Chapter 71
အိုး..
ယန်ဟန် သတိရသွားသည်။
ကျီကျောက်ယန် က ဇွန်ဘီအုပ်စုကြီးကို ကျွန်းသို့ခေါ်သွားသည်ဟု သူမအိပ်မက် မက်ခဲ့သည်။ ဟန်ခိုင် သည် ထိုအကြောင်းကို မြို့တော်ဝန်ထံ သွားပြောသော်လည်း မြို့တော်ဝန်က သူ့စကားကို နားမထောင်ခဲ့ပေ။ ဟန်ခိုင် က သူမသည် ဇွန်ဘီတစ်ယောက်ဖြစ်၍ ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြရန် မဖြစ်နိုင် ဟု ဆိုထားသည်။
ထို့အပြင် အဓိက ပြဿနာမှာ သူမသည် ကျွန်းပေါ်တွင် နေ၍မဖြစ်နိုင်ခြင်း ဖြစ်သည်။အကြောင်းမှာ ကျီကျောက်ယန် သာ သူမကို တွေ့သွားပါက အပိုင်းပိုင်း ခုတ်ထစ်ပစ်မည် ဖြစ်သည်။ ထို့ကြောင့် ဟန်ခိုင် သည် သူမအတွက် ကျွန်းမှ ဘေးကင်းစွာ ထွက်သွားနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်လေသည်။
ရာသီဥတုမှာ အလွန်အမင်း အေးလွန်းလှသဖြင့် သူမ လမ်းမလျှောက်နိုင်တော့ဘဲ ရေခဲပြင်ပေါ်တွင် အိပ်ပျော်သွားခဲ့ရသည်။ယခု သူမ နိုးလာသောအခါ အေးခဲနေသည့် ပင်လယ်ရေထဲတွင် ရောက်နေပြီး ယခင်က ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိတော့ပေ။
ယန်ဟန် ရေကူးနေရင်း တွေးနေမိသည်။ သူမ အိပ်ပျော်သွားစဉ်က ပင်လယ်ရေသည် ရေခဲထုကြီးများဖြင့် ဖုံးလွှမ်းနေသေးသည်။ ယခုမူ ရေခဲများ မှာ အရည်ပျော်သွားပြီ ဖြစ်သည်။ နွေဦးရာသီ အစအထိ ရေခဲပြင်ဟာ အရည်ပျော်မှာ မဟုတ်ဘူး ဟု ဟန်ခိုင် က ပြောခဲ့ဖူးသည်။ သူမသည် ဇန်န၀ါရီလ အစောပိုင်းတွင် ကျွန်းမှ ထွက်လာခဲ့သဖြင့် အနည်းဆုံး သူမ တစ်လခန့်ကြာ ပင်လယ်ထဲတွင် ရှိနေခြင်း ဖြစ်လေသည်။
ရေကူးနေစဉ် ယန်ဟန်၏ ဗိုက်သည် ရုတ်တရက် တဂွီဂွီမြည်လာပြီး ဆာလောင်မှုကြီးမှာ ဦးနှောက်ထဲအထိပါ ခံစားနေရတော့သည်။ သူမဗိုက်ဆာလာသည်နှင့်တစ်ပြိုင်နက် ယန်ဟန် ၏ ရေကူးနေသော အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာသည်။
ယန်ဟန် နေ့တစ်ဝက်ခန့် ပြင်းပြင်းထန်ထန် ရေကူးခဲ့ပြီး နောက်ဆုံးတွင် ကျွန်းဧရိယာသို့ ရောက်ရှိလာလေသည်။ ထို့နောက် ရေစိုကြီးဖြင့် တက်လာပြီး ဆောက်လုပ်ရေး ဧရိယာဆီသို့ လျှောက်သွားသည်။ ပင်လယ်လေညင်းသည် လှိုင်းလုံးကြီးများကဲ့သို့ တိုးဝှေ့တိုက်ခတ်နေသဖြင့် သူမမှာ စက်ရုပ်ကဲ့သို့ ခပ်တောင့်တောင့် လျှောက်လှမ်းလာရသည်။ သူမသည် အေးနေပြီး ဗိုက်ဆာနေသဖြင့် ရှော့ပင်းမောလ်တစ်ခုတွင် စားရန်တစ်ခုခုရှာပြီးနောက် အဝတ်အစားလဲမည်ဟု စိတ်ကူးပြီး လမ်းကို ခပ်မြန်မြန် လျှောက်နေလေ၏။
