Chapter 73
"ငါ မင်းကို ဟန်ခိုင် ဆီ ခေါ်သွားပေးမယ်...သူ မင်းကိုတွေ့ရင် အရမ်းပျော်သွားမှာ...အခုတစ်လော သူအရမ်း စိတ်မကောင်းဖြစ်နေတာ..."
ထို့နောက် လီနန်ရှန့် သည် ယန်ဟန်ကို ဟန်ခိုင် ၏အခန်းသို့ ခေါ်သွားပေးသည်။
လီနန်ရှန့် တံခါးကိုဖွင့်လိုက်သောအခါ လင်းကျင်းရှု သည် ပြတင်းပေါက်နားတွင်ရပ်နေပြီး ဟန်ခိုင်အား တပြုံးပြုံး စကားဆိုနေလေသည်။ လီနန်ရှန့် မှာ ဝမ်းသာအားရ ဖြစ်နေ၍ တံခါးခေါက်ရန် မေ့သွားသဖြင့် တံခါးကို တွန်းဖွင့်ကာ အထဲကို ဝင်သွားခြင်း ဖြစ်သည်။
သူ တံခါးဖွင့်လိုက်သောအခါ ဟန်ခိုင့် ဘေးနားရှိ လင်းကျင်းရှု က မျက်မှောင်ကြုတ်၍ သူ့ကိုကြည့်နေသည်ကို သတိမထားမိလိုက်ပေ။
"အားခိုင်...ဒီမှာ မင်းကိုတွေ့ဖို့ လာတာ ဘယ်သူလဲဆိုတာ မှန်းကြည့်စမ်း..."
ဟန်ခိုင် သည် လီနန်ရှန့် ဘေးရှိ ယန်ဟန်ကို ကြည့်ကာ ဝမ်းသာသွားရပြီး စကားပင် မပြောနိုင်သေးဘဲ ယန်ဟန်ထံလျှောက်သွားကာ သူမ ပြောင်းလဲသွားပုံကို အထပ်ထပ်အခါခါ ကြည့်နေမိသည်။
ယန်ဟန်သည် ဟန်ခိုင် ကို တွေ့လိုက်ရသောအခါ ရှက်သွားရပြီး မျက်နှာကို ဟိုဘက် လှည့်လိုက်သည်။
ပြတင်းပေါက်မှာ ရပ်နေသော လင်းကျင်းရှု သည် ရေစိုရွှဲနေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော မိန်းကလေးကို ကြည့်လိုက်သည်။ သူမက ရေစိုစိုဖြင့် နေမကောင်းဖြစ်နေသော အမျိုးသမီး တစ်ယောက်ပဲ ဟု မနှစ်မြို့ဖွယ် တွေးလိုက်မိသည်။
သို့သော် လီနန်ရှန့် ကဟန်ခိုင် နှင့် သူမတို့ စကားပြောနေသည်ကို အနှောင့်အယှက်ပေး လိုက်သောကြောင့် အလိုမကျဖြစ်ရ၏။
ယန်ဟန်မှာ ထူးခြားစွာ ပြောင်းလဲနေပြိီး အခန်းထဲတွင် လင်းကျင်းရှု ပါရှိနေသဖြင့် ဟန်ခိုင် စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ ရှိလေသည်။ ထို့ကြောင့် သူက လီနန်ရှန့် ကို မျက်စပစ်ပြလိုက်ရာ လီနန်ရှန့် က ချက်ချင်းနားလည်သဘောပေါက်ပြီး ပြုံးကာ လင်းကျင်းရှုကို ဟန်ခိုင် ၏အခန်းထဲမှ ဆွဲခေါ်လိုက်သည်။
လင်းကျင်းရှု က ထွက်မသွားချင်သေးသဖြင့် လီနန်ရှန့် ၏လက်ကို ဆောင့်ရုန်းလိုက်သော်လည်း အားချင်းမမျှချေ။
“ရှင် ဘာလုပ်တာလဲ... အစ်ကိုဟန်နဲ့ စကားပြောလို့ မပြီးသေးဘူး...”
