အပိုင်း ၉၇-၉၈
Viewers 6k

Chapter 97


ယနေ့နံနက်တွင် လင်းကျင်းရှု သည် ထုံးစံအတိုင်း‌ အရုဏ်တက်သည်နှင့်နိုးလာသည်။ သူမသည် အိပ်မပျော်တော့သဖြင့် ထကာ ဗိုက်ဆာသည်အထိ စခန်းအတွင်း လျှောက်သွားနေလိုက်သည်။ အခန်းသို့ ပြန်ခါနီးတွင်  သူမသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် စကားပြောနေသည့် ယန်ဟန်ကို မတော်တဆ တွေ့လိုက်ရသည်။ လင်းကျင်းရှု က သိပ်စိတ်မဝင်စားဘဲ လမ်းဆက်လျှောက်ရန် ပြင်လိုက်စဉ် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ယန်ဟန်ကို အခြားလူလတ်ပိုင်း အမျိုးသားတစ်ဦးက ဆွဲခေါ်သွားသည်ကို သူမ မြင်လိုက်ရသည်။


လင်းကျင်းရှု သည် ထိုလူနှစ်ယောက် က သူမကို တွေ့သွားမည်စိုး၍ နံရံ‌အကွယ်တွင် ပုန်းလိုက်သည်။ လူလတ်ပိုင်း အရွယ်အမျိုးသား နှစ်ယောက်က ယန်ဟန်ကို သတိလစ်သွားအောင် ရိုက်လိုက်ပြီးနောက် သူမကို ပုခုံးပေါ်တင်ကာ တစ်ဖက်သို့ လျှောက်သွားကြသည်။ လင်းကျင်းရှု သည် ထိုအချိန်က အဘယ်ကြောင့် သူတို့နောက်သို့ လိုက်သွားမိမှန်း နားမလည်နိုင်တော့ပေ။ 


ထိုလူနှစ်ယောက်က ယန်ဟန်ကို မြေအောက်ထပ်သို့ သယ်ဆောင်သွားပြီး သူမလည်း အောက်ထပ်သို့ လိုက်သွားခဲ့သည်။ သူမကို တွေ့မှာစိုး၍ သိပ်အနီးကပ်မနေရဲဘဲ ထောင့်တစ်ခုတွင် ပုန်းနေပြီး သူတို့နှစ်ယောက် ပြောနေသည်ကို ခိုးနားထောင်ခဲ့သည်။


သူတို့နှစ်ယောက် စကားပြောပြီးသည်နှင့် လင်းကျင်းရှု က သူတို့ထဲက တစ်ယောက်မှာ လျန့်ချောင် မှန်း မှတ်မိသွားပြီး နောက်တစ်ယောက်ကိုမူ ဘယ်သူမှန်းမသိပေ။ လျန့်ချောင် က ကြိုးတစ်ချောင်းနှင့် ယန်ဟန်ကို ချည်ထားခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ဟွမ်ကျစ်ပင်း အား ပြောပြနေလေသည်။ 


ဟွမ်ကျစ်ပင်း က သိပ်စဉ်းစားမနေတော့ဘဲ မူးလဲသွားသည့် ယန်ဟန် ကို ထိုင်ခုံပေါ်တွင် တင်ထား‌ပေးပြီး လျန့်‌ ချောင် ကြိုးနှင့် ချည်ရန် ကူညီပေးလိုက်သည်။


 


မမျှော်လင့်စွာနှင့် လျန့်ချောင် က ဟွမ်ကျစ်ပင်း ကို ကြိုးနှင့်ချည်ပစ်လိုက်ရာ ဟွမ်ကျစ်ပင်း တုန်လှုပ်သွားရသည်။


 


 "လျန့်ချောင်... မင်း လူမှားနေပြီ..."


