အပိုင်း ၆၉-၇၀
Viewers 6k

Chapter 69


ကျီဟုန်ယီ သည် ကျန်းမာရေးချို့တဲ့ နေခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် သုညအောက် ရောက်နေသည့် ပင်လယ်ရေထဲတွင် နေနိုင်ပါ့မလား မသိသဖြင့် လူအများစုက ပင်လယ်ထဲသို့ ခုန်ချသည့်အခါ သူက ကမ်းစပ်မှာသာ ရပ်နေပြီး ချီတုံချတုံ ဖြစ်နေလေ၏။


ကျီကျောက်ယန် သည် မြေအောက်လမ်း၏ ထွက်ပေါက်သို့ အမြန်ရောက်လာပြီး ကျီဟုန်ယီ ရှေ့တွင် ပိတ်ရပ်လိုက်သည်။ ကျီဟုန်ယီ မှာ သားဖြစ်သူကို ယခုပုံစံဖြင့် တွေ့ရမည်ဟု ဘယ်သောအခါကမှ မတွေးခဲ့မိပေ။ သူက သားဖြစ်သူကို ငေးကြည့်နေမိပြီးနောက် ထိတ်လန့်စွာဖြင့် ကျီကျောက်ယန် ၏ နာမည်ကို ခေါ်လိုက်လေသည်။


 "ရှောင်ယန်..." 


ကျီကျောက်ယန် သည် လူမဆန်တတ်သော လမ်းလျှောက်နေသည့် အလောင်းကောင် သာဖြစ်ကြောင်း ကျီဟုန်ယီ လုံးဝ မေ့လျော့သွားခဲ့လေပြီ။


ကျီဟုန်ယီ ထိုသို့ ခေါ်ပြီးနောက် ချက်ချင်းပင် သူ၏ ခေါင်းကို ကျီကျောက်ယန် က လက်ဖြင့် ပုတ်ထုတ်လိုက်သည်။ ကျီဟုန်ယီ ၏ ဦးခေါင်းမှာ မျက်စိပွင့်လျက်သားနှင့်  မြေပြင်ပေါ်တွင် တစ်ပတ်ပြီးတစ်ပတ် လှိမ့်ဆင်းသွားရာ မြေပြင်ပေါ်တွင် သွေးများ အိုင်ထွန်း နေတော့သည်။ထို့နောက်ဦးခေါင်းကြီးသည် ပင်လယ်ထဲသို့ လိမ့်ဝင်၍ နစ်မြုပ်သွားလေတော့၏။


ကျီကျောက်ယန် သည် ပင်လယ်ထဲသို့ လှိမ့်ဆင်းသွားသည့် ခေါင်းကြီးကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ ဖြစ်သွားပြီး သူ့ခေါင်းမှာ ပေါက်ကွဲလုမတတ် ကိုက်ခဲလာ‌ရသည်။ ထို့နောက် သူက နာကျင်မှုကြောင့် ဟစ်အော်လိုက်ပြီး မြေအောက်လမ်းထဲသို့ ပြေးဝင်ကာ အထဲမှလူများကို အရူးအမူး ကိုက်ပစ်တော့သည်။


လှေပေါ်တွင် ထိုင်နေသည့် လူများမှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မင်တက်မိနေ၍ ပင်လယ်ထဲသို့ ထွက်ခွာရန် မေ့လျော့သွားကြလေသည်။ ကျန်ဇွန်ဘီများသည်လည်း ကျီကျောက်ယန် နောက်မှလိုက်လာကာ မြေအောက် လမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားကြလေသည်။


သူတို့သည် ကျွန်းနှင့် ၁၀မီတာကျော် ကွာဝေးသော်လည်း မြေအောက်လမ်းကြောင်းရှိ ငရဲပွက်သကဲ့သို့ အော်ဟစ်သံများက သူတို့ နားထဲတွင် ထင်ထင်ရှားရှား ပဲ့တင်ထပ်နေတော့သည်။ လှေပေါ်ရှိလူများက “သွားကယ်ကြပါ...” ဟူသော စကားမျိုး တစ်ခွန်းမှ မဆိုကြဘဲ ကျွန်းပေါ်ရှိ လူများ၏ အော်သံများကို လှေပေါ်၌ တုန်ယင်စွာ နားထောင်နေကြသည်မှာ အော်သံများ ပျောက်ကွယ် သွားသည့်အထိပင်။


မြို့တော်ဝန် စွန်း က စက်လှေမောင်းသမားကို ပြောလိုက်သည်။


 “ပြန်သွားကြမယ်...” 


