Chapter 89
ကျိုးဝမ်လုံ သည် ဟန်ခိုင် လက်ထဲမှ ဘေ့စ်ဘောရိုက်တံကို စိုက်ကြည့်ကာ ဟန်ခိုင် က သူ့ကို ဘေ့စ်ဘော ရိုက်တံနှင့် မရိုက်ဝံ့ဟု ထင်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် သူ့ကို ရိုက်မည်စိုး၍ ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။ ကျိုးဝမ်လုံ ကငြိမ်နေသဖြင့် ဟန်ခိုင် သည် ဘေ့စ်ဘောရိုက်တံကို ကိုင်ကာ စမ်းသပ်စင် ဆီသို့ ပြန်သွားလိုက်သည်။
ဟန်ခိုင် နှင့် ယန်ဟန် တို့ ဓာတ်ခွဲခန်းထဲမှ မထွက်ခွာမီ ဟန်ခိုင် သည် ကျိုးဝမ်လုံ ကို ကြိုးဖြည်ပေးလိုက်သည်။
ယန်ဟန် က ဘေ့စ်ဘောရိုက်တံဖြင့် အနားတွင် ရပ်နေသောကြောင့် ကျိုးဝမ်လုံ မလှုပ်ဝံ့ပေ။ ကျိုးဝမ်လုံ သည် တစ်နေကုန်နီးပါး ကြိုးတုပ်ခံထားရသဖြင့် သူ့အရိုးများမှာ ကွဲထွက်တော့မတတ် ဖြစ်နေရပြီး ကြိုးကို ဖြည်လိုက်သောအခါ သူ့ခြေထောက်များမှာ ကောင်းစွာ မရပ်နိုင်တော့ဘဲ ဟန်ခိုင် ကို ဒူးထောက်မိတော့မလို ညွတ်ကျသွားရသည်။ ကံကောင်းစွာနှင့် သူက မနည်း ကြိုးစား အားတင်းထားလိုက်ရာ ဟန်ခိုင် ကို ဒူးထောက်သည့်ပုံစံ ဖြစ်မသွားခဲ့ပေ။
ကျိုးဝမ်လုံ မြေပြင်ပေါ်သို့ လဲကျသွားသဖြင့် သူ့မျက်နှာကို ကြမ်းပြင်နှင့်မရိုက်မိစေရန် လက်ဖြင့်ထောက်ထားလိုက်သော်လည်း လက်များမှာ ထုံကျင်နေကြသဖြင့် မဟန်နိုင်ဘဲ ဗိုင်းကနဲ ကျသွားနော့သည်။ ကျိုးဝမ်လုံ မှာ ရှက်လွန်းသဖြင့် ခေါင်းမဖော်ဝံ့သော်လည်းယန်ဟန် ရယ်နေမည်ဟု သူခန့်မှန်းလိုက်သည်။ သူ့မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေပြီး ယန်ဟန်နှင့် ဟန်ခိုင် တို့ကလည်း သူ့ဘေးတွင် ရပ်၍ လှောင်ပြောင်နေမည်ကို သူသိနေသည်။
သနားစရာကောင်းသည့် ကျိုးဝမ်လုံ ကိုဟန်ခိုင် က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆွဲထူလိုက်သော်လည်း ကျိုးဝမ်လုံ က မတ်တပ်ထရပ်ကာ ဒေါသတကြီးဖြင့် ဟန်ခိုင် ကို တွန်းထုတ်လိုက်သည်။
ယန်ဟန်သည် ဘေ့စ်ဘောရိုက်တံကို ယူကာ ဟန်ခိုင် အား ပြောလိုက်သည်။
“ ရှင်ဘာလို့ သူ့ကို ဆွဲထူတာလဲ...သူ့ဘာသူ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေပါစေ ပစ်ထားလိုက်ပေါ့...ဆွဲထူနေသေးတယ်..."
ကျိုးဝမ်လုံ မှာ နံရံကိုမှီထားပြီး အားယူထကြည့်သော်လည်း သူ့ခြေထောက်များမှာ ယခုထိ မထောက်နိုင်ဖြစ်နေသေးသည်။
“ခင်ဗျားတို့ ဟန်ဆောင်မနေနဲ့တော့... ခင်ဗျားတို့ပဲ ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာ မဟုတ်ဘူးလား... စောင့်နေလိုက်...ခင်ဗျားတို့နှစ်ယာက်လုံး ကျွန်တော့်အကြောင်း သိစေရမယ်..."
