Chapter 85
ယန်ဟန်က သူမခေါင်းကို ဖယ်လိုက်ပြီးနောက် ဟန်ခိုင် ချက်ချင်း မျက်လုံးဖွင့်လိုက်လျှင် နှစ်ယောက်သား ရှက်သွားကြမည် စိုး၍ မျက်လုံးမဖွင့်ဘဲ ခဏလောက် စောင့်နေလိုက်ရသည်။ ထို့နောက် သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ယန်ဟန်က လက်မောင်းမှ ဒဏ်ရာကို လက်ညိုးနှင့် ထိုးနေသည်ကို တွေ့လိုက်ရသဖြင့် သူ အမြန်ထရပ်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
“ယားတယ်...”
ဒဏ်ရာက အမှန်တစ်ကယ် ယားနေသော်လည်း သူမက မကုတ်ဝံ့သဖြင့် ယားယံမှုကို သက်သာစေရန် လက်ချောင်းများနှင့်သာ ခပ်ဖွဖွထိုးနေခဲ့သည်။
"မကူးစက်နိုင်လောက်ဘူး မလား..."
ဟန်ခိုင် သည် ယန်ဟန်၏လက်မောင်းကို စိုးရိမ်တကြီး ကိုင်ကာ ကြည့်လိုက်သော်လည်း ဒဏ်ရာကို ပိတ်စများဖြင့် တင်းကြပ်စွာ ပတ်ထားသဖြင့် ဘာမှမမြင်ရပေ။ ပိတ်စပေါ်၌ ခြောက်သွေ့နေသည့် သွေးကွက်များသာရှိပြီး ဖုထွက်နေခြင်းမရှိ၍ ရောဂါကူးစက်ပုံ မပေါ်ပေ။
"အားခိုင်...ပိတ်စကို ချွတ်ပြီး တစ်ချက်ကြည့်လိုက်ပါလား..”
လီနန်ရှန့် က ရောက်လာပြီး ပြောလိုက်သည်။ ယန်ဟန်က လီနန်ရှန့် စကားကို သဘောတူလိုက်ပြီး ခေါင်းညိတ်သည်။ ဟန်ခိုင် ၏ အိတ်ကပ်ထဲတွင် ပိတ်စများနှင့် ရောင်ရမ်းမှုကို သက်သာစေသည့် ဆေးဝါးများစွာ ကျန်နေသေးသဖြင့် သူမလက်မောင်းမှ ပိတ်စကို ဖြည်လိုက်သည်။ ပိတ်စကို ဖယ်ရှားပြီးနောက် ယန်ဟန်သည် သူမ၏ ဒဏ်ရာမှာ အနာကျက်သွားပြီး အသားအသစ်များ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။
“အို...ဘုရား..ဘုရား...ဒီဆေးက မှော်ဆေးများလား...ဒဏ်ရာက ကျက်တာ မြန်လိုက်တာ...”
လီနန်ရှန့် က ယန်ဟန်၏ ဒဏ်ရာ ပျောက်ကင်းသွားသည်ကို မြင်လိုက်ရသောအခါ သူ့မေးရိုးများ ပြုတ်ကျသွားမတတ် အံ့သြသွားရသည်။
ဟန်ခိုင်က ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
"ဟင့်အင်း...ဒီဆေးက သာမန် ရောင်ယမ်းတာကို ပျောက်စေတဲ့ ဆေးပါပဲ...၂၄ နာရီအတွင်း ဒီလို ဒဏ်ရာအနက်ကြီးကို ဘယ်ဆေးမှ ကုနိုင်မှာ မဟုတ်ဘူး...."
ထို့နောက် ဟန်ခိုင် က ယန်ဟန်ကို ကြည့်ကာ ပြောလိုက်ပြန်သည်။
"မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးထူးခြားခြား ဖြစ်နေပြီး ကိုယ့်ကိုကိုယ် ပြန်ကုနိုင်တာ ဖြစ်ရမယ်..."
