အပိုင်း ၈၇-၈၈
Viewers 5k

Chapter 87


နောက်တစ်နေ့တွင် လျန့်ချောင် သည် သုတေသီများကို အုပ်စုများခွဲလိုက်သည်။ ဟန်ခိုင် က စာရင်းကိုယူကြည့်လိုက်သောအခါ လျန့်ချောင် သည် ကျိုးဝမ်လုံ ကို သူနှင့်အတူ  တွဲထားခြင်း ဖြစ်သည်။  ယန်ဟန်သည် ကျိုးဝမ်လုံ မှာ လျန့်ချောင် ထည့်ပေးလိုက်သော မျက်လုံးများဖြစ်မည်ဟု တွေးကာ ဟွမ်ကျစ်ပင်း ကို အလွန်ဒေါသ ထွက်သွားရသည်။ 


ထိုနေ့က သူမ၏ မွေးစားဖခင် ဟွမ်ကျစ်ပင်း ၏ စကားအဓိပ္ပါယ်မှာ ထင်ရှားလှပြီး သူမကို ကာကွယ်ဆေး မတီထွင်စေချင်ကြောင်း သိသာလှ၏။ ထိုနည်းအားဖြင့် ကျိုးဝမ်လုံ သည် သူမတို့၏ ဓာတ်ခွဲခန်းအတွင်း အခြေအနေများကို သေချာပေါက် အနှောင့်အယှက်ပေးမည်ဖြစ်သည်။


 "ကျိုးဝမ်လုံ က ကျွန်မတို့ ဓာတ်ခွဲခန်းထဲမှာ နေလို့မဖြစ်ဘူး..."


 


ယန်ဟန်က စာရင်းကိုကိုင်ထားရင်း ဒေါသတကြီးပြောလိုက်သည်။ 


"ပြဿနာတိုင်းမှာ အဖြေကိုယ်စီရှိပါတယ်... အခုတော့ သူ့ကို မောင်းထုတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူး... သူ့ကို ဓာတ်ခွဲခန်းထဲမှာ အရင်နေခိုင်းပြီးမှ တခြားအဖွဲ့ကို လွှတ်လိုက်ဖို့ အကြောင်းပြချက် ရှာရမယ်...”


"သူက ကျွန်မတို့ကို နှောင့်ယှက်နေရင် ဘယ်လိုလုပ်မလဲ..."


"ရပါတယ်... ငါဒီမှာ ရှိနေမှာပဲလေ... သူ မနှောင့်ယှက်နိုင်ပါဘူး...” 


ဟန်ခိုင် က ယန်ဟန်၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


“အင်း...တခြားနည်းလမ်း မရှိဘူးလေ... ကျွန်မ စမ်းသပ်မှုအပေါ်ပဲ  ပိုပြီး အာရုံစိုက်လိုက်မယ်..."


သူတို့စကားပြောနေစဉ် ကျိုးဝမ်လုံ က ပြုံးရွှင်စွာ ရောက်လာလေ၏။


 “ပရော်ဖက်ဆာ ဟန်...ပရော်ဖက်ဆာယန်...”


ယန်ဟန် ဒေါသထွက်သွားသဖြင့်  စားပွဲပေါ်ရှိ စမ်းသပ်မှတ်တမ်း စာအုပ်ကို ကောက်ကိုင်ကာ စာရွက်ကို လှန်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ ဟန်ခိုင် က သူ့ကို လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး စမ်းသပ်ကိရိယာကို ယူရန် လှည့်ထွက်လိုက်သည်။ ကျိုးဝမ်လုံ သည် တံခါးဝမှာ ရပ်ပြီး လူနှစ်ယောက်ကို အေးစက်စွာကြည့်လိုက်ပြီး သူ့ကို မျက်နှာသာမပေးသဖြင့် အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်။


ကျိုးဝမ်လုံ က ပြုံးလိုက်ပြီး ပြောပြန်သည်။


 "ပရော်ဖက်ဆာ ဟန်...ပရော်ဖက်ဆာ ယန်...ကျွန်တော်က ဒီမှာ အသစ် ရောက်လာတာပါ...စမ်းသပ်မှု ဖြစ်စဉ်က ဘယ်မှာလဲ... စမ်းသပ်မှု ဖြစ်စဉ်ကို သိရင် ကျွန်တော်ကူညီနိုင်ပါတယ်...” 


