အပိုင်း ၇၉-၈၀
Viewers 6k

Chapter 79


"ပရော်ဖက်ဆာ ယန် က ခင်ဗျားကို မပြောထားဘူးလား..." 


ဟန်ခိုင်က တုန်တုန်ယင်ယင်ဖြင့် ခေါင်းခါလိုက်သည်။ နှစ်ပေါင်းများစွာကြာသည်အထိ သူသည် R ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို မစဉ်းစားခဲ့ဖူးဘဲ R ဗိုင်းရပ်စ်သည် သဘာဝဖြစ်စဉ် တစ်ခုဟုသာ သူ ယူဆထားလေ၏။ ယခုမူ ဗိုင်းရပ်စ်ကို ယန်ဟန် က ဖန်တီးခဲ့ခြင်း ဖြစ်နေ၏။


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...ယန်ဟန်က ဘာလို့ R ဗိုင်းရပ်စ်ကို ဖန်တီးရမှာလဲ...သူ့ကိုယ်သူရော တခြားသူတွေကိုပါ ထိခိုက်အောင် လုပ်ဖို့လား.." 


လျန့်ချောင် က သူ့ကိုကြည့်ပြီး သူကြိုတွေးထားသည့် စကားကို ချောမွေ့စွာ ပြောလိုက်သည်။


"ကျွန်တော်လည်း အဲဒါကို စဉ်းစားနေတာ ကြာပြီ...အခုထိ နားမလည်နိုင်ဘူး...သိပ္ပံပညာရှင်တွေက သာမန်လူတွေ့နဲ့  အတွေးအခေါ်တွေက မတူကြဘူးလေ...ပြီးတော့ ယန်ဟန့်လို အရမ်းတော်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က ကင်ဆာရောဂါ အားလုံးကို ကုနိုင်ပြီး လူသားတွေကို အကျိုးပြုနိုင်တဲ့ ဗိုင်းရပ်စ်ကို တီထွင်ရမှာ... ဒါပေမယ့် သူမက လူတွေကို ဇွန်ဘီ တွေဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဖန်တီးခဲ့တယ်လေ...ဖြစ်နိုင်တယ်..သူမမှာ တခြားရည်ရွယ်ချက်တွေလည်း ရှိ‌နေမှာပေါ့...”


ဟန်ခိုင် သည် ခဏမျှ ငြိမ်သက်စွာ တွေးနေပြီး လျန့်ချောင် ၏ တစ်ဖက်သတ်စကားများကို သူ မယုံသဖြင့် ယုံကြည်ဟန်ဆောင်၍ စကားစဖြတ်လိုက်သည်။


 “ကောင်းပြီ...ကျွန်တော် နားလည်ပါတယ်...ပရော်ဖက်ဆာ လျန့်  တခြားဘာမှ လုပ်စရာမရှိဘူးဆိုရင် ကျွန်တော်စမ်းသပ်မှု လေးတွေ လုပ်စရာရှိလို့ သွားလိုက်ပါဦးမယ်...” 


ဟန်ခိုင် က ထွက်သွားမည်ပြုစဉ် လျန့်ချောင် က သူ့ကို အမြန် တားလိုက်သည်။


 "ဟေ့...ပရော်ဖက်ဆာ ဟန်...ခဏလေးပါ... ပရော်ဖက်ဆာ ဟန် ကျွန်တော် ပြောတာကို မယုံဘူးလား...” 


 


"မဟုတ်ပါဘူး...ယုံပါတယ်.."


"ပရော်ဖက်ဆာ ဟန်...ကျွန်တော့်ကို ညာမနေပါနဲ့...ခင်ဗျားပုံစံကြည့်လိုက်တာနဲ့  မယုံဘူးဆိုတာ ကျွန်တော်သိတယ်...ကျွန်တော့်မှာ သက်သေရှိတယ်...ဒီသက်သေကို ကြည့်လိုက်ရင် ခင်ဗျားယုံသွားမှာပါ...” 