“ရှင် မတ်မတ်တောင် မရပ်နိုင်သေးဘဲနဲ့ ကျွန်မတို့ကို လာပြီး ဆဲဆိုနေတယ်...ရှင် ယုံချင်ယုံ မယုံချင်နေ...ကျွန်မ ရှင့်ကို အခုတွန်းလိုက်ရင် တောင် ရှင် လဲကျသွားနိုင်တယ်..."
ထို့နောက် ယန်ဟန်က ရှေ့သို့ တိုးကာ ကျိုးဝမ်လုံ ကို တွန်းထုတ်မည်ပြုသော်လည်း သူက နံရံကို အားပြုကာ ထွက်သွားလိုက်သည်။
ကျိုးဝမ်လုံ သည် သူမည်မျှခံစားခဲ့ရကြောင်း နှင့် ယန်ဟန်နှင့် ဟန်ခိုင် တို့က လျန့်ချောင် ကို ဂရုမစိုက်ကြကြောင်း ပြောပြရန် လျန့်ချောင် ထံသွားလိုက်သည်။ လျန့်ချောင် သည် သူ၏ R ဗိုင်းရပ်စ်အသစ်ကို သုတေသနပြုလုပ်ရန် အလုပ်များနေပြီး ကျိုးဝမ်လုံ အား ပြန်လည်ချေရန် အချိန်မရှိပေ။
"ပထမဆုံးနေ့ကတည်းက မင်းက သူတို့ကို ဒုက္ခပေးလိုက်တာကိုး... ဟန်ခိုင် နဲ့ ယန်ဟန်က ငါ့အစီအစဉ်ကို မကျေမနပ် ဖြစ်နေပေမယ့် မင်းအရမ်းကြီး သွားမလုပ်ရင် သူတို့ကလည်း မင်းကို ဒုက္ခပေးမှာ မဟုတ်ဘူး...”
ကျွန်းပေါ်တွင်ရှိစဉ်က ကျိုးဝမ်လုံ သည် လျန့်ချောင် လက်အောက်တွင် သုံးနှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သည်။ထို့ကြောင့် သူ၏ စရိုက်ကို လျန့်ချောင် ကောင်းစွာသိသည်။ ကျိုးဝမ်လုံ သည အပြင်ပန်းတွင် ကျားတစ်ကောင် အဖြစ် ဟန်ဆောင်တတ်ပြီး လျန့်ချောင် သူ့နောက်တွင် ရှိနေသဖြင့် မာန်တက်နေသူ ဖြစ်သည်။
"ကျွန်တော် မလုပ်ပါဘူး...ပရော်ဖက်ဆာ လျန့်...ကျွန်တော်နားလည်ပါတယ်...ကျွန်တော် ဘာမဆို မျှမျှတတ လုပ်ပါတယ်..."
လျန့်ချောင် သည် ထိုစကားကိုကြားသောအခါ သူ့စိတ်ထဲတွင် လှောင်ရယ်ကာ တွေးလိုက်မိသည်။
'အေးပါ...မင်းတစ်ယောက်တည်း မျှမျှတတ လုပ်တတ်တဲ့သူပါ...'
"အခု မင်းရဲ့အဓိကတာဝန်က ယန်ဟန် နဲ့ ဟန်ခိုင် တို့ရဲ့ စမ်းသပ်မှုတွေ တိုးတက်မှုကို စောင့်ကြည့်ပြီး ငါ့ဆီ အချိန်မီ သတင်းပို့ဖို့ပဲ...ဒါကြောင့် မင်းသူတို့နဲ့ အတတ်နိုင်ဆုံး ပူးပေါင်းပြီး မင်းကို ငါ့လူလို့ သတိမထားမိအောင် ကြိုးစား... သူတို့က မင်းကို ရန်ငြိုးထားနေရင် မင်းသူတို့ကို စောင့်ကြည့်ဖို့ဘယ်လိုလုပ် အခွင့်အရေး ရမှာလဲ...."
"ဒါပေမယ့်…"
"တော်တော့... ဒီလိုအသေးအဖွဲကိစ္စတွေကိုတောင် မင်းမကိုင်တွယ်နိုင်ရင် ငါ့နောက်လိုက် ဘယ်လုပ်လို့ရမလဲ...သွား... သွား... ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်..."
