အပိုင်း ၇၇-၇၈
Viewers 5k

Chapter 77


နောက်တစ်နေ့တွင် ယန်ဟန်နှင့် ဟန်ခိုင် တို့သည် ဗိုင်းရပ်စ်ဗေဒဌာန၏ ဓာတ်ခွဲခန်းသို့ ရောက်လာကြသည်။ ဓာတ်ခွဲခန်းအတွင်းရှိ စက်ပစ္စည်းများမှာ ဖုန်အလိမ်းလိမ်း တက်နေကြပြီး  နေရာတိုင်းတွင် ရှုပ်ပွနေကာ ကြမ်းပြင်ပေါ်မှ ခြောက်သွေ့နေသော သွေးစွန်းကွက်များကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရသည်။ 


ဘယ်နှနှစ်ရှိပြီလဲမသိဘူး... 


သူတို့နှစ်ဦးစလုံးသည် စမ်းသပ်မှုတွင် ကျွမ်းကျင်သူများ ဖြစ်ကြပြီး စမ်းသပ်ကိရိယာများနှင့်လည်း အထူးတလည် ရင်းနှီးကျွမ်းဝင်လှသည်။ ယန်ဟန်နှင့် ဟန်ခိုင် တို့သည် ဓာတ်ခွဲခန်းတွင် နှစ်ရက်၊သုံးရက်ကြာ အလုပ်လုပ်ခဲ့ပြီး နောက်ဆုံးတွင် မျှော်လင့်ထားသည့်အတိုင်း စက်ပစ္စည်းများမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့လေသည်။ 


"သုတေသနဌာနက စက်ပစ္စည်းတွေရဲ့ အရည်အသွေးက တစ်ကယ် ကောင်းတာပဲ..." 


ဤအခြေခံစမ်းသပ် ကိရိယာအားလုံးသည် ပုံမှန်လည်ပတ်နေကြောင်း မြင်လိုက်ရသဖြင့် ယန်ဟန် ရင်ထဲမှ ကျောက်တုံးကြီးမှာ ဘုန်းကနဲပြုတ်ကျသွားရလေ၏။ 


ဟန်ခိုင် က ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးနေလေသည်။ ယန်ဟန် က စားပွဲပေါ်ရှိ စမ်းသပ်ကိရိယာများကို ဟိုကိုင်ဒီကိုင်လုပ်နေရင်း ဟန်ခိုင် အား ပြောလိုက်သည်။


“ရှင်က ကျွန်မကို စမ်းသပ်မှု ဘာသာရပ် အဖြစ် လေ့လာတာ သိပ်မကောင်းဘူး... ကျွန်မတို့ နေရာလဲလိုက်ရင် ဘယ်လိုလဲ...ရှင်က ကျွန်မ အသားစကို လေ့လာကြည့်...ကျွန်မက ရှင့်အသားစကို လေ့လာမယ်..."


နှစ်ယောက်သား တစ်ယောက်၏ သွေးကိုတစ်ယောက်က ယူလိုက်ကြပြီး သုတေသနကို အဆင့်ဆင့် စတင်ပြုလုပ်‌တော့မည့်အချိန်မှာပင် မဖိတ်ကြားထားသည့် ဧည့်သည်တစ်ယောက် ရောက်လာလေ၏။ ဟန်ခိုင် သည် တံခါးခေါက်သံ ကြားသောအခါ သူနှင့် ယန်ဟန်တို့ တစ်ယောက်ကို တစ်ယောက် ပြိုင်တူကြည့်မိကြပြီး‌နောက်တံခါးကိုသွားဖွင့်လိုက်ရာ လျန့်ချောင် ကို တွေ့လိုက်ရလေသည်။ 


ယန်ဟန်သည် တံခါးဆီသို့ လှမ်းကြည့်လိုက်ရာ လျန့်ချောင် ကို တွေ့လိုက်ရသော်လည်း သူမက သုတေသနကိုသာ ဆက်လက် ပြုလုပ်နေလိုက်သည်။ ယန်ဟန် မှာ အပြင်ပန်းတွင် တည်ငြိမ်ပုံရသော်လည်း သူမ၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေလေသည်။ 