ယွင်ကျင့် မြို့သို့ သွားရာလမ်းတွင် လှေပေါ်ရှိ လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ရင်ထဲမှသာ တိတ်တခိုး ငိုကြွေးနေပုံရလေသည်။ ဟန်ခိုင် သည် လှေပေါ်တွင် မတ်မတ်ထိုင်ကာ ကျွန်းကို ငေးကြည့်နေရင်း စောစောက အော်ဟစ်သံများမှာ သူ့စိတ်ထဲတွင် ထပ်မံ ကြားယောင်လာရပြန်သည်။ အခင်းဖြစ်ပွားပြီးနောက်တွင် သိသိသာသာပင် အသက်ရှင်ကျန်ရစ်သူများ လျော့နည်းလာကြတော့သည်။


'ကျန်နေတဲ့လူ ၂၀၀ ကလည်း နောက်ဆုံး ဇွန်ဘီတွေ ဖြစ်လာနိုင်သလား...'


ဟန်ခိုင် သည် တဖြည်းဖြည်း ဝေးကွာသွားသော ကျွန်းကို ကြည့်ကာ အတွေးထဲတွင် နစ်မြောသွားခဲ့သည်။


ပင်လယ်လေက တဖြူဖြူးတိုက်ခတ်နေသောအခါ ဟန်ခိုင် မှာ အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းတုန်သွားရလေသည်။ ထိုမှသာ သူ့ကိုယ်တွင် ရေများစိုရွှဲနေမှန်း သတိထားမိသွားရသည်။ သူသည် အပူချိန် သုညဒီဂရီအောက်တွင် ရေစိုအဝတ်အစားများ ၀တ်ထားပြီး လေတဖြူးဖြူးတိုက်နေသော လှေပေါ်တွင် ထိုင်နေသဖြင့် နောက်ထပ် ၇နာရီ သို့မဟုတ် ၈နာရီအတွင်း မသေနိုင်လျှင်ပင် အပြင်းဖျားနိုင်သည်။


တခြားသူများမှာလည်း အအေးဒဏ်ကို အလားတူပင် ခံစားနေရပြီး တစ်ယောက်‌နှင့်တစ်ယောက် ပူးကပ်တိုးဝှေ့နေကြသည်။


လင်းကျင်းရှု သည် လှေပေါ်တွင် ထိုင်နေရင်း အကြိမ်ကြိမ် နှာချေလိုက်ပြီး မေးရိုက်သံကြီးဖြင့် ဖခင်ဖြစ်သူကို ပြောလိုက်သည်။


“အဖေ… သမီး… အရမ်းချမ်းတယ်...” 


လင်းကျင်းရှု မှာ ကိုယ်ကို ကျုံ့ထားရင်း  တစ်ကိုယ်လုံး တုန်ခါနေတော့သည်။ 


“မြို့ကို မရောက်ခင် ၇နာရီ ၈နာရီလောက် လိုသေးတယ်...ဒီလို ပုံစံနဲ့ သမီး ဘယ်လိုလုပ်ပြီး ဆက်စီးရမလဲ... အဖေ...သမီး ဒီအတိုင်း အေးခဲပြီး‌တော့ သေရတော့မှာလားဟင်...."


တကယ်တမ်းတွင် လင်းဟန် သည်လည်း အသက်အရွယ် ကြီးရင့်သူဖြစ်၍ အရိုးများထဲထိပါ မခံမရပ်နိုင်အောင် အေးနေရလေသည်။


 “အဖေသွားပြီးတော့ သမီးအတွက် အဝတ်တွေ ငှားပေးပါ့မယ်....”


သို့သော် ယခုကဲ့သို့ အေးခဲလုမတတ် ဖြစ်နေချိန်တွင် အခြားသူများက သမီးဖြစ်သူကို အနွေးထည် ငှားပေးဖို့ ဆန္ဒရှိနိုင်ပါ့မလား။


ထို့နောက် သူက စွန်းကျားရှီ အနားကို လျှောက်သွားပြီး ပြောလိုက်သည်။


"ကျားရှီ...ငါ့သမီးအတွက် အဝတ်တစ်ထည် ငှားပေးလို့ရလား...၇နာရီ...၈နာရီကြာအောင် ရေစိုအဝတ်ကြီးနဲ့ နေရရင် ငါ့သမီး ဟိုရောက်တဲ့အထိ တောင့်ခံနိုင်ပါ့မလား မသိဘူး..."