လီနန်ရှန့် သည် ဤနူးညံ့သိမ်မွေ့သော မိန်းကလေးကို သဘောမတွေ့သဖြင့် သူမနှင့် မပတ်သတ်ခဲဲ့သော်လည်း ယခုအခါ အစ်ကိုဖြစ်သူကို ကူညီရမည် ဖြစ်၍ လင်းကျင်းရှု ကို ပြုံးပြလိုက်ပြီး အသာအယာ ပြောလိုက်သည်။
"မင်းရဲ့ အစ်ကို ဟန် က ကိစ္စလေးတွေ ရှိနေတယ်...အရင်ထွက်သွားရအောင်...သူတို့ပြောပြီးမှ လာပြောလှည့်နော်..."
“ကျွန်မ မပြန်ချင်ပါဘူး..…”
လင်းကျင်းရှု စကားမဆုံးခင် လီနန်ရှန့် က သူမကို အခန်းထဲကနေ အတင်းဆွဲခေါ်လိုက်၏။
လင်းကျင်းရှု က လီနန်ရှန့် ကို ဒေါသတကြီး ကြည့်လိုက်ပြီး လီနန်ရှန့် ၏ အင်္ကျီစကို ဆွဲကိုင်ထားလိုက်လေသည်။
"ရေတွေစိုရွှဲနေတဲ့ အစ်မက ဘယ်သူလဲ..."
“ငါလည်း မသိဘူး...”
"ဟင်...အစ်ကို လိမ်နေတာ...အစ်ကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူး...ညီမကို ပြော...အခုပြော...အစ်ကို မပြောရင် ညီမလည်း အခန်းထဲက ထွက်မသွားဘူး..."
လီနန်ရှန့် က သူ့အင်္ကျီကို ဆွဲကိုင်ထားသည့် လက်ကို တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။
“မနေ့ညက ငါ တစ်ညလုံး ကင်းစောင့်ထားတာ...ငါအိပ်ရေးဝအောင် အိပ်လိုက်ဦးမယ်... ငါမင်းနဲ့နောက်ပြောင်နေဖို့ အချိန်မရှိဘူး...မင်း နောက်ပြောင်ချင်ရင် တခြားတစ်ယောက်ဆီသွား..."
ထို့နောက် လီနန်ရှန့် က လှည့်ထွက်သွားသဖြင့် လင်းကျင်းရှု မှာ ခြေကိုဆောင့်ကာ ဆောင့်ကာဖြင့် ဒေါသဖြစ်ကျန်ခဲ့တော့သည်။
ဟန်ခိုင် သည် ယန်ဟန်ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီး အံ့ဩစွာမေးလိုက်သည်။
"မင်း လုံးဝ သက်သာသွားပြီလား...အခုစကား ပြောလို့ရလား..."
ယန်ဟန်က ခေါင်းညိတ်ပြပြီး သူ့ကို စကားပြောဖို့ ကြိုးစားသော်လည်း စကားလုံးတစ်လုံး တည်းသာ ပြောနိုင်ခဲ့သည်။
"စကားမပြောတာ ကြာနေလို့ ဖြစ်ရရမယ်... ကျွန်မ ခန္ဓာကိုယ်က အသံထွက်ဖို့ကို မေ့နေပြီ..."
"မင်း မြန်မြန်သက်သာလာတာ မယုံနိုင်စရာပဲ..."