လီနန်ရှန့် အံ့သြစွာကြည့်ရင်း ပြန်ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကို ပြန်ကုလိုက်တယ် ဟုတ်လား...ဒဏ်ရာရရင်တောင် သူမဘာသာသူမ ကုနိုင်တယ် ဟုတ်လား...သူမမှာ သဘာဝလွန် စွမ်းအားတွေ ရှိနေလို့လား...."
ယန်ဟန် က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ကျွန်မဒဏ်ရာက သက်သာလာပြီဆိုတော့ တံခါးစောင့်က ကျွန်မကို ဝင်ခွင့်ပေးသင့်ပြီ....”
“ဟုတ်တယ်.. စခန်းထဲကို မြန်မြန်သွားပြီး အနားယူကြရအောင်... ထောင့်မှာ ကပ်အိပ်နေရလို့ ငါ့တစ်ကိုယ်လုံး က်ိုက်ခဲနေတာပဲ....”
လီနန်ရှန့် က ခေါင်းခါပြီး ပြောလိုက်၏။ သူတို့ သုံးယောက်သည် စခန်းတံခါးဆီသို့ လျှောက်သွားကာ ဂိတ်စောင့်က တာဝန်ချိန်ပြောင်းသွားသဖြင့် နေ့ခင်းဘက်က သူတို့ကို တားခဲ့သူနှင့် အစားထိုးလိုက်ခြင်း ဖြစ်သည်။
ထိုလူက ယန်ဟန်ကို ခါးသီးသောအကြည့်ဖြင့် တဖန်ကြည့်ကာ ပြောပြန်သည်။
“မင်းဘာလို့ ထပ်လာတာလဲ...ငါ ပြောပြီးပြီလေ...မင်းကို ဝင်ခွင့်မပြုနိုင်ဘူး..."
ယန်ဟန်က သူ့အင်္ကျီလက်ကို လှန်တင်လိုက်ပြီး ပြလိုက်သည်။
"ကျွန်မ ဒဏ်ရာက သက်သာလာပြီ...ရှင် ကျွန်မကို ဝင်ခွင့်ပေးရမယ်....အပြင်က သာမန်လူတစ်ယောက်ကို ဇွန်ဘီက ကုတ်ခြစ်လိုက်ရင် သူတို့က ဇွန်ဘီဖြစ်သွားလိမ့်မယ်....ဒါပေမယ့် ကျွန်မကတော့ လုံးဝ ဇွန်ဘီဖြစ်မသွားဘူး..."
ခဏအကြာတွင် တံခါးစောင့်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ထူးဆန်းလိုက်တာ... ၂၄ နာရီရှိပြီ...ဒီမိန်းကလေးက ဇွန်ဘီလည်း မဖြစ်လာဘူး...သွေးထွက်နေတဲ့ ဒဏ်ရာကလည်း ပြန်ကောင်းသွားတယ်..
အဓိပ္ပါယ်မရှိဘူး...."
"အစ်ကို... ဘာတွေပြောနေတာလဲ... ကျွန်တော်တို့ မြန်မြန်ဝင်ချင်နေပြီ...”
လီနန်ရှန့် မှာ အမှန်တစ်ကယ်ပင် ပင်ပန်းနေပြီး စကားပြောနေစဉ်မှာလည်း ခေါင်းတခါခါဖြင့် သူက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ တံခါးစောင့်မှာ ယန်ဟန် ဝင်လာပါက တစ်ခုခုဖြစ်လာပါက သူ့အမှားဖြစ်မည်စိုး၍ ဝေခွဲမရဖြစ်နေလေသည်။
"ထူးဆန်းတယ်....ငါလည်း အမှားတစ်ခုခု ဖြစ်သွားမှာ ကြောက်တယ်....မင်းတို့စောင့်နေ....အထက်လူကြီးကို သတင်းပို့လိုက်ဦးမယ်..."