လျန့်ချောင် က ခေါင်းခါလိုက်ပြီး သူ့မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းသွားရသည်။


 "ဟုတ်တယ်...ခင်ဗျားကို ကျွန်တော် ကြိုးနဲ့ ချည်ချင်တာ... "


 "လျန့်ချောင်...မင်း ဦးနှောက်ရော ကောင်းသေးရဲ့လား..."


ဟွမ်ကျစ်ပင်း တုန်လှုပ်သွားရသည်။


 "မင်း ငါ့ကို လွှတ်ပေးစမ်း...ငါလွတ်လာတာနဲ့ မင်းသေပြီသာမှတ်...." 


လျန့်ချောင် သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ဟွမ်ကျစ်ပင်း ကို ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးပြလိုက်သည်။


 "ခင်ဗျားက ကျွန်တော့်ရဲ့ သူဌေးဖြစ်ရတာကို ကြိုက်နေတာလား...ခင်ဗျားက ဇီဝဆေးဝါး ကုမ္မဏီတစ်ခုရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်နေသေးတယ်လို့ ထင်နေတာလား... အခု ခေတ်ကြီးက ပျက်နေတာ...အဲ့ဒါတွေ ဘာမှ အသုံးမဝင်တော့ဘူး...ကျွန်တော်က ဘာကိစ္စ ခင်ဗျားစကားကို နားထောင်နေရမှာလဲ..." 


လျန့်ချောင် က လှောင်ပြောင်ပြီး ဆက်ပြောလိုက်ပြန်သည်။


 "ခင်ဗျားက ကျွန်တော့်ကို ခြိမ်းခြောက်ရဲသေးတယ် ဟုတ်လား...ခင်ဗျားရဲ့ လက်ရှိအခြေအနေနဲ့ ကျွန်တော့်ကို ခြိမ်းခြောက်ချင်သေးတယ်လား..." 


"မင်းဘာကို ဆိုလိုတာလဲ..." 


ဟွမ်ကျစ်ပင်း သည် ယခုထက်ထိ ဇဝေဇဝါ ဖြစ်နေသေးသည်။


လျန့်ချောင် က ရယ်မေးလိုက်ပြန်လေသည်။


 “အားလားလား... ခင်ဗျားကိုယ် ခင်ဗျား ပြန်ကြည့်ရအောင် မှန်တစ်ချပ်သာ ပြလိုက်ချင်တော့တယ်...”


 "ဘာလဲ... ဘာလုပ်တာလဲ..." 


လျန့်ချောင် သည် ဟွမ်ကျစ်ပင်း ၏ လေသံအတိုင်း တုပလိုက်ပြီး ပြောလိုက်လေသည်။


"ခင်ဗျား အသုံးမဝင်တာတွေပြောတာက လွဲပြီး တခြားဘာများ လုပ်လို့ရမှာတဲ့လဲ....ခင်ဗျားက ဝက်လိုပဲ အရမ်းတုံးတယ်..."


 "ခင်ဗျား မကြာခင် ဖုတ်ကောင်ဖြစ်လာတော့မယ်ဆိုတာတောင် မသိသေးဘူး..."


လျန့်ချောင် က ပြုံးပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။


 "ဘာလုပ်မှာလဲ... မင်းရူးနေလား..." 


ဟွမ်ကျစ်ပင်း ချက်ချင်းပင် ကြိုး‌ပြေသွားရန် အတင်းဆောင့်ရုန်းနေသော်လည်း ကြိုးကို တင်းကြပ်စွာ တုပ် နှောင်ထားသဖြင့် သူဘယ်လိုမှ မလွတ်နိုင်ပေ။


 "ခင်ဗျားက ကျွန်တော်ဘာလုပ်ချင်လဲလို့ မေးနေသေးတယ် ဟားဟားဟား... ခင်ဗျားကိုယ် ခင်ဗျား အရူးကြီးလို့ မထင်ဘူးလား... ဟားဟား..." 