ကျိုးဝမ်လုံ က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်သော်လည်း ဓာတ်ခွဲခန်းထဲရှိ မည်သူကမှ  သူ့ကို ဂရုမစိုက်ကြချေ။ ကျိုးဝမ်လုံ က သူ့ကို လေ‌ဟာနယ်ကဲ့သို့ သဘောထားနေသည့် လူနှစ်ယောက်ကို ကြည့်လိုက်ပြီး ဒေါသထွက်သွားရသည်။ 


ငါ့ကို လျစ်လျူရှုတာ ဘာသ‌ဘောလဲ... 


ကျိုးဝမ်လုံ က နောက်ပြန်လှည့်ပြီး ကျေးလက်ဒေသတစ်ခုကို လှည့်ပတ်နေသည့် အကြီးအကဲ တစ်ယောက်ပမာ ဓာတ်ခွဲခန်းတဝိုက်ကို  လှည့်လည်သွားနေသည်။ သူက ပိုးမွေးသည့်စက်ကို ဖွင့်လိုက်ပြီး ပိုးကောင်လေးများကို ‌‌ထည့် မွေးရသည့် ဂျယ်လ်ကို ထုတ်ယူလိုက်သည်။ ယန်ဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ ဂျယ်လ်ကို ထုတ်ယူနေသဖြင့် စူးကနဲ လှမ်း‌အော်လိုက်ရာ ကျိုးဝမ်လုံ မှာ လန့်ဖျပ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားရသည်။


"ရှင်ဘာလုပ်နေတာလဲ..." 


“မင်းဘာလို့အော်တာလဲ... မင်းကြောင့် ငါလဲသွားပြီ..." 


ယန်ဟန်က သူ့ကို အနိုင်ယူချင်သူ ဖြစ်သည်။ သူမက ကျိုးဝမ်လုံ ၏ မျက်နှာပေါ်တွင် စိုရွှဲသွားသော ဂျယ်လ်များကို ရွံရှာစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။


 "ရှင် ကျွန်မရဲ့ ဂျယ်လ်ကို ဖျက်ဆီးပစ်လိုက်ပြီ...ဒါတောင် ရှင် ကျွန်မကို အပြစ်တင်နေသေးလား...ပြီးတော့... ပိုးမွေးတဲ့ စက်ကို ရှင့်ကို ဘယ်သူက ထိခိုင်းလို့လဲ..."


 “ကျွန်တော်လည်း ကူညီပေးချင်တာပါ... စမ်းသပ်မှု လုပ်ငန်းစဉ်က ဘယ်မှာလဲ လို့ မေးတော့ ခင်ဗျားတို့ ကျွန်တော့်ကို  ဂရုမစိုက်ဘဲနဲ့...အဲ့ဒါကြောင့် ကျွန်တော့်ဟာကျွန်တော် လှည့်ပတ်ကြည့်လိုက်တာ...” 


“ရှင်က ချီးထုပ်ပဲ... ကျွန်မ မသိဘူးလို့ မထင်နဲ့...ရှင် ကျွန်မတို့ကို ပြဿနာရှာဖို့ လျန့်ချောင် က လွှတ်လိုက်တာလေ.."


ယန်ဟန်ကို သူ အမျက်ထွက်အောင် လုပ်နိုင်ခဲ့သဖြင့် ကျိုးဝမ်လုံ သူ့ကိုယ်သူ အတော် သဘောကျသွားရသည်။


သူက ယန်ဟန်ကို လက်ညှိုးထိုးပြီး အော်လိုက်သည်။


 “ဟေ့ မင်း ငါ့ကို ဘာလို့ ဆဲတာလဲ...” 


ယန်ဟန်က ဆက်ပြီး အော်ဟစ်ချင်သော်လည်း ဟန်ခိုင် က သူမကို ဟန့်တားသော အကြည့်တို့ဖြင့် ကြည့်နေသဖြင့် သူမ ဆက်မပြောတော့ပေ။ 


ဟန်ခိုင် သည် ကျိုးဝမ်လုံ နားသို့ လျှောက်သွားလိုက်ပြီး ကျိုးဝမ်လုံ လက်ကို ဆုပ်ကိုင်လိုက်သည်။ ကျိုးဝမ်လုံ က လက်ကို ဆောင့်ရုန်းလိုက်ချင်သော်လည်း ဟန်ခိုင်က အားသန်လွန်းသဖြင့် အနည်းငယ် လန့်သွားပြီး ပြောလိုက်လေသည်။


 "ခင်ဗျား ဘာလုပ်ချင်တာလဲ...ကျွန်တော့်ကို ရိုက်မလို့လား..."


ဟန်ခိုင် က ကျိုးဝမ်လုံ ကို ပြုံးကြည့်ကာ ပြောလိုက်သည်။


 “မဟုတ်ပါဘူး... စမ်းသပ်မှု ဖြစ်စဉ်ကို မင်း မသိချင်ဘူးလား... ငါမင်းကိုပြောမယ်... မင်းငါနဲ့ အပြင်ကို လိုက်ခဲ့...."