တံခါးအပြင်ဘက်တွင် သုံးယောက်သား ရပ်ကာ တံခါးစောင့်ကို နာရီဝက်ကျော်ကြာအောင် စောင့်နေကြသည်။ ထို့နောက် အထက်လူကြီးများနှင့် မြို့တော်ဝန်တို့ လိုက်ပါလာကြသည်။
ယန်ဟန်သည် လှေကားမှဆင်းလာသော လူတစ်စုကို ကြည့်ပြီး အပျော်တမ်း လာကြည့်တာလား ဟု ပင် တွေးမိသွားရသည်။
"ရှောင်စွန်း...မင်းပြောတဲ့လူက ဘယ်သူလဲ..."
လူအုပ်ကြီး၏ ရှေ့ဆုံးမှ လက်နက်ကိုင်တပ်ဖွဲ့ ဝန်ကြီး ရှုကျုံးဟမ် က ပြောလိုက်သည်။
ရှုကျုံးဟမ် ပြောသော ရှောင်စွန်း သည် တံခါးဝတွင် ရပ်နေခဲ့သူဖြစ်ပြီး သူက တံခါးအပြင်ဘက်ရှိ ယန်ဟန်ကို ချက်ချင်း လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ဝန်ကြီး.... ဒီလူပဲ...”
ဝန်ကြီးက ဘယ်သူ့ကို ပြောနေမှန်း မသိမည်စိုး၍ ထပ်ပြောလိုက်ပြန်သည်။
“ဒီမိန်းကလေးပဲ....”
ယန်ဟန်သည် စိတ်လှုပ်ရှားဟန် မရှိဘဲ ရောက်လာကြသော လူအုပ်ကို စိုက်ကြည့်နေသော်လည်း သူမ စိတ်အဆင်မပြေ ဖြစ်နေရသည်။ သူမ၏ စူးရှသော မျက်လုံးများကြောင့် သူမ၏မွေးစားဖခင်နှင့် လျန့်ချောင် တို့ လူအုပ်ထဲတွင် ရှိနေကြသည်ကို သူမမြင်လိုက်ရသည်။
ရှုကျုံးဟမ် သည် တံခါးအပြင်ဘက်မှ တည်ငြိမ်နေသော ယန်ဟန် ကိုကြည့်ကာ တံခါးစောင့်ကို မယုံကြည်နိုင်စွာ မေးလိုက်သည်။
“မနေ့က နေ့ခင်းတုန်းက ဇွန်ဘီကိုက်ခံရတယ်... အခု အားလုံးပြန်ကောင်းသွားပြီ ဟုတ်လား...”
ရှောင်စွန်း က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့...ဟုတ်ကဲ့...”
ရှုကျုံးဟမ် က ယန်ဟန်ကို ကြည့်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
" ထူးဆန်းလိုက်တာ...ဒီလိုအဖြစ်မျိုး ရှိရတယ်လို့..."
“ဟိတ်... သူမကို သိပ်မရင်းနှီး နေသလိုပဲ...သူမက ကျွန်းကနေလွတ်မြောက်လာတာ မဟုတ်ဘူး... ဟုတ်တယ်မလား...”
ရှုကျုံးဟမ် က ယန်ဟန် ကို လက်ညှိုးထိုးပြပြီး သူ့ဘေးမှာရှိနေသည့် ရှောင်စွန်း ကို မေးလိုက်သည်။ ရှောင်စွန်း က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်...သူမဟာ ယွင်ကျင့် မြို့မှာ အသက်ရှင် ကျန်ရစ်နေပုံရတယ်... တခြားသူတွေ ပြောတာ ကျွန်တော်ကြားဖူးတယ်...”
"ယွင်ကျင့် မြို့ရဲ့ အသက်ရှင် ကျန်ရစ်သူ ဟုတ်လား..."
ရှုကျုံးဟမ် က ယွင်ကျင့်မြို့မှာ ဘာကြောင့် အသက်ရှင် ကျန်ရစ်သူ ရှိ နေရသလဲ ဟု မေးလိုက်ချင်သည်။
သူတို့အားလုံး လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ကျွန်းကို မလွတ်မြောက်ကြဘူးလား...
