူနည်းလာသောအခါ အတွင်းရေးမှူးကျန်း ရောက်လာပြီး
"ကျင်းရှု...လာ.."
လင်းကျင်းရှု က ခေါင်းညိတ်ပြပြီး အတွင်းရေးမှူးကျန်း ခေါ်ဆောင်သွားသည့် လွတ်မြောက်လမ်း၏ ဝင်ပေါက်ဆီသို့ လိုက်သွားခဲ့သည်။အတွင်းရေးမှူးကျန်း သည် လင်းကျင်းရှု အတွက် လမ်းရှင်းရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း လူအုပ်ကြီးမှာ ကြပ်သိပ်နေသဖြင့် တိုးမပေါက်နိုင်ဘဲ ရှိလေသည်။
အတွင်းရေးမှူးကျန်း သည် အချိန်အတော်ကြာအောင် လမ်းရရန် ပြောဆိုနေရသဖြင့် မျက်နှာနီမြန်းကာ ချွေးများထွက်နေသော်လည်း မည်သူမှ လမ်းမဖယ်ပေးကြချေ။ အတွင်းရေးမှူးကျန်း က လူအုပ်ကြီးကို လှမ်းအော်ပစ်လိုက်သည်။
“မင်းတို့ ငါ့ကို ဘာလို့ တွန်းထုတ်နေရတာလဲ.....အခု တန်းစီကြ..."
အတွင်းရေးမှူးကျန်း ၏ အသံသည် ကျယ်လောင်လွန်းသဖြင့် အထဲဝင်ရန် ကြိုးစားနေသူများ အံ့အားသင့်သွားကြသည်။
"လမ်းဖယ်...လမ်းဖယ်..."
လူအုပ်ကြီးက ခဏတာ ကြောင်သွားကြသဖြင့် အတွင်းရေးမှူးကျန်း က လူအုပ်ကို အမြန်တွန်းဖယ်ကာ လင်းကျင်းရှု ကို လွတ်မြောက်လိုဏ်ခေါင်းထဲသို့ သွားခွင့်ပေးလိုက်သည်။
လင်းကျင်းရှု သည် မြေအောက်လမ်းအတိုင်း ဆင်းသွားခါနီးတွင် အနောက်မှ တံတောင်ဖြင့် တစ်စုံတစ်ယောက်က တွန်းဆောင့်လိုက်ရာ မြေပြင်ပေါ် ဟပ်ထိုးလဲမတတ်ဖြစ်သွား၍ အားကနဲ နာကျင်စွာ အော်လိုက်သည်။ သူမ အော်သံမဆုံးမီ နွေးထွေးသည့် လက်တစ်စုံက သူမကို လဲကျမသွားအောင် တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားပေးလိုက်လေ၏။
လင်းကျင်းရှု ထိတ်လန့်သွားပြီး သူမနောက်က လူအုပ်ကို ကြည့်လိုက်သော်လည်း သူမကို မည်သူက တွန်းလိုက်သည်ကို မမြင်ရတော့ပေ။
"မင်းအဆင်ပြေရဲ့လား..."
အလွန်သာယာသော အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုမှသာ လင်းကျင်းရှု သည် သူမအား အချိန်မီ ဖမ်းထားပေးသူကို ကြည့်လိုက်လေသည်။ထိုလူငယ်သည် ရုပ်ရည်ချောမော၍ ဖြူဖွေးသော အသားအရေရှိပြီး ရွှေရောင်မျက်မှန်ကို တပ်ထားလေသည်။သူ၏ မျက်လုံးများသည် ပင်လယ်ရေကဲ့သို့ နက်ရှိုင်းလွန်းသဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် ထိုအကြည့်တို့၏ အဓိပ္ပါယ်ကို နားမလည်နိုင်ပေ။ သူ၏ နှာတံမှာ ဖြောင်းစင်းနေပြီး နှုတ်ခမ်းများမှာလည်း လှပလေ၏။
ကျွန်းပေါ်မှာ ဒီလို လူချောတစ်ယောက် ရှိနေတယ်...ငါ ဘာလို့အရင်က သတိမထားမိတာပါလိမ့်...