ဟန်ခိုင် က ခေါင်းငုံ့ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ယန်ဟန်သည် ဟန်ခိုင် ကို ကြည့်ကာ သူမ အိတ်ကပ်ထဲမှ လက်စွပ်ပါသော ဆွဲကြိုးကို ထုတ်ကာ ပြန်ပေးလိုက်သည်။
ဟန်ခိုင် ကလည်း သူ့လည်တွင်ဆွဲထားသော ဆွဲကြိုးကို ချက်ချင်း ချွတ်လိုက်ပြီး လည်ဆွဲနှစ်ခုစလုံးကို သူ့လက်ထဲတွင် ထည့်ထားလိုက်သည်။ ဆွဲကြိုးနှစ်ကုံးသည် လက်စွပ်ကြီးတစ်ကွင်းနှင့် အသေးတစ်ကွင်း ပါသည်မှလွဲ၍ ဆင်တူဖြစ်သည်။ ယန်ဟန် ပြန်ပေးသော ဆွဲကြိုးသည် ရှန်ရှန် ပျောက်သွားသော ဆွဲကြိုး ဖြစ်လေသည်။
ဟန်ခိုင် သည် လက်စွပ်၏ အတွင်းဘက်ကို ကြည့်လိုက်ရာ ရေးထွင်းထားသည့် ရှန်ရှန် ၏ နာမည်အတိုကောက်ကို တွေ့လိုက်ရသောအခါ ယန်ဟန်ကို အံ့ဩစွာ မေးလိုက်၏။
“ဒီဆွဲကြိုးက မင်းဆီ ဘယ်လိုလုပ် ရောက်နေရတာလဲ...”
" ကောက်ရ…ကောက်...”
"ကျေးဇူးတင်ပါတယ်..."
ထို့နောက် ဟန်ခိုင် သည် ဆွဲကြိုးနှစ်ကုံးကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ယန်ဟန်သည် ဟန်ခိုင် ကို ကြည့်လိုက်သောအခါ သူမ၏ နှလုံးသားမှာ အမည်မသိသော အကြောင်းရင်းတစ်ခုခုကြောင့် နာကျင်လာရသည်။ သူမက ခေါင်းခါလိုက်ပြီး ပြုံး၍
ရပါတယ် ဟု ပြောလိုက်လေသည်။
ဟန်ခိုင်မှာ ယန်ဟန်၏ အပြုံးကြောင့် အံ့အားသင့်သွားရသည်။
“မင်း အခု ပြုံးနိုင်နေပြီပဲ... အရင်က မင်းမျက်နှာက လှုပ်မှ လှုပ်လို့မရတာ..”
ဟန်ခိုင် အပြောကြောင့် ယန်ဟန် က ရယ်မောလိုက်ပြီး စားပွဲပေါ်ရှိ စာရွက်နှင့် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ရေးလိုက်သည်။
"ရှင်က ဇွန်ဘီမဟုတ်ဘူးလေ...ဒါပေမယ့် ရှင်က အမြဲလိုလို မျက်နှာတည်နေတာပဲ..."
ဟန်ခိုင် သည် ရေစိုနေသော စာရွက်ကို ကိုင်၍ဖတ်လိုက်သည်။ ထိုမှပင် ယန်ဟန် မှာ ရေစိုရွှဲနေမှန်း သူသတိထားမိလိုက်ပြီး စာရွက်ကို အမြန်ချလိုက်သည်။
"မင်း ရေတွေ စိုနေတာပဲ... မင်းဝတ်ဖို့ အဝတ်တွေ ရှာပေးမယ်..."
