အပိုင်း ၉၃-၉၄
Viewers 6k

Chapter 93


ဓာတ်ခွဲခန်းသို့သွားရာလမ်းတွင် ယန်ဟန်သည် အင်ဇိုင်းများကို ဖြတ်တောက်မည့်ကိစ္စကို စဉ်းစားနေသောကြောင့် သူမ လှေကားထစ်ပေါ်တက်နေစဉ် သူမနှင့် ရင်းနှီးသော လူတစ်ယောက်ကို မြင်လိုက်သော်လည်း လှေကားကို ဆက်တက်နေမိသည်။ သူမသည် ထိုသို့သော အပြုအမူများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။တစ်ကယ်တမ်းတွင် သူမ မျက်လုံးက မြင်လိုက်သော်လည်း ဦးနှောက်က အတွေးများနှင့် လုံးထွေးနေ၍ မမြင်ရခြင်း ဖြစ်လေသည်။


ဟွမ်ကျစ်ပင်း သည် ယန်ဟန်က သူ့ကိုမြင်လိုက်သော်လည်း သူမက ဆက်လျှောက်သွားသဖြင့် သူ့ကို ဒေါသထွက်နေသေးသည် ဟု ထင်သွားပြီး စိတ်မကောင်း ဖြစ်သွားရသည်။


 "ယန်... ယန်ဟန်..."  


ယန်ဟန်က သူမနာမည်ကို တစ်ယောက်ယောက်က ခေါ်လိုက်လျှင် သူမ အသိစိတ် ပြန်ဝင်လာပြီး နောက်ကို လှည့်ကြည့်လိုက်သည်။ 


ယန်ဟန် က ခြေလှမ်းရပ်လိုက်သည်ကို မြင်လျှင် ဟွမ်ကျစ်ပင်း ပြုံးမိသွားရသည်။


"ရှောင်ဟန် အဖေ့ကို စိတ်ဆိုးနေတုန်းလား..." 


ယန်ဟန်သည် မွေးစားအဖေဖြစ်သူမှာ မည်သည်ကို ဆိုလ်ိုမှန်း နားမလည်သဖြင့် ကြောင်သွားရပြီး ခေါင်းခါလိုက်သည်။


"မ‌ဆိုးပါဘူး" 


 "‌ တော်သေးတာပေါ့...သမီိး စိတ်မဆိုးနေတာ...တော်သေးတာပေါ့... " 


"ဘာကိစ္စရှိလို့လဲ..."


 


"အိုး... ဟုတ်သားပဲ..အဖေ သမီးကို ပြောစရာရှိတယ်...."


 "အင်း...ပြောပါ..."


ဟွမ်ကျစ်ပင်း က ဘေးဘီကို လှည့်ကြည့်ကာ ပြောလိုက်သည်။


 "ဒီနေရာမှာတော့ ပြောလို့ မကောင်းဘူး...အဖေနဲ့လိုက်ခဲ့...တိတ်ဆိတ်တဲ့နေရာကို သွားရအောင်..."


 


 "ဒီမှာ ဘာလို့ ပြောမကောင်းရမှာလဲ..." 


ယန်ဟန် သည် မွေးစားဖခင်က သူမကို ခေါ်နေသောအခါ မသင်္ကာဖြစ်သွားရသည်။ ယခင်နေ့က စမ်းသပ်မှုမှာ တိုးတက်မှုတစ်ချို့ ရှိခဲ့လေသော်လည်း ဆက်မတိုးတက်လာသဖြင့် စိတ်ရှုပ်နေရလေသည်။ ကျိုးဝမ်လုံ က ကာကွယ်ဆေးအကြောင်းကို ပြန်ပြောလိုက်သည့်အတွက် ဟွမ်ကျစ်ပင်း က သူမအား နံနက်စောစောတွင် လှေကားထိပ်၌ စောင့်နေခြင်း ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ ယခု သူပြောချင်သော ကိစ္စမှာကာကွယ်ဆေးကို ဆက်မပြုလုပ်ကြရန် ပြောခြင်းသာ ဖြစ်ပေလိမ့်မည်။


ယန်ဟန် သတိရှိနေသည်ကို မြင်လိုက်သောအခါ ဟွမ်ကျစ်ပင်း က ငါးစာချလိုက်သည်။


 "ရှောင်ဟန်...အဖေဘာလို့ R ဗိုင်းရပ်စ်ကို ဖော်ရတာလဲဆိုတာ သမီး အမြဲတမ်း သိချင်နေတာ မဟုတ်လား..." 