သို့သော် သူ မမေးခင်မှာပင် လူအုပ်ထဲမှ အသံတစ်သံကြောင့် သူ မမေးဖြစ်လိုက်ပေ။
ရုတ်တရက် လူအုပ်ထဲမှ လူတစ်ယောက်က အော်ပြောလိုက်လေတော့သည်။
“အို ဘုရား..ဘုရား...ငါတို့ကို ဘုရားက ကယ်လိုက်ပါပေါ့လား... ငါတို့ကို စာနာသနားလို့ ဘုရားက ကယ်တင်လိုက်ပြီဟေ့...."
Xxxxxxx
Chapter 86
ထိုစကားကို လူတိုင်း ကြားလိုက်ရသောအခါ အော်ဟစ်လိုက်သည့် မျက်မှန်တပ်ထားသော အမျိုးသားကို လှည့်ကြည့်လိုက်ကြသည်။ လူအုပ်ကြီးက သူ့ကို စိုက်ကြည့်နေကြသဖြင့် ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျက်မှန်ကို ဟန်ပါပါ ပင့်တင်လိုက်သည်။
“အစောင့်ပြောတာ မှန်တယ်ဆိုရင် သူမရဲ့ အသားစထဲက Antigen ကို ထုတ်ယူထားနိုင်သရွေ့ R ဗိုင်းရပ်စ်ရဲ့ Antigen ကို ကျွန်တော်တို့ရနေမှာပဲ...ယွင်ကျင့်မြို့တင် မဟုတ်ဘူး.. တစ်ကမ္ဘာလုံးက ဇွန်ဘီတွေက သူမလို သာမန်လူတွေ ပြန်ဖြစ်သွားနိုင်တယ်..."
ထိုလူက ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မှ လူအများက ချက်ချင်း တီးတိုး ပြောဆိုနေကြသည်။ လူတချို့ကလည်း တံခါးအပြင်ဘက်တွင် ရပ်နေသည့် ယန်ဟန်ကို လှည့်ကြည့်လိုက်ကြသည်။
လီနန်ရှန့် သည် တံခါးအပြင်ဘက်တွင် ရပ်နေရသဖြင့် အနည်းငယ် စိတ်တိုလာရသည်။
"ဟေ့ ခင်ဗျားတို့ ပြောပြီးပြီလား...ပြီးသွားရင်လည်း တံခါးဖွင့်ပြီး ကျွန်တော်တို့ကို ဝင်ခိုင်းလိုက်တော့....”
တံခါးစောင့်က တပ်မတော် ဝန်ကြီးကို ကြည့်ပြီး မြို့တော်ဝန် စွန်း ကို တစ်ဖန် ကြည့်လိုက်ပြန်ရာ နှစ်ယောက်လုံး ခေါင်းညိတ် လိုက်ကြသဖြင့် တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။
ဟန်ခိုင် သည် ကမ္ဘာကြီးကို ကယ်တင်ရမည့်အကြောင်း ပြောလိုက်သော လူကို ကြည့်လိုက်ရာ ထိုလေးထောင့်မျက်မှန်တပ်ထားသည့်လူကို သူသိသည်။ သူ့နာမည်မှာ ကျိုး ဖြစ်သည်။ သူသည် CDC ၏ ပရော်ဖက်ဆာတစ်ဦး၏ လက်အောက်မှ သုတေသီတစ်ဦးဖြစ်သည်။ သူ့ထက် အများကြီးငယ်ပြီး သူ၏ သူ၏သုတေသနဆိုင်ရာ စွမ်းရည်မှာ ပျမ်းမျှသာ ဖြစ်သည်။
သူတို့ သုံးယောက်မှာ မူလက အနားယူရန် အခန်းကို ချက်ချင်း ပြန်သွားမည်ဟု တွေးထားသော်လည်း ထွက်သွားခါနီးတွင် ယန်ဟန်ကို မျက်မှန်တပ်ထားသည့် လူက ဆွဲခေါ်သွား၏။ ယန်ဟန်က လက်ကို ဆုပ်ကိုင်ထားသူကို မရုန်းကန်ဘဲ တည်ငြိမ်စွာ ကြည့်နေ၏။
ထိုလူက ယန်ဟန်၏ လက်ကို လှမ်းဆွဲလိုက်ပြီး ဘေးတွင်ရှိသော မြို့တော်ဝန် စွန်း ကို ပြောလိုက်သည်။
“မြို့တော်ဝန်... ဒီကိစ္စကို အချိန်စောပြီး လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်...သုတေသနအဖွဲ့တစ်ခုကို ချက်ချင်း ဖွဲ့စည်းပြီး Antigen တွေကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ယူသင့်ပါတယ်... အကန့်အသတ်ရှိတဲ့ အတွက်ကြောင့် အမြန်ဆုံး ထုတ်ယူပြီး သုံးသင့်ပါတယ်.....”