လျန့်ချောင် အသက်ရှင်နေသေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။


သူမ၏မွေးစားဖခင် ဟွမ်ကျစ်ပင်း သည် ပြည်တွင်း ဇီဝဆေးဝါးကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဋ္ဌဖြစ်သည်။ သူမ နိုင်ငံခြားမှပြန်လာပြီးနောက် မွေးစားဖခင်က သူ့ကုမ္ပဏီတွင် အလုပ်လုပ်ရန် အကြိမ်ကြိမ် နားချခဲ့သည်။ သူမက တစ်ချိန်လုံး အခြားသူများကိုချည်း အားမကိုးချင်ဘဲ ကိုယ်ပိုင်အရည်အချင်းဖြင့်သာ အောင်မြင်မှုများရချင်သောကြောင့် ငြင်းဆိုခဲ့လေသည်။


နောက်ပိုင်းတွင် သူမအား ယွင်ကျင့် တက္ကသိုလ်က ပရော်ဖက်ဆာအဖြစ် ခန့်အပ်လိုက်သဖြင့် မွေးစားဖခင်က ဗျူဟာ ပြောင်းပစ်လိုက်ပြီး သူ့တွင် ရပ်တန့်နေသည့် သုတေသန ပရောဂျက်တစ်ခုရှိနေသည်ဟု မျက်နှာငယ်လေးဖြင့် ထပ်မံပြောဆိုခဲ့ပြန်သည်။ ထိုပရောဂျက်ကို အကောင်အထည်ဖော်ရန် ယန်ဟန် ကို သူ၏ ကုမ္ပဏီတွင် အလုပ်လုပ်စေခြင်း ဖြစ်သည်။ ဟွမ်ကျစ်ပင်း မှာသူမအား ခခယယ, ပြောဆို‌နေသဖြင့်ငြင်းဆန်ရမှာလည်း အားနာသဖြင့် သူမအားလပ်လျှင် ကူညီမည်ဟု ကတိပေးလိုက်သည်။


ထို့နောက် ယန်ဟန် သည် သုတေသနပရောဂျက်ကို တာဝန်ယူရန် ဟွမ်ကျစ်ပင်း ၏ ဇီဝဆေးဝါး ကုမ္မဏီသို့သွားသောအခါက လျန့်ချောင် နှင့် ပထမဆုံး တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။ လျန့်ချောင် သည်လည်း ထိုပရောဂျက်ကို တာဝန်ယူထားသူ ဖြစ်ပြီး နာမည်ကြီး နိုင်ငံခြားတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရသူဖြစ်ကြောင်း ဟွမ်ကျစ်ပင်း က မိတ်ဆက်ပေးခဲ့လေသည်။ ဟွမ်ကျစ်ပင်း က ဤသုတေသနပရောဂျက်တွင် နှစ်ယောက်သား ပူးပေါင်းလုပ်ဆောင်ရမည်ဟုလည်း ပြောခဲ့၏။ထို့ကြောင့် အပေါ်ယံအားဖြင့် သူမနှင့် လျန့်ချောင် တို့သည် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းစွာသိလေသည်။  


လျန့်ချောင် သည် ဟန်ခိုင် နှင့် ယန်ဟန် တို့ အပြောကိုပင် မစောင့်ဘဲ အခန်းထဲသို့ ပိုင်စိုးပိုင်နင်း ဝင်လာလေသည်။ ထို့နောက် သူက ဓာတ်ခွဲခန်းထဲမှ ပစ္စည်းများကို ဝမ်းသာအားရနှင့် ကြည့်လိုက်သည်။


 "ဒီပစ္စည်းတွေ မသုံးတာ သုံးနှစ်ကျော်ပြီ...ဒါပေမယ့် သုံးလို့ရနေတုန်းပဲလား..." 