ယန်ဟန် က စကားမပြောဘဲ သူ့ကိုကြည့်၍နေသည်။ 


"ဒီမှာ ပြောလို့ အဆင်မပြေဘူး..." 


ယန်ဟန် သည် ဟွမ်ကျစ်ပင်း ၏ မျက်လုံးများကို စိုက်ကြည့်ကာ ရင်ထဲကို ရှာကြည့်လိုက်သော်လည်း မမြင်ရဘဲ ရှိနေလေသည်။ သူမ ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဟွမ်ကျစ်ပင်း နှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်လေသည်။  တစ်ချိန်လုံး သုတေသနလုပ်ရင်း စိတ်ရှုပ်မခံချင်တော့ဘဲ အလွန်အရေးကြီးလှသည့် ဗိုင်းရပ်စ်၏ ရည်ရွယ်ချက်ကို သိရန် လိုအပ်လေသည်။ R ဗိုင်းရပ်စ်ကို ထုတ်လုပ်ရန်အတွက် သုတေသနအဖွဲ့တစ်ခု ထူထောင်ကာ ငွေကြေးအမြောက်အမြား သုံးစွဲရခြင်း၏ ရည်ရွယ်ချက်ကို သူမသိချင်လှပေသည်။ အခြေအနေကိုကြည့်၍ မီးစင်ကြည့်ကရမည် ဖြစ်သော်လည်း မည်သို့ပင်ဆိုစေ မွေးစားဖခင်က သမီးဖြစ်သူကို သတ်မည်မဟုတ်ဟု သူမတွက်ထားမိသည်။


ဟွမ်ကျစ်ပင်း သည် ယန်ဟန်ကို အနီးအနားတွင် မည်သူမှ မရှိသော အလွန်ဝေးသည့်‌ နေရာသို့ ခေါ်သွားခဲ့သည်။ ယန်ဟန်က သူ့ကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။


 "မြန်မြန်ပြော... R ဗိုင်းရပ်စ်ကို ဖန်တီးဖို့ အဖေ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ..." 


ဟွမ်ကျစ်ပင်း သည် ချက်ခြင်းပြန်မဖြေဘဲ အတိတ်ကို သတိရနေသကဲ့သို့ အဝေးသို့ ငေးကြည့်နေမိသည်။


 “တကယ်တော့ R ဗိုင်းရပ်စ်ဟာ အဖေတို့ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး... အဖေတို့ရဲ့ မူလရည်ရွယ်ချက်က ကျောက်ရောဂါ ဗိုင်းရပ်စ် ၊ SARS ဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေလိုမျိုး သေဆုံးမှုနှုန်း မြင့်မားတဲ့ ဗိုင်းရပ်စ်ကို လေ့လာဖို့ပဲ... ကူးစက်နှုန်း မြန်ပြီး သေဆုံးမှုနှုန်း မြင့်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကို လေ့လာဖို့ သုတေသန အဖွဲ့တစ်ခု ထူထောင်ပြီး ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံပြီးတော့ လုပ်ခဲ့တာ...အကောင်းဆုံးကတော့ ရောဂါပိုးကူးစက်ပြီး တစ်ရက်အတွင်း သေဆုံးနိုင်တာမျိုးပေါ့... လူတွေဆိုတာ အသန်မာဆုံး သတ္တဝါတွေပဲလေ...အခု ၂၀၂၂ ခုနှစ်ရဲ့ ဆေးဘက်ဆိုင်ရာ အဆင့်အတန်းနဲ့ ဆိုတော့  အချိန်ကောင်းကောင်း ပေးလိုက်တာနဲ့ ရောဂါတွေကို ကုသနိုင်တဲ့ ကာကွယ်ဆေးတွေ မကြာခင် တီထွင်နိုင်တော့မှာပါ..."


