အပိုင်း ၈၁-၈၂
Viewers 5k

Chapter 81


လင်းကျင်းရှု ပြောသည့် အဖွဲ့လိုက် လုပ်ရမည့် အလုပ်မှာ အစားအစာများနှင့် သောက်ရေကို အရှာထွက်ခြင်း ဖြစ်လေသည်။ စခန်းသို့ ပထမဆုံး ရောက်လာသောအခါက လက်နက်ကိုင်တပ်ဖွဲ့၏ စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် စားနပ်ရိက္ခာနှင့် ရေကို ရှာဖွေရန် ထွက်လာကြသည်။ ခဏအကြာတွင် သူတို့က မြို့တော်ဝန် စွန်း အား စောဒကတက် ကြလေတော့သည်။


“ကျွန်တော်တို့မှာ ညဉ့်နက်တဲ့အထိ ကင်းစောင့်ရတယ်...ပြီးတော့ အစားအသောက် ရှာတာလည်း ကျွန်တော်တို့ပဲ....ဘာလို့ ခြေတွေ လက်တွေ  အကောင်းကြီး ရှိတဲ့သူတွေက ဇိမ်နဲ့ထိုင်နေပြီး အစားအသောက်တွေ သူတို့ပါးစပ်နားရောက်တဲ့အထိ ထိုင်စောင့်နေကြတာလဲ....”


မြို့တော်ဝန် စွန်း ကသာ တာဝန်ယူ ဖြေရှင်းမပေးပါက သူတို့သည် အစားအသောက် ထွက်ရှာတော့မည်မဟုတ်ဘဲ အငတ်ခံမည့်သဘောရှိ၏။  မြို့တော်ဝန် စွန်းမှာ အဖွဲ့ဝင်များကို မလွန်ဆန်နိုင်၍  သူတို့နှင့် တိုင်ပင်လိုက်ပြီး စခန်းရှိ လူ ၃၀၀ ကျော်ကို အဖွဲ့ ၂၁ ဖွဲ့ ခွဲလိုက်လေသည်။ အဖွဲ့တစ်ဖွဲ့စီသည် အစားအသောက်နှင့် ရေကိုရှာဖွေရန် အလှည့်ကျ အပြင်ထွက်ရမည် ဖြစ်လေသည်။ လင်းကျင်းရှု၊ ဟန်ခိုင် နှင့် ယန်ဟန် တို့မှာ တစ်အုပ်စုတည်းတွင် ကျသွားပြီး သူတို့အလှည့်မှာ မနက်ဖြန်ဖြစ်သည်။ 


ယန်ဟန်သည် ဓာတ်ခွဲခန်းတံခါးကို ဖွင့်လိုက်ပြီး လင်းကျင်းရှူ အား ပြုံးပြ၍ နှုတ်ဆက်မည်ပြုသော်လည်း လင်းဂျင်ရှူးက သူမကို ရှိသည်ဟုပင် မအောက်မေ့ဘဲ ဟန်ခိုင် ဆီ တည့်တည့်‌ လျှောက်သွားလေ၏။


ယန်ဟန် စိတ်မဆိုးမိပေ။ လင်းကျင်းရှုသည် ကလေးစိတ် မကုန်သေးသူမှန်း သူမ သိနေသဖြင့် ညှာတာခွင့်လွှတ်ထားပြီး ဖြစ်လေသည်။


"အစ်ကို ဟန်...ညီမတို့ မနက်ဖြန် တာဝန်ကျတယ်မလား..ညီမ အရမ်းကြောက်တာပဲ..." 


လင်းကျင်းရှု က ဟန်ခိုင် ဘေးတွင်ထိုင်ကာ ချစ်စရာကောင်းအောင် ပြောလိုက်သည်။ ယန်ဟန် မှာ လင်းကျင်းရှု ၏  ကလေးဆန်ပြီး မရင့်ကျက်သေးသော ပုံစံကြောင့် အနားတွင် ရပ်နေရင်း ခေါင်းခါလိုက်သည်။