လူတိုင်းက သူ့ကို ကြည့်နေကြသောကြောင့် ထိုလူက စကားပြောသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
စွန်းကျားရှီ က ခေါင်းညိတ်ပြီး စကားပြောနေသည့် လူကိုမေးလိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ....”
မြို့တော်ဝန် စွန်း က ဤသို့ မေးမည်ဟု မျှော်လင့်မထားသဖြင့် ထိုလူမှာ ခဏမျှ ထိတ်လန့်သွားပြီး မျက်နှာနီမြန်းနေကာ ဆက်ပြောလိုက်သည်။
"ကျွန်တော့်နာမည် ကျိုးဝမ်လုံ ပါ..."
စွန်းကျားရှီ က ခေါင်းညိတ်လိုက်ပြီး လူအုပ်ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
"ရှောင်ကျိုး ပြောတာ မှန်တယ်... ဒါပေမယ့် ဒီကိစ္စကို ဘယ်သူက ဦးဆောင်သင့်လဲ...CDC ရဲ့မူလက ခေါင်းဆောင်တွေတော့ အခု ဆုံးသွားကြပြီ...”
"ဟုတ်ပါတယ်...ပင်လယ်ရေခဲ နေတုန်းက အဖြစ်ကြောင့် CDC မှာ ပါမောက္ခနဲ့ သုတေသီ နည်းနည်းပဲ ကျန်ပါတော့တယ်...”
ထို့နောက် ကျိုးဝမ်လုံ က ယူကျုံးမရ ဖြစ်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"ဒါဆို ဒီကိစ္စကို ဘယ်သူက ဦးဆောင်မှာလဲ..."
“ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့သူကို ရှာရမှာပေါ့... ဒါမှ စိတ်ချထားလို့ ရမှာပါ...ပရော်ဖက်ဆာ လျန့် ရဲ့ အရည်အချင်း နဲ့ ပညာရပ်ဆိုင်ရာ သုတေသန စွမ်းရည် ဟာ CDC မှာ ထိပ်ဆုံးအဆင့်မှာ ရှိနေပါတယ်..."
ကျိုးဝမ်လုံ က စွန်းကျားရှီ အနားမှာ တလေးတစား ရပ်လိုက်ပြီး စမ်းပြောကြည့်လိုက်သည်။ စွန်းကျားရှီ က လူအုပ်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ရာ လူတိုင်းက ဘာမှ မပြောကြသဖြင့် သူကသာ ပြောလိုက်သည်။
“ပရော်ဖက်ဆာ လျန့် ဟာ CDC မှာ သုံးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အလွန်တော်တဲ့ ပရော်ဖက်ဆာ တစ်ယောက်ပါ... ပြည်တွင်း ဇီဝဗေဒကုမ္ပဏီမှာလည်း လူပေါင်းရာနဲ့ချီတဲ့အဖွဲ့နဲ့ တွဲလုပ်ခဲ့ပြီးတော့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်...”
ထိုအချိန်တွင် ယန်ဟန်က ကျိုးဝမ်လုံ ကိုင်ထားသော သူမလက်ကို မြှောက်ပြလိုက်ပြီး သူ့ကို ပြောလိုက်သည်။
“ရှင် ကျွန်မလက်ကို ကိုင်ထားပြီး လွှတ်မပေးတာ ဘာသဘောလဲ...”
