အပိုင်း ၉၁-၉၂
Viewers 5k

Chapter 91


ကျိုးဝမ်လုံ ထွက်သွားပြီးနောက် လျန့်ချောင် သည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။ခဏအကြာတွင်  ဟွမ်ကျစ်ပင်း ၏အခန်းသို့သွားလိုက်သည်။  


လျန့်ချောင် က ဟွမ်ကျစ်ပင်း အခန်းတံခါးကို လာခေါက်ချိန်မှာ ဆယ်နာရီထိုးခါနီးပြီ ဖြစ်သည်။ ဟွမ်ကျစ်ပင်း သည် အိပ်ရာဝင်ရန် ပြင်နေစဉ် အခန်းတံခါးခေါက်သံကြား လိုက်ရလေသည်။


"ဘယ်သူလဲ..." 


ဟွမ်ကျစ်ပင်း က သမ်းဝေလိုက်ရင်းမေးလိုက်သည်။ 


"မစ္စတာ ဟွမ်...ကျွန်တော် လျန့်ချောင် ပါ..."


ဟွမ်ကျစ်ပင်း က တံခါးကို အလျင်စလိုသွားမဖွင့်ဘဲ အိပ်ယာခင်းရင်း လှမ်းမေးလိုက်သည်။


" ညကြီးအချိန်မတော်...ဘာကိစ္စရှိလို့လဲ..."


 "မစ္စတာ ဟွမ်...အခု လုပ်စရာတွေ အရမ်းများနေပြီ...ကျွန်တော် ပြောပြမယ်.... အဲဒါ… ကာကွယ်ဆေး ကိစ္စပါ....”


ဟွမ်ကျစ်ပင်း က ယခုလာရသည့် ကိစ္စကို စိတ်ဝင်စားသွားစေရန် လျန့်ချောင်က ကာကွယ်ဆေးအကြောင်း ထည့်ပြောလိုက်သည်။ ကာကွယ်ဆေးအကြောင်း ကြားလိုက်သည်နှင့် ဟွမ်ကျစ်ပင်း သည် အိပ်ယာခင်းနေတာကို ရပ်ထားလိုက်ပြီး သူ့လက်ထဲက စောင်ကို ချလိုက်ကာ တံခါးကို ပြေးဖွင့်လိုက်သည်။ 


လျန့်ချောင် ဝင်လာပြီး တံခါးမပိတ်ခင် ဟွမ်ကျစ်ပင်း က မေးလိုက်သည်။


"ယန်ဟန် က ကာကွယ်ဆေး တီထွင်လိုက်တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား" 


လျန့်ချောင် က အခန်းအပြင်ဘက်ကို  ခေါင်းပြူလိုက်ပြီး အပြင်ဘက်တွင် တခြားလူများရှိ၊မရှိကို စစ်ဆေးလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။


“တီထွင်လို့ ရခါနီးနေပြီ... ဒါပေမယ့် အကုန်လုံး မလေ့လာရသေးဘူး... ကြွက်တွေကို စမ်းသပ်ကြည့်လိုက်တာ ရန်လိုတာတွေတော့ သိသိသာသာ လျော့သွားတယ်တဲ့...အဲ့ဒီပြန်ကောင်းလာတဲ့ ကြွက်တွေကလည်း  R ဗိုင်းရပ်စ် မကူးစက်ထားတဲ့ ကြွက်တွေနဲ့လည်းမတူဘူး... နောက်တစ်ဆင့်ကတော့ လူမှာ စပြီး စမ်းသပ်မယ်လို့ ယန်ဟန်ကပြောတယ်...."


 "အရမ်းမြန်တယ်နော်..." 


"ဟုတ်တယ်... ဒီလောက်ကြီး မြန်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး... CDC က ပရော်ဖက်ဆာတွေနဲ့ သုတေသီ တော်တော်များများလည်း  လေ့လာခဲ့တာပဲ...သုံးနှစ်ကျော်ကြာတဲ့အထိ ဘာမှ မတွေ့ခဲ့ပေမယ့် ယန်ဟန်က တစ်လအတွင်း ဖြေရှင်းနိုင်ခဲ့တယ်..."