ကျိုးဝမ်လုံ သည် လျန့်ချောင် ၏ စကားအဓိပ္ပါယ်ကို ရှင်းလင်းစွာ သဘောပေါက်လိုက်သဖြင့် ဤကိစ္စတွင် လျန့်ချောင် က သူ့ဘက်တွင် ရပ်တည်မည် မဟုတ်မှန်း သိလိုက်သည်။ သူထပ်ပြီး ပြောလိုက်လျှင် လျန့်ချောင် ဒေါသထွက်သွားမည် စိုး၍ ပြန်လာခဲ့ရလေသည်။
ထိုညမှာပင် ဟန်ခိုင် က လီနန်ရှန့် ကို ကျိုးဝမ်လုံ သည် သူတို့ ဓာတ်ခွဲခန်းထဲ ဝင်လာခဲ့ကြောင်းကို ပြောပြလိုက်သည်။ နောက်တစ်နေ့တွင် လီနန်ရှန့် က နားရက်ဖြစ်၍ ဟန်ခိုင် ကို ကျိုးဝမ်လုံ နှင့်ပတ်သတ်၍ ကူညီဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။ ကျိုးဝမ်လုံ က သူ့နောက်တွင် ယခင်ကလို ဟန်ခိုင် ထပ်ပေါ်လာမည်စိုး၍ လမ်းတစ်လျှောက်လုံး သတိထား လျှောက်လာခဲ့ပြီး ဓာတ်ခွဲခန်းတံခါးကိုလည်း သတိထားပြီး ဖွင့်လိုက်သည်။
ကျိုးဝမ်လုံ ဓာတ်ခွဲခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဟန်ခိုင် နှင့် ယန်ဟန်တို့အား စမ်းသပ်စင်နားတစ်ဝိုက်တွင် ရှိနေသည်ကို မြင်လိုက်ရသည်နှင့် သူတို့နှစ်ယောက် အလုပ်များနေပြီ ဖြစ်၍ သက်ပြင်းတစ်ချက် ချလိုက်ရသည်။
ကျိုးဝမ်လုံ သည် အခန်းထဲသို့ ဝင်လာသော်လည်း တံခါးနောက်တွင် ပုန်းနေသည့် လူတစ်ယောက်ရှိနေမှန်း သူမသိလိုက်ပေ။ သူက တံခါးပိတ်ရန် နောက်လှည့်လိုက်လျှင် တံခါးနောက်ကွယ်တွင် ပုန်းနေသည့်လူကို မမြင်ရသေးခင်မှာပင် ထိုလူက သူ့ကို ဓားရှည်နှင့် ရိုက်ချလိုက်ရာ သတိလစ်သွားရသည်။ သူ ပြန်နိုးလာသည့်အခါ သူ့ကို ထိုင်ခုံတွင် ကြိုးနှင့် တုပ်ထားသည်ကို တွေ့ရပြန်သည်။
ကျိုးဝမ်လုံ က သူ့ရှေ့မှ လူသုံးယောက်ကို ကြည့်ပြီး ငိုတော့မည့်ဟန်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့ ကျွန်တော့်ကိုဘာလို့ ကြိုးနဲ့ တုပ်ထားတာလဲ... ဒီနေ့ မနှောင့်ယှက်တော့ပါဘူးလို့ ကတိပေးပါတယ်...ဒုက္ခမပေးတော့ပါဘူး...လွှတ်ပေးပါ... ကျွန်တော် တစ်နေကုန် ကြိုးချည်ခံထားရလို့ ညကျရင် အရိုးတွေ ကိုက်လာတယ်..."
ယန်ဟန်က ကျိုးဝမ်လုံ ၏ ခါးသီးသော မျက်နှာထားကိုကြည့်၍ ရယ်မောလိုက်သည်။
“ရှင်က ကြိုးတုပ်ထားမှ အပိုးကျိုးမှာ...ရှင်သိတယ်မလား....တစ်ရက်ပဲ ကြိုးတုပ်ရသေးတယ်...မနေ့ကထက် ပြောလို့ဆိုလို့ ကောင်းလာတယ်...."
“အစ်ကိုတို့ အစ်မတို့ရယ်...ကျွန်တော့်ကို လွှတ်ပေးကြပါဗျာ... လွှတ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်...မနေ့က တစ်ရက်လုံး အချည်ခံထားရတာ မနေ့ညက အိပ်လို့တောင် မပျော်ဘူး...မနက်အိပ်ရာနိုးမှ သက်သာတယ်...ခင်ဗျားတို့ ဘယ်တော့မှ ကျွန်တော့်ကို နှိပ်စက်တာရပ်မှာလဲ......"