"သုတေသနအဖွဲ့တစ်ခု ဖြစ်လာဖို့ မင်းလည်း ပူးပေါင်းမှ ရမယ်လေ..."
ယန်ဟန်က ထိုသူမှာ အပြင်ပန်းတွင် နူးညံ့သည် ထင်ရသော်လည်း အရှက်မရှိသူဖြစ်ကြောင်း သိလိုက်သည်။
ထိုမှသာ ဟန်ခိုင် နှင့် လီနန်ရှန့် တို့သည် ကျိုးဝမ်လုံ က ယန်ဟန် ၏လက်ကို ကိုင်ထားကြောင်း သတိပြုမိကာ ယန်ဟန် အနားသို့ ရောက်လာကြသည်။
လီနန်ရှန့် က ကျိုးဝမ်လုံ ရှေ့ လျှောက်လာပြီး သူ့ကို ရက်စက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဘာလို့ မလွှတ်တာလဲ..."
လီနန်ရှန့် မှာ အရပ်မြင့်မားပြီး ခန္ဓာကိုယ် ကြံ့ခိုင်လှသဖြင့် သူ့ပုံစံမှာ လန့်စရာဖြစ်သဖြင့် ကျိုးဝမ်လုံ က ယန်ဟန် လက်ကို အရှက်မဲ့စွာပင် ချက်ချင်း လွှတ်လိုက်သည်။
"ကျွန်တော်က လူတိုင်းအတွက် ပြောနေတာပါ...R ဗိုင်းရပ်စ်ရဲ့ Antigen ကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်.."
"ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်...လူတိုင်းက နားထောင်ချင်ရဲ့လားတော့ကျွန်တော်လည်း မသိပါဘူး..."
ဟန်ခိုင် က ဆက်ပြောလိုက်ပြန်သည်။
“Antigen ကို သန့်စင်ဖို့ မလွယ်ပါဘူး... Antibody ကို အရင်ရှာရမယ်... ကျွန်တော်တို့လည်း သုတေသီ အားလုံးကို အုပ်စုခွဲပြီး CDC က လမ်းညွှန်ချက်အတိုင်း လိုက်လုပ်နိုင်ပါတယ်... စမ်းသပ်တဲ့နေရာမှာ ဖြစ်လာမယ့် တိုးတက်မှု တစ်ခုလုံးကိုတော့ ပရော်ဖက်ဆာ လျန့် က ထိန်းချုပ်ပါလိမ့်မယ်..."
ကျိုးဝမ်လုံ သည် ဟန်ခိုင် ၏ အကြံပြုချက်ကို ခေါင်းလည်းမညိတ် ထောက်လည်း မထောက်ခံဘဲ ပြောလိုက်သည်။
"ဒီအဖွဲ့တွေကို ဘယ်လိုခွဲရမှာလဲ..."
ဟန်ခိုင် သည် ဘေးနားရှိ လျန့်ချောင် ကို လှမ်းကြည့်ကာ ပြောလိုက်၏။
"ဒါက ပရော်ဖက်ဆာ လျန့် အပေါ်မှာ မူတည်ပါတယ်..."