ထို့နောက် ယန်ဟန်သည် ဟန်ခိုင် ၏ အဝတ်များကို ယူဝတ်လိုက်သည်။သူမ ဝတ်ရသည်မှာ အဆင်မပြေသော်လည်း ရေစိုအဝတ်အစားကို ဝတ်ခြင်းထက် ပကောင်းလေ၏။
ထို့နောက် သူမက ဆံပင်ကို မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ပြီး သူမ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို တွေးနေမိသည်။
ပထမဆုံးအနေနှင့် သူမ ပုံမှန်စကားပြောနိုင်ရမည် ဖြစ်သည်။
နောက်ရက်အနည်းငယ်တွင် ဟန်ခိုင် ၏အကူအညီဖြင့် ယန်ဟန်သည် ချောမွေ့စွာ ပြောဆိုနိုင်သွားသည်။ သာမာန်လူ တစ်ယောက်ကဲ့သို့ သွက်သွက်လက်လက် မပြောနိုင်သော်လည်း ပြတ်သားစွာ ပြောနိုင်လေ၏။
“ဟန်ခိုင်... ဗိုင်းရပ်စ် သုတေသနဌာနဟာ တကယ့်ကို ဘေးကင်းနိုင်တဲ့ စခန်းမဟုတ်ဘူး... ဆောင်းရာသီ ရောက်တဲ့အခါ ကျီကျောက်ယန် က ဇွန်ဘီတွေကို ယွင်ကျင့် မြို့ကို ပြန်ခေါ်လာလိမ့်မယ်... အဲ့ဒီလိုဆို ကျွန်မတို့ ဘယ်ကိုပြေးကြမလဲ...ကျွန်းကိုပြန်မှာလား..."
Xxxxxxx
Chapter 74
ဟန်ခိုင် က ပြန်မဖြေဘဲ စားပွဲဘေးတွင် ရပ်ကာ ယန်ဟန်ကို စိုက်ကြည့်နေမိသည်။ ယန်ဟန်၏ ပင်ကိုယ်စရိုက်သည် လူပြန်ဖြစ်ပြီးနောက် များစွာပြောင်းလဲသွားသည်ကို လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူသိရှိခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် သူမသည် ကိစ္စတစ်ခုခုကို စဉ်းစားဆုံးဖြတ်သည့်အခါ ပို၍တည်ငြိမ်လာပြီ ဉာဏ်လည်း ပို၍ ထက်လာလေ၏။
ဟန်ခိုင် က ယန်ဟန်ကို ကြည့်နေရင်း လွန်ခဲ့သော နှစ်များစွာက ဟောပြောပွဲ စင်မြင့်ပေါ်၌ ရပ်နေသည့် ယန်ဟန်ကို သူ မြင်ယောင်လာရသည်။ ထိုစဉ်က သူမ၏ ဟောပြောပို့ချမှုမှာ လူအများ၏ အာရုံထဲတွင် အလင်းတန်းများ လက်ဖြာသွားသကဲ့သို့ ဖြစ်ခဲ့ရလေသည်။
ဟန်ခိုင် က နှုတ်ဆိတ်နေသဖြင့် ယန်ဟန်က ပြောလိုက်သည်။
“ဘေးအကင်းနိုင်ဆုံး နည်းလမ်းကတော့ R ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ထုတ်ဖို့ပဲ...”
ဤသည်မှာ သူမ၏ အဓိကရည်မှန်းချက်ဖြစ်လေသည်။ နောက်ဆုံးတွင် ကမ္ဘာကြီး၏ ကံကြမ္မာသည် သူမအပေါ်တွင် မူတည်သွားလေသည်။
"အဲ့ဒီကိစ္စက တစ်ခုတည်းသော နည်းလမ်းဆိုတာ ငါလည်း သိပါတယ်...ဒါပေမယ့် ဘုရားသခင်က ငါတို့ကို အချိန်သုံးနှစ်ကျော် ပေးခဲ့တယ်... ဒါပေမယ့် ငါတို့ ဘာမှ မဖွံ့ဖြိုးသေးတာကို မင်းအသိပဲလေ..."
ထို့နောက် ဟန်ခိုင် က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ပြောလိုက်သည်။
"ခဏနေဦး... ငါမင်းကို ပြစရာရှိတယ်..."