Xxxxxx
Chapter 90
ယန်ဟန်က အသနားခံနေသည့် ကျိုးဝမ်လုံ ကို ကြည့်ပြီး သူမဘသာသူမ တွေးမိသွားရသည်။
'ဒီလူက တစ်ကယ့်ကို သူရဲဘောကြောင်တာပဲ...မနေ့တုန်းက သူ စိတ်ဆိုးနေတာ မဟုတ်ဘူးလား... အယောင်ဆောင်ကျားပဲ...'
"မနက်ဖြန် ရှင့်ပုံစံကို ကြည့်လိုက်ဦးမယ်...ရှင် ကောင်းကောင်းနေရင် နောက်နှစ်ရက်လောက်အထိ ကြိုးမတုပ်ဘူး...."
ထို့နောက် ယန်ဟန် က လှည့်ကြည့်ကာ စမ်းသပ်စင် ဆီသို့ လှည့်ထွက်သွား လေသည်။
လီနန်ရှန့် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ယန်ဟန် နှင့် ဟန်ခိုင် တို့က သူ့ကို တစ်ယောက်တည်း ထားခဲ့ကာ အလုပ်လုပ်ရန် စမ်းသပ်စင် ဆီသို့ သွားကြလေသည်။
ကျိုးဝမ်လုံ မှာ ဒေါသထွက်နေပြီး သနားစရာလည်း ကောင်းနေတော့သည်။ လီနန်ရှန့် က ကြိုးကို ယခင်နေ့ကထက် နှစ်ဆပို၍တင်းကျပ်စွာ တုပ်နှောင်ထားလေသည်။ယခင်နေ့ကလည်း သူ့မှာ ညဘက် ရောက်သောအခါ လှေကားမှပင် မဆင်းနိုင်တော့ပေ။
ကျိုးဝမ်လုံ မှာ မျက်မှောင်ကြုတ်ကာ ကြမ်းပြင်ကို စိုက်ကြည့်နေလေသည်။
သူ နေ့ခင်းဘက် ရောက်သောအခါ ကုလားထိုင်ကို မှီကာ ဟောက်သံများ ထွက်သည်အထိ အိပ်ပျော်သွားသော်လည်း ယန်ဟန် အသံကြောင့် ရုတ်တရက် နိုးလာရသည်။
“ဟန်ခိုင်...နံပါတ် ၀၈၉ က ရန်လိုတာတွေ သိသိသာသာ လျော့သွားတယ်...သူ့ကိုယ်ပေါ်က အသားပုပ်တွေကလည်း နည်းသွားတယ်...သူ့မျက်လုံးကို ဓာတ်မီးနဲ့ ထိုးလိုက်ရင်လည်း သူငယ်အိမ်က နည်းနည်းကျုံ့သွားပြီ... ဒါကြောင့် အင်ဇိုင်း နံပါတ် ၀၈၉ က သိသိသာသာ အနာကျက်နေပြီ...အဲ့တော့ နံပါတ် ၀၈၉ မှာရှိတဲ့ အင်ဇိုင်းဟာ ကျွန်မတို့ ရှာနေတဲ့ gene cleavage အင်ဇိုင်း ဖြစ်နိုင်တယ်..."
ကျိုးဝမ်လုံ သည် ဇီဝဗေဒကျောင်းသားတစ်ဦးဖြစ်ပြီး CDC တွင် R ဗိုင်းရပ်စ်ကို သုံးနှစ်ကျော် လေ့လာခဲ့ သူဖြစ်၍ အနည်းငယ် ရူးနှမ်းသော်လည်း ယန်ဟန် ပြောသည့်အဓိပ္ပါယ်ကို ကောင်းစွာ နားလည်လေသည်။
Cleavage အင်ဇိုင်း...
R ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပစ္စည်းမှာ RNA ဖြစ်ပြီး အလွန်မတည်မငြိမ်သဖြင့်ဗီဇပြောင်းရန် လွယ်ကူလေသည်။ ထို့ကြောင့် R ဗိုင်းရပ်စ် မျိုးကွဲအားလုံးအတွက် သင့်လျော်သော Antigen ကို ရှာဖွေရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။ သို့သော် တိကျသော ဗီဇဖြတ်တောက်နိုင်သည့် အင်ဇိုင်းတစ်ခုဖြစ်လျှင် အခြေအနေများအားလုံး ကွဲပြားသွားနိုင်သည်။ အကယ်၍ ဤ cleavage အင်ဇိုင်း သာ ခန္ဓာကိုယ်ထဲတွင် ရှိနေပါက R ဗိုင်းရပ်စ် သည် လူ့ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်လိုက်သည်နှင့် cleavage အင်ဇိုင်း က R ဗိုင်းရပ်စ် ၏ မျိုးရိုးဗီဇပစ္စည်းကို ချက်ချင်းဖြတ်သွားမည်ဖြစ်ပြီး လက်ခံကောင်ထဲ ရှိ R ဗိုင်းရပ်စ် သည် အသက်မဝင်နိုင်တော့ပေ။
CDC မှ သုတေသီများနှင့် ပရော်ဖက်ဆာများ အားလုံးသည် သုတေသန၏ အစဦးပိုင်းကတည်းက အဆုံးသတ်သွားရခြင်း ဖြစ်သည်။ ထိုကဲ့သို့ သံသရာလည်နေသောကြောင့် စမ်းသပ်မှုမှာ တိုးတက်လာခြင်းမရှိဘဲ သုံးနှစ်ကျော်ကြာ ရပ်တန့်သွားခဲ့ရခြင်း ဖြစ်လေသည်။
ဤကဲ့သို့သော ပြဿနာကြီးကို ဤလူနှစ်ဦးက အချိန်တိုအတွင်း ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီး cleavage အင်ဇိုင်း ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။ကျိုးဝမ်လုံ သူတို့နှစ်ယောက်၏ အရည်အချင်းကို မချီးကျူးပဲမနေနိုင်တော့။
“ဟန်ခိုင်... အင်ဇိုင်းနံပါတ် ၀၈၉ က ကြွက်တွေနဲ့ဆိုရင် ရလဒ်ကောင်းတဲ့အတွက် နောက်တဆင့်ကတော့ လူသားတွေကို စမ်းသပ်ကြည့်ဖို့ပါပဲ...”
ယန်ဟန်က ဟန်ခိုင် အား စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကျိုးဝမ်လုံ သည် လူသားများအား စမ်းသပ်မှုများ ပြုလုပ်တော့မည်ကို ကြားသည်နှင့် တပြိုင်နက် ဤတိုးတက်မှုကို လျန့်ချောင် အား အမြန်ဆုံး ပြောပြသင့်သည်ဟု သူထင်လိုက်သည်။
—-
ထိုညတွင် ကျိုးဝမ်လုံ သည် ကုတင်ပေါ်တွင် ထိုင်ကာ ထုံကျင်နေသော ခြေလက်များကို အချိန်အတော်ကြာအောင် ထုရိုက်နေပြီးနောက် လျန့်ချောင် ၏အခန်းသို့ ပြေးသွားကာ ယန်ဟန် ၏ စမ်းသပ်လုပ်ဆောင်မှုဆိုင်ရာ အသေးစိတ်ကို သွားပြောလိုက်သည်။ ကျိုးဝမ်လုံ က ဟန်ခိုင်သည် အလွန်ထူသော သိုင်းကြိုးတစ်ချောင်းကို ငှားလာပြီး သူ့ကိုကုလားထိုင်ပေါ်တွင် တစ်ရက်လုံး ကြိုးချည်ထားကြောင်း လျန့်ချောင် အား ပြောလိုက်သည်။ ညမှောင်လာသောအခါ သူ့ကို ချည်ထားသော ကြိုးကို ဖြည်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသကဲ့သို့ ဖြစ်နေပြီး လှေကားထစ်မှ ဆင်းလိုက်လျှင်လည်း ခြေထောက်များမှာ တုန်လှုပ်သွားရသည်။ ဟန်ခိုင် က သူ့ကို နေ့တိုင်း ပုံစံအမျိုးမျိုးနှင့် ပညာပြနေသဖြင့် ထိုဓာတ်ခွဲခန်းကို ထပ်မသွားရဲတော့ကြောင်း အလုံးစုံ လျန့်ချောင်အား ဖောက်သည် ချနေတော့သည်။
လျန့်ချောင် သည် ကျိုးဝမ်လုံ ပြောခဲ့သော ယန်ဟန် ၏ စမ်းသပ်မှု တိုးတက်လာသည့် အပေါ်တွင် အာရုံစူးစိုက်နေခဲ့သည်။ ကျိုးဝမ်လုံ ငြီးတွားနေသည်ကို လျစ်လျူရှုလိုက်ပြီး သူ့စကားများက ဘယ်ဘက်နားထဲကို ဝင်လာပြီး ညာဘက်နားမှ ထွက်သွားကြသည်။
"Cleavage အင်ဇိုင်း..."