လျန့်ချောင် သည် ဟန်ခိုင် ကိုတစ်လှည့် စွန်းကျားရှီ ကိုတစ်လှည့်ကြည့်ကာ သူ့ခေါင်းထဲသို့ ဘောလုံးကန်ခံရသလို ဖြစ်သွားရသည်။ သူတွင် ကိုယ်ပိုင် အစီအစဉ်များရှိသည်။ ဟွမ်ကျစ်ပင်း သည် ယန်ဟန် နှင့် ဟန်ခိုင် တို့ပြုလုပ် နေသော စမ်းသပ်ချက်၏ တိုးတက်မှုကို စောင့်ကြည့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။သူ့မှာ ငြင်းဆန်ဖို့ မဖြစ်နိုင်သောကြောင့် သူ၏ သုတေသီ ကျိုးဝမ်လုံ နှင့် ဆက်သွယ်ပြီး ဟန်ခိုင် ၏ ဓာတ်ခွဲခန်းတွင် သူပါ ကူညီနိုင်ရန် အခွင့်အရေး တစ်ခုရှာခိုင်းခဲ့သည်။ ထိုမှသာ သူတို့ နှစ်ယောက်ကို အချိန်ပြည့် စောင့်ကြည့်နိုင်မည် ဖြစ်လေသည်။မမျှော်လင့်စွာနှင့် ကျိုးဝမ်လုံ သည် အလွန်အရေးကြီးသော အချိန်တွင် သူ့ကို တွန်းထုတ်လိုက်သည်။ ထို့ကြောင့် သူ့အစီအစဉ်မှာ အနှောင့်အယှက် ဖြစ်သွားရလေသည်။
“Antigen ကို စောစောစီးစီး သန့်စင်လိုက်တာက ပိုကောင်းတယ်...ဒါပေမယ့် ညတွင်းချင်းလည်း ဖြေရှင်းလို့ မရဘူး...ကျန်နေတဲ့ သုတေသီတွေကို အရင် ရေလိုက်ပြီးတော့ မြို့တော်ဝန်ကို မနက်ဖြန်နဲ့ သဘက်ခါကျရင် အုပ်စုဖွဲ့ပြီး စမ်းသပ်မှုအတွက် လမ်းညွှန်ချက်တွေ ပေးပါ့မယ်...”
စွန်းကျားရှီ မှာ လျန့်ချောင်က ပိတ်ပြောလိုက်သဖြင့် အခြားဘာမှမပြောနိုင်တော့ဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"အခုတော့ စမ်းသပ်ကိရိယာတွေက ပြဿနာဖြစ်နေတာပဲ..."
စွန်းကျားရှီ က လျန့်ချောင် ကိုကြည့်ကာ ပြောလိုက်သည်။
“ဒါက အသေးအဖွဲ ကိစ္စပါ... လွန်ခဲ့တဲ့ တစ်လခွဲလောက်က သုတေသန ဌာနမှာ ပရော်ဖက်ဆာ ဟန် က စက်ကိရိယာတွေ အများကြီး ရှာတွေ့တယ်လို့ကျွန်တော်ကြားတယ်...”
ထိုသို့ပြောပြီးနောက် သူက ဟန်ခိုင် ကို ပြုံးပြလိုက်သည်။ ဟန်ခိုင် က သူ့ကို အားလုံးက အာရုံစိုက်နေကြသည်ကို တွေ့လိုက်ရသဖြင့် ဘာကိုမှ ဖုံးကွယ်မနေတော့ပေ။
"ပရော်ဖက်ဆာ လျန့် က ဘာကိုဆိုလိုတာလဲ.. အရင်တုန်းက ပရော်ဖက်ဆာ လျန့် လည်း ဓာတ်ခွဲခန်းကို လာတယ်လေ...အဲဒီတုန်းက ကိရိယာတွေအကုန်လုံးကို သုံးလို့ရတယ်ဆိုပြီးတော့ ပရော်ဖက်ဆာ လျန့်တောင် အံ့ဩသွားတယ်မလား...ပရော်ဖက်ဆာ လျန့် မေ့သွားပြီလား..."
လျန့်ချောင် က ရှက်ရွံ့စွာပြုံးပြီး ပြောလိုက်သည်။
“ဟားဟား...ကျွန်တော် မှတ်မိပါတယ်...ဒါကြောင့် မြို့တော်ဝန် စွန်း စမ်းသပ်ကိရိယာ တွေအတွက် စိတ်ပူစရာမလိုပါဘူး... သုတေသန ဌာနမှာရှိတဲ့ စက်ကိရိယာ အများစုက လည်ပတ်နိုင်မှာပါ...”
စွန်းကျားရှီ က ကျေနပ်စွာ ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပါတယ်...ကောင်းပါတယ်..."
ထို့နောက် သူက Antigen များ သန့်စင်မည့် ကိစ္စကို လျန့်ချောင် အား လွှဲပြောင်းပေးမည့် အကြောင်း ပြောခဲ့ လေသည်။
Xxxxxx