ထို့နောက် သူက ဗီရိုကို ဆွဲဖွင့်လိုက်ပြီး သူ့ကိုယ်သူ နစ်မြုပ်ထား၍ အဖြေမရသေးသော စမ်းသပ်မှု မှတ်တမ်းနှစ်ခုကို ထုတ်ပြလိုက်သည်။ ကံကောင်းစွာနှင့် သူ့ကျောပိုးအိတ်မှာ ရေစိုခံသဖြင့် ပင်လယ်ထဲတွင် အချိန်အတော်ကြာ ရေကူးခဲ့သော်လည်း စမ်းသပ်မှတ်တမ်းနှစ်ခုမှာ ရေစိုမနေကြပေ။
ဟန်ခိုင် က စမ်းသပ်မှတ်တမ်းနှစ်ခုကို ယန်ဟန် အား ပေးလိုက်သည်။
“ဒါဟာ သုံးနှစ်ကျော်ကြာအောင် လုပ်ထားတဲ့ စမ်းသပ်မှတ်တမ်း နှစ်ခုပဲ...မင်းက အရမ်းဉာဏ်ကောင်းတယ်ဆိုတော့ မင်း တစ်ခုခု အဖြေရှာနိုင်မလား...ကြည့်ရအောင်..."
စမ်းသပ်မှတ်တမ်းနှစ်ခုကို ဖတ်ပြီးနောက် ယန်ဟန်က ခေါင်းညိတ်ပြပြီး ထိုင်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ သုံးနာရီခန့် စာရွက်များကို လှန်လှောကြည့်နေလေ၏။
"ဒီစမ်းသပ်မှု ဘာသာရပ်နှစ်ခုရဲ့ အသားစတွေကို ယူရမယ်...အခုရနိုင်မလား..."
“ရနိုင်တယ်...”
“ဒါဆို လွယ်ပါတယ်... ဒီစမ်းသပ်မှု ဘာသာရပ်နှစ်ခုမှာ ရှင်ကြုံတွေ့ရတဲ့ ပြဿနာတွေက အတူတူပါပဲ... ဆိုလိုတာကတော့ ဘယ်နည်းလမ်းကို သုံးသုံး... Antigenကို စဉ်းစားရခက်နေတာပဲ...တကယ်တော့ အတွေးအခေါ်က အရေးကြီးတဲ့အချက်ပဲ... ကျွန်မတို့ရဲ့ တွေးခေါ်ပုံကို ပြောင်းလဲပစ်ရမယ်... ဇွန်ဘီဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇပစ္စည်းက RNA လေ...ပြီးတော့ မျိုးဗီဇပစ္စည်းဟာ မတည်မငြိမ်ဖြစ်နေတော့ ဗီဇပြောင်းနိုင်တယ်... အဲ့ဒီတော့ ကျွန်မတို့ Antigenကို ရှာတွေ့ရင်တောင် အဲ့ဒီAntigenက ဇွန်ဘီဗိုင်းရပ်စ် အမျိုးအစားအားလုံနဲ့ မသက်ဆိုင်တော့ဘူး...ဒါကြောင့် Antigen ကိုရှာတာက အစကတည်းက အလုပ်မဖြစ်ခဲ့တာ...ကျွန်မ အရင်က HIV ဗိုင်းရပ်စ်အကြောင်း စာတမ်းတစ်စောင် ဖတ်ဖူးတယ်...HIV ဗိုင်းရပ်စ် ကလည်း RNA ဗိုင်းရပ်စ် ပဲ...စာတမ်းထဲမှာ cleavage enzyme ဆိုပြီး ပြထားတယ်...cleavage enzyme ဆိုတာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပစ္စည်းကို အတိုချုံးပစ်နိုင်တယ်...ဒါကြောင့် ဗိုင်းရပ်စ်က ပြန့်မလာနိုင်တော့ဘူး...ဒီစမ်းသပ်မှုဘာသာရပ်နှစ်ခုမှာလည်း cleavage enzyme ကိုကျွန်မတို့ တွေ့နိုင်တယ်..."