စွန်းကျားရှီ သည် လင်းဟန် မှာ အအေးဒဏ်ကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး နှုတ်ခမ်းများ ပြာနေသည်ကို မြင်လိုက်ရသဖြင့် အမြန်ထကာ ပြောလိုက်၏။ 


" အစ်ကိုလင်း...အစ်ကို့ခန္ဓာကိုယ်က အအေးဒဏ်ကို မခံနိုင်ဘူးလေ...အစ်ကို့ကြည့်ရတာ အေးခဲနေတာပဲ...ခဏစောင့်...လူငယ် လူရွယ်လေးတွေဆီ အဝတ်အစားတွေ ချွတ်ပေးနိုင်မလားလို့ သွားမေးလိုက်မယ်..." 


စွန်းကျားရှီ က မတ်တပ်ထရပ်ပြီး အားလုံးကြားအောင် အော်ဟစ်လိုက်သည်။


"ကလေးတို့..... မင်းတို့ အဝတ်တွေကို ရေထဲဆင်း လာခဲ့ရသူတွေ အအေးဒဏ်ခံနိုင်အောင် ပေးလို့ရမလား..."


စွန်းကျားရှီ ပြောပြီးသည်နှင့် ချက်ချင်းပင် မည်သူ့ထံကမှ တုံ့ပြန်မှု မရခဲ့ပေ။ တစ်ခေါက်ပြီး တစ်ခေါက် လိုက်လာရသော စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ချီတုံချတုံ ဖြစ်နေကြသည်။ အတန်ကြာပြီးနောက် လူငယ်တစ်ဦးသည် လက်ထဲမှ သေနတ်ကို ချထားလိုက်ကာ သူ့အင်္ကျီကို ဦးစွာ ချွတ်လိုက်သည်။ အခြားသူများသည်  အနွေးထည်ကိုချွတ်ရန် ဝန်လေးနေသော်လည်း တစ်စုံတစ်ယောက်က ဂျာကင်အင်္ကျီကို ဦးစွာ ချွတ်ခဲ့ကြောင်း မြင်ပြီးနောက် လိုက်ချွတ်လိုက်ကြသည်။ 


စွန်းကျားရှီ သည် သူ့လက်ထဲတွင် အဝတ်လေးထည်ကို ကိုင်ထားသော်လည်း လင်းဟန် အား တစ်ထည်သာ ပေးလိုက်သည်။ လင်းဟန် က စွန်းကျားရှီ လက်ထဲက ကျန်အဝတ်သုံးထည်ကို တောင်းချင်သော်လည်း ပြောမထွက်နိုင်ဘဲ ရှိလေသည်။


စွန်းကျားရှီ မှာ လင်းဟန် ၏ မျက်လုံးများကို သတိပြုမိသွားသည်။သူက သူ့ချည်ထည်အင်္ကျီကို ချွတ်လိုက်ပြီး ပေးလိုက်သည်။


"အစ်ကိုလင်း...အစ်ကိုက ကျွန်တော့်ရဲ့ ချည်အင်္ကျီကို ဝတ်ထားလိုက်.... ဒါကို ကျင်းရှု ကို ပေးလိုက်လေ.... လှေပေါ်မှာ ရေစိုအဝတ်တွေ ဝတ်ထားတဲ့ တခြားလူတွေလည်း ရှိသေးတယ်....အဲ့‌တော့ ဒီအဝတ်တွေ အကုန် အစ်ကို့ကို ပေးလိုက်လို့မဖြစ်ဘူး...” 


လင်းဟန်က ခေါင်းညိတ်ပြလိုက်သည်။


 


လှေပေါ်တွင် အဝတ်အစားလဲရန် နေရာမရှိသောကြောင့် လင်းကျင်းရှု သည် ရေစိုအင်္ကျီကို ချွတ်ကာ ဂျာကင်အင်္ကျီဖြင့် ခြုံထားလိုက်သည်။ အတွင်းမှအဝတ်များမှာ စိုစွတ်နေသော်လည်း တစ်ကိုယ်လုံး စိုနေခြင်းနှင့် ယှဉ်လျှင် များစွာပိုကောင်းလေ၏။ လင်းဟန်သည်လည်း သူ့အင်္ကျီကို ချွတ်ကာ စွန်းကျားရှီ ပေးသော ချည်အင်္ကျီကို ဝတ်လိုက်ပြီး သမီးဖြစ်သူဘေးတွင် ဝင်ထိုင်လိုက်သည်။ 