လျန့်ချောင် ရယ်လို့ဝသည်နှင့် ထပ်ပြောပြန်သည်။


 "ကျီကျောက်ယန် ကိုသိလား...သူက ခင်ဗျား‌ပြောခဲ့တဲ့ ခန္ဓာကိုယ်ကြီးပြီး ဉာဏ်ရည်ထက်မြက်တဲ့ ဇွန်ဘီဘုရင်လေ...သူ့ကို ကျွန်တော်ဖန်တီးခဲ့တာ...ကျွန်တော် တီထွင်ခဲ့တဲ့ R ဗိုင်းရပ်စ် အမျိုးအစားသစ်ကို ထိုးပြီးမှ သူဒီလိုဖြစ်လာခဲ့တာ..." 


" ကျွန်တော် ကျီကျောက်ယန် ထက် ပိုအစွမ်းထက်တဲ့ ဇွန်ဘီဘုရင်ကို ဖန်တီးချင်တယ်... ဒါကြောင့် ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ငှားရမှာပဲ..." 


လျန့်ချောင် က ထိုင်ချလိုက်ပြီး ဟွမ်ကျစ်ပင်း ၏မျက်နှာ ကို ဂရုတစိုက်ကြည့်ကာ ပြောလိုက်သည်။


 "ခင်ဗျားက နည်းနည်းတော့ အသက်ကြီးနေပြီ ဆိုတော့ ဗိုင်းရပ်စ်က  သက်ရောက်မှု ရှိမရှိ‌တော့ မသိဘူး..."


သူက ထို့သို့ပြောပြီးနောက် မတ်တပ်ထရပ်ကာ ‌အေးစက်စက်ပြောလိုက်ပြန်သည်။


"ဒါပေမယ့် ရပါတယ်...ဘေးအခန်းမှာ ငယ်ရွယ်သန်မာတဲ့ စမ်းသပ်ခံရမဲ့သူ တစ်ယောက် ရှိတယ်... နောက်မှ အပြင်ထွက်ပြီး ကျန်းမာကြံခိုင်တဲ့ လူငယ် နှစ်ယောက်၊ သုံးယောက်ကို ရှာမယ်...အားလုံးကို တစ်ခန်းထဲမှာ အတူတူ သော့ခတ်ထားမယ်... ပြီးတော့ ဆေးထိုးလိုက်မယ်...ကျွန်တော်တီထွင်လိုက်တဲ့  R ဗိုင်းရပ်စ်အသစ်နဲ့ ခင်ဗျားတို့အားလုံး ဇွန်ဘီဘုရင်ဖြစ်လာပြီး ခင်ဗျားတို့ကို တိုက်ခိုင်းလိုက်မယ်...”


လျန့်ချောင် က လက်နှစ်ဖက်စလုံးဖြင့် တိုက်ပွဲဝင်မည့်ဟန်လုပ်လိုက်ပြီး ပြောလိုက်လေ၏။


"လွတ်မြောက်လာတဲ့ နောက်ဆုံးဇွန်ဘီဘုရင်ဟာ... အစွမ်းအထက်ဆုံး ဇွန်ဘီဘုရင် ဖြစ်ပြီပေါ့..."


ဟွမ်ကျစ်ပင်း က လျန့်ချောင် စိတ်ကူးယဉ်ထားသည့် ဇွန်ဘီဘုရင်၏ အသေးစိတ်ပုံစံကို ကြားရပြီးနောက် ယူကျုံးမရ ဖြစ်သွားရသည်။


 "အရူး...အရူး...မင်းက တကယ်ရူးတာပဲ.... မင်း ရူးချင်ရင် ရူးတော့...ငါ့ကို မထိနဲ့..."