ဟန်ခိုင် သည် သူမ၏ ညုတုတု ခရာတာတာ ပုံစံကို လုံးဝဂရုမစိုက်ပေ။ဟန်ခိုင်က သူမကို လုံးဝဂရုမစိုက်သောကြောင့် သူမက ထပ်မံ ညည်းညူလိုက်သော်လည်း ဟန်ခိုင် က သူမကို တစ်ခွန်း၊နှစ်ခွန်းသာပြော၍ စမ်းသပ်မှုလုပ်ရန် ထသွားလိုက်သည်။လင်းကျင်းရှု မှာ ဟန်ခိုင် နှင့် ယန်ဟန်တို့   စမ်းသပ် ကိရိယာများဖြင့် အလုပ်ရှုပ်နေသည်ကို ဘေးနားတွင်ထိုင်၍ မှုန်ကုပ်ကုပ်သာ ကြည့်နေရလေသည်။ 


နောက်တစ်နေ့တွင် လူဆယ့်နှစ်ယောက်ကျော်သည် အစားအသောက်ရှာရန် ထွက်လာခဲ့ကြသည်။သူတို့အားလုံးမှာ လေ့ကျင့်မထားသော သူများဖြစ်၍ ဇွန်ဘီများကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့ ၂၁ ဖွဲ့စီတွင် စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များပါ ထည့်ပေးထားလေသည်။


ယန်ဟန်၏ စမ်းသပ်မှုသည် ယခင်နေ့ကထက် အနည်းငယ် ပို၍တိုးတက်လာပုံရပြီး အစားအသောက် ရှာဖွေရာ လမ်းတစ်လျှောက်တွင် သူမက စမ်းသပ်မှုအကြောင်း ဟန်ခိုင် ကို တရစပ် ပြောနေခဲ့သည်။ ယန်ဟန် မှာ စခန်းမှ ထွက်လာကတည်းက  ဟန်ခိုင် ကို မနားတမ်းပြောနေသဖြင့် လင်းကျင်းရှု ဒေါသထွက်ရလွန်း၍ ရူးမတတ် ဖြစ်သွားရသည်။ အစ်ကိုဟန် နှင့် သူမတို့ စကားပြောချိန်မရအောင် ယန်ဟန် က တမင်သက်သက်လုပ်နေသည်ဟု သူမထင်သွားရသည်။


လင်းကျင်းရှုက ယန်ဟန်၏ကျောကို ဒေါသတကြီး စိုက်ကြည့်ကာ ပွစိပွစိပြောနေရင်း တဖြည်းဖြည်း လူအုပ်နောက်သို့ ရောက်မှန်းမသိ ရောက်သွားလေ၏။ စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက လင်းကျင်းရှု မှာ လူအုပ်နှင့် အလှမ်းဝေးနေသဖြင့် သူက လှည့်၍ ပြောလ်ိုက်သည်။


 "နောက်က ကပ်လိုက်လေ... နောက်က ကပ်လိုက်..." 


လင်းကျင်းရှု က စိတ်မရှည်စွာနှင့် ပြန်ပြောလိုက်သည်။


 "သိပါတယ်... ဒီမှာ ပျင်းလို့ သေတော့မယ်..."


ယန်ဟန်သည် အဖွဲ့၏ နောက်နားမှ စစ်ဆင်ရေး အဖွဲ့ဝင်တစ်ဦး၏ အော်သံကို ကြားသောအခါ သူမလည်း နောက်သို့ လှည့်ကြည့်လိုက်သည်။ ယန်ဟန် မှာ လင်းကျင်းရှု က အဖွဲ့နှင့် ဝေးနေသည်ကို မြင်လိုက်ရလျှင် သူမအတွက် အနည်းငယ် စိတ်ပူသွားရပြီး ဟန်ခိုင် ကို တစ်ခုခုပြောလိုက်ကာ လင်းကျင်းရှု ဆီ လျှောက်သွားလိုက်သည်။


 "မင်းဘာလို့ ဒီလောက် နောက်ကျနေတာလဲ...အလယ်ကိုသွားလေ...ဒီနေရာက စခန်းနဲ့ မတူဘူး... ဇွန်ဘီတွေ ရုတ်တရက် ပေါ်လာနိုင်တယ်...” 


လင်းကျင်းရှု မှာ ယန်ဟန်က သူမနားသို့ ရောက်လာပြီး လူကြီးတစ်ယောက်လို  ပြောလိုက်သဖြင့် ယန်ဟန် ကို ပေစောင်းစောင်း ပြန်ကြည့်လိုက်သည်။တစ်ဆက်တည်းမှာပင် ယန်ဟန် က သူမကို ဂရုစိုက်သည််အတွက်လည်း အံ့ဩသွားရသည်။ 


"အစ်ကိုဟန် နဲ့ ဘာလို့ စကားဆက်မပြောတော့တာလဲ...ပြီးတော့ ညီမကို ဂရုစိုက်ဟန်ဆောင်ပြီး ဘာလို့ ဒီနားထိ ပြေးလာတာလဲ... ဘာလဲ အစ်ကိုဟန် ရှေ့မှာမလို့ တမင်သက်သက် လုပ်ပြတာလား..."