ထို့နောက် လျန့်ချောင် က သူ့အိတ်ထဲမှ တွန့်ကြေနေသော မှတ်စုစာအုပ်ကို ထုတ်ယူလိုက်သည်။


 “ကြည့်လိုက်...” 


လျန့်ချောင် က စမ်းသပ်မှု မှတ်တမ်းကို ဟန်ခိုင် ထံ ပေးလိုက်သည်။ ယန်ဟန်၏ အမည်ကို စမ်းသပ်မှတ်တမ်း မှတ်စုစာအုပ်တွင် ရေးထားပြီး ယခုလက်ရေးနှင့် မတူပေ။ မှတ်စုစာအုပ်ကို ဖွင့်ပြီး ကြည့်လိုက်ရာ ရေးထားသည့် အကြောင်းအရာများမှာ အမှန်တစ်ကယ်ပင် R ဗိုင်းရပ်စ်အကြောင်း ဖြစ်ပြီး စာအုပ်ဖုံးပေါ်မှ လက်ရေးနှင့် အတူတူပင် ဖြစ်သည်။ 


ဟန်ခိုင် သည် စမ်းသပ်မှုမှတ်တမ်းမှတ်စုစာအုပ်ကို ဆက်လက်လှန်ကြည့်ကာ နောက်ဆုံးတွင် စာအုပ်မှာ တစ်ဝက်ခန့် ပြတ်နေကြောင်း တွေ့လိုက်ရ၏။ လျန့်ချောင် က အခြားတစ်ဝက်ကို တမင် သိမ်းထားသလား သို့မဟုတ် အစကတည်းက ယခုကဲ့သို့ ဖြစ်နေသလား သူ မခန့်မှန်းတတ်ချေ။


 "ဒီစမ်းသပ်မှုမှတ်တမ်းက ဘာလို့ ဒီမှာပဲ ဆုံးသွားတာလဲ..." 


ဟန်ခိုင် က နောက်ဆုံးစာမျက်နှာကို လှန်ကာ မေးလိုက်သည်။


လျန့်ချောင် မှာ ဟန်ခိုင် က ဤမေးခွန်းမျိုး မေးမည်ဟု မမျှော်လင့်ထားပေ။ မှတ်စုစာအုပ်ကိုဖတ်ပြီးနောက် ဟန်ခိုင် သည် R ဗိုင်းရပ်စ်အား မည်သို့ ပြုလုပ်ထားသည်ကို သိသွားမည်စိုး၍ သူက တစ်ဝက်ကိုသာ တမင်တကာ ယူလာခဲ့ခြင်း ဖြစ်သည်။ 


"အိုး...ဗိုင်းရပ်စ်တွေ စဖြစ်တော့မှတ်စုစာအုပ်ကို သွားယူတယ်လေ... ယူတုန်းကလည်း ဒီလိုပါပဲ... အဲ့ဒီတုန်းက သေရေးရှင်ရေး ဖြစ်နေတာဆိုတော့ ကျန်တဲ့ဟာကို ကျွန်တော်လည်း လိုက်မရှာခဲ့ဘူး...."


 "ဒါဆို ပရော်ဖက်ဆာ လျန့် ရော R ဗိုင်းရပ်စ်ကို ဖန်တီးတုန်းက အတူလုပ်ခဲ့တာလား..." 


"အဲ…"


လျန့်ချောင် ဆွံ့အသွားရပြီး ဟန်ခိုင် မေးခွန်းကို သူမဖြေနိုင်ဘဲ ရှိလေ၏။ 


ဟုတ်တယ် ဟု ပြောပြန်လျှင်လည်း သိပ်ပြီး ထူးဆန်းသွားမည် ဖြစ်သည်။


 


"ဟုတ်လား..." ဟန်ခိုင် က ထပ်မေးလိုက်သည်။


လျန့်ချောင် က မဖြေချင့်ဖြေချင်နှင့် ဖြေလိုက်သည်။


“ဟုတ်တယ်..သြော်...အဲဒီတုန်းက မသိခဲ့ဘူးလေ... ပရော်ဖက်ဆာ ယန် က ဒီလိုမျိုးတွေ လေ့လာနေတယ်ဆိုတာ ကျွန်တော်က ဘယ်လိုလုပ် သိနိုင်မှာလဲ... ဗိုင်းရပ်စ် ပြန့်နှံ့သွားတုန်းက ကျွန်တော်လည်း ရပ်ပစ်ချင်ပေမယ့် အဖြစ်တွေက နောက်ကျသွားပြီ..."