ယန်ဟန် သည် လမ်းလျှောက်လာရင်း လက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး နွေးထွေးအောင်လုပ်လိုက်ရာ လည်ဆွဲကဲ့သို့ မာကျောသော အရာဝတ္ထုကို ထိမိသွားရသည်။ထို့နောက် သူမသည် အိတ်ကပ်ထဲမှ အရာများကို ထုတ်ယူလိုက်ရာ လက်စွပ်ကို ဆွဲထားသော ဆွဲကြိုးတစ်ကုံးကို တွေ့လိုက်ရသည်။
သူမ ပင်လယ်ဘေးတွင် ရပ်ကာ ဇွန်ဘီ မဖြစ်လာမီက အမှတ်တရများစွာကို စဉ်းစားကြည့်ရင်း လက်ထဲမှ ဆွဲကြိုးကို မှင်တက်စွာ စိုက်ကြည့်နေစဉ် လည်ဆွဲ၏ မူလဇစ်မြစ်ကို မှတ်မိသွားရသည်။
လည်ဆွဲမှာ ဟန်ခိုင် ၏ ချစ်သူကောင်မလေး လည်ပင်းမှာ ဆွဲထားသည့် ဆွဲကြိုးဖြစ်လေသည်။
ယန်ဟန် သည် ယွင်ကျင့် တက္ကသိုလ်တွင် စာသင်နေစဥ်အတွင်း ပျော်ရွှင်ဖွယ်မိသားစု၊ ချစ်စရာကောင်းသော ချစ်သူတစ်ယောက်ရှိပြီး အောင်မြင်သည့် အသက်မွေး ဝမ်းကြောင်းအလုပ် တစ်ခုရှိနေသည့် ဟန်ခိုင် ကို မနာလို ဖြစ်ခဲ့ဖူးသည်။ သူမသည် ငယ်စဉ်ကတည်းက မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူမကို မွေးစားလိုက်သည့် မိသားစုမှာ ငွေကြေးဥစ္စာ ချမ်းသာသော်လည်း သူမကို ဂရုမစိုက်ပေ။ သို့သော် သူတို့က သူမ၏ ပညာရေးနှင့် ပတ်သက်ပြီး အမြဲ စိတ်ပူပန်နေခဲ့ကြသည်။ တစ်ခါတစ်ရံ သူမကို မွေးစားသူသည် သူမ၏ ထူးကဲသော ဉာဏ်ရည်ဉာဏ်သွေးကိုများ သဘောကျခုံမင်နေသလား ဟု တွေးမိသည်အထိပင်။
ယန်ဟန် သည် ထက်မြက်ပြီး အံ့သြစရာကောင်းသော ကိုယ်ရေးရာဇ၀င်ကို လည်း ပိုင်ဆိုင်ထားလေသည်။ အသက် ၁၃ နှစ်တွင် ယွင်ကျင့် တက္ကသိုလ်၌ ဇီဝဗေဒဘာသာရပ်ကို အဓိကသင်ကြားခဲ့ပြီး တစ်ပြည်နယ်လုံးတွင် ပထမအဆင့်ဖြင့် ဘွဲ့ကြိုနှင့် မာစတာဘာသာရပ်များကို ခြောက်နှစ်ဆက်တိုက် အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့သည်။ ဤခြောက်နှစ်တာ ကာလအတွင်း သူမ၏ အဆင့်များသည် အမြဲတမ်း ပထမအဆင့် ဖြစ်ခဲ့လေသည်။ထို့ကြောင့် ယွင်ကျင့် တက္ကသိုလ်ရှိ ပရော်ဖက်ဆာများနှင့် အကြံပေး ပုဂ္ဂိုလ်များအားလုံးသည် သူမ၏ သင်ယူနိုင်စွမ်းနှင့် ကြိုးစားအားထုတ်မှုတို့ကို အထူးတလည်း ချီးကျူးခဲ့ကြသည်။
"ယန်ဟန် က ကျွန်တော်မြင်ဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံးနဲ့ အလုပ်ကြိုးစားသူပါ.."