လင်းကျင်းရှု သည် သူမရှေ့မှလူကို စိုက်ကြည့်နေပြီး သူမ မျက်နှာမှာ ရှက်သွေးဖြင့်နီရဲသွားရလေ၏။ ထို့နောက်သူမက ကြောင်ကလေးကဲ့သို့ အင်္ကျီအနားနှစ်ဖက်ကို လက်ဖြင့် ခပ်ဖွဖွကိုင်ထားရင်း ခေါင်းငုံ့၍ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်...ကျွန်မ အဆင်ပြေပါတယ်... အရမ်းကြောက်သွားလို့ပါ..."
ဟန်ခိုင် က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ရပါတယ်...”
ဟန်ခိုင် သည် ထိုသို့ပြောပြီးနောက် လှည့်ထွက် သွားချင်သော်လည်း လင်းကျင်းရှု က သူ့ကို တားထားလိုက်ပြီး ရှက်ရှက်ဖြင့် ခေါင်းငုံ့ရင်း မေးလိုက်ပြန်သည်။
"အစ်ကို့နာမည် ဘယ်လိုခေါ်လဲ... အစ်ကို... အစ်ကို ကျွန်မကို အချိန်မီ ဖမ်းပေးတဲ့အတွက် အစ်ကို့ကို ကျေးဇူးတင်စကားတောင် ကောင်းကောင်း မပြောရသေးဘူး...”
“ရပါတယ်....ကိစ္စမရှိပါဘူး...ဒီတိုင်း ကူညီလိုက်တာပါ.. ကျွန်တော့်ကိုကျေးဇူးတင်နေစရာ မလိုပါဘူး..."
ဟန်ခိုင် က လှည့်ထွက်မည်အပြု တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ခြေလှမ်း ရပ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့် နာမည် ဟန်ခိုင် ပါ...."
ထိုသို့ ပြောပြီးနောက် ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားလေသည်။ လင်းကျင်းရှု က “ဟေး” ဟု ခပ်တိုးတိုးခေါ်သော်လည်း ဟန်ခိုင် က ကြားပုံမပေါ်ဘဲ ရှေ့တည့်တည့်သို့သာ ဆက်လျှောက်သွားလေသည်။
'ဘာတွေများ အရေးကြီးနေရတာလဲ...ငါတစ်ယောက်တည်းမှန်း မသိဘူးလား.... ငါ့ကို စကားပြောပေးဖော်တောင် မရဘူး...'
လင်းကျင်းရှု သည် မြေပြင်ပေါ်မှ ကျောက်ခဲများကို ခြေထောက်ဖြင့် ကန်ထုတ်နေရင်း ဟန်ခိုင် ကို စောဒကတက်နေမိလေ၏။
ဟန်ခိုင်… ဟန်ခိုင်…
လင်းကျင်းရှု က စိတ်ထဲမှ ဟန်ခိုင် ၏ အမည်ကို ထပ်ခါထပ်ခါ ရေရွတ်နေရင်း နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာရသည်။သူမသည် ဟန်ခိုင် သူမ၏ ချစ်သူ ဖြစ်လာသည်ဟု စိတ်ကူးယဥ်နေကာ ထိုနေရာတွင် ရပ်နေချိန်၌ ဖခင် ဖြစ်သူ လင်းဟန် ရောက်လာ၏။ လင်းကျင်းရှု သည် ဖခင်ကိုမြင်သည်နှင့် တပြိုင်နက် နှုတ်ခမ်းကိုစူလိုက်ပြီး မကျေမနပ် ပြောနေလေတော့သည်။
“အဖေ...ခုနက ဘယ်ရောက်နေတာလဲ...သမီးကိုဘာလို့ ထားခဲ့တာလဲ..."