လင်းကျင်းရှု မနာလိုဖြစ်နေမှန်း ယန်ဟန် သိသွားသဖြင့် သူမကို ထပ်စ‌လိုက်ပြန်သည်။


“ဘာဖြစ်လို့လဲ...မင်းက စိတ်ဆိုးနေတာလား..."


"ရှင့်ဟာရှင်သာ ဂရုစိုက်ပါ..." 


"အိုး...မင်းက အသက်ငယ်ပေမယ့် အရမ်းဒေါသကြီးတာပဲ..."


 "အစ်မ ထွက်သွားလို့ ရမလား...ညီမ အစ်မကို မြင်လိုက်တိုင်း ဒေါသဖြစ်ရတယ်...အစ်မက ဒီဇွန်ဘီတွေထက် ပိုစိတ်ရှုပ်စရာ ကောင်းတယ်..." 


လင်းကျင်းရှု ၏ စကားများမှာ ဘောင်ကျော်လာပြီ ဖြစ်သည်။ ယခု ယန်ဟန်မှာ ထိုစကားကို ကြားပြီးနောက် သူမ၏ အပြုံးများ ပျောက်ကွယ်သွားရပြီး ဒေါသထွက်သွားရသည်။ သူမက လင်းကျင်းရှု ကို တစ်ယောက်တည်းထား၍ လှည့်ထွက်တော့မည် ပြုစဥ်ဇွန်ဘီတစ်ကောင်သည် မည်သည့်နေရာမှ ခုန်ဆင်းလာမှန်းမသိဘဲ သူမ လက်ကို အတင်းအကြပ် ဆုပ်ကိုင်ထားလိုက်သည်။ လင်းကျင်းရှု သည် ဇွန်ဘီကိုမြင်သောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ယုန်များထက်ပင် လျင်မြန်စွာဖြင့် အဖွဲ့၏ အလယ်ထဲသို့ ချက်ချင်းပြေးသွားခဲ့သည်။


ဇွန်ဘီကြီးသည် ယန်ဟန်၏ လက်ကို ဆုပ်ကိုင်ထားပြီး ပါးစပ်ကိုဟကာ ပခုံးကို ကိုက်ပစ်လိုက်သည်။ ယန်ဟန် က သူမလက်ကို ဆွဲထားသောဇွန်ဘီကို အမြန် တွန်းထုတ်လိုက်သည်။ ဇွန်ဘီကြီးသည် ယန်ဟန် ဤမျှ သန်မာမည်ဟု မမျှော်လင့်ထားသဖြင့် ချက်ချင်းပင် အဝေးသို့ လွင့်သွားရသည်။


ဇွန်ဘီ၏ ချွန်ထက်သော လက်သည်းများသည် ယန်ဟန်၏ အင်္ကျီကို ထိုးဖောက်သွားပြီး လက်မောင်းပေါ်တွင် ဒဏ်ရာ ဖြစ်သွားရတော့သည်။ယန်ဟန် မှာ လက်မောင်းကို ကြည့်လိုက်ရာ သွေးများစွာကို တွေ့လိုက်ရပြီး ဒဏ်ရာမှာ အလွန်ပင် နာကျင်သွားရသည်။ သူမ တွန်းထုတ်ပစ်လိုက်သော ဇွန်ဘီကြီးသည် လွယ်လွယ်နှင့် အလျှော့မပေးသေးဘဲ သူမဆီသို့ အတင်းပြေးလာပြန်သည်။ ထိုဇွန်ဘီက လူ့အသားကို မစားရသည်မှာ အလွန်ကြာနေပုံရပြီး ဆာလောင် နေပုံရသည်။


အဖွဲ့ထဲမှ စစ်ဆင်ရေး အဖွဲ့ဝင်တစ်ယောက်က ယန်ဟန် ဆီ ပြေးလာနေသည့် ဇွန်ဘီ၏ ခေါင်းကို သေနတ်ဖြင့် ပစ်လိုက်လေတော့သည်။