ယွင်ကျင့် တက္ကသိုလ်တွင် ဤစကားများကို ခြောက်နှစ်လုံးလုံး နားနှင့်မဆံ့အောင် ကြားခဲ့ရသည်။ ယွင်ကျင့် တက္ကသိုလ်မှ မဟာဘွဲ့ဖြင့် ဘွဲ့ရပြီးနောက် သူမ၏ မွေးစားဖခင်က နိုင်ငံခြားသို့ ပညာသင်ကြားရန် စေလွှတ်ခဲ့၍ နိုင်ငံခြားတွင် ပါရဂူဘွဲ့ ရရှိပြီးနောက် ပါရဂူဘွဲ့လွန်အတွက် ထပ်မံသင်ယူခဲ့ပြီး ငါးနှစ်အကြာတွင် သူမ တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။
ထိုစဉ်က သူမအသက် ၂၄ နှစ်သာ ရှိသေးသည်။
တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ယွင်ကျင့် တက္ကသိုလ်မှ ပရော်ဖက်ဆာနှင့် ပါရဂူကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူမအသက် ၂၇ နှစ်တွင် ဟန်ခိုင် က ပရော်ဖက်ဆာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူမကဲ့သို့ပင် ဗိုင်းရပ်စ်ဗေဒ ဌာနတွင် အလုပ်လုပ်ခဲ့သည်။ သူမကို လူတော်တော်များများက ပါရမီရှင်ဟု ခေါ်ကြသော်လည်း တချို့မနှစ်သက်သည့် လူများလည်း ရှိသည်။ထို့အပြင် သူမကိုယ်တိုင်ကလည်း အခြားပရော်ဖက်ဆာများနှင့် ရင်းရင်းနှီးနှီး မဆက်ဆံတတ်သဖြင့် အကြောင်းမသိသူများက သူမကို မာနကြီးသည် ဟု ထင်ကြသည်။
သို့သော် ဟန်ခိုင် မှာမူ ရုပ်ရည်ချောမောပြီး စကားပြောရည်မွန်သူဖြစ်၍ အမျိုးသား ပရော်ဖက်ဆာများနှင့်ရော အမျိုးသမီး ပရော်ဖက်ဆာများ နှင့်ပါ ပြောဆိုဆက်ဆံတတ်သည်။
ရုံးခန်းထဲတွင် အသက်ကြီးကြီး အမျိုးသမီး ပရော်ဖက်ဆာ အများအပြားလည်း သူ့ကို တစ်စုံတစ်ယောက်နှင့် တွဲပေးရန် စီစဉ်ပေးနေစဉ်က သူမထိုအခန်းထဲတွင် ရှိနေခဲ့လေသည်။ သူမသည် ထိုစကားကို ကြားသောအခါ ကီးဘုတ်ပေါ်တွင် စာရိုက်နေရင်း ရပ်တန့်လိုက်ပြီး ဆက်ပြောမည့်စကားကို ငြိမ်ငြိမ်ကလေး စောင့်နားထောင်ခဲ့သည်။
နောက်ဆုံးတွင် သူမသည် လူအများ၏ နှလုံးသားကို တစ်ချိန်လုံး နွေးထွေးစေနိုင်သည့် နေခြည်အလင်းတန်း တစ်ခုပမာ ဖြစ်နေသော ဟန်ခိုင် ကဲ့သို့ နေချင်ခဲ့ခြင်း ဖြစ်နိုင်လေသည်။
ဟန်ခိုင် က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး သူ့တွင် ငယ်စဉ်ကတည်းက နှစ်ပေါင်းများစွာ ချစ်လာခဲ့သည့် ချစ်သူတစ်ဦးရှိပြီး နောက်၂နှစ်အကြာတွင် လက်ထပ်ရန် စီစဉ်နေကြောင်း ပြောလိုက်သဖြင့် ရုံးမှ အခြားသူများမှာ စိတ်ပျက်လက်ပျက် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
အမျိုးသမီး ပရော်ဖက်ဆာတစ်ဦးကလည်း ဝင်ပြောလိုက်သည်။
“အို...နှမြောစရာကောင်းလိုက်တာ..ဒီလို လိမ္မာရေးခြားရှိတဲ့ ကောင်လေးမျိုးကို ရှာရခက်တယ်...ငါက ငါ့တူမနဲ့ မိတ်ဆက်ပေးမလို့ဟာ...”