လင်းကျင်းရှု က လင်းဟန်ယု ၏လက်ကို ဒေါသတကြီး လှုပ်ယမ်းလိုက်ကာ စိတ်ကောက်သွားပုံဖြင့် တစ်ဖက်သို့ လှည့်ပစ်လိုက်သည်။လင်းဟန် က သူမကို အသံတိုးတိုးလေးဖြင့် ချော့မော့လိုက်သည်။
“အဖေလည်း လူအုပ်ကြီးကြောင့် ညပ်ပါသွားရတာပါ...အဖေ့ရဲ့ အဖိုးတန် သမီးလေးကို ချန်ထားခဲ့ဖို့ အဖေ ဘယ်ဆန္ဒရှိပါ့မလဲ...”
"ကံကောင်းလို့ပေါ့...ဦးလေး စွန်းကို တွေ့ခဲ့တာ...ဦးလေး စွန်းက သူ့အတွင်းရေးမှူးကို မြေအောက်လွတ်မြောက်လမ်းကနေ ခေါ်သွားခိုင်းတယ်....မဟုတ်ရင် အဖေ့ကို ရှာတွေ့မှာ မဟုတ်တော့ဘူး..."
လင်းကျင်းရှု ၏ အသံမှာ မကျေနပ်ချက်အပြည့် ပါနေသဖြင့် လင်းဟန် က သမီးဖြစ်သူ၏ လက်ကလေးကို ဆုပ်ကိုင်၍ နှစ်သိမ့်လိုက်သည်။
“ခုနက ဒီထဲဆင်းလာတုန်းက ဘယ်သူက သမီးကို ဆောင့်တွန်းလိုက်လဲမသိဘူး...မြေကြီးပေါ် လဲတော့မလို့... တော်သေးတယ်...လူတစ်ယောက်က သမီးကို အချိန်မီ ဖမ်းထားပေးလို့..”
ထို့နောက် လင်းကျင်းရှု ၏မျက်နှာပေါ်ရှိ မကျေနပ်ချက်များ ချက်ချင်းပျောက်ကွယ်သွားပြီး ချိုမြသော အပြုံးဖြင့် ဆက်ပြောလိုက်လေ၏။
“အဖေ...အဲဒီလူက ဟန်ခိုင် တဲ့... သူကစိတ်သဘောထား နူးညံ့ပြီး အရမ်းချောတာပဲ... သူ့ကို အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာ အရမ်းထူးဆန်းတယ်..."
သမီးဖြစ်သူကို ကြည့်ပြီး လင်းဟန် သက်ပြင်းချရလေသည်။
' ရှောင်ရှု က ဟန်ခိုင် ဆိုတဲ့ လူငယ်ကလေးကို ကြိုက်နေတာတော့ မဟုတ်လောက်ပါဘူးနော်...အင်း..ငါ့သမီးလည်း အရွယ်ရောက်လာပြီပဲ...'
ကျွန်းပေါ်ရှိ လူများအားလုံး မြေအောက် လွတ်မြောက် လမ်းကြောင်းသို့ တစ်အုပ်ပြီးတစ်အုပ်ဝင်လာပြီးနောက် မြို့တော်ဝန် စွန်း လည်း လိုက်ဆင်းသွားသည်။
စွန်းကျားရှီ နှင့် အခြားသူများ သည် နောက်ဆုံး အပြီးသတ်အလုပ်ကို လုပ်ရန် အပြင်တွင် ရပ်နေကြလေသည်။ထို့နောက် သူတို့သည် ချက်ချင်းပင် လွတ်မြောက် လမ်းကြောင်းထဲသို့ ဝင်လာကြသည်။
ကျွန်းပေါ်ရှိ လူအားလုံးသည် ကျဉ်းမြောင်းလှသော လွတ်မြောက်လိုဏ်ခေါင်းအတွင်း နေနေကြသဖြင့် လိုဏ်ခေါင်းကြီးမှာ ဆူညံသံမျိုးစုံဖြင့် ပြည့်နှက်နေတော့သည်။
လင်းကျင်းရှု သည် ထောင့်တွင်ထိုင်ပြီး ထိုအသံများကြောင့် စိတ်ညစ်သွားရသဖြင့် အငြိမ်ထိုင်မနေတော့ဘဲ နေ့ခင်းက သူမကို ကယ်တင်ခဲ့သူကို လိုက်ရှာနေမိသည်။ အတန်ကြာ ရှာပြီးနောက် လူအုပ်ကြီးနှင့် အတူထိုင်နေသည့် ဟန်ခိုင် ကို သူမ တွေ့လိုက်ရလေ၏။
သူမက ရှက်ရွံ့စွာဖြင့် ဟန်ခိုင် ကို မဝံ့မရဲ စကားစ,လိုက်သည်။
“အစ်ကိုက ဒီမှာပဲ...”