လှေပေါ်ရှိ လူတိုင်းသည် အလွန်အေးလွန်းသဖြင့် ရေခဲတိုက်ထဲသို့ ပြုတ်ကျသွားသလိုပင်။ အေးခြင်း၊ ကူကယ်ရာမဲ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့သည် လူတိုင်း၏ ခန္ဓာကိုယ်နှင့် စိတ်အစဥ်တို့ကို လွှမ်းခြုံထားလေသည်။သို့သော်လည်း ထိုခံစားမှု အားလုံးသည် သူတို့ အသက်ရှင်သန်နေသေးသည်ဟု ဆိုလိုခြင်းပင် ဖြစ်လေတော့သည်။


Xxxxxxx


Chapter 70


ကံ‌ကောင်းစွာနှင့် ယွင်ကျင့် မြို့သို့ ပထမဆုံး လှေဖြင့်လိုက်ပါလာသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ကျွန်းဧရိယာတွင် တည်ရှိသော ယွင်ကျင့်တက္ကသိုလ် ဗိုင်းရပ်စ်သုတေသနဌာနတွင် ဘေးကင်းစခန်းတစ်ခုကို တည်ထောင်ခဲ့လေသည်။ ကျီကျောက်ယန် သည် ကျွန်းပေါ်သို့ ဇွန်ဘီ အများအပြားကို ခေါ်လာသောကြောင့် ယွင်ကျင့်မြို့ဧရိယာတွင် ဘေးကင်းစခန်း တစ်ခုကို တည်ထောင်ရန် ပိုမိုလွယ်ကူလာသည်။


ပင်လယ်မှ ယွင်ကျင့်မြို့သို့ ရောက်လာကြသူ အများစုမှာ နာမကျန်း ဖြစ်ခဲ့ကြပြီး ငယ်ရွယ်ပြီး ကြံခိုင်သော လူအနည်းငယ်သာ နာမကျန်း မဖြစ်ကြသော်လည်း အအေးမိခြင်းဝေဒနာကို ခံစားရလေသည်။ 


ဟန်ခိုင် ၏ဖခင်မှာ လှေပေါ်ကတည်း အဖျားကြီးနေခဲ့ပြီး ယွင်ကျင့်မြို့ကို ရောက်သည့်အခါ ဟန်ခိုင် က ဖခင်ဖြစ်သူ၏ အဝတ်အစားများကို လဲပေးပြီး ရေပတ်တိုက်ပေးခဲ့သည်။သို့သော်လည်း ဖခင်ဖြစ်သူမှာ မသက်သာဘဲ ရက်အတော်ကြာအောင် ဖျားနေခဲ့သည်။ ထိုအချိန်က အဖျားပျောက်စေသော ဆေးဝါးများ မရှိပေ။ အကယ်၍ ‌ဆေးဝါးများ တွေ့ရလျှင်ပင် အများစုမှာ သက်တမ်းကုန်နေသော ဆေးဝါးများသာ ဖြစ်လေသည်။


ဟန်ခိုင် သည် ဖခင်ဖြစ််သူ၏ အိပ်ရာဘေးတွင် လှဲနေကာ ဖခင်ဖြစ်သူ၏ ကယောင်ကတမ်း စကားများကို နားထောင်နေခဲ့သည်။ ထိုအချိန်က သူလုပ်နိုင်သမျှမှာ သူအ‌ဖေ အနားတွင်ရှိနေပေးပြီး ရေပတ်တိုက်ပေး၍ နှိပ်ပေးရုံသာ တတ်နိုင်ခဲ့သည်။ 


ညနေစောင်းချိန်တွင် မြို့ကို ရောက်သည့်အခါ ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်မှာ ပူနွေးနေဆဲရှိပြီး သေဆုံးပြီးသည့်နောက် သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အေးလာလေ၏။ ဟန်ခိုင် သည် ငြိမ်းချမ်းစွာ သေဆုံးသွားပြီ ဖြစ်သော ဖခင်ကို အသာငေးကြည့်နေမိသည်။ သူ မငိုကြွေးခဲ့သော်လည်း စိတ်ဓာတ်ကျနေမိသည်။ ယခု သူ၏ တစ်ဦးတည်းသာ ကျန်ရှိနေသော သွေးသားရင်းချာက သူ့ကို တစ်ယောက်တည်း ထားခဲ့လေပြီ။ 