 


“အိုး ကျွန်တော် နားလည်သွားပါပြီ...ပရော်ဖက်ဆာ လျန့်... တခြားဘာကိစ္စမှ မရှိရင် ကျွန်တော် ဓာတ်ခွဲခန်းကို သွားလိုက်ပါဦးမယ်..." 


“ဟေး…”


လျန့်ချောင် မှာ ဟန်ခိုင် ကို တားပြီး ရှင်းပြချင်သော်လည်း အခြားဆင်ခြေကောင်းကောင်းတစ်ခုကို သူ မစဉ်းစားတတ်တော့ပေ။ 


ဟန်ခိုင် ဓာတ်ခွဲခန်းသို့ ပြန်ရောက်သောအခါ ယန်ဟန် ရှိမနေဘဲ စမ်းသပ်စင်ပေါ်တွင် တင်ထားသော စမ်းသပ်မှတ်တမ်း စာအုပ်တစ်အုပ်သာ ရှိနေတော့သည်။ လျန့်ချောင် R ဗိုင်းရပ်စ်အကြောင်းပြောစဉ်က သူ၏ အမူအရာမှာ လိမ်ညာနေပုံ မရသော်လည်း မှတ်စုစာအုပ်ထဲရှိ လက်ရေးသည် ယန်ဟန် ၏ ယခုလက်ရေးနှင့် ကွာခြားလွန်းကြောင်း ဟန်ခိုင်  သတိထားမိသည်။


ထိုသို့တွေးလိုက်ရင်း ဟန်ခိုင် သည် ယန်ဟန်၏ စမ်းသပ်စင်ဆီသို့ လျှောက်သွားကာ မှတ်စုစာအုပ်ကို ဂရုတစိုက် စစ်ကြည့်လိုက်ရာ လက်ရေးနှစ်ခုမှာ ဆင်သလိုရှိသော်လည်း ထိုမှတ်စုစာအုပ်ထဲမှ လက်ရေးမှာ ဖြတ်ကတတ်ဆန်းရေးထားခြင်း ဖြစ်၏။


ဟန်ခိုင် သည် နောက်စာမျက်နှာကို လှန်မည်ပြုစဉ် ယန်ဟန်၏ အေးစက်သောအသံက သူ့နောက်မှ ရုတ်တရက်ထွက်ပေါ်လာလေ၏။


 "ဟန်ခိုင်..ရှင်ဘာလုပ်နေတာလဲ..." 


ဟန်ခိုင် သည် ယန်ဟန်၏လက်ရေးအား ဂရုတစိုက် ဆန်းစစ်နေချိန်တွင် ယန်ဟန် အသံကို ကြားလိုက်ရသောကြောင့် သူခိုးလူမိ သွားသလို ဖြစ်သွားရပြီး အတင်းတုတ်နေစဉ် ပက်ပင်းမိသွားသကဲ့သို့ အိုးတိုးအိုးတမ်း ဖြစ်သွားရသည်။ ဟန်ခိုင် စိတ်ထဲတွင် "အရှက်ကွဲခြင်း" နှင့် "အရှက်ရခြင်း" စသည့်ခံစားချက်တို့သာ ရောထွေးနေတော့သည်။


 ဟန်ခိုင် သည် ယန်ဟန်ကို ပြန်ကြည့်လိုက်ရင်း စကားအပြည့်အစုံပင် ‌မပြောနိုင်‌တော့ပေ။


“ငါ...ငါ…” 


"ရှင် ကျွန်မ လက်ရေးကို ကြည့်နေတယ်..." 