ဟန်ခိုင် က သူ့ရှေ့က ကောင်မလေးကို ကြည့်ပြီး ခဏကြာမှ သူက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဪ မင်းပဲ...”
"ကျွန်မ နာမည်ကို မပြောရသေးဘူး... ကျွန်မ နာမည်က လင်းကျင်းရှု..."
"မင်္ဂလာပါ..."
လင်းကျင်းရှု သည် ဤတစ်ကြိမ်တွင် အခွင့်အရေးကို မိမိရရ ဖမ်းဆုပ်ကာ မည်သို့ပင်ဆိုစေ ဟန်ခိုင် သိသွားစေရန် ဆုံးဖြတ်ချက် ချလိုက်သည်။
"ကျွန်မကို စောစောက ဖမ်းဆွဲထားပေးလို့ ကျေးဇူးတင်ပါတယ်..."
“အသေးအဖွဲကိစ္စလေးပါ...မပြောပလောက်ပါဘူး...ရပါတယ်...”
ဟန်ခိုင် သည် လင်းကျင်းရှု ကို ပြုံး၍ စကားဆက်ပြောနေသော်လည်း သူ့စိတ်အစဉ်သည် နေရာအနှံ့သို့ ပျံ့လွင့်လျက်ရှိသည်။ လင်းကျင်းရှု ကို ကြည့်ရသည်မှာ အသက်၂၀စွန်းရုံကလေးသာ ရှိပုံရပြီး ကျွန်းပေါ်သို့ ဖုတ်ကောင်များ ရောက်လာတော့မည်ကို စိတ်ပူဟန် မတူဘဲ မလိမ်မိုး မလိမ္မာ ပုံကလေး ဖြစ်နေလေသည်။
"အစ်ကိုက ဘယ်မှာအလုပ်လုပ်တာလဲ...ကျွန်မ အစ်ကို့ကို အရင်က မတွေ့ဖူးဘူး..."
“ကျွန်တော်က CDCမှာ အလုပ်လုပ်ပါတယ်...”
“အိုး...ဒါဆို အစ်ကိုက ဇီဝဗေဒ ပရော်ဖက်ဆာပေါ့.... မိုက်လိုက်တာ...”
Xxxxx
Chapter 66
လင်းကျင်းရှု သည် ဟန်ခိုင် နှင့် ခဏကြာမျှ ရှက်ရွံ့စွာ စကားပြောနေစဉ် ရုတ်တရက် ဖခင်ဖြစ်သူ ရောက်လာပြီး သူမကို ဆွဲခေါ်သွားသည်။
"အဖေ ဘာလုပ်တာလဲ...အစ်ကို ဟန်ခိုင် နဲ့ စကားပြောလို့ မပြီးသေးဘူး...”
လင်းကျင်းရှု က လေသံကလေးဖြင့် ပြောလိုက်သည်။
“သမီးမိုက်...အခု စိတ်ပူမနေနဲ့...သမီးရဲ့ဦးလေးစွန်း နဲ့ အဖေ စကားပြောကြည့်ပြီးပြီ... ဒီအဆင့်က သိပ်မလွယ်ဘူး...ဇွန်ဘီတွေ ညကျရင် ကျွန်းပေါ်ကို လာနိုင်ခြေရှိတယ်... ဒါကြောင့် သမီး အဖေ့အနားမှာ အသာနေ...ဘယ်မှ လျှောက်သွားမနေနဲ့..ဒါမှ အဖေ သမီးကို ကာကွယ်ပေးလို့ရမှာ..."