လျန့်ချောင် က အဝေးကိုကြည့်ရင်း ရေရွတ်လိုက်သည်။
"သူမ တွေးမိနိုင်တယ်...ယန်ဟန် က အရမ်းတော်တာ..."
အချိန်တိုအတွင်း နည်းလမ်းမှန်ကို သူမ တွေ့ရှိခဲ့ရုံသာမက R ဗိုင်းရပ်စ်ကို ကုသရန် သော့ချက်ကိုလည်း တွေ့ရှိခဲ့သည်။ ကာကွယ်ဆေးထုတ်လုပ်ရန် အလွန်ဆုံး တစ်လခန့် အချိန်ယူရမည် ဖြစ်ပုံရသည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း အလုပ်ကြိုးစားရပေမည်။ ကံကောင်းစွာနှင့် သူ ယခင်နေ့က လျှို့ဝှက်ပြီး လုံခြုံသောနေရာကို ရှာတွေ့ခဲ့ပြီး ဖြစ်၍ နောက်တစ်ဆင့်မှာ လက်တွေ့စမ်းသပ်ရန် သက်ရှိလူသားကို ရှာဖွေရန် ဖြစ်သည်။
"ပရော်ဖက်ဆာ လျန့်... ပရော်ဖက်ဆာ လျန့်..."
ကျိုးဝမ်လုံ က လျန့်ချောင် ၏ အမည်ကို အချိန်အတော်ကြာအောင် ခေါ်နေသည်ကို ပြန်မထူးသဖြင့် လှမ်းအော်သည်။
"ဘာဖြစ်နေတာလဲကွာ..."
"ပရော်ဖက်ဆာ လျန့် က ဘာဆက်လုပ်မှာလဲ..."
"ဪ...မင်း ယန်ဟန်ရဲ့ စမ်းသပ်မှုအကြောင်း ပြောနေတာပဲ... ထုံးစံအတိုင်း အရင်သွားကြည့်ရမယ်... နည်းနည်းတော့ ရှုပ်တယ်... ငါဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရဦးမယ်...”
ယန်ဟန် ၏ စမ်းသပ်မှုကို ကိုင်တွယ်ရန် သူ့တွင် အချိန်မရှိသောကြောင့် ဟွမ်ကျစ်ပင်း ကိုသာ ဖြေရှင်းခိုင်းရမည် ဖြစ်သည်။
"ဟာ...ကျွန်တော် ဟန်ခိုင် ရဲ့ ဓာတ်ခွဲခန်းကို သွားရဦးမှာလား...."
ကျိုးဝမ်လုံ က စိတ်မချမ်းသာစွာ ပြောလိုက်သည်။
"ဘာလို့လဲ... မသွားချင်ဘူးလား..."
လျန့်ချောင် က သူ့ကို ဓားသွားကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ကျိုးဝမ်လုံ ထိတ်လန့်သွားရပြီး ကမန်းကတန်း ပြောလိုက်သည်။
“ကျွန်တော် မသွားချင်လို့ မဟုတ်ပါဘူး...သူတို့ ဓာတ်ခွဲခန်းကို သွားတိုင်း ဟန်ခိုင် က ကျွန်တော့်ကို ကြိုးနဲ့ တစ်နေ့လုံး ချည်ထားကြမှာ...”
“မင်း ရိုးရိုးသားသား နေရင် သူတို့က မင်းကို ကြိုးနဲ့ချည်မှာ မဟုတ်ဘူး... ဒါကို ငါအရင်က မပြောဖူးဘူးလား.... ဟုတ်ပြီ... ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်..."
ကျိုးဝမ်လုံ သည် စိတ်အနှောက်အယှက် မဖြစ်ရဲတော့ဘဲ စိတ်မချမ်းသာစွာဖြင့်သာ ထွက်သွားလေသည်။
Xxxxxxx