တကယ်တမ်းတွင် လွန်ခဲ့သည့် သုံးနှစ်ကတည်းကပင် ဟန်ခိုင်၏ ဖခင်ဖြစ်သူမှာ လောကကြီးတွင် အသက်မရှင်သန်ချင်တော့အောင် ဖြစ်နေခဲ့လေသည်။ သူ့ဖခင်မှာ မိခင်ဖြစ်သူ ဇွန်ဘီဖြစ်လာသည့် အချိန်မှစ၍ အကြိမ်ကြိမ်ပင် သေချင်သည့်အကြောင်း ပြောဆိုဖူးလေသည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ဖခင်ဖြစ်သူမှာ စိတ်ကျရောဂါဖြင့် နေထိုင်ခဲ့ရသဖြင့် သေခြင်းတရားသည် သူ့အတွက် စိတ်သက်သာရာရသွားခြင်း ဖြစ်လေသည်။ 


လီနန်ရှန့် အပြောအရ ရေထဲသို့ ဆင်း၍  လှေပေါ်သို့ ကူးလာသူ အများစုမှာ အဖျားရောဂါဖြင့် သေဆုံးခဲ့ကြလေသည်။ ထိုသူတို့မှာ ပင်လယ်ထဲသို့ ခုန်ဆင်းကာ အပြင်းအထန် ကူးခတ်ခဲ့ပြီး လှေပေါ်တက်လာကြသော်လည်း အဆုံးထိ တောင့်မခံနိုင်ခဲ့ကြပေ။


ထိုစဉ်က ဟန်ခိုင်် သည် လီနန်ရှန့် စကားကို နားထောင်နေခဲ့သော်လည်း အခြားအကြောင်းအရာ တစ်ခုကို တွေးနေခဲ့သည်။ ဖျားနာပြီး သေဆုံးသွားကြသူများတွင် အသက်ရှင်နေထိုင်ရန် အကြောင်းပြချက် အနည်းနှင့်အများ ရှိကြသော်လည်း သူတို့အားလုံးသည် အကြောင်းပြချက်မရှိဘဲ ထိုကဲ့သို့ သေဆုံးသွားကြသည်။


ဖခင်သေဆုံးသည့် ညက ဟန်ခိုင် သည် တစ်ညလုံး မအိပ်ဘဲ လသာဆောင်တွင် ရပ်၍ တစ်ညတာလုံး အမှောင်ထုကို ကြည့်နေခဲ့သည်။ လသာဆောင်၌ သူရပ်နေချိန်တွင် ညကောင်းကင်အလှကို ကြည့်နေရင်း အမျိုးသမီးတစ်ဦး၏ ငိုယိုသံကို ယောင်ဝါးဝါးကြားလိုက်ရသော်လည်း  လစ်လျူရှုလိုက်သည်။ နောက်ပိုင်းတွင် ထိုငိုသံက သူ့အနားသို့ တိုးလာလေသည်။ သူကိုယ်သူ ကယောင်ချောက်ချား ဖြစ်နေသည် ဟု ထင်မိသော်လည်း နောက်သို့ လှည့်ကြည့်လိုက်ရာ ခေါင်းငုံ့ကာ ငိုရှိုက်နေသော အမျိုးသမီးက သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာလေသည်။ 


ညမှောင်မှောင်တွင် ဟန်ခိုင် သည် ထိုအမျိုးသမီးကို မမြင်ရသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိခဲ့ပေ။


လင်းကျင်းရှု သည် ဟန်ခိုင် အနားသို့ လျှောက်လာပြီး ငိုယိုကာ ပြောလိုက်သည်။


“ကျွန်မ အဖေ ဆုံးသွားပြီ....အအေးမိပြီး အဖျားတက်လာလို့ ဆုံးသွားပြီ...” 


လင်းကျင်းရှု ၏ အသံသည် ဝမ်းနည်းပူဆွေးမှုနှင့် အပြည့်နှင့်။


ဟန်ခိုင် သည် လင်းကျင်းရှူ ကို ကြည့်ကာ ဘာပြန်ပြောရမှန်း မသိပေ။ အမှန်အတိုင်း ဆိုရလျှင် သူသည် ယခုအချိန်တွင် အခြားသူများကို နှစ်သိမ့်မပေးနိုင်ပေ။ ထို့ကြောင့် နှစ်သိမ့်မှုကို ခံယူချင်နေရှာသည့် သူစိမ်းအမျိုးသမီး တစ်ယောက်နှင့် စကား မပြောချင်ဘဲ ညအမှောင်ထုကိုသာ ငေးကြည့်နေချင်သည်။