Xxxxxxx


Chapter 82


ယန်ဟန်သည် ဇွန်ဘီမှာ ဦးခေါင်းကို ပစ်ခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရသောအခါ သူမ၏ နှလုံးခုန်သံတို့ အနည်းငယ် ငြိမ်သက်သွားရသည်။ သူမသည် အဖွဲ့ထဲမှ လူများကို မော့ကြည့်လိုက်ရာ ဇွန်ဘီကို ပစ်သတ်လိုက်သောလူက သူမအား သေနတ်ဖြင့် ချိန်ထားသည်ကို တွေ့လိုက်ရသည်။


ဟန်ခိုင် က ယခုအခြေအနေကို မြင်လိုက်ရသောအခါ ယန်ဟန် ကို သေနတ်ဖြင့် ချိန်ထားသည့် လူကို ချက်ချင်း လှမ်းအော်လိုက်သည်။


“မင်းဘာလုပ်နေတာလဲ...”


ထိုလူက သေနတ်ကို မချဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


“အစ်ကို မတွေ့ဘူးလား...သူမကို ဇွန်ဘီက လက်သည်းနဲ့ ကုတ်သွားတယ်လေ...သူမ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီ...ဒါကြောင့် သူမလည်း သိပ်မကြာခင် ဇွန်ဘီဖြစ်သွားမှာ... ကျွန်တော် သူ့ကို အခုမသတ်လိုက်ရင် ဇွန်ဘီဖြစ်သွားပြီး ကျွန်တော်တို့ကို ကိုက်မှာပေါ့...."


"ဟုတ်တယ် အစ်ကိုဟန်...အစ်မ ယန်ဟန် က ဇွန်ဘီ ဖြစ်တော့မှာ..." 


လင်းကျင်းရှု က ဟန်ခိုင် နောက်သို့ ဘယ်အချိန်ကမှန်းမသိ ရောက်လာပြီး ပြောလိုက်သည်။ သူမသည် စောစောက အဖြစ်အပျက်ကြောင့် ထိတ်လန့်နေပုံရပြီး သူမ၏ မျက်နှာမှာ ဖြူဖျော့နေ၏။ သူမစကား ဆုံးသည်နှင့် ဟန်ခိုင် သည် သူမကို စူးရဲစွာ စိုက်ကြည့်နေလေသည်။ ထိုအခိုက်တွင် ဟန်ခိုင်၏ လှပသော မျက်လုံးများ၌ ဒေါသစိတ်ကသာ ဖုံးကွယ်ထားပြီး မနှစ်မြို့ဖွယ် အရိပ်အယောင်များ ရှိနေ၏။


လင်းကျင်းရှု မှာ ဟန်ခိုင် ကို ကြောက်သွားရပြီး သူ့ကို မကြည့်ဝံ့ဘဲ ချက်ချင်း ခေါင်းကို ငုံ့ပစ်လိုက်သည်။


 "ယန်ဟန်က မင်းကို စိတ်ပူလို့ဆိုပြီး အဖွဲ့နောက်ကို သွားလိုက်တာလေ... ယန်ဟန်သာ မင်းဆီမလာခဲ့ရင် ဇွန်ဘီ အကုတ်ခံရမယ့်သူက မင်းပဲ...ဒါပေမယ့် အခု မင်း ဒီစကားမျိုး ပြောနေနိုင်သေးလား..."


လင်းကျင်းရှု သည် ဟန်ခိုင် စကားကို မကျေမနပ်ဖြစ်သွားရသည်။


“ညီမ သူမကို လာပါလို့ မခေါ်ခဲ့ဘူးလေ... သူမဘာသာ သူမ လာတာ...အစ်ကိုပြောနေပုံက သူမကို ဇွန်ဘီ ဖမ်းမိသွားအောင် ညီမက တမင် လုပ်လိုက်သလိုပဲ..…”


ဟန်ခိုင် က သူမကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး လျစ်လျူရှုကာ ယန်ဟန် အနားသို့ သွား၍ သူမ နောက်တွင် ရပ်လိုက်ပြီး သေနတ်ကိုင်ထားသူအား ပြောလိုက်သည်။


 “သူမက အခုထိ လူသား တစ်ယောက်ပဲလေ...အခု မင်း သူမကို သတ်ရင် မင်း လူတစ်ယောက်ကို သတ်ပစ်လိုက်တာ ဖြစ်သွားပြီ..." 