ယန်ဟန် မှာ စမ်းသပ်မှုပြုလုပ်ရန် ပြင်ဆင်နေရ၍ အလုပ်ရှုပ်နေသဖြင့် လျန့်ချောင် ကို စကားပြန်မပြောလိုက်ပေ။


 "ခင်ဗျားတို့တွေ အရမ်းအလုပ်များနေတာပဲ... ကျွန်တော်ပါ ကူညီရဦးမလား..ကျွန်တော်ကလည်း CDC မှာ R ဗိုင်းရပ်စ်ကို သုံးနှစ်ကျော် လေ့လာခဲ့တယ်လေ... ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်လည်း ကူညီပေးချင်တယ်..." 


“မလိုဘူး...” 


ယန်ဟန်က စကားကို မြန်မြန်ဆန်ဆန် တစ်ခွန်းတည်း ပြောလိုက်သဖြင့် ရိုင်းသလိုဖြစ်သွားရသည်။ ဟန်ခိုင် က အခြေအနေကို ဝင်ထိန်းလိုက်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်သည်။


"ကျွန်တော်တို့ စမ်းသပ်မှုကလည်း အခုမှ စ,တာပါ...ပြီးဖို့ကလည်း လိုသေးတော့ ပရော်ဖက်ဆာ လျန့် ကို အနှောက်အယှက် မပေးချင်ပါဘူး..." 


ယန်ဟန်နှင့် ဟန်ခိုင် တို့မှာ ပြတ်ပြတ်သားသား ငြင်းနေကြသော်လည်း  လျန့်ချောင် က အရှုံးမပေးသေးဘဲ ထပ်ပြောလိုက်ပြန်သည်။


“ဟာ...ကိစ္စမရှိပါဘူး...ခင်ဗျားတို့နှစ်ယောက်တည်းဆို အကြောင်းမထူးလာနိုင်ပေမဲ့ ကျွန်တော်ပါလာရင် အကြောင်းထူး လာနိုင်တာပဲလေ...” 


လျန့်ချောင် က ‌ထိုသို့ပြောပြီးနောက်   လေသံကို လျှော့လိုက်ပြီး ပြောလိုက်၏။


"ခင်ဗျားတို့ ဇွန်ဘီဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေးကို စပြီး ရှာဖွေနေပြီဆိုတာ ကျွန်တော်ကြားပါတယ်...ဒီလောက်ကြီးတဲ့ ပရောဂျက်ကြီးကို ခင်ဗျားတို့နှစ်ယောက်တည်း ဘယ်လိုလုပ်ပြီး စီမံခန့်ခွဲနိုင်မလဲ... အရင်က ကျွန်တော်တို့ CDC က လူတွေအများကြီး သုံးနှစ်ကျော်ကြာ သုတေသနပြုခဲ့တာတောင် ဘာမှမတွေ့ခဲ့ဘူး...ဒါကြောင့် ခုလို ကိစ္စကြီးမှာ လူများများ စည်းရုံးသင့်တယ်...” 


ဟန်ခိုင် ရှက်သွားရသည်။ သူတို့နှစ်‌ယောက်၏ ကာကွယ်ဆေးကိုလေ့လာမည့် အစီအစဉ်ကို လူသိရှင်ကြား မပြုလုပ်ခြင်းမှာ ပို၍ ကောင်းလေ၏။ အကြောင်းမှာ သူတို့ ၏ သုတေသန လုပ်ငန်းစဉ်မှာ ယခုထက်ထိ ဖြစ်မြောက် အောင်မြင်ခြင်း မရှိသေးသောကြောင့်ပင်။


 "ပရော်ဖက်ဆာ လျန့်...ပြောသလိုပေါ့....CDC မှာရှိတဲ့ ပရော်ဖက်ဆာတော်တော်များများ သုံးနှစ်ကြာအောင် သုတေသနလုပ်ပြီးတာတောင် ဘာမှမတွေ့ခဲ့ဘူးလေ.. ကျွန်တော်တို့နှစ်ယောက်တည်းနဲ့  မြန်မြန်ဆန်ဆန်ကြီးတော့ မအောင်မြင်နိုင်ပါဘူး...ကျွန်တော်တို့က ကိုယ်လုပ်နိုင်သမျှကို အစွမ်းကုန် ကြိုးစားပြီး လုပ်ချင်ရုံလေးပါ...” 