ဟန်ခိုင် မှာ ယန်ဟန်ကို အံ့သြတကြီး ကြည့်‌နေမိ၏။


 


"ငါ မင်းကို အဲ့လို ပြောမယ်မှန်း ဘယ်လိုလုပ်သိလဲ..."


"ကျွန်မ ရှင်နဲ့ လျန့်ချောင် စကားပြောနေတာကို ကျွန်မ ချောင်းနားထောင်နေတာ... " 


ယန်ဟန်က အေးဆေးစွာပင် မျက်နှာတစ်ချက်မပျက်ဘဲ ‌ပြောနေလေ၏။


ဟန်ခိုင် သည် တစ်စုံတစ်ယောက်က မိမိအပြစ်လုပ်ထားသည့်ကိစ္စအား အေးဆေးစွာ ပြောသည်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းပင်။ 


ဟန်ခိုင် က ပြန်မဖြေသဖြင့် ယန်ဟန်က အရာအားလုံးကို ပြောပြဖို့ ဆုံးဖြတ်လိုက်မိသည်။


 "လျန့်ချောင် ပေးခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ကျွန်မလက်ရေးက ဘာလို့ သိပ်မတူရတာလဲ... ရှင် သိချင်နေတာမလား.." 


ဟန်ခိုင် က ဉာဏ်ထက်သူများနှင့် ပြောဆိုဆက်ဆံရသည်မှာ တစ်ဖက်သားကို အမှန်တစ်ကယ်ပင် သက်သာရာ ရသည်ဟု ခံစားလိုက်ရသည်။ သူစကားတစ်ခွန်းမှ မပြောရသေးခင် သူဘာတွေးနေလဲ ဆိုသည်ကိုသူမ ခန့်မှန်းနိုင်လေသည်။


Xxxxxxx


Chapter 80


"လျန့်ချောင် က ရှင့်ကို မလိမ်ပါဘူး... ကျွန်မ R ဗိုင်းရပ်စ်ကို ဖန်တီးခဲ့တယ်...ဒါကြောင့် ဒီစမ်းသပ်မှု မှတ်တမ်းစာအုပ်က ကျွန်မရဲ့ မှတ်တမ်းပါ... လက်ရေးက ဘာလို့ မတူရတာလဲဆိုတော့ ကျွန်မ ဇွန်ဘီဖြစ်သွားတာ နှစ်အတော်ကြာသွားလို့ ဖြစ်နိုင်တယ်...ကျွန်မ စာမရေးတာ နှစ်အတော် ကြာနေပြီမို့ လက်ရေး ပြောင်းသွားတာနေမှာ...”


ဟန်ခိုင် သည် ယန်ဟန် သူမကိုယ်တိုင် ဦးဆောင်ထားသော ပရောဂ,ကြောင့် လူအများ ထိခိုက်နစ်နာခဲ့ရသည်ကို အေးဆေးစွာ ပြောဆိုနေသဖြင့် အံ့အားသင့်သွားရသည်။


" R ဗိုင်းရပ်စ်ကို မင်းတကယ် ဖန်တီးခဲ့တာလား...ဒါဆိုရင် မင်းလုပ်ရပ်‌ကြောင့် ဘာတွေ ဖြစ်သွားသလဲဆိုတာ မင်းသိရဲ့လား.... မင်းက ကမ္ဘာကြီးကို ဒီလိုဖြစ်အောင် လုပ်ထားပြီးတော့ မင်း အေးအေး ဆေးဆေး နေနိုင်သေးတယ် ဟုတ်လား..." 