နောက်ပိုင်းတွင်၊ ဟန်ခိုင် ၏ ချစ်သူမှာ ရုံး သို့မဟုတ် ဓာတ်ခွဲခန်းသို့ မကြာခဏ ရောက်လာတတ်ပြီး ဟန်ခိုင် အား အစားအသောက်များ ပို့ပေးခြင်း၊ ဟန်ခိုင် နှင့် စကားအတူ ထိုင်ပြောနေခြင်း၊ စမ်းသပ်မှု ပြီးသည့်နောက် နှစ်ယောက်သာ အတူတူ အိမ်ပြန်သွားကြသည်ကို ယန်ဟန် မကြာခဏ မြင်ဖူးသည်။
ဟန်ခိုင် ၏ ချစ်သူသည် အလွန်လှပပြီး စကားပြောကောင်း၍ လိမ္မာပါးနပ်သည့် မိန်းကလေးမျိုးဖြစ်သည်။ သူမနှင့် ဟန်ခိုင် တို့သည် စမ်းသပ်မှုတွင် ရံဖန်ရံခါ အပြန်အလှန် တွေ့ဆုံဖူးသည်။
တစ်နေ့ ဓာတ်ခွဲခန်းတွင် ဤလည်ဆွဲကို ယန်ဟန် ကောက်ရခဲ့ခြင်း ဖြစ်လေသည်။ ဟန်ခိုင် ကျပျောက်ခဲ့သလား၊ဟန်ခိုင်၏ ချစ်သူ ကျပျောက်ခဲ့သလား သူမ မဝေခွဲတတ်ခဲ့ချေ။ ယခုအခါ သူ့ချစ်သူကောင်မလေးက ကျပျောက်သွားပုံရသည်ဟု တွေးမိလိုက်သည်။
ထိုညက သူမသည် ဤလည်ဆွဲကိုအချိန်အတော်ကြာအောင် ကြည့်နေခဲ့ပြီး ဟန်ခိုင် နှင့် သူ့ကောင်မလေးကို မနာလိုဖြစ်သွားရသည်။ သူမသည် အလွန်ထက်မြက်ပြီး သူမ၏ သုတေသနပြုလုပ်နိုင်စွမ်းကို လူအများက ချီးကျူးခဲ့ကြသည်။ သို့သော်လည်း သူမ ဘဝတစ်လျှောက်လုံး တစ်ခါမျှ မပျော်ရွှင်ခဲ့ဘဲ တစ်ခါတစ်ရံ သူမဘဝကြီးမှာ အဓိပ္ပါယ်မဲ့သည်ဟုပင် ခံစားခဲ့ရပြီး အထီးကျန်စွာ နေထိုင်ခဲ့ရသူ ဖြစ်လေသည်။
Xxxxx
Chapter 72
လူဆိုသည့် သတ္တဝါများသည် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံကြသည့် သတ္တဝါများ ဖြစ်သော်လည်း ယန်ဟန် သည် သူမကိုယ်တိုင်ဆွဲထားသည့် စည်းဝိုင်းထဲတွင်သာ နေထိုင်ခဲ့ပုံ ရလေသည်။
မည်သူကမှ ဝင်လာလို့မရသလို သူမကလည်း အပြင်ကို ထွက်မရပေ။
သူမသည် ဆွဲကြိုးကို နောက်နေ့တွင် ဟန်ခိုင် ကို ပြန်ပေးရန် တွေးထားသော်လည်း အမြဲမေ့နေသဖြင့် ယခုအချိန်အထိ လည်ဆွဲကို သူမ၏ အိတ်ကပ်ထဲတွင် လေးနှစ်နီးပါး သိမ်းဆည်းထားခဲ့ခြင်း ဖြစ်လေသည်။ ဇွန်ဘီဖြစ်လာပြီးနောက် သူမ သတိပြန်ရလာသောအခါ ဟန်ခိုင် သည် သူမ၏ ချစ်သူဖြစ်ကြောင်း ရူးမိုက်စွာ တွေးတောမိခဲ့သည်ကို ယခု တွေးမိပြီး ရယ်ချင်သွားရသည်။
ယန်ဟန်က ဆွဲကြိုးကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ရာ ရုတ်တရက် သူမ လက်များအား သတိထားမိလိုက်သည်။ ယခုသူမသည် အိပ်ရာက နိုးခါစဖြစ်၍ ခေါင်းရှုပ်နေသော်လည်း သူမ၏ လက်များတွင် ပုပ်နေသည့် အသားစများ ရှိမနေသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။ သူမ အင်္ကျီလက်စများကို အမြန်လိပ်တင်လိုက်ပြီး ကြည့်လိုက်ရာ လက်မောင်းပေါ်ရှိ အသားပုပ်များမှာ ပျောက်ကွယ်သွားပြီး ဒဏ်ရာရှိခဲ့ကြောင်း သိနိုင်သည့် အမာရွတ်အချို့သာ ကျန်နေလေသည်။
ထို့ကြောင့် ယခု သူမသည် အအေးဓာတ်နှင့် ဆာလောင်မှုကို ခံစားနိုင်ပြီး သူမ ဇွန်ဘီ မဖြစ်လာမီအချိန်ကို ရုတ်တရက် ပြန်၍ သတိရသွားခြင်း ဖြစ်နိုင်သည်။
ငါကိုယ်ငါ ပြန်ကုလိုက်တာပဲ...