"ငါဘာဆက်လုပ်ရမလဲ..."


ယန်ဟန်သည် ကာကွယ်ဆေးကို သုတေသန လုပ်တော့မည်ကို ဟွမ်ကျစ်ပင်း သိရသောအခါ သူ ထိတ်လန့်သွားရသည်။


"မဖြစ်ဖြစ်အောင် တားရမှာပေါ့..." 


လျန့်ချောင် က သူပြောချင်သည့် စကားတစ်ဝက်သာ ပြောပြီး ဟွမ်ကျစ်ပင်း ကို တစ်ချက် ကြည့်လိုက်သေးသည်။ 


"ဒါပေါ့...တားရမှာပေါ့...ဒါပေမယ့် ဘယ်လိုလုပ် တားရမလဲ..." 


"ဘယ်လိုတားရမလဲ ဆိုတော့ ကျွန်တော့်မှာ နည်းလမ်းရှိတယ်..." 


လျန့်ချောင် က ဟွမ်ကျစ်ပင်း အလျင်လိုနေသည်ကို မြင်သောအခါ တည်ငြိမ်စွာပြောလိုက်သည်။


 "ဘာနည်းလဲ..."


"ကာကွယ်ဆေးသုတေသနရဲ့သော့ချက်က ယန်ဟန် မှာ ရှိတယ်လေ...ကျွန်တော်တို့ လုပ်ရမှာက..." 


လျန့်ချောင် က ဟွမ်ကျစ်ပင်း အား "သူမကို သတ်ပစ်လိုက်ပါ..." ဟု ပါးစပ်လှုပ်ရုံသာ ပြောပြီး ထပ်ပြောပြန်သည်။ 


"အားလုံး သုညဘဝကို ပြန်ပို့ရမယ် မဟုတ်လား..." 


ဟွမ်ကျစ်ပင်း က ချက်ချင်း ငြင်းဆိုလိုက်သည်။ 


"မလုပ်ဘူး...ဘာပဲဖြစ်ဖြစ် သူမဟာ ငါ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တဲ့ ငါ့သမီးပဲ...သူမကို လုံးဝ သတ်မပစ်နိုင်ဘူး.." 


"ဒါဆိုရင် နောက်ကို တစ်လှမ်းပဲဆုတ်လိုက်...အဲ့ဒါက‌တော့ ယန်ဟန်ကို သော့ပိတ်ထားရမှာပဲ... ယန်ဟန်သာ ရုတ်တရက် ပျောက်သွားရင် ဟန်ခိုင် ကလည်း ကာကွယ်ဆေးကို တီထွင်နိုင်မှာမဟုတ်ဘူး...ဒါဆိုရင် ကျွန်တော်တို့ လိုချင်တာ ရပြီပေါ့..." 


ဟွမ်ကျစ်ပင်း သည် ဤနည်းလမ်းကို ဖြစ်နိုင်သည်ဟု တွေးကာ ခေါင်းညိတ်လိုက်သည်။


 "ဒါဆို ယန်ဟန်ကို ဘယ်လိုဖမ်းရမလဲ..."


လျန့်ချောင် က ဟွမ်ကျစ်ပင်း ကို ပြုံးပြုံးလေးကြည့်ကာ 


"ကျွန်တော် စဉ်းစားပြီးပါပြီ..."


ထို့နောက် ဟွမ်ကျစ်ပင်း နားနားသို့ကပ်ပြီး တီးတိုး ပြောလိုက်သည်။ ဟွမ်ကျစ်ပင်း က နားထောင်ပြီးနောက် လျန့်ချောင်  ပခုံးကို ပုတ်လိုက်ပြီး ကျေနပ်စွာဖြင့် ပြောလိုက်သည်။ 


"မင်းက တစ်ကယ် အားကိုးရတယ်.." 