လင်းဟန် စကားကို ကြားရသောအခါ လင်းကျင်းရှု က လေးနက်စွာ ပြောလိုက်သည်။
"ဒါဆို သမီးတို့ ဘာလုပ်သင့်လဲ... ဇွန်ဘီတွေများတယ် လို့ ဦးလေးစွန်း ပြောတာကို ကြားပေမယ့် အဲဒီ ဇွန်ဘီတွေက သမီးတို့ကို ရှာမတွေ့နိုင်လောက်ပါဘူး”
“ပြောရခက်တယ်... တစ်ဆင့်ပြီးတစ်ဆင့် ကြည့်လုပ်ရမှာပေါ့... ဒါ တစ်ခုတည်းသော နည်းလမ်းပဲ...ဘာပဲဖြစ်ဖြစ် အဖေ့မျက်စိရှေ့က ပျောက်မသွားနဲ့...အဖေ သမီးကို ကာကွယ်ပေးမယ်..."
နံနက်၄နာရီကျော်ပြီး ၅နာရီမထိုးမီတွင်၊ မြေအောက်လမ်းတွင် ပုန်းအောင်းနေသော လူအုပ်ကြီးသည် သူတို့ခေါင်းပေါ်က မြေပြင်ပေါ်တွင် သွားလာလှုပ်ရှားနေသံများကို ရုတ်တရက် ခံစားလိုက်ရပြီး ဇွန်ဘီများ၏ မာန်ဖီသံကိုပါ ကြားနေရသော်လည်း ဇွန်ဘီ ရေအတွက်ကို ခန့်မှန်း၍မရပေ။
မူလက အေးအေးဆေးဆေး ဖြစ်နေကြသူများမှာ တုန်လှုပ်ချောက်ချား နေကြပြီး ဇွန်ဘီများ ဤလိုဏ်ခေါင်းကို ရှာတွေ့မည် စိုး၍ လှုပ်ပင်မလှုပ်ရဲကြပေ။ လွတ်မြောက် လိုဏ်ခေါင်းထဲတွင် ဆယ်ကျော်သက်များနှင့် ကလေးငယ် အများအပြားလည်း ရှိနေလေသည်။ ကလေးများသည် အလွန် အကဲဆတ်တတ်ကြ၍ အပြင်မှ ဆူဆူညံညံ အသံများကြားနေရပြီး ထိတ်လန့်တုန်လှုပ်နေကြသည့် လူကြီးများကို ကြည့်၍ တပြဲပြဲ အော်ငိုနေကြလေသည်။ထို့အပြင် ကလေးများ၏ ငိုသံများသည် ကူးစက်တတ်သည်ဖြစ်၍ ကလေးတစ်ယောက်က ငိုလိုက်သည့်အခါ တခြားကလေးများကပါ လိုက်ငိုကြလေ၏။
မြေအောက်လမ်းထဲမှ လူတိုင်းသည် ကလေးများငိုနေကြ၍ သူတို့ပါ ကြောက်စိတ် လွန်ကဲလာရသည်။ ဇွန်ဘီများသည် ကလေးများ၏ ငိုသံကို ကြားပြီး ဇွန်ဘီများ အုံလာကြမည်ကို ကြောက်ရွံ့နေကြသည်။ အကယ်၍ ဇွန်ဘီများ အမှန်တစ်ကယ် ဝိုင်းအုံလာပါက သူတို့ သေခြင်းတရားနှင့် ရင်ဆိုင်ရုံသာ ရှိတော့သည်။
“နင့်ကလေးကို မငိုစေနဲ့... နင် ငါတို့ကို သေစေချင်နေတာလား.."
ဘေးမှာထိုင်နေသည့် အမျိုးသားက ကြောက်လန့်တကြား ငိုနေသော ကလေးငယ်ကို စိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် ကလေး၏မိဘကို ပြောလိုက်သည်။
“မငိုနဲ့... မငိုနဲ့နော်...”
