အပိုင်း ၆၇-၆၈
Viewers 5k

Chapter 67


ရေခဲပြင်ကြီး လုံးဝအရည်ပျော်သွားသောအခါ စွန်းကျားရှီ သည် ကျွန်းတစ်ခုလုံးရှိ လူများကို အုပ်စုခွဲ ပစ်လိုက်သည်။ လှေအစင်းရေ များစွာမရှိသဖြင့် လူအားလုံးကို တစ်ပြိုင်နက် ကယ်ထုတ်ရန် မဖြစ်နိုင်သောကြောင့် စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။


ယွင်ကျင့် မြို့သည် လူဦးရေ သန်း ၂၀ ကျော်ရှိပြီး လူ ၁၀၀,၀၀ သာ အသက်ရှင်ကျန်ရစ်သောကြောင့် ယွင်ကျင့်မြို့တွင် အနည်းဆုံး ဇွန်ဘီ သန်း၂၀ ရှိပုံရသည်။ ယခုတစ်ကြိမ် ကျွန်းပေါ်တွင် ဇွန်ဘီပေါင်း ရာနှင့်ချီ ရောက်ရှိလာသော်လည်း ယွင်ကျင့်မြို့တွင် ဇွန်ဘီကောင်ရေ သန်း ၂၀ နီးပါး ကျန်ရှိနေပေဦးမည်။ ထို့ကြောင့် ကျွန်းမှ ထွက်ခွာသွား သောအခါ သူတို့သည် လုံးဝဘေးကင်းသည်ဟု မဆိုလိုဘဲ ကျားပါးစပ်မှ ဝံပုလွေ ခံတွင်းဝသို့ သွားကြခြင်း ‌ဖြစ်လေသည်။ 


သူတို့ ယွင်ကျင့် မြို့သို့ ရောက်သည့်အခါ တတ်နိုင်သမျှ လုံခြုံသော စခန်းတစ်ခုကို ရှာရမည်ဖြစ်သည်။သို့မဟုတ်ပါက ယွင်ကျင့် မြို့ကို ရောက်ရောက်ချင်း သေသွားနိုင်သောကြောင့် ယွင်ကျင့် မြို့ကို သွားမည့် ပထမအုပ်စုမှာ အလွန်အရေးကြီးလေသည်။မြို့တော်ဝန်က လက်နက်ကိုင်တပ်ဖွဲဘမှ ထူးချွန်သူများကို အရင်ဆုံး ကျွန်းမှ အမြန် ထွက်ခွာရန်နှင့် ယွင်ကျင့်မြို့တွင် စခန်းချနိုင်ရန် မှာကြာထားလေသည်။ ယခုမူ အုပ်စုများ ခွဲထားလိုက်သဖြင့် သူ့ကို အခြားလူများက ထင်ကြေး

ပေးမည်ကို အနည်းငယ် စိုးရွံ့လျက်ရှိသည်။


စွန်းကျားရှီ က လက်ထဲမှ စာအုပ်ကို စိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ 


လူသားတို့သည် ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရလေလေ၊ လူသားတို့၏ တစ်ကိုယ် ကောင်းဆန်သော စရိုက်သဘာဝမှာ ပို၍ ထင်ရှားလာလေလေ ဖြစ်သည်။ 


စွန်းကျားရှီ သည် ထွက်ပြေးရန် အစီအစဥ်နှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကို လူတိုင်းအား ရှင်းပြခဲ့လေသည်။ သို့ရာတွင် တစ်စုံတစ်ယောက်က ကန့်ကွက်ခဲ့ပြီး ထိုကန့်ကွက်သူမှာ အသက် ၄၀ အရွယ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။ 