ဟန်ခိုင် ၏စကားကိုကြားပြီးနောက် လျန့်ချောင် မှာ "မင်းတို့ ငါ့ကို မလှိမ့်တပတ် လုပ်ချင်‌နေသေးတာပဲ..." ဟူသော မထီမဲ့မြင် အမူအရာဖြစ်သွားရပြီး နှုတ်မှမူ ကမန်းကတန်း ပြောလိုက်၏။ 


"မဟုတ်ဘူး... မဟုတ်ဘူး...ခင်ဗျားတို့နှစ်ယောက် ဒီလောက် ယုံကြည်မှုတွေ ရှိနေပုံထောက်ရင် ခင်ဗျားတို့မှာ သုတေသနအတွက် နည်းလမ်းတစ်ခုခုရှိရမယ်..အဲ့ဒါဘာလဲ...ပြောပြ...." 


ဟန်ခိုင် မှာ လျန့်ချောင် ကြောင့် စိတ်အတော်ညစ်သွားရသည်။


စမ်းသပ်မှုအတွက် အာရုံစူးစိုက်၍ ပြင်ဆင်နေသော ယန်ဟန် မှာ လျန့်ချောင် ၏ အပြုအမူကြောင့် စိတ်ဆိုးသွားရသည်။ စောစောက သူမ သာ် ပြတ်သားစွာ ငြင်းပယ်လိုက်သော်လည်း လျန့်ချောင်မှာ ရှေ့ဆက်တိုးနေပြီး ခေါင်းမာနေဆဲပင်။


 


ယန်ဟန် က လျန့်ချောင် ကိုကြည့်သောအခါ သူကလည်း သူမကို ပြန်ကြည့်နေသည်။ လျန့်ချောင် ၏မျက်လုံးများကို သူမမြင်လိုက်သောအခါ ရုတ်တရက် သူမစိတ်ထဲတွင် အလင်းရောင်တစ်ခု ဖျတ်ကနဲ လင်းလက်သွားရ၏။ သူ့မျက်လုံးထဲမှ အကြည့်ကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရနေသည်။


Xxxxxxx


Chapter 78


ယန်ဟန်က လျန့်ချောင် ကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်လိုက်ရင်း တစ်နေရာရာမှာ မြင်ဖူးနေသည့် သူ့မျက်လုံးထဲမှ အကြည့်ကို သတိရရန် ကြိုးစားနေသည်။


ခဏကြာပြီးနောက် ယန်ဟန် သတိရသွားလေသည်။ ကျွန်းပေါ်တွင် ကျီကျောက်ယန် သူမကို လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားစဉ်က တစ်ကိုယ်လုံး လုံခြုံအောင် ဝတ်ဆင်ထားသော လူတစ်ယောက်သည် ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းထဲသို့ ခိုးဝင်လာခဲ့သည်။ ထို့နောက် ထိုလူက သံလှောင်အိမ်ဘေးတွင် ရပ်ကာ သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ထိုအချိန်ကလည်း သူမက ထိုလူနှင့် မျက်လုံးချင်းစုံ၍ ပြန်ကြည့်နေခဲ့လေသည်။


ယခု လျန့်ချောင် ၏ အကြည့်သည်လည်း ထိုအချိန်က အမည်မသိလူကြီး၏ အကြည့်နှင့် တစ်ပုံစံတည်း တူနေလေ၏။ လျန့်ချောင် သည် ထိုစဉ်က လုံလုံခြုံခြုံ ဝတ်ဆင်ထား၍ သူ့မျက်နှာတစ်ခုလုံးတွင် မျက်လုံးနှစ်လုံးကိုသာ မြင်နေရပြီး ကျီကျောက်ယန်ကလည်း ထိုအချိန်တွင် ဓာတ်ခွဲခန်းထဲမှာ ရှိမနေခဲ့ပေ။ ထို့ကြောင့် လျန့်ချောင် သည်  ကျီကျောက်ယန် မသိဘဲ ဓာတ်ခွဲခန်းထဲသို့ ခိုးဝင်လာခြင်း ဖြစ်၏။ ထို့နောက် သူမကို သေသေချာချာ စိုက်ကြည့်ကာ ပြန်ထွက်သွားခြင်းဖြစ်၍  ကျီကျောက်ယန် ဖမ်းထားသော ဇွန်ဘီမှာ မည်သူမည်ဝါ ဆိုသည်ကို လာကြည့်ခြင်း ဖြစ်သည်။ လျန့်ချောင် သည် ထိုအချိန်ကတည်းက သူမကို မှတ်မိနေခဲ့ရမည်။ ဆိုလိုသည်မှာ သူမသည် ဇွန်ဘီအဖြစ်မှ သာမန်လူ အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူသိနေပြီ ဖြစ်သည်။