ကျိုးဝမ်လုံ သည် ဟန်ခိုင် ၏ အပြုံးကို ကြည့်ပြီး စိတ်ရှုပ်သွားရသည်။ သူ အပြင်ကို မထွက်ချင်သော်လည်း ဟန်ခိုင် က အားသန်လွန်းသဖြင့် သူ့မှာ မရုန်းနိုင်ဘဲ ပါသွားရသည်။


ဟန်ခိုင် သည် ဓာတ်ခွဲခန်းတံခါးကို ပိတ်လိုက်ပြီး တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်  ကျိုးဝမ်လုံ ကို ပြုံး၍ပြောလိုက်သည်။ 


“စမ်းသပ် မှတ်စုစာအုပ်ယူဖို့ မေ့သွားပြီး... ဒီစင်္ကြံမှာငါ့ကိုစောင့်နေ... မှတ်စုစာအုပ်ယူပြီးရင် ငါပြန်လာခဲ့မယ်..." 


ဟန်ခိုင် ကချိုသာစွာ ပြောလိုက်သဖြင့် ကျိုးဝမ်လုံ က ဘာမှ ပြန်မပြောဘဲ အလိုမကျဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး စင်္ကြံအဆုံးသို့ လျှောက်သွားလိုက်သည်။ ကျိုးဝမ်လုံ သည် စင်္ကြံ၏  ပြတင်းပေါက်ကို မျက်နှာမူကာ လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တပ်ရပ်နေလိုက်သည်။ ခဏအကြာတွင် သူ ဟန်ခိုင် ၏ ခြေသံကို ကြားလိုက်ရပြီး စမ်းသပ်မှု ဖြစ်စဉ်ကို ကြည့်ချင်လွန်းသဖြင့် နောက်လှည့်ကြည့်လိုက်ရာ အလိုကြီး၍ အရနည်းသူပမာ ဖြစ်သွားရလေသည်။


ဟန်ခိုင် သည် ကျိုးဝမ်လုံ ၏ နောက်မှ ရပ်ကာ သူ့ကိုခေါ်လိုက်သည်။


ကျိုးဝမ်လုံ က နောက်ကို ဖြည်းညှင်းစွာ လှည့်လိုက်သောအခါတွင် သူ့ခေါင်းနောက်သို့ တစ်စုံတစ်ခုက ပြင်းထန်စွာ ရိုက်နှက်လိုက်သည်ကို ခံစားလိုက်ရပြီး  ကမ္ဘာကြီးသည် ရုတ်တရက် လည်ထွက်သွားကာ သူ့မျက်လုံးထဲတွင် အမှောင်အတိ ဖုံးလွှမ်းသွား၍ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။


Xxxxx


Chapter 88


ယန်ဟန် သည် စမ်းသပ်စင်ရှေ့တွင် ထိုင်ကာ စမ်းသပ်မှုဆိုင်ရာ ဒေတာများကို မှတ်စုစာအုပ်တွင် ချရေးနေစဉ် ကျိုးဝမ်လုံ ကို စိုးရိမ်သွားရသည်။ ဟန်ခိုင်သည် ပိတ်ထားခဲ့သော သူ၏ မူလ ဓာတ်ခွဲခန်းတံခါးကို ဖွင့်လိုက်ပြီး ကျိုးဝမ်လုံ ကို တရွတ်တိုက် ဆွဲခေါ်လာကာ လမ်းတစ်ဝက်တွင် ဓာတ်ခွဲခန်းထဲသို့ ပြန်ပြေးလာကာ  တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။


ဟန်ခိုင်သည် တစ်စုံတစ်ခုကို ရှာဖွေနေစဉ် လူတစ်ယောက်ကို  မေ့မြောသွားနိုင်သည့် ပစ္စည်းတစ်ခုကို ရှာနေသည်ဟု ဆိုသည်။ သူမလည်း ရုတ်တရက် စိတ်ဝင်စားလာရပြီး ထိုထောင့်နားတွင် ဘေ့စ်ဘောရိုက်တံတစ်ခု ရှိနေပုံရသည်ဟု ပြောလိုက်သည်။ 


"ရှင်က ကျိုးဝမ်လုံ ကို အဖွဲ့ထဲက ထုတ်ပစ်မှာလား..." 


ဟန်ခိုင် က သူမကို ရှူးတိုးတိုး လုပ်ပြလိုက်ပြီး ပြောလိုက်သည်။


 “မင်း နောက်တော့ သိရမှာပေါ့...”