ကလေး၏ အသံကြောင့် ဇွန်ဘီအုပ်စုကြီး ရောက်လာကြမည်ကို မိခင်ဖြစ်သူက ကြောက်ရွံ့သဖြင့် ကလေးကိုညပြောလိုက်သော်လည်း ကလေးက ငိုနေဆဲပင်။
“မငိုဖို့ ကျွန်မလည်း ပြောတာပဲ...ရမှ မရတာ...”
စွန်းကျားရှီ မှာ ကလေးငိုသံကိုကြားသောအခါ အပြေးအလွှားရောက်လာပြီး ပြောလိုက်သည်။
“လူတိုင်းကို မသေစေချင်ရင် ကလေးပါးစပ်ကို မြန်မြန်အုပ်ထားလိုက်...”
ထို့နောက် မိခင်ဖြစ်သူက ကလေး၏ ပါးစပ်ကို လက်ဖြင့် တင်းတင်းကြပ်ကြပ် အုပ်ထားသဖြင့် အသံခပ်တိုးတိုးသာ ကြားရတော့၏။ တစ်နာရီခန့် ငိုပြီးနောက် ကလေးများသည် ငြီးငွေ့လာကြပြီး မိခင်၊ ဖခင် သို့မဟုတ် ဆွေမျိုးများ၏ ပခုံးပေါ်၌ အိပ်ပျော်သွားကြသည်။
နံနက်၇နာရီအထိ ဇွန်ဘီများသည် မြေအောက်၌ ပုန်းအောင်းနေကြသည့် လူအုပ်ကို မတွေ့ကြသေးပေ။ စွန်းကျားရှီ သည် ဝင်ပေါက်နားတွင် ရပ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းစွာနှင့် သူတို့ အပြီးသတ် လုပ်ဆောင်ခဲ့သော လူများ၏ အနံ့အသက်များနှင့် ခြေရာများကို ကိုင်တွယ် ဖြေရှင်းခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုနည်းအားဖြင့် နွေဦးရာသီ အစအထိ သူတို့ အသက်ရှင်နိုင်မည်ဟု ခန့်မှန်းရသည်။ နွေဦးရာသီရောက်သည်နှင့် ရာသီဥတုမှာ ပို၍ပူလာပြီး ရေခဲများ အရည်ပျော် သွားမည်ဟု သူမျှော်လင့်ထားသည်။
လူအားလုံးသည် မြေအောက်လမ်းထဲတွင် ၄၈ နာရီခန့် နေခဲ့ကြသော်လည်း သူတို့အတွက် တစ်လ သို့မဟုတ် တစ်နှစ်ပင် ကြာသည်ဟု ထင်ရလေသည်။ သူတို့ရင်ထဲတွင် ထိတ်လန့်မှုကသာ ကြီးစိုးနေသဖြင့် သေဒဏ်စီရင်ရေး စခန်းသို့ ရောက်သွားရသည့် ခံစားချက်မျိုး ဖြစ်လေသည်။
နှစ်ရက်ကြာပြီး နောက်ဆုံးတွင် နွေဦး၏အစသို့ ရောက်လာလေသည်။
စွန်းကျားရှီ သည် ကျွန်း၏ နယ်စပ်ထွက်ပေါက်တွင် ရပ်နေပြီး တံခါး အကြိုအကြားလေးမှ တစ်ဆင့် ရေခဲပြင်၏ ပြောင်းလဲမှုများကို ဂရုတစိုက်ကြည့်ရှုနေသည်။ အပြင်ဘက်တွင် နေခြည်နွေးနွေးက ဖြာကျနေသဖြင့် နွေဦးရာသီကဲ့သို့ ခံစားနေရလေသည်။ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက်၊ ရေခဲများ အရည်ပျော်သွားလျှင် သူတို့ ကျွန်းမှ ထွက်ခွာသွားနိုင်မည် ဖြစ်လေသည်။
အတွင်းရေးမှူးကျန်း သည် စွန်းကျားရှီ မှာ အပြင်ဘက်တွင် အခြေအနေကို စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့နောက်သို့ လိုက်လာသည်။ စွန်းကျားရှီ သည် အချိန်အတန်ကြာ ကြည့်ပြီးနောက် ကိုယ်ကို ပြန်မတ်လိုက်၍ အညောင်းဆန့်လိုက်သည်။
အတွင်းရေးမှူးကျန်း က ဘေးတွင် ရပ်လိုက်ပြီး စွန်းကျားရှီ ကို သေသေချာချာ မေးလိုက်သည်။
" မြို့တော်ဝန် စွန်း ... အပြင်မှာ ဘာဖြစ်နေတာလဲ...ဒီနေရာကနေ ဘယ်တော့ ထွက်သွားနိုင်မလဲ... ကျွန်တော်တို့ ခေါင်းပေါ်မှာ ဇွန်ဘီတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ စိတ်မသက်မသာဖြစ်ရတယ်..."