သေနတ်ကိုင်ထားသူမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ယန်ဟန် ကို သေနတ်နှင့်ချိန်ထားသော်လည်း မပစ်သေးပေ။   သေနတ်ကိုင်ထားသူက တုံ့ဆိုင်းနေသော်လည်း ဟန်ခိုင် ၏စကားကြောင့် သေနတ်ကို အောက်ချလိုက်တော့သည်။ 


"ဒီလိုဆိုရင်ရော အစ်ကို ဘာပြောမလဲ..." 


ထိုစကားကိုကြားသောအခါ ဟန်ခိုင် မှာ စိတ်အေးသွားရသည်။


 "ဒီမှာ မင်း အချိန်ဖြုန်းမနေနဲ့...ဒီနားတစ်ဝိုက်က ဇွန်ဘီတွေ ထွက်လာတာ ဖြစ်နိုင်တယ်...အဲ့ဒါကြောင့် အစား အသောက်တွေနဲ့ ရေသွားရှာလိုက်...ယန်ဟန်နဲ့ ငါ မင်းတို့ နောက်ကို မလိုက်ဘဲ နေခဲ့မယ်...ဒါဆို ယန်ဟန် ဇွန်ဘီ ဖြစ်သွားရင်တောင် သူမက မင်းတို့ကို ဒုက္ခမပေးနိုင်တော့ဘူး...” 


သေနတ်ကိုင်ထားသည့်လူက ခေါင်းညိတ် သဘောတူလိုက်သည်။ 


“ကောင်းပါပြီ...အစ်ကို ပြောတာကို နားထောင်လိုက်မယ်...ဒါဆို အစားအသောက်နဲ့ ရေ အရင်သွားရှာရအောင်...”


လူတစ်ယောက်ကို သူတို့ သတ်ပစ်ရာလည်း မရောက်ဘဲ သူတို့လည်း အသားမနာရသဖြင့် သူတို့အားလုံး ရှေ့ကို ဆက်သွားလိုက်ကြသည်။ လင်းကျင်းရှု က သူမမျက်လုံးထဲတွင် မျက်ရည်စများဖြင့် ပြောလိုက်သည်။


 "အစ်ကိုဟန်... ဘာလုပ်မလို့လဲ... သူမက ဇွန်ဘီဖြစ်သွားရင် သူမက အစ်ကို့ကို အကိုက်လိမ့်မယ်..."


"မင်း ငါ့အတွက် စိတ်ပူစရာ မလိုပါဘူး...မင်းသာ အစားအသောက်တွေ ရှာဖို့ အဖွဲ့နဲ့ လိုက်သွား..." 


ဟန်ခိုင် က ယခု ဖြစ်ရသည့်ကိစ္စနှင့်ပတ်သတ်၍ သူမကို စိတ်ဆိုးနေသေးသည်။


 “အစ်ကိုဟန်…”


လင်းကျင်းရှုက ငိုတော့မလိုပုံစံဖြင့် လေသံကို သံရှည်ဆွဲကာ အော်ပြောလိုက်သည်။


သေနတ်ကိုင်ထားသူက အဖွဲ့ထဲမှလူများအကုန် ထွက်သွားကြပြီ ဖြစ်၍ သူလည်း လိုက်သွားရန်ပြင်လိုက်ရာ လင်းကျင်းရှု မှာ နေရာတွင် ရပ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရ၍ သူမကို လှမ်းအော်လိုက်၏။


“မင်းက မလိုက်ဘူးလား.. မလိုက်ချင်ရင်လည်း သူတို့နဲ့ နေခဲ့..."


လင်းကျင်းရှု သည်  ငိုယိုနေရင်း ခေါင်းညိတ်ကာ‌ ပြောလိုက်သည်။


 “သွားရအောင်...”


အားလုံးထွက်သွားကြသောအခါ ယန်ဟန်က ဟန်ခိုင် ကိုကြည့်ကာ ပြောလိုက်လေ၏။


 “ကျွန်မက ဇွန်ဘီဖြစ်သွားပြီး ရှင့်ကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား...” 


 ဟန်ခိုင် က ခေါင်းခါလိုက်သည်။


 "မင်း ဇွန်ဘီဘဝကနေ လူသားအဖြစ် ပြောင်းပြီးသွားပြီလေ...မင်းခန္ဓာကိုယ်က R ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသွားပြီ..." 


 "ဟုတ်လား.." 


ယန်ဟန် မျက်လုံးထဲမှ မျှော်လင့်ချက်အရိပ်အယောင်တို့ ပျောက်ရှသွားရသည်။


“အဲ့ဒါက တစ်ကြောင်း...” 