ယန်ဟန်၏စကားများသည် ဟန်ခိုင် ကို သတိဝင်ရန် လှုပ်နှိုးလိုက်သကဲ့သို့ပင်။ ယခင်က၊ သူသည် “Antigen ရှာဖွေခြင်း” ဟူသော စည်းဝိုင်းထဲတွင် ပိတ်မိနေခဲ့ပြီး စမ်းသပ်မှုမှာလည်း ရပ်တန့်သွားခဲ့ရသည်။ ဟန်ခိုင် သည် ထိုသို့စဉ်းစားလိုက်မိပြီး စမ်းသပ်မှု ဘာသာရပ်နှစ်ခုအကြောင်း ယန်ဟန်အား ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။
"တကယ်တော့ ဒီဘာသာရပ် နှစ်ခုက မင်းနဲ့ငါပဲ...နံပါတ် ၁ က ငါ...နံပါတ် ၂ က မင်းပဲ...”
ယန်ဟန်သည် ဟန်ခိုင် ကို အံ့သြတကြီး ကြည့်လိုက်သည်။ ဟန်ခိုင် သည် သူမ ကျွန်းပေါ်တွင် ရှိနေစဉ်က သူမအား စမ်းသပ်ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်လေသည်။
ယန်ဟန် နှုတ်ဆိတ်နေသဖြင့် ဟန်ခိုင်မှာ သူမ၏ အသားစကို ခွင့်မတောင်းဘဲ ယူခဲ့သဖြင့် အားနာသွားရသည်။
“တောင်းပန်ပါတယ်… ငါ…”
ဟန်ခိုင် သည် စကားဆက်ပြောရန်ပင် ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့မိသွားရသည်။
ယန်ဟန် က ဘာမှမဖြစ်ဟန်ဆောင်ကာ ပြောလိုက်သည်။
"ရပါတယ်...ကိစ္စမရှိပါဘူး...အဲဒီအချိန်က ကျွန်မက ဇွန်ဘီ တစ်ကောင်ပဲလေ... ကျီကျောက်ယန် ကတောင် ကျွန်မကို စမ်းသပ်မှုတစ်ခုအနေနဲ့ သုံးခဲ့သေးတာပဲ..."
သူမက အလေးအနက်မထားဟန်ဖြင့် ပြောလိုက်သော်လည်း သူမ၏ လေသံမှာ အေးစက်ခြောက်ကပ်နေလေ၏။ ဟန်ခိုင် သည် ယန်ဟန်၏ စကားကို ကြားလိုက်ရပြီးနောက် ဆက်လက် တောင်းပန်ခဲ့သော်လည်း နှစ်ယောက်သားမှာ ရှက်ရွံ့စွာ နှုတ်ဆိတ်နေကြလေသည်။
ယန်ဟန် က သူမပြောခဲ့သည်ကို နောင်တရသွားပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ပင်လယ်ရေထဲမှာ အကြာကြီး နစ်နေခဲ့တဲ့ ကျွန်မရဲ့ အတွေ့အကြုံအရ R ဗိုင်းရပ်စ်အပေါ် မှာ ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်တဲ့ အချက်တစ်ချက်ကို ကျွန်မ တွေ့ခဲ့ရတယ်..."