ဟန်ခိုင် မှာ သူ့စကားအဆုံးတွင် ပို၍ ဒေါသသံစွက် လာလေ၏။


 " ဟန်ခိုင်...နားထောင်... ကျွန်မက R ဗိုင်းရပ်စ်ရဲ့ သုတေသနလုပ်ငန်းတွေကို ဦးဆောင်ခဲ့တာ မဟုတ်ဘူး...ပရောဂျက် တစ်ဝက်ရောက်နေခါမှ ကျွန်မကဝင်လုပ်တာ...ဘာလို့လုပ်ရတာလဲဆိုတော့ ကျွန်မရဲ့မွေးစားအဖေကြောင့်ပါပဲ... ဒီပရောဂျက်က ကျွန်မ မွေးစားအဖေပိုင်တဲ့ ဇီဝဆေးဝါးကုမ္မဏီရဲ့ ပင်မသုတေသန နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တစ်ခုပါ... လျန့်ချောင် က ဒီပရောဂျက်ကို အရင်က တာဝန်ယူခဲ့ပေမဲ့ တစ်ဝက်မှာတင် ရပ်သွားတယ်... ဒါကြောင့် ကျွန်မကို ကူညီပေးခိုင်းတယ်... သူက ကျွန်မကို အကူအညီတောင်းတုန်းက ကင်ဆာကို ထိရောက်အောင် ကုလို့ရမယ့် ဆေးဝါးအသစ်ကို ထုတ်ပေးဖို့လို့ပဲ ပြောခဲ့တာ... ပရောဂျက် အောင်မြင်ပြီ ဆိုတာနဲ့ သူ့ကုမ္ပဏီဟာ ငွေတွေအများရပြီး လူတွေအတွက်ပါ အကျိုးရှိစေမှာ တဲ့လေ...ကျွန်မက မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့တာပါ... မွေးစားအဖေက ကျွန်မကို ပြုစုပျိုးထောင်ပေးပြီး နိုင်ငံခြားမှာ ကျောင်းတက်ခိုင်းတယ်... ဒီလိုကျေးဇူးတွေကြောင့်ပဲ ကျွန်မ ပရောဂျက်ကို လုပ်မယ်လို့ ကတိပေးခဲ့ရတယ်... ဒါပေမယ့် သူက ကျွန်မကို လှည့်စားမယ်လို့ မထင်ခဲ့မိဘူး...ပထမတော့ သူ့ရည်ရွယ်ချက်က အကောင်းလို့ ထင်ခဲ့တာ...စမ်းသပ်မှုကြီး အောင်မြင်သွားတဲ့အထိ အမှားအယွင်းမရှိ‌အောင် ကျွန်မလုပ်နိုင်ခဲ့တယ်...ဒါပေမဲ့လည်း အချိန်နှောင်းသွားခဲ့ပြီ...နောက်ဆုံးတော့ R ဗိုင်းရပ်စ်က ရုပ်လုံးပေါ်လာပြီး အရမ်းကူးစက်လွယ်သွားတယ်... နောက်တော့ သိပ်မကြာပါဘူး... ဗိုင်းရပ်စ်ဟာ အကြီးအကျယ် ပြန့်နှံ့သွားတယ်...ကျွန်မ ရှင့်ကို ရှင်းပြချင်တာ ဒါပါပဲ...ကျွန်မကိုယ်ကျွန်မ အပြစ်မရှိဘူးလို့ မပြောလိုပါဘူး...ဇွန်ဘီတွေ ဖြစ်ရတာကိုလည်း ကျွန်မတာဝန်မယူနိုင်ခဲ့ဘူး...အဲ့ဒါကြောင့် ရှင့်ထက် ပိုပြီးတော့ ကျွန်မ ကာကွယ်ဆေးကို မြန်မြန် ရစေချင်တယ်..."


ယန်ဟန်၏ စကားကို နားထောင်ပြီးနောက် ဟန်ခိုင် သည် သူမအဖြစ်ကို ကိုယ်ချင်းစာ သွားသကဲ့သို့  ခဏတာ တိတ်ဆိတ်သွားရသည်။ ထို့ကြောင့် လျန်ချောင် ပြောသည့် စကားထက် ယန်ဟန် ၏ စကားကိုသာ အကြွင်းမဲ့ ယုံကြည်သွားလေ၏။


"ဒါဆို မင်း မွေးစားအဖေရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ..." 