ယန်ဟန် သည် ဟွမ်ကျစ်ပင်း ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်ကာ  ရူးနေပြီဟုသာ တွေးလိုက်သည်။


 "R ဗိုင်းရပ်စ်ကို သမီးက မတော်တဆ ဖော်လိုက်လို့ လေထဲမှာ ပျံ့သွားတာ... ဒီစူပါကူးစက်မှုနှုန်းက မယုံနိုင်စရာပဲလေ... သူ့ရဲ့ သေဆုံးမှုနှုန်းကလည်း အံ့သြလောက်အောင် မြင့်တယ်...၉၀% နီးပါးလောက် ချို့ယွင်းသွားတာကတော့...ဟုတ်တယ်.. R ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တွေကိုယ်တိုင် လုပ်ခဲ့တာ... တကယ်မသေပေမယ့် လူသားစားတဲ့ အလောင်းကောင်တွေ ဖြစ်သွားတယ်မလား..." 


ယန်ဟန်က  ဒေါသတကြီးပြောလိုက်သည်။


"ဒီဗိုင်းရပ်စ်ကို အဖေကိုယ်တိုင် လေ့လာထားတာ မလို့လား...ဒီဗိုင်းရပ်စ် ဖြစ်ပြီးတာနဲ့ အဖေလည်း ကူးစက်လိမ့်မယ်လို့ တွေးခဲ့ဖူးလား...တခြားသူတွေအတွက် အဖေစဉ်းစားပေးခဲ့ဖူးလား..."


ဟွမ်ကျစ်ပင်း က ယန်ဟန် ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။


"ရှောင်ဟန် ...အဖေ့ကိုယ်ရေးကိုယ်တာအတွက် ဒီဗိုင်းရပ်စ်ကို ဖန်တီးဖို့ ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံခဲ့တယ် ထင်လား...."


ယန်ဟန် ပြန်မဖြေဘဲ ဆိတ်ဆိတ်သာ နေလိုက်သည်။


 "ရှောင်ဟန်...အဖေ စီးပွားရေးလုပ်လာတာ နှစ်အတော်ကြာနေပြီမို့ ကျွမ်းကျင်နေပြီ... ဒီလိုလုပ်တာက ကိုယ်ရေးကိုယ်တာအတွက် မဟုတ်ဘဲ လူတစ်စုရဲ့အကျိုးအတွက်ရယ်... လူတွေရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ..." 


ယန်ဟန် က ဟွမ်ကျစ်ပင်း ကို အရူးတစ်ယောက်ကို ကြည့်နေရသလို  ရယ်လိုက်သည်။


 "အဖေက လူတစ်စုရဲ့အကျိုးအတွက် နဲ့ လူသားတွေရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီဗိုင်းရပ်စ်ကို တီထွင်ခဲ့တာလို့ ပြောလိုက်တာလား..ကျွန်မက သုံးနှစ်သား ကလေးမဟုတ်ဘူး..အ‌ဖေ ကျွန်မကို လိမ်​ဖို့ စဉ်းစားနေတာလား ..ကျွန်မကို လိမ်​ဖို့ ​တော်​​တော်​​လေးကောင်းတဲ့ဆင်ခြေ ပေးလိုက်တာပဲနော်..." 


 “သမီးနားမလည်နိုင်ဘူး ဆိုတာ သိတယ်... ရှောင်ဟန်...၂၀၂၂ မှာ ကမ္ဘာ့လူဦးရေ သန်းပေါင်း ဘယ်လောက်ရှိလာမယ် ဆိုတာ သမီးသိလား...လာမယ့် နှစ် ၅၀ နဲ့ နှစ်၁၀၀အတွင်း ကမ္ဘာ့လူဦးရေ ဘယ်လောက်ရှိလာမယ် ဆိုတာကိုရော တွက်မိလား...ကမ္ဘာကြီးကို လက်ခံကောင်အဖြစ် တွေးကြည့်လိုက်မယ်ဆိုရင် လူသားတွေဟာ ကပ်ပါးကောင်တွေပဲ.... ကပ်ပါးကောင်တွေဟာ  ပွားများလာပြီး လက်ခံကောင်ဆီက အာဟာရတွေကို အဆက်မပြတ် စုပ်ယူမှာပဲ... နောက်ဆုံးမှာ ဘာဖြစ်မယ်ထင်လဲ... ခန္ဓာကိုယ်ထဲက ကပ်ပါးကောင်အားလုံးကို ဖယ်ရှားဖို့ဆိုရင် အပြင်က ပစ္စည်း တစ်ခုခု ဖြစ်ဖြစ်...လက်ခံကောင် ဖြစ်တဲ့ကမ္ဘာကြီးကပဲ ဖြစ်ဖြစ် အဲ့ဒီကျမှ   လူသားမျိုးစိတ်တွေ မျိုးသုဉ်းသွားမှာ...  ဒါကြောင့် ရေရှည်မှာ ဖွံ့ဖြိုးတိုးတက်ချင်ရင် ကမ္ဘာ့လူဦးရေ ကို လျှော့ချပစ်မှရမယ်..."