"လူတိုင်းရဲ့ စိတ်တွေ မတည်မငြိမ်ဖြစ်နေတာကို ငါဘယ်လိုလုပ် ဂရုစိုက်နိုင်ပါ့မလဲ.... ဒါပေမယ့် နည်းလမ်းမရှိဘူး.. အဲ့ဒါ ငါတို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ...."
စွန်းကျားရှီ က သက်ပြင်းချလိုက်ပြီး မြေပြင်မှ ဖုန်မှုန့်များကို ကြောင်စီစီ စိုက်ကြည့်ပြီးနောက် တစ်ခုခုကို သတိရသွားသည်။
“အပြင်က အခြေအနေကို ငါ အနီးကပ်ကြည့်လိုက်တော့ နေအပူရှိန် အရမ်းပြင်းလာတယ်..ရေခဲပြင်ကြီး ရှိနေသေးပေမယ့် အရည်ပျော်တော့မလို ဖြစ်နေပြီ... တကယ်တော့ နွေဦးရာသီ အစဆိုပေမယ့် မြန်မြန်ဆန်ဆန်ကြီး အရည်ပျော်မှာ မဟုတ်သေးဘူး... ဒီမှာပဲ တစ်ရက် နှစ်ရက်လောက် နေရမယ် ထင်တယ်... တခြားလူတွေလည်း စိတ်အေးသွားအောင် လိုက်ပြောလိုက်လေ...”
အတွင်းရေးမှူးကျန်း က ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး လူတိုင်းကို သတင်းကောင်းအကြောင်း ပြောပြလိုက်သည်။ ဇွန်ဘီများ ကျွန်းပေါ်သို့ ရောက်လာကတည်းက၊ သူတို့သည် ဇွန်ဘီများကြားသွားမည် စိုး၍ စကားကို ကျယ်လောင်စွာ မပြောဝံ့ကြပေ။ အတွင်းရေးမှူးကျန်း ထံမှ သတင်းကောင်းကို သူတို့ ကြားရသောအခါတွင်မူ မူလက စိုးရိမ်စိတ်၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ မှာ အနည်းငယ် လျော့ပါးသွားရလေသည်။
"အနည်းဆုံး နောက်ထပ် တစ်ရက်... နှစ်ရက်လောက် စောင့်ပြီးမှ ကျွန်တော်တို့တွေ ထွက်သွားလို့ရမယ်..."
ရက်အတိအကျကို သိလိုက်ရသောအခါ ဤလှောင်ပိတ်နေသည့် မြေအောက်လမ်းမှ လူတိုင်းသည် မျှော်လင့်ချက် ကိုယ်စီခံစားလိုက်ရသည်။
ဤကဲ့သို့ ခက်ခဲလှသည့် အချိန်ကြီး ဘယ်တော့ ပြီးဆုံးမည်ကို သူတို့ အမြဲတွေးနေကြသည်။ သို့သော် သူတို့ ဤအကြောင်းကို ပိုတွေးလေလေ အချိန်ကုန်တာ နှေးလေလေ၊မြေအောက်လမ်းထဲတွင် စောင့်ဆိုင်းနေရသည့်အတွက် ပို၍ နာကျင်ရလေလေ ဖြစ်နေတော့သည်။
Xxxxxxx