“မြို့တော်ဝန်..…ဘာလို့ ကျွန်တော်တို့က နောက်ဆုံးမှ သွားရမှာလဲ... နောက်ဆုံးမှသွားရင် ပိုအန္တရာယ်ရှိမှန်း ဘယ်သူမဆို သိတာပေါ့... ကျွန်းကနေ ယွင်ကျင့် မြို့အထိ အသွားအပြန် ၁၇ နာရီ... ၁၈ နာရီကြာတယ်... လှေတွေ အနည်းဆုံး ခြောက်ကြိမ် ခွဲပြီးသွားရမယ်ဆို‌တော့ နောက်ဆုံးမှ သွားတဲ့သူတွေက အရင်သွားတဲ့သူတွေထက် လေးငါးရက်လောက် ဒီထဲမှာ ပိုစောင့်ရမယ်လေ... ဇွန်ဘီတွေ ဒီမြေအောက်လမ်းကို တွေ့သွားရင် အဲဒီအချိန်မှာ ကျွန်တော်တို့ သေလိမ့်မယ်... သေခြင်းတရားကို ကျွန်တော်တို့က လက်ပိုက်ပြီး စောင့်နေရမှာလား... ” 


လူလတ်ပိုင်းအရွယ် အမျိုးသား စကားဆုံးသည်နှင့် အခြားလူများကပါ  ချက်ချင်းပင် ထောက်ခံကြသည်။


“ဟုတ်တယ်...ဟုတ်တယ်...ကျွန်တော်တို့လည်း အသက်တစ်ချောင်းပဲ ပါတာ...”


အတွင်းရေးမှူးကျန်း က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။


“ကျွန်တော်တို့မှာ ဒီသင်္ဘောတွေပဲ ရှိတယ်... လူတွေကလည်း အများကြီးပဲ‌လေ...လူတိုင်းကို ချက်ချင်းကြီး တစ်ခါတည်း ကယ်ထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး...အားလုံးကို တစ်ပြိုင်နက် မကယ်ထုတ်နိုင်ပေမယ့် ခင်ဗျားတို့ အားလုံးကို သေချာပေါက် ကယ်ထုတ်မှာပါ.... မြို့တော်ဝန်တောင် နောက်ဆုံးမှ ထွက်မှာ...ခင်ဗျားတို့က ဘာလို့ စောဒက တက်နေကြတာလဲ..."


လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့စကားက ကျိုးကြောင်း ဆီလျော်မှု မရှိမှန်း သိသော်လည်း ဆက်ပြောပြန်သည်။


“အတွင်းရေးမှူး ကျန်း....သိပ်မောက်မာမနေပါနဲ့... မြို့တော်ဝန် စွန်း က အခြေအနေတစ်ခုလုံးကို တာဝန်ခံရမှာမလို့ သူအရင်ထွက်သွားလို့ မရတာလေ...ကျွန်တော်ကလည်း ခေသူမှ မဟုတ်ပဲ.. တစ်ကယ်လို့ ကျွန်တော်သာ ယွင်ကျင့် မြို့ကို အရင်သွားရမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့  ဌာနမှာရှိတဲ့ ညီအစ်ကိုတွေကို ဘေးကင်းလုံခြုံတဲ့ စခန်းတစ်ခု အမြန်ရှာတွေ့အောင် ကူညီပေးနိုင်တယ်...." 


အတွင်းရေးမှူးကျန်း သည် အထင်အမြင်သေးစွာဖြင့် ကျယ်ကျယ် လောင်လောင် အော်ပြောနေသူကို ကြည့်လိုက်သည်။ လက်နက်ကိုင်တပ်များတွင် သေနတ်ပါ၍ တပ်ဖွဲ့နောက်မှ လိုက်ခြင်းသည် အလုံခြုံဆုံးဖြစ်ကြောင်း ထိုသူ သိထား၍  လိုက်မည့် စကား ပြောခြင်းဖြစ်သည်။ 


'လူတွေကို အရူးများမှတ်နေလား...သူတစ်ယောက်ပဲ ဦးနှောက်ရှိတာကျလို့...'


 "လက်နက်ကိုင်တပ်ဖွဲ့ ဌာနအနေနဲ့ ဟိုရောက်ရင် အရင်လုပ်ရမယ့် တာဝန်ရှိတယ်...ခင်ဗျား ယွင်ကျင့် မြို့ကို လိုက်သွားပြီ ဆိုပါစို့...  တပ်ဖွဲ့ဝင် ညီအစ်ကိုတွေက ဟိုမှာ မစ်ရှင်တွေ လှုပ်ရှား‌နေကြရင်း ခင်ဗျားကို ဂရုစိုက်နိုင်ပါ့မလား..." 