ယန်ဟန်သည် ထိတ်လန့်တုန်လှုပ်သွားသည့်အပြင်၊ သူမကိုယ်သူမ မည်သို့ ကုသလိုက်ပုံကို အေးအေး ဆေးဆေး ခွဲခြမ်းစိတ်ဖြာစ ပြုလာသည်။
ဇွန်ဘီဗိုင်းရပ်စ် ဖြစ်ပွားသောအခါက ယန်ဟန် ၏ မှတ်ဉာဏ်သည် ၂၀၂၂ တွင် အဆုံးသတ်သွားသည်။ ထိုအချိန်တွင် သူမသည် သာမန် ဇွန်ဘီဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ၂၀၂၅ ခုနှစ်အစတွင် ဦးနှောက်မှာ ရုတ်တရက် နိုးကြားလာပြီး ကြိုတင်သိနိုင်သည့် အိပ်မက်များ မက်လာခြင်း ဖြစ်သည်။
၂၀၂၂ နှင့် ၂၀၂၅ ကြားတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို သူမမှတ်မိတော့ပေ။ ထိုနှစ်များအတွင်း သူမ၏ ခန္ဓာကိုယ် ဗီဇပြောင်းသွားကာ တဖြည်းဖြည်း ကုသမှုပေးနိုင်သည့် တစ်စုံတစ်ရာ ဖြစ်ခဲ့ပေမည်။
ယန်ဟန်သည် ထိုအကြောင်းကို တွေးကာ မြို့ထဲသို့ လျှောက်သွားလိုက်သည်။ ကျီကျောက်ယန် ၏ကျေးဇူးကြောင့် ယခုအခါ မြို့ထဲတွင် ဇွန်ဘီများ နည်းပါးလာလေသည်။ ထို့ကြောင့် သူမသည် ဇွန်ဘီများ အကိုက်ခံရမည်ကို အလွန်အမင်း စိတ်ပူစရာ မလိုဘဲ ယခုအခါ R ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းပါ ရှိနေပြီ ဖြစ်သည်။
သူမသည် ပင်လယ်ထဲ ရှိနေစဉ်က အိပ်မက်တစ်ခု မက်ခဲ့လေသည်။ အိပ်မက်ထဲတွင် သူမသည် စခန်းတစ်ခုသို့သွားကာ ဟန်ခိုင် ကို တွေ့ခဲ့ရသည်။ စခန်းထဲမှာ ကျွန်းက လွတ်လာသူများပါ ရှိနေကြသည်။ယခု သူမသည် မည်သည့်နေရာကို သွားရမှန်းမသိနေချိန်တွင် သူမ၏အိပ်မက်က အချိန်မီ လမ်းညွှန်ပြသခဲ့သည်။
ယန်ဟန်သည် အိပ်မက်ထဲမှ လမ်းကြောင်းကို လျှောက်ပတ်၍ ရှာလိုက်ရာ သူတို့တပ်စွဲထားသည့် ဘေးကင်းစခန်းကို အမြန်ရှာတွေ့သွားလေသည်။
ယွင်ကျင့်တက္ကသိုလ် ၏ ဗိုင်းရပ်စ်ဗေဒဌာနတွင် ဖြစ်သည်။ ယန်ဟန်သည် ဗိုင်းရပ်စ်ဗေဒဌာန၏ တံခါးဝသို့ သွားလိုက်ရာ ဒုတိယထပ်ရှိ စင်္ကြံတွင် လူတစ်ယောက်က သူမကို သေနတ်ဖြင့် ချိန်ထားသည်ကို တွေ့လိုက်ရသည်။