ယန်ဟန်က ယခု လျန့်ချောင် ၏ အမူအရာကို အကဲခတ်ကြည့်ရာ သူ့ပုံစံမှာ အံ့သြပုံမပေါ်ပေ။ လျန့်ချောင် မှာ  ရိုးသားသူမဟုတ်ကြောင်း သူမ၏ အသိစိတ်တွင် အလိုလို သိနေလေ၏။  လျန့်ချောင် က ယခု ဓာတ်ခွဲခန်းသို့ အထူးတလည် လာရခြင်းမှာလည်း သူမတို့အား ကူညီရန်သက်သက် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမတို့၏ စမ်းသပ်မှုကို လျန့်ချောင် အား လုံးဝစွက်ဖက်ခွင့် မပေးသင့်‌ပေ။ 


သို့သော် ယခုပြဿနာမှာ လျန့်ချောင် ဓာတ်ခွဲခန်းထဲမှ အမြန်ထွက်သွားရန် မည်သို့ပြောရမည် ဆိုသည်ကိုပင်။ လိမ္မာပါးနပ်စွာ အပြောချိုချိုလေးဖြင် ပြောရန် မလိုအပ်ဟု ထင်သောကြောင့် ယန်ဟန်က ဒဲ့ပြောရန် ဆုံးဖြတ်လိုက်သည်။


 “ဒေါက်တာ လျန့် ...ရှင်မေးချင်တာကို မေးပြီးပြီ မဟုတ်လား...အခု အခန်းထဲက ထွက်သွားပေးလို့ ရမလား...ရှင့်အသံက ဆူညံနေတော့ ကျွန်မ စမ်းသပ်မှုကို အာရုံစိုက်လို့မရတော့ဘူး..."


ယန်ဟန် က သူ့ကို “ဒေါက်တာ” ဟု ခေါ်လိုက်သဖြင့် လျန့်ချောင် အကြည့်တို့ စူးရှသွားရသည်။ ဟွမ်ကျစ်ပင်း ၏ ကုမ္ပဏီတွင် အလုပ်လုပ်စဉ် ယန်ဟန်က သူ့ကို ဒေါက်တာ လျန့် ဟုသာ ခေါ်ခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ထိုအချိန်က ယန်ဟန်ကို သူမုန်းတီးခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက မာနကြီးသူဖြစ်ပြီး သူမ၏ စကားအပြောအဆို၊ အပြုအမူတို့ကို တစ်ဖက်သားအတွက် ထည့်မတွေးပေးတတ်သူ ဖြစ်ပြီး သူမသည် ယခုကဲ့သို့ပင် လေသံမာမာဖြင့်သာ သူ့ကို ပြောဆိုခဲ့လေသည်။ ဟွမ်ကျစ်ပင်း မျက်နှာထောက်နေ၍ ဖြစ်သည်၊သို့မဟုတ်ပါက သူမကို ဖယ်ရှားရန် နည်းလမ်းကို သူကိုယ်တိုင် ကျိန်းသေအကောင်အထည်ဖော်မည် ဖြစ်သည်။


လျန့်ချောင် က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။


"ပရော်ဖက်ဆာ ယန် က ကျွန်တော်စကား အရမ်းများနေတယ် ထင်ရင်လည်း ကျွန်တော် ပါးစပ်ပိတ်ထားပါ့မယ်ဗျာ..." 


ယန်ဟန် တကယ်ပင် သူ့ကို လက်ဖျားခါရချေပြီ။ 


သူ လူစကား နားမလည်ဘူးလား...