လျန့်ချောင် သည် ဟွမ်ကျစ်ပင်း ၏ အော်သံကို တခြားလူများ ကြားသွားမည်ကို စိုးရိမ်သဖြင့် ဟွမ်ကျစ်ပင်း ၏ ပါးစပ်ကို ပဝါဖြင့်အုပ်လိုက်ရာ သူ၏ ခြေထောက်များသည် ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် ရုန်းကန်လိုက်သေးသည်။ တစ်ချက် နှစ်ချက် ဆန့်ငင် ဆန့်ငင် ဖြစ်သွားပြီးနောက် အရုပ်ကြိုးပြတ်သွားသလို မလှုပ်မယှက်ဖြစ်သွားလေတော့သည်။


လျန့်ချောင် သည် ယခုမှ တည်ငြိမ်အေးချမ်းနေသော  တန်လောဟွမ်ကျစ်ပင်း ၏ မျက်နှာကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လူတို့သည် မူးမေ့သွားခြင်း သို့မဟုတ် သေဆုံးသွားမှသာ သူတို့ မျက်နှာများမှာ ငြိမ်းချမ်းမှု အရှိဆုံးဖြစ်သည်။


အမှောင်ထဲတွင် ခိုးနားထောင်နေသော လင်းကျင်းရှု သည် လျန့်ချောင် ၏ စကားကြောင့် ထိတ်လန့်သွားရပြီး ကြက်သီးများပင် ထသွားရသည်။ အကယ်၍ လျန့်ချောင် သာ ယခု သူမကို တွေ့သွားပါက သူမကိုပါ ဖမ်း၍ ဇွန်ဘီ လုပ်ပစ်လိုက်မည် ဖြစ်လေသည်။ ထို့နောက် လင်းကျင်းရှု သည် ပြန်လှည့်ထွက်ရန် ခြေတစ်လှမ်းလှမ်းလိုက်ရာ ကွဲနေသော ဖန်ကွဲစကို နင်းမိပြီး ခြေ‌ချော် သွားရကာ ဖန်ကွဲစသည် "ဖျစ်ဖျစ်" ဟု ကွဲအက်သံ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မြေအောက်ခန်းသည် ထူးထူးခြားခြား တိတ်ဆိတ်နေသဖြင့် ဖန်ကွဲစ‌လေး၏ အသံမှာ ဆယ်ဆမကဘဲ အဆတစ်ရာပင် ပို၍ ကျယ်လောင်နေတော့သည်။


လင်းကျင်းရှု မှာ ထိတ်လန့်သွားရပြီး ဖန်ကွဲစကို နင်းမိလျက်သားနှင့် တစ်လှမ်းမှပင် ထပ်မတိုးဝံ့တော့ဘဲ မတ်တတ်ရပ်လျက် ကားယားကြီး ဖြစ်နေရလေသည်။


သူမသည် ဆယ်စက္ကန့်ကျော် အချိန်ကလေးကို နာရီပေါင်းများစွာ ကြာသွားသည်ဟုပင် ထင်မှတ်သွားရလေသည်။ သူမက မြေအောက်ခန်းထဲမှ လျန့်ချောင် ကို နားစွင့်နေရင်း အသက်ပင် ဝဝမရှူရဲတော့ပေ။ ထိုစဉ် လင်းကျင်းရှု သည် တည်ငြိမ်ပြီး နှေးကွေးလှသော ခြေသံများကို စတင်ကြားလိုက်ရသည်။ သူမ အလွန် ထိတ်လန့်သွားရပြီး မအော်မိရန် ပါးစပ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် အုပ်ထားမိသည်။


အရုဏ်တက်ချိန်ဖြစ်၍  ပတ်ဝန်းကျင်မှာ သိပ်မလင်းသေးသဖြင့် ကြောင့် မြေပြင်ပေါ်ရှိ လူတစ်ယောက်၏ အရိပ်ကို သူမမြင်လိုက်ရပြီး ထိုလူရိပ်မှာ သူမအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာလေသည်။ လင်းကျင်းရှု သည် မြေအောက်ခန်း၏ ထွက်ပေါက်ကို ကြည့်လိုက်ပြီးနောက် သူမနှင့် မဝေးတော့သော အရိပ်ကိုလည်း  ကြည့်လိုက်ပြန်သည်။ သေချာသည်မှာ ယခု သူမ လွတ်မြောက်ရန် အခွင့်အရေးမရှိတော့ပေ။