ယခု အဖြစ်သည်လည်း အိပ်မက်ထဲမှ မြင်ကွင်းနှင့် အတူတူပင် ဖြစ်သည်။ သူမက လက်ကို အမြန် မြှောက်လိုက်သည်။ သေနတ်ကိုင်ထားသူက သူမလက်ကို မြှောက်လိိုက်သည်ကိုမြင်သောအခါ သေနတ်ကိုချရ ကောင်းနိုး ဆက်ချိန်ထားရနိုး ဖြစ်နေလေ၏။
သာမာန် ဇွန်ဘီများသည် အသနားခံရန် လက်မြှောက်မပြတတ်ပေ။ယခု သူအံ့ဩရသည်မှာ အသက်ရှင်ကျန်ရစ်သူသည် ယခုအချိန်တွင် မည်သို့ရောက်လာသည် ဆိုတာကိုပင်။
ကျွန်းပေါ်ရှိလူများအားလုံးကို ဇွန်ဘီများက သတ်ဖြတ်ခဲ့ပြီး ဖြစ်၍ ယခုတစ်ဖန် ယွင်ကျင့် မြို့၌ အသက်ရှင် ကျန်ရစ်သူများ ရှိရန်မှာ ပို၍ပင်မဖြစ်နိုင်သောကြောင့် သူ သေနတ်ကိုကိုင်ထားရင်း ချီတုံချတုံဖြစ်နေရသည်။
နှစ်ယောက်သား ခဏကြာ ကြည့်နေကြပြီး သေနတ်ကိုင်ထားသည့်လူက ယန်ဟန်ကို အော်ပြောလိုက်သည်။
“မင်းက ဇွန်ဘီလား...”
ယန်ဟန်က သူမသည် ဇွန်ဘီမဟုတ်ဟု ပြောချင်သော်လည်း သူမ စကားမပြောရသည်မှာ အတော်ကြာနေပြီ ဖြစ်၍ သူမ၏ အသံကြိုးများမှာ ကောင်းစွာ အလုပ်မလုပ်နိုင်သေးပေ။
ယန်ဟန် သည် ပြန်လည်ကောင်းမွန်လာပြီးနောက် အချိန်အတော်ကြာအောင် အသံထွက်ကြည့်ကာမှ “ငါ” ဟူသော စကားလုံးကို ခပ်တိုးတိုးသာ ပြောနိုင်သေးသည်။
လသာဆောင်တွင် ရပ်နေပြီး သေနတ်ကိုင်ထားသောလူက ယန်ဟန်၏ ပါးစပ်မှာ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေသည်ကို မြင်လိုက်ရသော်လည်း အသံမကြားရသဖြင့် မေးလိုက်သည်။
“မင်းက ဆွံ့အနေတာလား...”
ယန်ဟန် က ခေါင်းခါပြလိုက်ပြီး အသံထွက်ကြည့်သော်လည်း အသံမှာ ထွက်မလာပေ။
သေနတ်ကိုင်ထားသူသည် ကြောက်လန့်နေသဖြင့် ယန်ဟန်အား အထဲဝင်ခွင့်မပြုဘဲ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေလေ၏။
လီနန်ရှန့် သည် စင်္ကြံတွင် ရပ်နေသော အစောင့်၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် အရေးပေါ်ကိစ္စထင်ပြီး ကုတင်ပေါ်မှ အမြန်ထ၍ အပြင်သို့ ထွက်သွားလိုက်သည်။
"ဘာတွေဖြစ်နေကြတာလဲ.... "
အစောင့်တပ်သားက တံခါးဘက်ကိုလှည့်ပြီး ပြောလိုက်သည်။
" တံခါးနားမှာ လူတစ်ယောက်ရှိတယ်... လူလား ဇွန်ဘီလားတော့ မသိဘူး... သူက ကျွန်တော် မေးတာကို မဖြေလို့..."