ဟန်ခိုင် က သူမကို စကားပြန်မပြောသဖြင့် လင်းကျင်းရှု ကသာ ဆက်ပြောပြန်သည်။


 "အဖေက အသက်ကြီးပြီဆို‌တော့ သူ့ခန္ဓာကိုယ်က ခံနိုင်ရည် အားနည်းနေတယ်... ပင်လယ်လေကလည်း အရမ်းအေးတယ်...ပြီးတော့ ရေထဲဆင်းပြီး ကူးလာရတော့ အဖျားဝင်တော့တာပဲ... သူ ကောင်းကောင်း မရပ်နိုင်‌ပေမယ့် ကျွန်မကို ရေနွေးတိုက်တယ်...ရေပတ်တိုက်ပေးခဲ့တယ်... မနေ့ညနေခင်းက ကျွန်မလည်း အဖျားသက်သာလာရော  အဖေ လဲကျသွားတော့တာပဲ...အဖေက သတ္တိနည်းတယ်...ကျွန်မအဖျား ပျောက်တာကို မြင်‌တော့ ဝမ်းသာသွားပြီး သူတင်းထားရသမျှ စိတ်တွေ လျှော့ပစ်လိုက်ပုံရတယ် လို့ ဦးလေးစွန်းက ပြောတယ်...ပြီးတော့  အဖေ သတိလစ်သွားတယ်...ပြီးတော့ သိပ်မကြာပါဘူး…"


လင်းကျင်းရှု သည် နောက်ဆုံးတွင် မျက်ရည်များ ကျလာသည်။ သူမ ပြင်းထန်စွာ ငိုနေသည်ကို မြင်သောအခါ ဟန်ခိုင် က သူမကို နှစ်သိမ့်ပေးရန် သူ့လက်ကို မြှောက်လိုက်သော်လည်း ချက်ချင်း တုံဆိုင်းသွားရပြီး ခဏကြာမှ လင်းကျင်းရှု ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်၏။


 "ကျွန်တော့် အဖေလည်း ဒီညနေက ဆုံးသွားတယ်...တခြား ရေထဲဆင်းသွားသူတွေလည်း ဖျားနာပြီး ဆုံးသွားကြတယ်လို့ ကြားတယ်... ဒီလိုအဖြစ်ဆိုးတွေ ဖြစ်နေချိန်မှာ အရာအားလုံးက ဘုရားသခင် သဘာတော် အတိုင်းပဲပေါ့..." 


လင်းကျင်းရှု ငိုနေသေးသဖြင့် ထပ်မံနှစ်သိမ့်ပြန်သည်။ 


“မင်းအဖေက မင်းကို အရမ်းချစ်ပါတယ်... မင်းအဖေက မင်းအသက်ကို ကယ်ပေးခဲ့တဲ့ အတွက် မင်း ကောင်းကောင်း နေရမယ်...အပြင်မှာ လေစိမ်းတွေတိုက်နေတယ်...အထဲကို ​​မြန်အမြန်ဝင်... သွား...ထပ်မဖျားစေနဲ့..." 


ထို့နောက် ဟန်ခ်ိုင် သည် အမှောင်ထုကြီးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေပြန်သည်။


....


ယန်ဟန်  အေးခဲသော ပင်လယ်ရေကို ခံစားမိသောကြောင့် သူမ နိုးလာကာ သူမကိုယ်သူမ ကြည့်လိုက်ရာ ပင်လယ်ရေထဲတွင် နှစ်မြုပ်နေခဲ့ပြီး လင်းဟယ် ပေးထားသည့် အသက်ကယ်အင်္ကျီကို ၀တ်ထားဆဲ ဖြစ်သည်။ 


အင်မတန် ချမ်းအေးလွန်းသဖြင့် တစ်ချက်ဆဲဆိုလိုက်လေ၏။


'ချီးပဲ ဒါ ဘယ်နေရာလဲ..'


 


ယန်ဟန် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ရာ မနီးမဝေးတွင် ကုန်းမြေ ရှိနေသည်ကို တွေ့လိုက်ရပြီး ယွင်ကျင့် မြို့ကဲ့သို့ အထပ်မြင့် အဆောက်အဦးများနှင့် ပြည့်နှက်နေသည်။ ယန်ဟန် သည် ယွင်ကျင့် မြို့သို့ ကူးခတ်လာသည်နှင့်အမျှ သူမ၏ ဦးနှောက်သည် ဒေတာများကို ပြန်လည်သိုလှောင်လိုက်သလိုပင် တဖြည်းဖြည်း အမှတ်ရလာတော့သည်။


Xxxxxx