"အဲဒါကိုတော့ မပြောနိုင်ဘူး... ငါက ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်လုပ်မယ်...သူတို့ကို ကူညီပေးချင်တယ်...ဒါပဲ..." 


"ခင်ဗျား အခု အစီအစဉ်ကို မလိုက်နာချင်ရင် လုပ်လိုက်လေ....ဇွန်ဘီတွေကို အစာကျွေးဖို့ ခင်ဗျားကို ကျွန်းပေါ်မှာ ထားပစ်ခဲ့မယ်..." 


ထိုလူ ဒေါသထွက်သွားပြီး ထပ်ပြောမည်ပြုစဉ် သူ့ဘေးနားရှိ အခြားလူက သူ့ကို ဆွဲခေါ်သွားလေသည်။ ဆွဲခေါ်သွားသည့်လူက ခေါင်းကို တစ်ချက် ယမ်းပြလိုက်ရာ လူလတ်ပိုင်းအရွယ်လူကြီးမှာ ချက်ချင်း ပါးစပ်ပိတ်၍ လိုက်ပါ သွားရတော့သည်။ 


စွန်းကျားရှီ သည် အဝေးသို့ရောက်သွားသော ထိုလူကို ကြည့်ကာ ရယ်ချင်ပက်ကျိ ဖြစ်သွားရသည်။


' ဘာပဲဖြစ်ဖြစ် လူဆိုတာ အတူတူပါပဲ....'


"အခြား ဘယ်သူ ကန့်ကွက်ချင်သေးလဲ... ခင်ဗျားတို့ကန့်ကွက်ရင်လည်း ကျွန်တော်က ကျွန်တော့် အစီအစဉ်အတိုင်းပဲ လုပ်မှာပါ....ကျွန်တော့်နောက်ကို လိုက်ခဲ့ဖို့ ခင်ဗျားတို့ကို အတင်းအကျပ် မပြောပါဘူး...ခင်ဗျားတို့မှာလည်း ကိုယ်ပိုင် စိတ်ကူးတွေ ရှိနိုင်တယ်‌လေ..."


စွန်းကျားရှီ က ထိုင်နေသည့် လူများကို  ပြောလိုက်ရာ အားလုံးက ခေါင်းငုံ့ပြီး ပြန်မပြောကြသဖြင့်  ပြောလိုက်၏။


 "ကဲ ဒါဆို...ဘယ်သူမှ မကန့်ကွက်ဘူးဆိုတော့  ကျွန်တော်ပြောတဲ့အတိုင်း လိုက်နာ ကြရမယ်..." 


အတွင်းရေးမှူးကျန်း သည် အဝင်ဝတွင် ပိတ်ဆို့ထားသော ကျောက်တုံးများကို ရွှေ့ရန် လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ အားကောင်းမောင်းသန် လူငယ်များကို ခေါ်လိုက်သည်။ ကျောက်တုံးများကို ဖယ်ရှားပြီးနောက် အပြင်ဘက်မှ  အခြေအနေကို စစ်ဆေးရန် လူငယ်တစ်ဦးကို  အပြင်သို့ လွှတ်လိုကသည်။


 "အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ..." 


အတွင်းရေးမှူးကျန်း က တုန်တုန်ယင်ယင်ဖြင့် ပြန်ဝင်လာသော ထိုလူငယ်ကို  မေးလိုက်၏။ ထိုလူငယ်မှာ မောဟိုက်နေပြီး အလွန်စိတ်လှုပ်ရှားနေမှန်း သိသာနေသည်။ 


 "ကံကောင်းတာက...ဒီဘေးနား ပတ်ဝန်းကျင်မှာ ဇွန်ဘီတွေကို မတွေ့ခဲ့ရဘူး...အဲ့ဒီတော့ သူတို့‌အားလုံး   ကျွန်းထဲကို ဝင်သွားကြတာ ဖြစ်နိုင်တယ်..." 