လျန့်ချောင် သည် လှည့်ကွက်သုံးလိုက်ပြီး ဤကိစ္စကို ဟွမ်ကျစ်ပင်း လက်ထဲသို့ အောင်မြင်စွာ တွန်းပို့နိုင်ခဲ့သည်။ သူ့အခန်းသို့ ပြန်လာရာ လမ်းတစ်လျှောက် လျန့်ချောင် က ညစ်ကျယ်ကျယ် ပြုံးမိသွားရသည်။ ထို့နောက် သူက အခန်းထဲဝင်လာပြီး စားပွဲရှေ့ထိုင်လိုက်ပြီး မှတ်စုစာအုပ်ထဲတွင် အစီအစဉ်များကို စတင်ချရေးလိုက်သည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ပြုလုပ်လာသော သူ့အကျင့် ဖြစ်ပြီး တစ်ခုခုမလုပ်မီ စာအုပ်ထဲတွင် အသေးစိတ် အစီအစဥ်တစ်ခုကို ရေးထားတတ်သည်။ 


' စူပါဇွန်ဘီဘုရင်ကို ဖန်တီးဖို့ဆိုရင် R ဗိုင်းရပ်စ်အသစ်ရယ် လွယ်လွယ်မပျက်နိုင်တဲ့ လှောင်အိမ် နဲ့ လူတွေအများကြီး လိုတယ်'


Xxxxxxxxxx


Chapter 92


CDC တွင်ရှိစဉ် လျန့်ချောင် သည် R ဗိုင်းရပ်စ်ကို မျိုးဗီဇပြုပြင်ပြီး ကြွက်များတွင် စမ်းသပ်ခဲ့သည်။ ဤ R ဗိုင်းရပ်စ်အသစ် ထိုးသွင်းထားသော ကြွက်များသည် အလွန်အမင်း ရန်လိုလာပြီး ခန္ဓာကိုယ်၏ ကြွက်သားဖွဲ့စည်းပုံလည်း သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ရသည်။ ကြွက်များ၏ ကြွက်သားဖွဲ့စည်းပုံ အပြောင်းအလဲကြောင့် R ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသော ကြွက်များသည် သာမန်ကြွက်များထက်  တစ်ဆခွဲနီးပါး အရွယ်အစားပိုကြီးလာလေသည်။


နောက်ပိုင်းတွင် သူ စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့သည်။ R ဗိုင်းရပ်စ် ကူးစက်ခံထားရသော ကြွက် သို့မဟုတ် သာမန်ကြွက် တို့တွင် R ဗိုင်းရပ်စ်အသစ်ကို သူတို့ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်လျှင် ခက်ထန်ကြမ်းတမ်းသော ရန်လိုမှု နှင့် တုံ့ပြန်မှုအရှိန်တို့ မြန်ဆန်လာခြင်း တို့ ဖြစ်ပေါ်လာမည် ဖြစ်သည်။ သူက ထိုကြွက်များ၏ အပြောင်းအလဲများကို မှတ်တမ်းတင်ထားပြီး ညပေါင်းများစွာ အိပ်မပျော်နိုင် လောက်အောင်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ 


ထိုအချိန်မှစ၍ လျန့်ချောင် သည် လူသားများတွင် စမ်းသပ်မှုများ ပြုလုပ်ရန် အခွင့်အလမ်းများကို ရှာဖွေနေခဲ့သည်။ အကယ်၍ သူ ကျွန်းပေါ်တွင် လူသားများအား စမ်းသပ်မှုများကို ပြုလုပ်ပါက တစ်ကျွန်းလုံး ကမောက်ကမ ဖြစ်သွားမည်ကိုလည်း ကြောက်ရွံ့နေမိသည်။ အချိန်အတော်ကြာပြီးနောက် အခွင့်အရေး ရှာမတွေ့သောကြောင့် လူသားများတွင်စမ်းသပ်မှု ပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သည်။ တစ်နေ့တွင် ကျီကျောက်ယန် က ဗီဇပြောင်းဇွန်ဘီ တစ်ကောင်ကို ဖမ်းထားကြောင်း သုတေသီတစ်ဦး ထံမှ ကြားခဲ့ရ၏။ ကျီကျောက်ယန် ဖမ်းထားသော ဗီဇပြောင်းဇွန်ဘီသည် အလွန်ထူးဆန်းပြီး သူမ၏ အပြုအမူကိုလည်း ‌ကောင်းစွာ ထိန်းချုပ်နိုင်သည်ဟု ထိုသုတေသီက ပြောလေသည်။