ဓာတ်ခွဲခန်းတံခါးကို ပြန်ဖွင့်လိုက်သည်နှင့် တပြိုင်နက် ယန်ဟန် လှည့်ကြည့်လိုက်ရာ ဟန်ခိုင် သည် ကျိုးဝမ်လုံ ကို ဓာတ်ခွဲခန်းတွင်းသို့ တရွတ်တိုက် ဆွဲလာသည်ကို တွေ့လိုက်ရသည်။ ဟန်ခိုင် သည် ယန်ဟန်အား ပြောလိုက်သည်။


 “မြန်မြန်လာ...ငါ့ကို ခုံရှာပေး..”


ယန်ဟန် သည်  ယခုပုံစံကို ကြည့်နေရင်း သူမအရင်ကြည့်ဖူးသည့် သည်းထိတ်ရင်ဖို ရုပ်ရှင်များအကြောင်း ချက်ချင်း စဉ်းစားမိသွားရသည်။


 “ရှင် သူ့ကိုသတ်လိုက်တာလား..."


ဟန်ခိုင် သည် ယန်ဟန်၏ အမူအရာကိုကြည့်ကာ အနည်းငယ် ရယ်ချင်သွားရသော်လည်း မရယ်မိအောင်ထိန်းထားပြီး ပြောလိုက်သည်။


 "ငါ သူ့ကို ရိုက်ထည့်လိုက်တာ...သူ့လည်ပင်းကြီး ကျိုးသွားလိမ့်မယ်လို့ ငါ ဘယ်ထင်မှာလဲ... အခု သူ အသက်မရှုတော့ဘူး... မြန်မြန်လုပ်...သူ့ကို ရွှေ့ရမှာ နည်းနည်းကူညီပေးဦး..." 


"ရှင် သူ့ကို တစ်ကယ် သတ်လိုက််တာလား..."


ယန်ဟန် က လေသံ‌ကလေးဖြင့် မေးလိုက်သည်။  ဟန်ခိုင် က ချက်ချင်းပင် ရှူးတိုးတိုး လုပ်ပြကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။


“ဘယ်သူမှ  မတွေ့ခင် အလောင်းကို ဘာဆက်လုပ်ရမလဲ စဉ်းစားပါဦး...” 


 "အို...ဘုရား...ဘုရား... ရှင် သူ့ကို သတ်လိုက်တယ်... "


ယန်ဟန်က ဟန်ခိုင် ဟန်ဆောင်နေသည်ကို သတိမထားမိဘဲ အလွန်ထိတ်လန့်သွားကာ ဘေးနားတွင် မလှုပ်မယှက် ရပ်နေပြီး ကြမ်းပြင်ပေါ်မှ ကျိုးဝမ်လုံ ကို စိုက်ကြည့်ကာ ဘာကိုမှ မစဉ်းစားတတ်တော့ပေ။


ဟန်ခိုင် က ကျိုးဝမ်လုံ ကို ဓာတ်ခွဲခန်းထဲကို ဆွဲခေါ်သွားပြီး ထောင့်နားကပ်ထားလိုက်ကာ ထိုင်ခုံတစ်လုံးနှင့် ကြိုးတစ်ချောင်းကို ရှာလိုက်သည်။


အားလုံးအဆင်သင့် ဖြစ်ပြီးနောက် ဟန်ခိုင် သည် ကုလားထိုင်ကို နံရံနှင့်မှီထားကာ ကျိုးဝမ်လုံ ကို ကုလားထိုင်ပေါ်တွင် ထိုင်လျက်တင်လိုက်၍ ကြိုးနှင့် ချည်ထားလိုက်သည်။ ကျိုးဝမ်လုံ ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ငိုက်ကျလာသဖြင့်ယန်ဟန် ဘက် လှည့်လိုက်ပြီး ပြောလိုက်သည်။


 “ဒီကိုလာ....”


ယန်ဟန် က ဟန်ခိုင် အနားသို့ရောက်လာလျှင် ကျိုးဝမ်လုံကို ထိုင်ခုံမှာ ကြိုးနှင့်ချည်ထားသည်ကို တွေ့ရလျှင် သူမက မေးလိုက်သည်။


 “ရှင် သူ့ကို ဘာလို့ ကြိုးချည်ထားတာလဲ...” 


သို့သော်် သူမကမေးပြီးပြီးချင်း သဘောပေါက်သွားရပြီး ဟန်ခိုင် ၏ ကျောကို ရိုက်လိုက်ပြီး ပြောလိုက်သည်


 "ရှင် ကျွန်မကို လိမ်တာပေါ့လေ..." 