ယန်ဟန်သည် အဝေးကို လှမ်းကြည့်လိုက်ရင်း  စဉ်းစားလိုက်သည်။


 "သူ့ရဲ့ တကယ့် ရည်ရွယ်ချက်ကို သူ ကျွန်မကို မပြောပြပေမယ့် ခန့်မှန်းမိတာ တစ်ခုတော့ ရှိတယ်...ကူးစက်နှုန်း အရမ်းမြန်ပြီး သေစေနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို သူလိုချင်လို့ပဲ... R ဗိုင်းရပ်စ်ဟာ အဲ့ဒီ အချက်နှစ်ချက်နဲ့ ကိုက်ညီတယ်...သေနိုင်တယ် ဆိုပေမယ့် နည်းနည်းတော့ ပိုကဲသွားတယ်...အဲ့ဒါက   ဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ ရိုးရိုးလေး သေသွားတာ မဟုတ်ဘဲ လူတွေကို စားတဲ့ အလောင်းကောင်တွေဖြစ်လာတာပါပဲ..."


"မင်းရဲ့မွေးစားအဖေက ဘာလို့ ဒီဗိုင်းရပ်စ်ကို ဖန်တီးဖို့ ငွေတွေအများကြီး မြှုပ်နှံထားရတာလဲ...သူများကိုလည်း ထိခိုက်တယ်... သူ့ကိုယ်သူလည်း ထိခိုက်တယ်လေ..."


"အဲ့ဒါကို ကျွန်မလည်း သိချင်နေတာ... ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ကျွန်မထင်ထားသလောက် မရိုးဘူး... ပိုက်ဆံတစ်ခုတည်း မဖြစ်နိုင်ဘူး... တခြား ကိစ္စတစ်ခုလည်း ပါရင်ပါနေမှာ..."


 "မင်းရဲ့ မွေးစားအဖေက ဘယ်သူလဲ..." 


"ဟွမ်ကျစ်ပင်း..." 


ဟန်ခိုင် သည် ထိုနာမည်ကို ရေရွတ်လိုက်ရင်း အနည်းငယ် သိနေသလို ခံစားလိုက်ရသည်။ သေချာစဉ်းစားပြီးနောက် ဟွမ်ကျစ်ပင်း သည် တရုတ်နိုင်ငံရှိ ထိပ်တန်း ဇီဝ ဆေးဝါးကုမ္ပဏီကြီး၏ ဥက္ကဋ္ဌနှင့် CEO တစ်ဦး ဖြစ်သည်ကို သတိရသွားသည်။ 


"မင်းရဲ့ မွေးစားအဖေ အသက်ရှင်နေသေးလား..." 


“သူလည်း ဒီစခန်းမှာ ရှိနေတယ်...ဟိုတစ်လောက သူ့နဲ့တွေ့လိုက်သေးတယ်... ” 


ထိုစဉ် တံခါးခေါက်သံ ကြားရသဖြင့် စကားစပြတ်သွားရပြီး  ယန်ဟန် က တံခါး ဖွင့်ပေးလိုက်ရာ  လင်းကျင်းရှု ဖြစ်နေ၏။ သူမ ဓါတ်ခွဲခန်းကို လာရခြင်းမှာ သူမ၏ အစ်ကို ဟန်ကြောင့်ဟု ယန်ဟန် သိလိုက်လေ၏။


လင်းကျင်းရှုသည် ဟန်ခိုင် နှင့် ယန်ဟန်တို့ ရင်းနှီးလာသည်ကို တစ်လနီးပါးကြာအောင် စောင့်ကြည့်နေခဲ့ပြီး မိန်းမသားတစ်ယောက်နှင့် ယောက်ျားသား တစ်ယောက်တို့ အခန်းတစ်ခုထဲတွက် အတူရှိနေကြသဖြင့် သူမအမြဲ စိတ်ပူနေခဲ့ရသည်။ထို့ကြောင့် အစ်ကိုဟန်ကို ယန်ဟန် က လုယူသွားမည်စိုး၍ သူမ ဓာတ်ခွဲခန်းသို့ ရောက်လာရလေသည်။ 