အခြားသုတေသီ အားလုံးကလည်း ဗီဇပြောင်း ဇွန်ဘီအကြောင်းကို သိချင်စိတ်ပြင်းပြနေကြလေသည်။လျန့်ချောင် ကိုယ်တိုင်လည်း သိချင်နေသဖြင့် အလုပ်ပြီးသည်နှင့် အပျော်သဘောကြည့်ရန် ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းကို သွားခဲ့လိုက်သည်။ သူ ကျီကျောက်ယန်၏ ခွဲခန်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာစဉ် အဝေးမှပင် အတွင်းထဲက ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။သူကလည်း အထဲမဝင်ဘဲ အပြင်မှာသာ ပုန်းပြီး ခိုးနားထောင်လိုက်သည်။ တစ်မိနစ် နှစ်မိနစ်ခန့် နားထောင်ပြီးချိန်၌ အထဲတွင် ဘာဖြစ်နေမှန်း သူနားလည်သွားရသည်။ 


ကျီကျောက်ယန် သည် ဗီဇပြောင်းဇွန်ဘီကို ဖမ်းထားကြောင်း CDC မှ အခြားလူများကလည်း ကြားသိရပြီး အပျော်တမ်းကြည့်ရန် လာကြရာမှ ထိုဇွန်ဘီကို ကာကွယ်ဆေး လေ့လာရန် စမ်းသပ်မှုအဖြစ် အသုံးပြုမည််စိုး၍ ကျီကျောက်ယန် က အခြားပရော်ဖက်ဆာများကို ကြည့်ခွင့်မပေးခဲ့ပေ။ထို့ကြောင့် ကျီကျောက်ယန် နှင့် အခြားသုတေသီများ တစ်ယောက်တစ်ခွန်း စကားများခဲ့ရသည်။ အခြားပါမောက္ခများ ပြန်သွားသောအခါ လျန့်ချောင် သည် ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းသို့ ဝင်သွားလိုက်သည်။ 


သာမာန်အားဖြင့် CDC တစ်ခုလုံးတွင် ကျီကျောက်ယန် နှင့် သူ၏ ဆက်ဆံရေးမှာ ကောင်းမွန်ခဲ့သည်။ ကျီကျောက်ယန် သည် CDC ၏ ထိပ်တန်းခေါင်းဆောင်ဖြစ်သည့် သူ့ဖခင်ကို အားကိုးသူ ဖြစ်ပြီး ဖခင်ကြောင့် ဘဝင်မြင့်နေသူ တစ်ဦးလည်း ဖြစ်သည်။


ဇွန်ဘီ ဗိုင်းရပ်စ်မဖြစ်ပွားမီက CDC မှ ပရော်ဖက်ဆာ များသည် အရည်အချင်း ရှိသူများဖြစ်ပြီး ပညာမာနကိုယ်စီ ရှိကြသဖြင့် ကျီကျောက်ယန် ကို အထင်အမြင်သေးခဲ့ကြသည်။


လျန့်ချောင် မှာမူ ကျီကျောက်ယန် ကို  မြှောက်ပင့်ပေါင်းတတ်ပြီး ကျီကျောက်ယန်  ကလည်း သဘောကျသဖြင့် နှစ်ယောက်သား ရင်းနှီးသွားကြလေသည်။ ကျီကျောက်ယန် က သူဖမ်းထားသည့်ဇွန်ဘီက ယန်ဟန် ဟု ပြောလိုက်သည့်အခါ သူ ပို၍ပင် သိချင်လာရသည်။ 