 “ဒေါက်တာ လျန့်...ကျွန်မပြောတာ မရှင်းဘူးလား... ကျေးဇူးပြုပြီး ဒီဓာတ်ခွဲခန်းထဲကနေ ချက်ချင်းထွက်သွားပါ... ရှင့်အကူအညီကိုလည်း ကျွန်မတို့ မလိုအပ်ပါဘူး..."


ယန်ဟန်နှင့် ဇီဝကုမ္ပဏီတွင် အချိန်အတန်ကြာ လက်တွဲခဲ့ပြီးနောက် လျန့်ချောင် သည် သူမ၏ အကျင့်စရိုက်ကို တဖြည်းဖြည်း သိရှိလာခဲ့သည်။ ယန်ဟန်သည် မာနကြီးပြီး သန်မာသော်လည်း သူမသည် လိမ္မာပါးနပ်မှုလည်း မရှိသလို အကြံကောင်းလည်း မထုတ်တတ်ပေ။ အတိုချုပ်ပြောရလျှင် သူမသည် IQ မြင့်သော်လည်း EQ နိမ့်သော မိန်းကလေးတစ်ဦးသာ ဖြစ်လေသည်။


လျန့်ချောင် ကလည်း ထိုကဲ့သို့လူမျိုးများကို ဆက်ဆံသည့် နည်းလမ်း ရှိပြီးသာ ဖြစ်သည်။ ယခုအချိန်တွင် သူ့မှာ ယန်ဟန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် အကွက်ကောင်းများ မရှိသောကြောင့် ရှေ့တိုးမည့်အစား နောက်ဆုတ်ရန်သာ ရွေးချယ်လိုက်သည်။ 


လျန့်ချောင် က သူ့ရင်ထဲမှ မီးတောက်ကြီးကို မျိုသိပ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။


"တောင်းပန်ပါတယ်...တောင်းပန်ပါတယ် ကျွန်တော် အခုပဲ ထွက်သွားပေးပါ့မယ်..." 


ဓာတ်ခွဲခန်းမှ ထွက်လာသော လျန့်ချောင် သည် ချက်ချင်း အပြင်သို့ ထွက်မသွားသေးဘဲ စင်္ကြံတွင် ရပ်နေကာ တံခါးကို စောင်းငဲ့ကြည့်ရင်း ဘာဆက်လုပ်ရမည်ကို တွေးနေခဲ့သည်။ 


ဟန်ခိုင် က ယန်ဟန်ကို  အပြစ်တင်သံဖြင့် ပြောလိုက်သည်။


"လျန့်ချောင် က သဘောကောင်းပါတယ်...မင်းက သူ့ကို တစ်စက်ကလေးမှ အကောင်းမပြောဘဲ ဘာလို့ မောင်းထုတ်လိုက်တာလဲ....."


ဟန်ခိုင်က ပြစ်တင်သံဖြင့် ပြောသော်လည်း ယန်ဟန် မှာ ဒေါသမထွက်သွားပေ။


 “ဗိုင်းရပ်စ် မပြန့်ခင်က လျန့်ချောင် နဲ့ ကျွန်မ အချိန်အတိုင်းအတာ တစ်ခုအထိ အတူတူ အလုပ်လုပ်ခဲ့တယ်လေ... ဒါကြောင့် သူ့ကို ကျွန်မ အသိဆုံးပါ... သူက……"


ယန်ဟန် က စကားကို ရပ်ထားလိုက်ပြီးခဏမျှ စဉ်းစားလိုက်သည်။ လျန့်ချောင် နှင့် သူမအကြောင်း ဟန်ခိုင် ကိုယခု ပြော၍မဖြစ်သေးပေ။ ထိုကိစ္စတွင် အခြားအကြောင်းအရာ များလည်း ပါ၀င်နေသောကြောင့် အချိန်တန်မှသာ ဟန်ခိုင် ကို ရှင်းပြခြင်းက ပိုကောင်းမည်ဖြစ်သည်။


ယန်ဟန်က စကားကို လမ်းကြောင်းလွှဲပစ်လိုက်သည်။


“ဘာပဲဖြစ်ဖြစ် သူနဲ့ သိပ်မရောတာပဲ ‌ ကောင်းပါတယ်...” 