 "နောက်ထပ် ဘာအကြောင်း ကျန်သေးလို့လဲ..." 


ယန်ဟန်က ဟန်ခိုင် ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ရင်း သူမမျက်လုံးများက တောက်ပ‌နေကြလေသည်။


 "မင်း ဇွန်ဘီဖြစ်သွားရင်တောင် ငါ ကြောက်ဘူး... ငါကလည်း R ဗိုင်းရပ်စ်ကို ခုခံနိုင်တော့ မင်းငါ့ကို မကိုက်အောင် ငါ သတိထားနေသရွေ့ ငါ နေကောင်းနေမှာလေ...”


 “အင်း...ဟုတ်သားပဲ‌နော်...” 


ယန်ဟန်က ဟန်ခိုင် ကို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း သူမစိတ်ထဲတွင် ရယ်ချင်သွားရသည်။


 သြော်...ငါ ဘာကို မျှော်လင့်နေပါလိမ့်.. 


"ငါ့စကား‌ကြောင့် မင်းအရမ်းစိတ်ပျက်သွားသလိုပဲ..."


ဟန်ခိုင် က သူမ မျက်နှာညှိုးသွားသည်ကို မြင်လိုက်ရ၍ မအောင့်နိုင်ဘဲ ပြန်ပြောလိုက်သည်။ 


"မဟုတ်ပါဘူး...ကျွန်မက ဘာလို့စိတ်ပျက်ရမှာလဲ...မဟုတ်ဘူး...”


ယန်ဟန်က  ငြင်းဆိုလိုက်ရန် ကြိုးစားသော်လည်း ဟန်ခိုင်က ဆက်မပြောတော့ပေ။ 


 "မင်း ဒဏ်ရာက ဘယ်လိုလဲ...တစ်ချက်ကြည့်ရအောင်..."


 ဟန်ခိုင် က ယန်ဟန်၏ အင်္ကျီလက်ကို  ဆွဲတင်လိုက်ပြီး လက်မောင်းပေါ်ရှိ သွေးထွက်နေသော ဒဏ်ရာကို ကြည့်လိုက်သည်။


 “ဒဏ်ရာက ဆေးထည့်ဖို့လိုမယ် ...မဟုတ်ရင် ရောင်လာလိမ့်မယ်... ဆေးဆိုင်တို့..ဆေးရုံတို့ လိုက်ရှာရမယ်...” 


“ဒါပေမယ့် ဆေးရုံတို့ ဆေးဆိုင်တို့ကို ဘယ်မှာ ရှာရပါ့မလဲ...” 


ဟန်ခိုင် က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ 


“ကျွန်မက ကျွန်းဧရိယာနားဆိုရင် သွားတတ် လာတတ်တယ်...ကျွန်းဧရိယာနားက မနီးမဝေးမှာ ဆေးရုံရှိတယ်လေ... ပြဿနာက ကျွန်မတို့ နှစ်ယောက်တည်း အဲဒီကိုသွားတာ အရမ်း အန္တရာယ်များတယ်...ကျွန်မတို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လည်း ဘာမှ မရှိဘူး...အဲ့တော့ ဇွန်ဘီနဲ့တွေ့ရင် အကိုက်ခံရမှာပဲ...”


ဟန်ခိုင် က ခေါင်းညိတ်ပြကာ ယန်ဟန်စကားကို ထောက်ခံလိုက်သည်။


 "ဒါဖြင့်ရင် နန်ရှန့် နဲ့ တွေ့ဖို့ စခန်းကို ပြန်သွားရအောင်..." 


ထို့နောက် နှစ်ယောက်သား စခန်းဆီသို့ လျှောက်သွားကြသည်။ စခန်းတံခါးဝသို့ ရောက်သောအခါ တံခါးစောင့်သည် ယန်ဟန်၏ လက်မောင်းမှ သွေးစွန်းကွက်များကို မြင်လိုက်ရပြီး ယန်ဟန်အား သေနတ်ဖြင့် ချက်ချင်းချိန်လိုက်သည်။


 "မင်းရဲ့ ဒဏ်ရာက ဇွန်ဘီကြောင့် ရခဲ့တာလား..."


ယန်ဟန်က လိမ်ညာရန် စိတ်ကူးမရှိဘဲ ခေါင်းညိတ်လိုက်သည်။


Xxxxxx