အတွင်းရေးမှူးကျန်း က ခေါင်းညိတ်လိုက်ပြီး လှေကို အမြန်တွန်းထုတ်လိုက်သည်။ 


ဟန်ခိုင် သည် နံရံဘေးတွင် ကပ်ထိုင်နေကာ ပထမလူအုပ်စုမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်ကို ကြည့်နေရင်း လူအရေအတွက်ကို တိတ်တဆိတ် ရေတွက်နေသည်။ 


နောက်ဆုံးလူကို ရေတွက်ပြီးသောအခါတွင် တစ်စုံတစ်ခု မှားယွင်းနေမှန်း သိလိုက်သည်။ 


ဘယ်လိုဖြစ်လို့ လူ ၂၀၀ ကျော်ပဲ ရှိတာလဲ....


ဟန်ခိုင်  မတ်တပ်ထရပ်ကာမြေအောက်လမ်းမှ လူပေါင်းများစွာကို လှည့်ပတ် ကြည့်လိုက်သည်။ကျွန်းပေါ်မှ လူအရေအတွက်မှာ စုစုပေါင်း လူ ၈,၀၀၀ ရှိလေသည်။ မြို့တော်ဝန် က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် အနည်းဆုံး လှေဖြင့် ခြောက်ကြိမ်ခန့် ခေါက်တုံ့ ခေါက်ပြန် သွားရမည်ဟု ပြောခဲ့သည်။ သို့သော် ယခု လူအရေအတွက် နှင့် တွက်ကြည့်လိုက်ပါက ခြောက်ကြိမ်မက ပို့ရမည် ဖြစ်လေသည်။


စွန်းကျားရှီ သည် လှေအရေအတွက် အတိအကျကို မပြောခဲ့သလို လှေတစ်စင်းစီတွင် လူမည်မျှ သယ်ဆောင်မည်ကို မပြောခဲ့ပဲ လှေများစွာ မရှိကြောင်းသာ ယောင်‌ဝါးဝါး ပြောဆိုခဲ့သည်။ 


မဟုတ်ဘူး.... တစ်ခုခုမှားနေတာ ဖြစ်ရမယ်...


Xxxxxx


Chapter 68


ဟန်ခိုင်  ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့သော်လည်း တံခါးကိုစောင့်နေသူက သူ့ကို တားလိုက်သည်။ ထိုလူက ဟန်ခိုင် ကို အေးစက်စွာ ပြောလိုက်သည်။


"အုပ်စုလိုက်ပဲ သွားလို့ရမယ်... မင်းက ပထမအုပ်စုထဲမှာ မပါဘူး..." 


 "ကျွန်တော် လှေပေါ် တက်မလို့ မဟုတ်ပါဘူး...ကျွန်တော်က ဒီတိုင်း ကြည့်ချင်ရုံပါ..."


 "မင်းကို ခွင့်မပြုနိုင်ဘူး....တခြားလူတွေကပါ မင်းလို ဆင်ခြေပေးပြီး လှေပေါ်တက်သွားရင် ဘယ်လိုလုပ်မလဲ... ကိုယ့်နေရာကိုယ် မြန်မြန်ပြန်တော့.." 


“ဟုတ်ပါပြီ...” 


ဟန်ခိုင် က တောင်းပန်သည့် ပုံစံဖြင့် ပြောလိုက်ပြီး အပြင်သို့ အနည်းငယ် ခေါင်းပြူ၍ ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ ဟန်ခိုင် သည် သူ့နေရာသို့ ပြန်ရောက်သောအခါ လှည့်ကွက်တစ်ခုခု ရှိနေသည်ဟု ခံစားမိသော်လည်း မတွေးတတ်အောင် ဖြစ်နေလေသည်။


စွန်းကျားရှီ က သူသည် နောက်ဆုံး အုပ်စုမှ လူများနှင့်အတူ ကျွန်းမှ အတူထွက်ခွာမည်ဟု ပြောခဲ့သော်လည်း အမှန်တစ်ကယ်တွင် သူသည် လှေနှင့် အခေါက်ခေါက် အခါခါ လာခေါ်တိုင်း လိုက်လာမည် ဖြစ်သည်။ အတွင်းရေးမှူးကျန်း ကလည်း မြို့တော်ဝန်သည် အရေးပေါ် အခြေအနေများ မဖြစ်ပွားစေရန် ဤအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း ပြောခဲ့လေသည်။