"မျိုးစိတ်တွေ မျိုးသုဉ်းသွားမယ် ဟုတ်လား...အဖေက ယုတ္တိမရှိတာကို စိုးရိမ်နေတာပဲ...အဖေပြောတဲ့ နည်းကမှန်ရော မှန်ရဲ့လား...အဖေစဉ်းစားကြည့်ဦး..."


ဟွမ်ကျစ်ပင်း က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။


"အင်း... နားမလည်တဲ့သူတွေကတော့ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး.. ပြောနေလည်း မထူးပါဘူး..." 


ဟွမ်ကျစ်ပင်း ၏စကားဆုံးသွားသည်နှင့် ယန်ဟန် ၏ ဂုတ်ပိုးကိုတစ်စုံတစ်ခုက ပြင်းထန်စွာ ရိုက်လိုက်သလို ခံစားလိုက်ရပြီး သူမမျက်လုံးထဲတွင် မှောင်အတိကျသွားကာ ကြမ်းပြင်ပေါ်  လဲကျသွားလေတော့သည်။


Xxxxxxx


Chapter 94


ဟန်ခိုင် နှင့် လီနန်ရှန့် သည် ဓာတ်ခွဲခန်းသို့ ရောက်လာသော်လည်း ဓာတ်ခွဲခန်းထဲတွင် မည်သူမှ မရှိပေ။


 "ဇွန်ဘီတွေကို အတူတူဖမ်းဖို့ ပြောနေတာ မဟုတ်ဘူးလား....ယန်ဟန် ကို ဘာလို့ မတွေ့ရတာလဲ..."


လီနန်ရှန့် က ထိုင်စရာနေရာရှာပြီး ပြောလိုက်သည်။ ဟန်ခိုင် လည်း အံ့အားသင့်သွားရသည်။


 "ယန်ဟန်က ၀၈၉ ကြွက်ရဲ့ အခြေအနေကို သွားကြည့်ချင်တယ်လို့ ပြောတယ်...အခု ဘာလို့ သူမကို မတွေ့ရတာပါလိမ့်..." 


လီနန်ရှန့် သည် ကြွက်နံပါတ် ၀၈၉ ဟု ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် စိတ်ဝင်တစား ပြောလာသည်။


 "ယန်ဟန် က ဇွန်ဘီဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေးကို ရှာတွေ့ခဲ့တာလား... အဲဒီကြွက်က ဘယ်မှာလဲ... ကြည့်ချင်လိုက်တာ..."


ဟန်ခိုင် က လီနန်ရှန့် က စူးစမ်းလိုစိတ်အပြည့် ဖြစ်နေသည်ကို မြင်လိုက်ရ၍ 089 ကြွက်၏အခြေအနေကိုကြည့်ရန် သူ့ကို အခြားဓာတ်ခွဲခန်းတစ်ခုသို့ ခေါ်သွားသည်။ လီနန်ရှန့် သည် ဟန်ခိုင် နောက်မှ လိုက်ကာ မြို့ထဲသို့ဝင်လာသော တောသားလေးတစ်ယောက်ကဲ့သို့ လိုက်သွားတော့သည်။


ဟန်ခိုင် သည် တံခါးဘေးရှိ မီးကိုဖွင့်လိုက်ရာ နံရံနှင့်ကပ်လျက်တွင် အနက်ရောင် ပိတ်စများတစ်ခုရှိ‌နေကြောင်း လီနန်ရှန့် တွေ့လိုက်ရသည်။ ဟန်ခိုင် သည် အနက်ရောင်ပိတ်စကို ရုတ်လိုက်ရာ လီနန်ရှန့် သည် အနက်ရောင်ပိတ်စမှာ သံလှောင်အိမ်ငယ်များကို ဖုံးအုပ်ထားခြင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သံလှောင်အိမ်ငယ်များတွင် ကြွက်ဖြူများဖြင့် ပြည့်နေလေသည်။ ကြွက်ဖြူအချို့မှာ သေဆုံးနေပြီး အချို့မှာ ဖုတ်ကောင် ကြွက်များအဖြစ်သို့ ပြောင်းလဲသွားကာ လူကို မြင်လိုက်သောအခါ ရန်လိုစွာနှင့် လှောင်အိမ်ကို ကိုယ်လုံးနှင့် ပစ်ဆောင့်နေတော့သည်။


 “ဒါက နံပါတ် ၀၈၉ ကြွက်ပဲ...အစတုန်းက ဒီကြွက်လောက် ရန်လိုတတ်တယ်...” 