Xxxxxx


Chapter 98


လျန့်ချောင် သည် လင်းကျင်းရှု ထံသို့ ချဉ်းကပ်လာပြီး လင်းကျင်းရှု ရှေ့တွင်ရပ်၍ ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးပြလိုက်သည်။


လျန့်ချောင် မှာစကားမပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သော်လည်း လင်းကျင်းရှု မှာ ကြောက်လန့်ပြီး အော်ဟစ်မတတ် ဖြစ်သွားရလေသည်။ လျန့်ချောင် သည် လင်းကျင်းရှု ကို အင်္ကျီကော်လာမှ ဆွဲကိုင်လိုက်ပြီး ဟွမ်ကျစ်ပင်း ရှိရာ အခန်းဆီသို့ ဆွဲခေါ်သွားသည်။ လင်းကျင်းရှု သည် ရုန်းကန်ရန် ကြိုးစားသော်လည်း လျန့်ချောင် ပြောလိုက်သည်ကို သူမ တွေးမိသောအခါ ချက်ချင်းပင် လက်လျှော့လိုက်သည်။


လျန့်ချောင် သည် လင်းကျင်းရှု ကို ကြမ်းပြင်ပေါ်ထိုင်ခိုင်းကာ သူမကို ကြိုးဖြင့်ချည်ထားရန် ပြင်ဆင်နေသည်။ လင်းကျင်းရှု သည် ကြမ်းပြင်ပေါ်ရှိ ဟွမ်ကျစ်ပင်း နှင့် မနိုးသေးသော ယန်ဟန် ကိုကြည့်ကာ တုန်လှုပ်ချောက်ချားနေလေသည်။


 "ခဏစောင့်... ကျွန်မကို လွှတ်..." 


ယခုအချိန်သည် လျန့်ချောင် အတွက် အလွန်အဖိုးတန်သည်။ သူ့တွင် ဤကလေးမလေးကို ချုပ်နှောင်ထားရန် အချိန်မရှိသဖြင့် ခပ်မြန်မြန်ပင် ကြိုးနှင့်ချည်ထားလိုက်သည်။


 "ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သန်မာတဲ့ စမ်းသပ်ခံမယ့်သူ နှစ်ယောက် သုံးယောက်လောက်ကို လိုက်ရှာနေတာ မဟုတ်ဘူးလား...ကျွန်မကို လွှတ်လိုက်...ရှင့်အတွက် လူနှစ်ယောက် ရှာပေးမယ်...နှစ်ယောက်နဲ့ တစ်ယောက်ဆိုတော့ ရှင် မနာပါဘူး..." 


လျန့်ချောင် သည် ထိုစကားကိုကြားသောအခါ လင်းကျင်းရှု ကို ကြိုးချည်နေရာမှ ရုတ်တရက် ရပ်လိုက်သည်။ လင်းကျင်းရှု သည် သူမ၏ စကားကို လျန့်ချောင် စိတ်ဝင်စားနေသည်ကို တွေ့လိုက်ရသဖြင့် တရစပ်ပြောလိုက်တော့သည်။


 "ရှင် အခု အပြင်ထွက်လို့ မရတော့ဘူး... ယန်ဟန်ကို ရှင်က ဖမ်းထားတယ်... အခု ဟန်ခိုင် က ယန်ဟန် ကို စခန်းမှာ လိုက်ရှာနေပြီ. .. စခန်းက အရမ်းကျယ်တယ်လေ...ရှင် မြေအောက်ခန်းထဲမှာ ပုန်းနေရင်  ရှာမတွေ့နိုင်ပေမယ့် ရှင် အပြင်ထွက်လိုက်တာနဲ့....."