 


ဟန်ခိုင် က အားကနဲအော်ကာ ကျောကို ကော့လိုက်သည်။


ယန်ဟန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။


 "လုပ်မနေနဲ့... ကျွန်မ ရိုက်တာ ဒီလောက်လည်း မနာပဲနဲ့..." 


 " ငါ သူ့ကို ဒီတိုင်း ရိုက်လိုက်ရုံပါပဲ...သူနဲ့ ငြင်းခုံနေရတော့ သင်ခန်းစာ ပေးလိုက်ချင်တယ်လေ...ပြီးတော့မှ အကြံတစ်ခု ပေါ်လာတယ်လေ... ငါ သူ့ကို ကိုင်ထားပေးမယ်...မင်းက သူ့ကို ထိုင်ခုံမှာ ကြိုးချည်လိုက်....နောက်လည်း ဒီကောင် ဓာတ်ခွဲခန်းကို လာတိုင်း လာတိုင်း ကြိုးနဲ့တုပ်ထားမယ်...  ဒါကိုမှ သူမကြောက်ဘဲ ဆက်လာနေဦးမယ်ဆိုရင်  နန်ရှန့် အားရင် ဒီကို ခေါ်ထားလိုက်မယ်.…ဒီကောင် နန်ရှန့် ကို ကြောက်တာနဲ့ ထပ်လုပ်ရဲမှာ မဟုတ်တော့ဘူး....”


ကျိုးဝမ်လုံ ကို ကြိုးချည်ပြီးနောက် နှစ်ယောက်သား စိတ်အေးလက်အေးဖြင့် အလုပ်ဆက်လုပ်ကြသည်။ များမကြာမီ ကျိုးဝမ်လုံ မှာ နိုးလာပြီး သူ့ကို ထိုင်ခုံပေါ်တွင် ကြိုးဖြင့်ချည်တုပ်ထားသည်ကို တွေ့လိုက်ရပြီး  သူ့ခေါင်းနောက်စေ့မှာလည်း အလွန်ပင် နာကျင်နေသည်။


ကျိုးဝမ်လုံ က သူ့ကို ဘယ်သူရိုက်လိုက်သလဲ ဆိုသည်ကို  အပြင်းအထန် စဉ်းစားတော့သည်။ ဟန်ခိုင် သည် စမ်းသပ်ချက် မှတ်စုစာအုပ်ယူရန် မေ့သွားသဖြင့် ဓါတ်ခွဲခန်းသို့သွားစဥ် သူ့ကို စင်္ကြံတွင် စောင့်ခိုင်းထားသည်ကို သတိရသွားသည်။ ထို့နောက် ပြတင်းပေါက်တွင် ရပ်စောင့်နေပြီးနောက် ဟန်ခိုင် က သူ့ကို‌ခေါ်လိုက်သည်။ သူလှည့်ကြည့်ရန် အချိန်မရမီ တစ်စုံတစ်ယောက်က လေးလံသည့် ပစ္စည်းတစ်ခုခုဖြင့် ဂုတ်ပိုးကို ရိုက်လိုက်သဖြင့် သူမေ့လဲသွားရခြင်း ဖြစ်လေသည်။သူသည် ဟန်ခိုင် နှင့် ယန်ဟန်တို့ ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများ ပြုလုပ်နေသည်ကို မြင်သောအခါ ဟန်ခိုင် က သူ့ကို သတိလစ်သွားအောင်လုပ်လိုက်ပြီး ဤနေရာတွင် ချည်နှောင်ထားခဲ့ကြောင်း သူ မှန်းဆလိုက်သည်။ 


"ဟန်ခိုင်... ဘာလို့ ကျွန်တော့်ကို ကြိုးချည်ထားရတာလဲ...ကြိုးဖြည်ပေး..." 


ကျိုးဝမ်လုံ က သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ရင်း အော်နေတော့သည်။ 


ယန်ဟန်သည် စမ်းသပ်မှု ပြုလုပ်နေခြင်း ဖြစ်၍ ကျိုးဝမ်လုံ ကို ဂရုမစိုက်ပေ။ ဟန်ခိုင် သည်လည်း စမ်းသပ်ဒေတာကို လေ့လာဆန်းစစ်နေရင်း ဆူညံလွန်း၍ ထပြီး သူ့ခြေရင်းက ဘေ့စ်ဘောရိုက်တံကို ကောက်ကိုင်လိုက်ပြီး ကျိုးဝမ်လုံ နားသို့ လျှောက်လာလိုက်သည်။ 


"မင်းထပ်ပြောရင် ငါမင်းကို ထပ်ရိုက်မယ်... ယုံလား..."


Xxxxxxx