လီနန်ရှန့် က တံခါးဝမှာရပ်နေသည့် ယန်ဟန်ကို ကြည့်လိုက်သည်။
သူက ယန်ဟန် ကို ခဏမျှ စိုက်ကြည့်ပြီးနောက် သူမကို ဇွန်ဘီ ဟု မထင်မိပေ။ အကယ်၍ သူမသည် ဇွန်ဘီတစ်ကောင်ဖြစ်ပါက ယခုအချိန်တွင် တံခါးကို အရူးအမူး ဆောင့်နေပေလိမ့်မည်။
"မင်း ဒီမှာနေ... ငါ အောက်ထပ်ကို သွားကြည့်မယ်... တစ်ခုခု ထူးခြားရင် ချက်ချင်း သတ်ပစ်လိုက်..."
လီနန်ရှန့် သည် သေနတ်ကို ကိုင်၍ တံခါးနားသို့ လျှောက်သွားပြီး ဟ,နေသော တံခါးကြားလေးမှ ချောင်းကြည့်လိုက်ရာ ယန်ဟန် မှန်း တွေ့လိုက်ရသည်။
သို့သော် ယန်ဟန် မှာ မမှတ်မိနိုင်လောက်အောင်ပင် ပြောင်းလဲသွားသဖြင့် လီနန်ရှန့် သူမကို စိုက်ကြည့်နေမိသည်။ ယန်ဟန်သည် ဇွန်ဘီတစ်ကောင် မဟုတ်တော့သော်လည်း သာမန်လူတစ်ယောက်ဟု ပြောလျှင်လည်း မှန်မည်မဟုတ်ပေ။ အကြောင်းမှာ သူမ၏ မျက်နှာဖြူဖျော့နေပြီး သင်္ချိုင်းကုန်းက လူသေတစ်ကောင်လို ဖြစ်နေ၍ သူမ တစ်ကိုယ်လုံးလည်း စိုရွှဲနေခြင်းကြောင့်ပင်။
"မင်းက လူလား...သရဲလား..."
လီနန်ရှန့် အံ့သြသွားသော်လည်း သူ့အသံမှာ အနည်းငယ် တည်ငြိမ်နေလေသည်။
ယန်ဟန် မှာ နှုတ်ဆိတ်၍သာ နေမိသည်။ အကယ်၍ သူမစကားပြောလိုက်လျှင် သူတို့အားလုံး လန့်ဖျပ်၍ ထပျံသွားကြသည့် ငှက်များကဲ့သို့ ဖြစ်သွားကြမည်ကို စိုးရွံ့နေမိသည်။
အကယ်၍ သူမသာ စကားပြောနိုင်လျှင် သူ့ကို အော်ငေါက်ပစ်မည် ဖြစ်သည်။
“ငါ…ငါက…လူ…လူ…”
ယန်ဟန်က ဤစကားများကို အတော်အားယူ၍ ပြောလိုက်သည်။သူမ၏ အသံမှာ တိုးလျလွန်းပြီး မပီပြင်သောကြောင့် လီနန်ရှန့် ကြားသလား ဆိုသည်ကိုပင် သူမ မသိပေ။
ယန်ဟန်၏ စကားကို နားထောင်ပြီးနောက် တံခါးနောက်ကွယ်မှ လီနန်ရှန့် သည် သူမကို မယုံနိုင်စွာ ကြည့်နေခဲ့ပြီး ပြဿနာမရှိ ဟု အပေါ်ထပ်တွင် ရပ်နေသော ညီငယ်အား လက်ပြလိုက်ကာ တံခါးကိုဖွင့်၍ ယန်ဟန်ကို ဝင်ခွင့်ပြုလိုက်သည်။
လီနန်ရှန့် က တံခါးကိုပိတ်လိုက်ပြီး သူ့ဘေးမှာရပ်နေသည့် ယန်ဟန်ကို ကြည့်ပြီး ထိတ်လန့်နေဆဲပင်။
"ဝေါင်း...မင်းဘယ်လို ဖြစ်လာတာလဲ...မင်းတကယ် အဆင်ပြေရဲ့လား...တစ်ကယ် အံ့သြစရာကောင်းလိုက်တာ...”
ယန်ဟန် က အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ သူ့ကို စိုက်ကြည့်နေလိုက်သည်။
တစ်ဖက်တွင် လီနန်ရှန့် မှာမူ အလွန်ပင် အံ့ဩဘနန်း ဖြစ်နေသဖြင့် ယန်ဟန်၏ မျက်လုံးများကို လုံးဝ သတိမထားမိပေ။
Xxxxxxxx