လင်းကျင်းရှု က စကားကို တစ်ဝက်တစ်ပျက်နှင့် ရပ်ထားလိုက်ပြီးလျန့်ချောင် ၏ မျက်နှာ အမူအရာကို အကဲခတ်နေလေသည်။


လျန့်ချောင် ကဘာမှ ပြန်မပြောဘဲ လင်းကျင်းရှု ၏ လှပသော မျက်နှာကလေးကို စိုက်ကြည့်ကာ သူမကို ဆက်ပြောရန် ပုခုံးကို ပုတ်လိုက်သည်။ 


လျန့်ချောင် မှာ သူမမျှော်လင့်ထားသည်ထက် သူမစကားကို စိတ်ပါဝင်စားနေသဖြင့် သူမ စိတ်အနည်းငယ် သက်သာသွားရသည်။


လျန့်ချောင် မှာ အချိန်သိပ်မရှိဘဲ အချိန်ခဏလေးအတွင်း စမ်းသပ်မည့်သူကို ရှာဖွေရမည် ဖြစ်သည်။ယခုသူ့တွင် စမ်းသပ်ရန် လူနှစ်ယောက် ရှိနေသော်လည်း ကျန် ငါးယောက်ကို လိုက်ရှာရန် မလွယ်ကူပေ။ သို့မဟုတ်ပါက သူက သူဌေးဖြစ်သူကို ကြိမ်းဝါးထားသလို ဖြစ်မလာ၍ မျက်နှာပျက်ရတော့မည် ဖြစ်သည်။


"အခုက အချိန်ကို ကစားရမဲ့ ဂိမ်းပဲ...ဟန်ခိုင် က လူသုံးယောက်ကို ရှင် ရှာမတွေ့ခင် ရှင့်ကို တွေ့သွားနိုင်တယ်... ဒါပေမယ့် ကျွန်မကတော့ မတူဘူး...ဟန်ခိုင် က ကျွန်မကို အလေးပေးတယ်... ဟန်ခိုင် က ယန်ဟန် ရုတ်တရက် ပျောက်သွားတာသိရင် လီနန်ရှန့် နဲ့ အရင် တိုင်ပင်မှာပဲ... သူတို့ အခု အတူရှိ‌နေတယ်လို့ ကျွန်မထင်တယ်...ငါးစာနည်းနည်း ချလိုက်ရင် သူတို့ကလည်း ငါးစာကို လှမ်းဟပ်မှာပဲ...သူတို့နှစ်ယောက်လုံးကို ဒီကိုလာဖို့ ကျွန်မ လီဆယ်လိုက်မယ်...သူတို့နှစ်‌ယောက်နဲ့ ကျွန်မတစ်ယောက်တည်းကို လဲရတာ တန်ပါတယ်..." 


" မင်း ငါ့ကို ငတုံးများ ထင်နေတာလား...မင်းက ငါ ဟွမ်ကျစ်ပင်း ကို ပြောတာတွေ အကုန်ကြားသွားပြီးပြီ...ငါအခု မင်းကို လွှတ်ပေးလ်ိုက်ရင် စခန်းထဲမှာ ရှိတဲ့ လူတွေအကုန်လုံးကို လျှောက်ပြောပစ်မှာပေါ့..."


 "ကျွန်မ အဲ့လို မလုပ်ပါဘူး... ကျွန်မက ယန်ဟန် ကို သေစေချင်နေတဲ့သူပါ...မဟုတ်ဘူး...ဟန်ခိိုင် နဲ့ ယန်ဟန် .နှစ်ယောက်လုံး...ကျွန်မက သူတို့ကို ရှင့်အကြောင်း ပြောလိုက်ရင် ယန်ဟန် ကို တစ်ဖက်လှည့်နဲ့ ကယ်လိုက်သလို ဖြစ်မသွားဘူးလား..."