ဟန်ခိုင် သည် မြို့တော်ဝန်၏ အပြုအမူနှင့် ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်သွားရသည်။ စွန်းကျားရှီ သည် လူတိုင်းကို တစ်စုံတစ်ခု ဖုံးကွယ်ထားကြောင်း သူ ခံစားမိသောကြောင့်  စောစောက အပြင်သို့ ထွက်ကြည့်ရန်ပြောခဲ့ခြင်း ဖြစ်သည်။ သူသည် နံဘေးတွင်ထိုင်နေပြီး ယခုအချိန်အထိ ကောင်းစွာ စကားမပြော နိုင်သေးသော ဖခင်ဖြစ်သူကို ငေးကြည့်နေမိသည်။ အကယ်၍ ဖခင်ဖြစ်သူနှင့် သူသာ တစ်အုပ်စုတည်းတွင် ရှိမနေပါက ဖခင်ကို ဘယ်သူမှ ဂရုစိုက်မည် မဟုတ်ပေ။


ပထမအုပ်စု ထွက်သွားပြီးနောက် ကျန်လူများသည် မြေအောက်လမ်းတွင် နောက်ထပ် ဆယ့်ရှစ်နာရီ ကြာအောင် စောင့်ခဲ့ကြရသည်။ မြေအောက်လမ်းတွင် နေထိုင်လာသည့် နောက်ထပ်သုံးရက်မြောက်နေ့တွင် မနှစ်မြို့ဖွယ်ကောင်းသော အနံ့အသက်များမှာ မြေအောက်လိုဏ်ခေါင်း တစ်ခုလုံးကို ဖြန့်ကျက် သွားကြလေသည်။ 


လွန်ခဲ့သော ၃နှစ်ခန့်က သူတို့သည် မြေအောက်လမ်းကြောင်းကို တူးသောအခါ လူသားတို့၏ မစင်စွန့်ခြင်း ပြဿနာကို တွေးမိခဲ့ကြသော်လည်း   တစ်ချို့ကိစ္စများတွင် အခက်အခဲ ရှိနေသဖြင့် တွင်း အနည်းငယ်ကိုသာ   တူးထားကြလေသည်။ 


သူတို့သည် မြေအောက် လိုဏ်‌ခေါင်းထဲတွင် နောက်ထပ် သုံးရက်ကြာအောင်  နေထိုင်ခဲ့ကြသဖြင့် တွင်းနက်ထဲရှိ မစင် နှင့် ဆီးတို့၏ ချဉ်စုတ်စုတ် အနံ့များမှာ မြေအောက်လိုဏ်ခေါင်း တစ်ခုလုံး တစ်သက် မမေ့နိုင်စရာ ခံစားချက်တို့ ဖြစ်နေရလေသည်။


မြေအောက်လမ်းထဲတွင် နေထိုင်သူတိုင်းသည် သူတို့ ဦးခေါင်းထက်တွင် သွားလာနေကြသော ဇွန်ဘီများနှင့် မနှစ်မြို့ဖွယ် အနံ့များကြောင့် ဤခြောက်ခြားဖွယ် နေရာမှ ချက်ချင်းပင်ထွက်သွားချင် နေကြသည်။


 


မကြာမီ စက်လှေအင်ဂျင်သံကို ယောင်ဝါးဝါး ကြားလိုက်ရသောအခါ ကျန်နေသူများမှာ ဒုတိယအုပ်စုမှမဟုတ်ကြသော်လည်း၊စောင့်ရမည့်အချိန် လျော့သွားသဖြင့် စိတ်ချမ်းသာသွားရသည်။