 ထို့ကြောင့် လျန့်ချောင် က ဉာဏ်နီ ဉာဏ်နက်မှန်သမျှ ထုတ်သုံးကာ  ကျီကျောက်ယန် ၏ ဗီဇပြောင်း ဇွန်ဘီကိုတိတ်တဆိတ် ကြည့်နိုင်မည့် နည်းလမ်းရှာဖွေတော့သည်။


ရက်အနည်းငယ် ကြာသောအခါ ကျီကျောက်ယန် ကို လျှို့ဝှက်စောင့်ကြည့်ခဲ့ရာ ကျီ‌ကျောက်ယန် က  ဓာတ်ခွဲခန်းနံပါတ်- ၇၁၂ သို့ မကြာခဏသွားလေ့ရှိပြီး ထိုအခန်းထဲတွင် အချိန်ကြာမြင့်စွာ နေတတ်သည်ကို တွေ့ခဲ့ရလေတော့သည်။


လူတော်တော် များများ မသိသေးသည့် လျှို့ဝှက်ချက် တစ်ခုမှာ လက်နက်ကိုင်တပ်ဖွဲ့ဌာန၏ အဓိကတာဝန်ရှိသူမှာ ဟွမ်ကျစ်ပင်း ဖြစ်ပြီး စောင့်ကြည့်ရေးကဏ္ဍကိုလည်း ပိုင်နိုင်ထားသူဖြစ်သည်။ CDC ဓာတ်ခွဲခန်း သော့များအားလုံးကို အရန်သိမ်းထားကြပြီး အရန်သော့များကို လက်နက်ကိုင်တပ်ဖွဲ့ဌာနတွင် သိမ်းဆည်းထားလေသည်။ လက်နက်ကိုင်တပ်ဖွဲ့ဌာနကို ဟွမ်ကျစ်ပင်း က လျှို့ဝှက်ထိန်းချုပ်ထားပြီး အရန်သော့များကိုလည်း အသုံးပြုနိုင်သူ ဖြစ်သည်။


ထို့နောက် လျန့်ချောင် သည် ကျီကျောက်ယန် ထွက်သွားပြီး‌နောက် အခန်းနံပါတ် -၇၁၂ ၏ အရန်သော့ကိုယူကာ လက်နက်အပြည့်အစုံဖြင့် ထိုအခန်းသို့ သွားလိုက်သည်။လျန့်ချောင် သည် အကင်းပါးသူဖြစ်၍ ကျီကျောက်ယန် ၏ သံသယဖြစ်တတ်သည့် အကျင့်ကို အနည်းနှင့်အများ သိနားလည်ထားသည်။ ကျီကျောက်ယန် သည် အခန်း နံပါတ်-၇၁၂တွင် စောင့်ကြည့်ကင်မရာ တပ်ဆင်ထားမည်ဖြစ်၍ သူ့ကိုယ်သူ လုံလုံခြုံခြုံ ဝတ်ဆင်ကာ ဝင်သွားလိုက်ရာ ဓာတ်ခွဲခန်းထဲတွင် ဇွန်ဘီလှောင်အိမ် တစ်ခုကို တွေ့လိုက်ရပြီး လှောင်အိမ်ထဲတွင် ယန်ဟန် ရှိနေလေသည်။


အမှန်အတိုင်း ဆိုရလျှင် ယန်ဟန်ကို မြင်လိုက်ရသောအခါ လျန့်ချောင် အမှန်တစ်ကယ် အံ့အားသင့်သွားရသည်။ ကမ္ဘာပေါ်တွင် ဤမျှ တိုက်ဆိုင်မှု များ ရှိလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ခဲ့ဖူးပေ။ သူ အခန်းထဲတွင် အကြာကြီး မနေရဲဘဲ ဆယ်မိနစ်ခန့် အကြာတွင် ပြန်ထွက်သွားလေသည်။