ဟန်ခိုင် က ပြောလိုက်လေ၏။ 


 "ဒါဆို အစ်ကို တစ်ကယ် ကာကွယ်ဆေးကို တီထွင်နိုင် တော့မှာပဲ.." 


လီနန်ရှန့် က ကြွက်ဖြူလေးကို ခဏလောက် အံ့အားသင့်စွာ စိုက်ကြည့်ပြီး လက်ညိုးထိုး၍ ပြောလိုက်သည်။


"ဒီကြွက်ဖြူလေး ဒီပုံစံကနေ ပြောင်းသွားဖို့ ဘယ်လောက်ကြာလဲ" 


 


"၄၈ နာရီ..."


 


"၄၈ နာရီ...နှစ်ရက်နဲ့ နှစ်ည ဆိုတော့ တော်တော်မြန်တာပဲ..."


 "ဒါက ကြွက်ဖြူတွေကို စမ်းသပ်တာ... လူနဲ့ စမ်းသပ်မှု မလုပ်ရသေးဘူး... လူတွေဆိုရင် သုံးရမယ့် ပမာဏ နဲ့ အချိန်ကာလကို မသိရသေးဘူး...ဗိုင်းရပ်စ်ကို လုံး၀သတ်ပစ်နိုင်တဲ့ ကာကွယ်ဆေးဖြစ်လာဖို့ အချိန်ယူရဦးမှာပေါ့..."


 "လူသားအားလုံးကို ကယ်တင်ဖို့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလုံး အစ်ကို့ရဲ့ပခုံးပေါ်မှာ ရှိတယ်နော့်..." 


လီနန်ရှန့် က ဟန်ခိုင် ပခုံးကို ပုတ်ပြီး အဓိပ္ပါယ်ရှိရှိ ပြောလိုက်သည်။ ဟန်ခိုင် က လီနန်ရှန့် ကို တစ်ချက် တစ်ချက်ကြည့်လိုက်ပြီး သူ့ပုခုံးပေါ်က လက်ကို ဖယ်လိုက်ပြီး ပြောလိုက်သည်။


 "သွား... ဇွန်ဘီတွေကို ဘယ်လိုဖမ်းရမလဲဆိုတာ အရင်ဆွေးနွေးကြရအောင်..."


နှစ်ယောက်သား ဓာတ်ခွဲခန်းငယ်လေးထဲမှ ထွက်လာသည့်အခါ ကျိုးဝမ်လုံ က ​​လွန်ခဲ့တဲ့ နှစ်ရက်ကလိုပင်  အသာ ထိုင်နေလေသည်။ လီနန်ရှန့် သည် ကျိုးဝမ်လုံ က သူ့ကို ကြောက်ရွံ့စွာ ကြည့်နေသည်ကို မြင်သောအခါ 'တစ်ကယ်ကြိုးတုပ်ခံရတာကို ကြောက်ရှာတာပဲ' ဟုပင် တွေးမိသွားရသည်။


 


"သြော်...ငါမင်းကို ကြိုးမချည်ထားရ သေးဘူး... ဟုတ်ပြီ မင်းကို ချည်ဖို့ကြိုးရှာလိုက်မယ်..." 


"မလုပ်ပါနဲ့...အစ်ကို ဒီနေ့ ကျွန်တော့်ကို ကြိုးမချည်ပါဘူးလို့ မပြောဘူးလား...ဒီတစ်ချောင်းနဲ့တင် နာနေပါပြီ... ကျွန်တော့်လက်တွေကို ကြည့်လိုက်ပါ့လား... အညိုအမည်းတွေကို စွဲနေပြီ..."