ဟန်ခိုင် သည် မူလက ရှက်ရွံ့စွာ ခေါင်းငုံ့ထားသော်လည်း ယန်ဟန် စကားကြောင့် ချက်ချင်း ခေါင်းမော့လာသည်။
"အပူချိန်နိမ့်တာ......ကျီကျော်ယန် က ကျွန်မကို ပထမဆုံးအကြိမ် လိုက်ဖမ်းတုန်းက ပင်လယ်ထဲကို ကျွန်မ ခုန်ချလိုက်တယ်...ပြီးတော့ အကြာကြီး အိပ်ပျော်သွားခဲ့တယ်... ပြန်နိုးလာတော့ ကျွန်မရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ တွေ့ရတယ်... ဒုတိယ အခေါက်ကတော့ ယွင်ကျင့် မြို့ကို ပြန်သွားတုန်းက ရေခဲပြင်ပေါ်မှာ လှဲပြီး အိပ်ပျော်သွားပြီး တစ်လကြာမှ ပြန်နိုးလာခဲ့တယ်... ကျွန်မလည်း နိုးလာရော ရေခဲတွေ အရည်ပြန်ပျော်နေတော့ ပင်လယ်ထဲ နစ်နေခဲ့တာပေါ့...အဖြစ်အပျက်နှစ်ခုစလုံးမှာ တူညီနေတဲ့ တစ်ခုရှိတယ်...အဲ့ဒါက အပူချိန်နိမ့်တဲ့ပတ်ဝန်းကျင်မှာ အချိန်အကြာကြီးနေခဲ့ရတာပဲ.. ဒါတွေကလည်း ကျွန်မရဲ့ ယူဆချက်သက်သက်ပါ... အပူချိန်နိမ့်နေရင် R ဗိုင်းရပ်စ်ကို တကယ်အကျိုးသက်ရောက်မှုရှိမရှိဆိုတာကိုတော့ စမ်းသပ်မှုတွေ လုပ်ပြီးတော့ အတည်ပြုရမယ်...”
“အခု ဘာခက်နေလဲဆိုတော့ စမ်းသပ်ကိရိယာတွေပဲ...ဗိုင်းရပ်စ်ဗေဒဌာနက စက်ပစ္စည်းတွေကို ဆက်ပြီး သုံးလို့ရသေးလားဆိုတာ မသိဘူး...သုံးလေးနှစ်လောက် မသုံးဖြစ်တဲ့ ပစ္စည်းတွေဆိုတော့....”
“သုံးလို့ရမလား ဆိုတာ စမ်းကြည့်ဖို့ မနက်ဖြန် သုတေသနဌာနကို သွားကြည့်ရအောင်...သုံးလို့ရရင် ပိုကောင်းတာပေါ့... ဒါပေမယ့် မရရင်လည်း တခြားနည်းလမ်းတွေရှိဦးမယ် ထင်တယ်...”
ယန်ဟန်သည် ဟန်ခိုင်၏ အခန်းထဲမှ ထွက်လာသည်နှင့် လင်းကျင်းရှု က သူမကို တားထားလိုက်သည်။
ယန်ဟန် က လင်းကျင်းရှုကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက ဘာကိစ္စ ငါ့ကိုတားရတာလဲ..."
"ရှင် ဘယ်ကထွက်လာတာလဲ... အစ်ကိုဟန်ကို နှောင့်ယှက်နေတာလား..."
လင်းကျင်းရှု သည် ယန်ဟန် ထက် ခေါင်းတစ်ဝက်ခန့် ပုနေသောကြောင့် သူမက ယန်ဟန် ကိုမော့ကြည့်နေရသဖြင့် သူမ ပုံစံမှာ ရယ်စရာကောင်းနေတော့သည်။
ယန်ဟန် က သူမကို ချစ်စရာလေး ဟုလည်း တွေးမိသွားရပြီး ခပ်တုံးတုံးကလေးမလေးမို့ နောက်ချင်သွားရသည်။
"ပထမအချက်... ငါက ဝူခုံးမဟုတ်ဘူး...ငါဘယ်ကမှ ထွက်မလာနိုင်ဘူး...ငါ့အမေက ငါ့ကို မွေးထားတာ... ဒုတိယအချက်ကတော့ ဟန်ခိုင် ကို မင်းက ပိုင်တာလား..."
"အစ်ကိုဟန်ကို ညီမ မပိုင်ဘူးဆိုတာနဲ့ပဲ အစ်မပိုင်တယ်လို့လည်း မဆိုလိုပါဘူး..."
ထို့နောက် လင်းကျင်းရှု က သူမအား အထင်အမြင်သေးစွာဖြင့် မျက်လုံးပြူးကာ "ဟွန့်" ကနဲ လုပ်ပြလိုက်သေးသည်။
Xxxxxx