သို့ရာတွင် လင်းကျင်းရှု ဓာတ်ခွဲခန်းကို လာသည့်အခါတိုင်း သူမ၏ နှလုံးသားထဲမှ မနာလိုမှုများက တောမီးကဲ့သို့ပင် အနှံအပြား ကူးစက်လာကြပြီး လောင်ကျွမ်းနေကြတော့သည်။ထို့အပြင် သူမသည် စမ်းသပ်မှုများအကြောင်း ဘာမှမသိသောကြောင့် ဓာတ်ခွဲခန်းသို့ ရောက်လျှင်ပင် အစ်ကိုဟန်နှင့် ယန်ဟန်တို့ နှစ်ဦးသား ပျော်ရွှင်စွာ စကားပြောနေသည် ကို သူမက ဘေးတွင် မတ်တပ်ရပ်၍သာ ကြည့်နေရ၏။ အချိန်ကြာမြင့်စွာ  စကားတစ်ခွန်းမှ မပြောရ၍ သူမ သည်းမခံနိုင်တော့ဘဲ စမ်းသပ်ချက်နှင့် ပတ်သက်ပြီး တစ်စွန်းတစ်စ မေးကြည့်ရာ ယန်ဟန်က သူမကို စနောက်လိုက်သဖြင့် စိတ်ဆိုးသွားရပြီး အခန်းတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်၍ ပြန်လာခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ဒေါသတကြီးဖြင့် အစ်ကိုဟန်၏ အခန်းသို့ ပြေးသွားပြီး ဓာတ်ခွဲခန်းတွင် ယန်ဟန်က သူမကို ဘာ‌ကြောင့် နောက်,ရသလဲ ဟု မေးပစ်လိုက်သည်။ အစ်ကိုဟန်က သူမကို စိတ်ရှည်ရှည်ထား၍ ပြုံးပြီး ရှင်းပြခဲ့၏။


အစ်ကိုဟန် ရှင်းပြသည်ကို နားထောင်ပြီးနောက် သူမက ကလေးအတွေးဖြင့်သာ မေးခဲ့ကြောင်း သူမသဘောပေါက်သွားသည်။ ထိုမျှမကသေး သူမက ထိုအဓိပ္ပါယ်မရှိသည့် မေးခွန်းကို အလေးအနက်ဟန်ဖြင့် မေးလိုက်သောကြောင့် ယန်ဟန်က ရယ်မောခဲ့ရခြင်းပင်။


လင်းကျင်းရှု မှာ ရှက်စိတ်ဖြင့် မွှန်ထူပြီး စိတ်ဆိုး ဒေါသထွက်ရသော်လည်း  အစ်ကိုဟန် ရှေ့တွင်ဖြစ်နေ၍ မနည်းကြိုးစား ထိန်းထားရလေသည်။သူမက နောင်တစ်ချိန်ချိန်တွင် ယန်ဟန် ကို လက်စားချေပြီး အရှက်ကွဲအောင် လုပ်၍ သူမက အားရပါးရ အော်ရယ်ပစ်လိုက်မည်ဟု စိတ်ထဲတွင် အမြဲတေးထားလေ၏။


နောက်ပိုင်းတွင် လင်းကျင်းရှု သည်  ဓာတ်ခွဲခန်းသို့ လာသည့်အခါတိုင်း နာရီအနည်းငယ်သာနေပြီး နှုတ်ဆိတ် မနေနိုင်တော့သဖြင့် အကြောင်းပြချက်ကောင်းကောင်းတစ်ခုကို ပြင်ဆင်လာတတ်သည်။ ဥပမာအားဖြင့် ယနေ့ သူမသည် အဖွဲ့လိုက် လုပ်ရမည့် အလုပ်ကိစ္စကြောင့် ဓာတ်ခွဲခန်းသို့ လာခဲ့ရခြင်း ဖြစ်လေသည်။ 


Xxxxxx