ကျိုးဝမ်လုံ က ဝမ်းနည်းစွာ ပြောလိုက်ပြီ သူ့အင်္ကျီလက်များကို လှန်တင်လိုက်သည်။


" ထားလိုက်တော့...ထားလိုက်... " 


ယန်ဟန် ပျောက်နေသဖြင့်  ဟန်ခိုင် မှာ  ကျိုးဝမ်လုံ ကို ပြဿနာရှာဖို့ စိတ်မ၀င်စားနိုင်ပေ။


"အဲ့ကိစ္စကို ဆွေးနွေးရအောင်.." 


ရလဒ်အနေဖြင့် သူတို့နှစ်ဦးသည် စမ်းသပ်စင်ရှေ့တွင်ထိုင်ကာ ဇွန်ဘီများကို ဖမ်းရန် သီးခြားအစီအစဉ်ကို လေသံကလေးဖြင့်ဆွေးနွေးခဲ့ကြပြီး အကြမ်းဖျင်းအစီအစဉ်နှစ်ခု A နှင့် B ကိုဆွဲခဲ့လေသည်။ အစီအစဥ်ဆွဲနေစဉ် ဟန်ခိုင် သည်  ယန်ဟန် ရောက်လာမလားဟု ဓာတ်ခွဲခန်းတံခါးကို တစ်ချက်တစ်ချက် မျှော်ကြည့်တတ်‌လေသည်။ ဘေးမှ လီနန်ရှန့် သည် ဟန်ခိုင် စိတ်မပါလက်မပါ ဖြစ်နေသည်ကို မြင်လိုက်ရပြီး ယန်ဟန်ကို စိတ်ပူနေ‌ကြောင်း ရိမ်မိလိုက်သည်။


မွန်းတည့်ချိန် နီးလာသည်နှင့်အမျှ ယန်ဟန် ယခုထက်ထိ မပေါ်လာသေးသဖြင့်  ဟန်ခိုင် လည်း ပို၍ပင် စိုးရိမ်လာရသည်။ ကျွန်းပေါ်ရှိစဉ်က သူတို့သည် အချက်ပြပို့လွှတ်ရေး စခန်းတစ်ခုကို တည်ဆောက်ခဲ့ပြီး ဆက်သွယ်ရေးကိရိယာများကို အသုံးပြုနိုင်ခဲ့သည်။ သူတို့ ယွင်ကျင့်မြို့ကို ရောက်သည့်အခါ ယွင်ကျင့် မြို့မှ မူလ အချက်ပြပို့လွှတ်ရေး စခန်းဟောင်းကို ဖျက်သိမ်းပစ်ခဲ့တာ ကြာပြီ ဖြစ်သည်။ သူတို့သည် ခေတ်နောက်ပြန် ဆွဲသလို‌ဖြစ်နေကြပြီး ဆက်သွယ်ရေး ကိရိယာများကို လုံးဝမသုံးစွဲနိုင်ကြသေးပေ။ ယန်ဟန်သည် မပြောမဆိုဘဲ ပျောက်သွားပြီး သူမကို ဘယ်မှာ ရှာရမှန်း မသိ‌တော့ပေ။


 "နန်ရှန့် .. ငါ့စိတ်ထဲလေးနေတယ်..." 


ဟန်ခိုင် က လီနန်ရှန့် ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ 


"အရေးကြီးတဲ့အချိန်မှာ ယန်ဟန် ဒီလိုကြီး ရုတ်တရက် ပျောက်သွားမှာ မဟုတ်ဘူး... ပြီးတော့ တစ်ကယ်လည်း အ‌ရေးကြီးနေပြီမလို့ ယန်ဟန် ပျောက်သွားတာက ပိုပြီးတော့ သံသယဖြစ်စရာကောင်းတယ်..." 


"မဖြစ်နိုင်ပါဘူး... အရေးကြီးတဲ့ ပစ္စည်း တစ်ခုခု မေ့ကျန်ခဲ့လို့ နေမှာပါ... ခဏနေ...နေ့လည်ကျရင် ရောက်လာမှာပါ..." 


ဟန်ခိုင် က သူ့အမြင်ကို အခိုင်အမာ ယုံကြည်ကာ သူ့စိတ်ထဲတွင် ဖြစ်နိုင်ခြေအမျိုးမျိုးသော အခြေအနေများကို စတင် တွေးတောနေပါတော့သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် မီးသီးများ လင်းလက်လာသလို ဖြစ်သွားရပြီး ထောင့်တွင်ထိုင်နေသော ကျိုးဝမ်လုံ အား စိုက်ကြည့်လိုက်မိသည်။


Xxxxxx