"မင်း သူနဲ့ ဘယ်တုန်းက အတူတူ အလုပ်လုပ်ခဲ့တာလဲ.... မင်းတို့ တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်သိပုံမပေါ်ဘူး..." 


“အတိအကျ ပြောရမယ်ဆိုရင် ကျွန်မက သူ့အလုပ်ရှင် ဖြစ်ခဲ့ဖူးတယ်...ကျွန်မအဲ့ဒီတုန်းက သူ့ကို ကောင်းကောင်းမဆက်ဆံခဲ့တော့ သူ ကျွန်မကို မကောင်းမြင်ရင် မြင်နေမှာပေါ့.... ဒါကြောင့် ကျွန်မလည်း သူနဲ့ သိပ်မပတ်သတ်ခဲ့ဘူး... ဒါပေမယ့် အဲဒါတွေက ဇွန်ဘီဗိုင်းရပ်စ် မဖြစ်ခင်ကဆိုတော့ အတိတ်ကို ပြန်ပြီး အစမဖော်ချင်တော့ပါဘူး....”


ယန်ဟန်က အတိတ်ကို မပြောပြချင် ဟု ပြောသဖြင့် ဟန်ခိုင် ကလည်း ထပ်မမေးတော့ပေ။ လူတိုင်းမှာ မမှတ်မိချင်သည့် အတိတ်တစ်ချို့ ရှိတတ်ကြပြီး သူကိုယ်တိုင်လည်း အပါအဝင်ဖြစ်သဖြင့် သူ ယန်ဟန် ကို ကိုယ်ချင်းစာသည်။


ထိုအဖြစ်အပျက်ပြီးနောက် လျန့်ချောင် သည် ဓာတ်ခွဲခန်းသို့ နောက်တစ်ကြိမ်ထပ်မလာတော့ဟု ဟန်ခိုင် ထင်ခဲ့သော်လည်း ရက်အနည်းငယ်အကြာတွင် လျန့်ချောင် ကို ထပ်မံတွေ့ရပြန်လေ၏။ လျန့်ချောင် က သူ့ကို ပထမဆုံး အပြုံးကလေးနှင့် နှုတ်ဆက်လိုက်ပြီး အရေးကြီးကိစ္စတစ်ခု ပြောစရာရှိသည် ဟုဆိုကာ သူ့ကို ထောင့်တစ်နေရာသို့ ခေါ်သွားလေသည်။


 


"ပရော်ဖက်ဆာဟန်...ပရော်ဖက်ဆာ ယန် က သူနဲ့ ကျွန်တော်တို့ရဲ့ အလုပ်ကိစ္စအကြောင်း ပြောပြီးပြီလား..." 


ဟန်ခိုင် က ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်သည်။


“သူမ ပြောပြထားပါတယ်...”


လျန့်ချောင် သည် ထိုစကားကိုကြားသောအခါ အနည်းငယ် အံ့သြသွားရသည်။ သူက ယခု ဟန်ခိုင် ကို ပြောပြရန် ရောက်လာသော်လည်း ဟန်ခိုင် ကသိနှင့်ပြီးသား ဖြစ်သဖြင့် သူဘာဆက်ပြောရမည် မသိ ဖြစ်သွားသည်။


"ပရော်ဖက်ဆာ ယန် က R ဗိုင်းရပ်စ်ကို ဖန်တီးခဲ့တယ်လို့ ခင်ဗျားကို ပြောခဲ့တာလား..." 


လျန့်ချောင် က အစမ်းသဘော မေးလိုက်သည်။ 


 "ဘာ..."


လျန့်ချောင် သည် ဟန်ခိုင် ၏ မျက်နှာအမူအရာကို မြင်သည်နှင့်ပင် နားလည်လိုက်ပြီး ယန်ဟန် က ထိုအကြောင်းကို မပြောပြထားကြောင်း သိလိုက်သည်။ 


တကယ်တမ်းတွင် ထိုကိစ္စမှာ ယန်ဟန်ဘဝမှာ ဖျက်မရအောင် ကြီးမားလှသည့် အမှားတစ်ခုပင် ဖြစ်လေတော့သည်။


Xxxxxx