သို့သော် ယခုတစ်ခေါက်တွင် ကံကြမ္မာအချိုးအကွေ့ နှင့် ကြုံရလေတော့သည်။ 


သူတို့သည် စက်လှေ၏ အင်ဂျင်သံကိုကြားနိုင်သဖြင့် ဇွန်ဘီများသည်လည်း ထိုစက်သံကို ကြားနိုင်လေသည်။ ထို့အပြင် လှေများစွာသည် ကျွန်းသို့ တစ်စင်းပြီးတစ်စင်း ချဉ်းကပ်လာကာ လူများ၏ လှုပ်ရှားသွားလာမှုများ လုပ်နေကြသဖြင့် မြေပြင်ပေါ်ရှိ ဇွန်ဘီများ၏ အာရုံကို မလွဲမသွေ ဆွဲဆောင်နိုင်လေသည်။ 


ဤသို့ဖြင့် ကျွန်းနယ်စပ်တွင် ဇွန်ဘီအနည်းငယ် ရောက်လာကြတော့သည်။  ဇွန်ဘီများသည် လှေအမြောက်အမြား ကျွန်းအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို မြင်သောအခါ စူးကနဲ အော်ဟစ်လိုက် လေတော့သည်။ ဤထူးဆန်းသော အော်သံသည် ဇွန်ဘီများကြား ဆက်သွယ်သော အချက်ပြမှု တစ်ခု ဖြစ်လေသည်။ 


လှေပေါ်တွင် ထိုင်နေသော စွန်းကျားရှီ သည် တစ်ခုခုမှားနေပြီဟု ခံစားမိပြီး ကျွန်းပေါ်ရှိ ဇွန်ဘီများကို ပစ်သတ်ရန် စစ်ဆင်ရေး အဖွဲ့ဝင်များအား ချက်ချင်း မှာကြားလိုက်သည်။ ကံကောင်းစွာနှင့် စစ်ဆင်ရေးအဖွဲ့ကလည်း လျင်မြန်စွာ လှုပ်ရှားခဲ့သဖြင့် အနားရှိ ဇွန်ဘီအားလုံးကို နှစ်မိနစ် ၊ သုံးမိနစ်အတွင်း သတ်ပစ်နိုင်ခဲ့သည်။


သို့သော်လည်း ခြေလှမ်း အနည်းငယ် နောက်ကျနေသေးသည်။ ဇွန်ဘီများ၏ အော်ဟစ်သံများကို ကျီကျောက်ယန် ကြားသွားရပြီး ကျန်ဇွန်ဘီအုပ်စုကြီးမှာ သူ့နောက်သို့ လိုက်လာလေတော့သည်။ 


စွန်းကျားရှီ နှင့် အခြားသူများသည် ကျွန်းနယ်စပ်ဆီသို့ ဇွန်ဘီများ ပြေးလာသည်ကို မြင်သောအခါ လှေကို ကျွန်းနယ်စပ်မှ ဆယ်မီတာကျော် အကွာတွင် ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ လှေသည် ကျွန်းသို့ မချဉ်းကပ်မီ၊ ဒုတိယအုပ်စုသည် ထွက်ပေါက်တွင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူတို့သည် လှေကြီးက တဖြည်းဖြည်းချဉ်းကပ်လာသည်ကို တွေ့လိုက်သော်လည်း ဘာဖြစ်နေသည်ကို မသိရသဖြင့် ရုတ်တရက် ကြောင်သွားကြသည်။ မကြာမီ သူတို့သည် အဝေးမှ ဇွန်ဘီများ၏ အသံဗလံများကို ကြားလိုက်ရလေ၏။ ဟန်ခိုင် သည် ဒုတိယအုပ်စုတွင် ပါ၀င်သဖြင့် သူလည်း ဇွန်ဘီများ၏ အော်ဟစ်သံကို ကြား‌နေရသည်။ 


"အားလုံး ပင်လယ်ထဲကို ခုန်ဆင်းကြ..." 


အမျိုးသားတစ်ဦးက ဟန်ခိုင် ကို အော်ပြောလိုက်သည်။


“အခု အပူချိန်က သုညအောက် ရောက်နေပြီ...ပင်လယ်ထဲခုန်ချရင် ငါတို့ မသေနိုင်ဘူးလား..."


 "အခု ပင်လယ်ထဲ မခုန်ချရင် ဇွန်ဘီတွေ ရောက်လာမှ  မင်းတစ်ကယ် သေသွားလိမ့်မယ်..." 