သူရုံးသို့ပြန်ရောက်သောအခါ ထိုကိစ္စကို စပြီး စဉ်းစားနေမိခဲ့သည်။ ကျီကျောက်ယန် သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ယန်ဟန် အကြောင်း သူ့အားပြောသောအခါ သူကလည်း ဟန်ခိုင် အကြောင်းကို ကျီ‌ကျောက်ယန် အား ပြောခဲ့ဖူးသည်။ အဖြစ်အပျက်ကြီး တစ်ခုလုံးသည် ဝတ္ထုဆန်ပြီး ဇာတ်ကောင်များကြားမှ ဆက်ဆံရေးသည်လည်း ရှုပ်ထွေးနေလေသည်။ 


ထို့နောက် သူက အခန်းနံပါတ် -၇၁၂ ၏သော့ကို ကူးယူထားကာ ဟန်ခိုင် ၏အံဆွဲထဲတွင် တိတ်တဆိတ် ထည့်ထားလိုက်သည်။ သေချာသည်မှာ ထို‌နေ့ည၌ ဟန်ခိုင် က ယန်ဟန် ဆီသွားခဲ့လေသည်။ ထို့နောက် ဟန်ခိုင် နှင့် ကျီကျောက်ယန် တို့အငြင်းပွားခဲ့ကြပြီး ကျီကျောက်ယန် ကို ယန်ဟန် ကကိုက်ပစ်လိုက်လေသည်။


တစ်ကယ်တမ်းတွင် လျန့်ချောင် မျှော်လင့်ထားသည်ထက် အခြေအနေများဆိုးသွားခဲ့ပြီး ကျီကျောက်ယန် ကဘာကြောင့် ညသန်းခေါင်တွင် ဓာတ်ခွဲခန်းကို ရောက်လာရမှန်း သူမသိခဲ့ပေ။ သို့သော် ကျီကျောက်ယန် ကို ဇွန်ဘီကိုက်လိုက်သဖြင့် လျန့်ချောင် မှာ အကောင်းဆုံး အခွင့်အရေးကြီးတစ်ခုကို ရလိုက်လေသည်။ ကျီကျောက်ယန် ဇွန်ဘီဖြစ်သွားရန် အနည်းဆုံး တစ်နာရီ သို့မဟုတ် နှစ်နာရီအချိန်ကြာမည် ဖြစ်သည်။ ထို့ကြောင့် လျန့်ချောင် သည် သူ၏ R ဗိုင်းရပ်စ်အသစ်ကို စမ်းသပ်ရန် ကျီကျောက်ယန် ကို အသုံးချခဲ့လေသည်။


ထိုကဲ့သို့သော အကြံသည် မည်သည့်နေရာမှ ထွက်လာမှန်း မသိတော့ပေ။ 


လူအများသည် သူတို့စိတ်ထဲတွင် ပေါ်လာတတ်သည့် ထူးထူးဆန်းဆန်း အတွေးတစ်ခုကြောင့် သူတို့၏ မူလရည်ရွယ်ချက်ကို ပြောင်းလဲသွားခြင်းတို့ ဖြစ်ဖူးကြလေသည်။


လျန့်ချောင် သည် R ဗိုင်းရပ်စ်အသစ်၏ အာနိသင်မှာ ကျီကျောက်ယန် ကို ဇွန်ဘီဘုရင်အဖြစ် ပြောင်းလဲလိုက်သည်ကိုမသိရ‌သောအခါ သူစိတ်ပြောင်းသွားရသည်။ ထိုအချိန်မှစ၍ သူ့စိတ်ထဲတွင် အခြားအရာများကို မတွေးတော့ဘဲ ဇွန်ဘီဘုရင် ကျီကျောက်ယန် ထက် ပိုအစွမ်းထက်‌သော ဇွန်ဘီမျိုးစိတ်တစ်ခုကို ဖန်တီးချင်နေခဲ့လေသည်။


Xxxxxx