လျန့်ချောင် က လက်ပိုက်ပြီး မေးလိုက်သည်။


 "ဒါဆို ယန်ဟန် ကို မင်းက မကယ်ချင်ဘူးပေါ့..."


 "ကျွန်မ သူမကိုမုန်းတယ်...သူမကို မနာလိုဘူး.. ကျွန်မ နှလုံးသားထဲမှာ ဖွက်ထားရတဲ့ မနာလိုမှုနဲ့တင် သူမကိုအကြိမ်တစ်ရာမက သတ်ပစ်လို့ရတယ်... သူနဲ့ ဟန်ခိုင် နဲ့ နေ့တိုင်း တွေ့နေကြတာကို မြင်နေရတာ ကျွန်မ မခံစားနိုင်ဘူး...သူတို့နှစ်‌ယောက်လုံးကို ငရဲကို အတူတူ သွားကြတာပဲ ကောင်းတယ်..."


လင်းကျင်းရှု က နာကြည်းစွာဖြင့် အံကြတ်ကာ ပြောလိုက်သော်လည်း လျန့်ချောင် က သူမကို မယုံသေးဘဲ  ဆက်မေးပြန်၏။


"ဒီမှာ ငါ့ကို ဇာတ်လမ်းတွေ လာ‌ပြောပြမနေနဲ့...ငါမင်းကို  လွှတ်ပေးမယ်လို့ မင်းထင်နေတာလား..."


လင်းကျင်းရှု သည် ယန်ဟန် နှင့် ဟန်ခိုင် အကြောင်းကိုပြောသောအခါ အလွန်ဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။ လျန့်ချောင် က သူမကို လွှတ်ပေးရန် ငြင်းဆန်နေသေးသဖြင့် လင်းကျင်းရှု မှာ စိုးရိမ်သွားဟန်မရှိဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။


"ပရော်ဖက်ဆာ လျန့်... ရှင် မေ့နေတာလား....ပြီးခဲ့တဲ့ မစ်ရှင်တစ်ခုကို သွားတုန်းက ယန်ဟန် ရဲ့ လက်မောင်းကို ဇွန်ဘီတစ်ကောင်က ကုတ်လိုက်တယ်...ဒါပေမယ့် သူမ ဇွန်ဘီဗိုင်းရပ်စ်ပိုးကို မကူးစက်ခဲ့ဘဲနဲ့ လက်မောင်းဒဏ်ရာက ၂၄ နာရီအတွင်း ပျောက်သွားတယ်... ယန်ဟန် က R ဗိုင်းရပ်စ်ကို ခုခံနိုင်တယ်လေ...ရှင် ဖန်တီးထားတဲ့ R ဗိုင်းရပ်စ်အသစ်ကို သူမ မခုခံနိုင်ဘူး ဆိုတာကို ဘယ်လို အာမခံနိုင်လဲ..."


လင်းကျင်းရှု က လျန့်ချောင် ၏အမူအရာကို ဂရုတစိုက် ကြည့်နေလေသည်။ 


"ယန်ဟန် သာ R ဗိုင်းရပ်စ်အသစ်ကို ခုခံနိုင်နေရင်လည်း ရှင့်မှာ စမ်းသပ်ဖို့ လူသုံးယောက်ကျန်ပါသေးတယ်‌...ဒါပေမယ့် သုံးယောက်ထဲက နှစ်ယောက်ကလည်း  အသက်ငါးဆယ် အရွယ် တစ်ယောက်နဲ့ မိန်းကလေးငယ် တစ်ယောက်....ဒီအချက်တွေက ရှင် ဗိုင်းရပ်စ်အသစ်ကို ထိုးလိုက်တဲ့အခါ နည်းနည်းတော့ ဆိုင်သွားမလားပဲ..."


Xxxxxxxx