ထိုသို့ပြောပြီးနောက် ဟန်ခိုင် သည် သူ့အဖေကို ဆွဲခေါ်ကာ ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်ပြီး ပင်လယ်ပြင်တွင် ရပ်ထားသည့် စက်လှေဆီသို့ အတင်း ကူးခတ်လိုက်‌လေသည်။ဟန်ခိုင် ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည်ကို မြင်လိုက်ရသဖြင့် အခြားလူများကလည်း ခုန်ချလိုက်ကြသည်။ သို့သော်လည်း ပင်လယ်ရေမှာ အလွန်အေးသဖြင့် သူတို့ ခန္ဓာကိုယ်များမှာ  သုညအောက်ရှိနေသော ပင်လယ်ရေထဲတွင် ခြေလက်များ အေးခဲသွားကြသဖြင့် သူတို့ ရေမကူးနိုင်ကြပေ။ လူနှစ်ယောက်မှာ ချက်ချင်းပင် ကြွက်တက်သွားရပြီး ပါးစပ်ထဲမှ ပင်လယ်ရေများကို ထွေးထုတ်လိုက်ကြ၍ “ကူညီပါ” ဟုမအော်နိုင်မီ သူတို့ နစ်မြုပ်သွားကြလေသည်။


အမျိုးသမီး နှစ်ယောက်အပြင် အခြားသူများမှာ ဘေးတွင် ရှိနေကြသော်လည်း သူတို့ကိုယ်သူတို့ပင် မကာကွယ်နိုင်ကြချေ။ထို့အပြင် ကြွက်တက်နေသူများကို ကယ်တင်ရန် လက်လှမ်းဆွဲလိုက်လျှင် သူတို့ပါ ရေနစ်သေဆုံးသွားနိုင်သည်ကို စိုးရိမ်နေကြခြင်း ဖြစ်လေသည်။ ထို့မျှမကသေး သူတို့သည်လည်း အေးစက်နေသော ပင်လယ်ထဲတွင် ခိုက်ခိုက်တုန်အောင် ချမ်းအေးနေကြသဖြင့် ရေနစ်သွားသော လူနှစ်ဦးကို ကြည့်ရုံသာ ကြည့်‌နေရလေသည်။ 


ဟန်ခိုင် ၏ဖခင်သည် ပြင်းထန်သော စိတ်ကျဝေဒနာ ခံစားနေရသဖြင့် လမ်းလျှောက်နေသော အလောင်းကြီး ကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။ ဟန်ခိုင် က သူ့ကို ပင်လယ်ထဲသို့  ဆွဲခေါ်လိုက်သည့်အခါလည်း အသက်ရှင်သန်ရန် နည်းနည်းမှ ကြိုးစားရေကူးခြင်းမပြု၍ ဟန်ခိုင် ကသာ တွဲခေါ်နေရလေသည်။


ဟန်ခိုင် ၏ ငယ်ရွယ်မှုနှင့် ကြံ့ခိုင်သန်စွမ်းမှုကြောင့် ဖခင်ဖြစ်သူနှင့်အတူ ဆယ်မီတာ ကျော်အကွာအထိ ရေကူးနိုင်ခဲ့သည်။ ထို့နောက် ဟန်ခိုင် နှင့် သူ၏ အဖေကို လှေပေါ်ရှိလူများက ဆွဲတင်လိုက်သောအခါ မောပန်းလွန်းသဖြင့် လဲကျသွားပြီး မလှုပ်မယှက် လှဲနေလိုက်သည်။ ထို့နောက် အခြားလူများသည် ပင်လယ်ထဲသို့ ခုန်ဆင်းလာကြပြီး လှေနားသို့ အသဲအသန် ကူးခတ်လာကြသည်။


သို့သော်လည်း ကျန်သူများမှာ သိပ်ပြီးကံမကောင်းကြပေ။ အကြောင်းမှာ ကျီကျောက်ယန် နှင့် ဇွန်ဘီအုပ်စုသည် မြေအောက်လမ်းကြောင်း၏ ထွက်ပေါက်ကို တွေ့ရှိသွားသောကြောင့် ဖြစ်လေသည်။


Xxxxxxx