Chapter 99
လင်းကျင်းရှု သည် လျန့်ချောင် မှာ အနည်းငယ် တုန်လှုပ်သွားသည်ကို တွေ့လိုက်ရသည်။
“တကယ်တော့ ရှင်းရှင်းလေးပါ... စမ်းသပ်ခံမယ့်သူကို ရှင်ကိုယ်တိုင် ဖမ်းမှာလား... ရှင်ကိုယ်တိုင် အပြင်ထွက်ရင် စမ်းသပ်ခံမယ့်သူ ရှာမတွေ့ခင် ဟန်ခိုင် တို့နဲ့ မမိအောင် သတိထားရမယ်....ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရှင့်ကိုတွေ့တာနဲ့ ရှင့်ကို လွှတ်ပေးမှာ မဟုတ်တော့ဘူး... ဒါဆို ရှင်ကြိုးစားထားသမျှတွေ ရေစုန်မျောသွားပြီ...ဒါပေမယ့် ကျွန်မကို လွှတ်ပေးလိုက်ရင် ဟန်ခိုင် နဲ့ လီနန်ရှန့် ကို ဒီထဲ ပို့ပေးလိုက်မယ်...
ကျွန်မအတွက် တစ်သက်မှာ တစ်ခါပဲကြုံရမယ့် အခွင့်အရေး တစ်ခုပါ...ကျွန်မက အားနွဲ့တဲ့ မိန်းမသားတစ်ယောက်ဆိုတော့ ဟန်ခိုင် ကို လက်စားချေလို့မရဘူး..ဒါပေမယ့် ခုလိုဆိုရင် ကျွန်မလည်း ဟန်ခိုင်ကို လွယ်လွယ်လေး လက်စားချေပစ်လို့ရပြီ...ကျွန်မ သူတို့ကို မြေအောက်ခန်းထဲကို ခေါ်လာမယ်... ရှင်က မြေအောက်ခန်းထဲမှာ အိပ်ပြီးအသာ စောင့်နေရုံပဲ..."
လျန့်ချောင် က စူးစူးရဲရဲ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ငါ မင်းကို တကယ်လျှော့တွက်ခဲ့တာပဲ...ကောင်းပြီ မင်းကို ငါ လွှတ်လိုက်မယ်... မင်း ညမမှောင်ခင် ဟန်ခိုင် နဲ့ လီနန်ရှန့် ကို ငါ့ဆီ ခေါ်လာရမယ်..."
လျန့်ချောင် စကားကို ကြားလိုက်ရသောအခါ သူမ ရင်ဘတ်ကို ဖိထားသည့် ကျောက်တုံးကြီးမှာ ပြုတ်ကျသွားရသည်။
"ကျွန်မ ဟန်ခိုင် နဲ့ လီနန်ရှန့် ကို ညနေ အချိန်မီ လိုက်ပို့ပေးမယ်... ညနေရောက်တော့ မှောင်လာပြီ ဆိုတော့ တစ်နေကုန် လိုက်ရှာနေတဲ့ ဟန်ခိုင် လည်း သတိထားမိမှာ မဟုတ်ဘူး..."
လျန့်ချောင်က ပြုံးလိုက်သည်။
လင်းကျင်းရှု မြေအောက်ခန်းမှ ထွက်သွားသောအခါ သူမသည် စိတ်ကိုတည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူမသည် မြေအောက်ခန်း ဝင် ပေါက်မှ ခပ်လှမ်းလှမ်းသို့ လျှောက်ပြီးနောက်တွင် သူမတင်းထားသမျှ ခွန်အားများ ပြေလျော့သွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားရသည်။ ထို့နောက် သူမသည် ကြမ်းပြင်ပေါ်သို့ လှဲချကာ သူမ၏ မျက်လုံးအိမ်မှ မျက်ရည်များ စိမ့်ထွက်လာပြီး အေးစက်နေသော ကွန်ကရစ် ကြမ်းပြင်ပေါ်သို့ ကျသွားသည်ကို တွေ့လိုက်ရသည်။ လင်းကျင်းရှု သည် ခဏမျှ တိတ်တိတ်လေး ငိုလိုက်ပြီးနောက် မတ်တပ်ရပ် သူမ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ပွတ်သပ်ခါချကာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။
လင်းကျင်းရှု သည် သူမ အခန်းထဲသို့ ဝင်လာပြီး ကုတင်အောက်မှ သေနတ်တစ်လက်ကို ယူလိုက်သည်။ ဤသေနတ်ကို ဖခင်ဖြစ်သူက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် သိမ်းဆည်းထားသော်လည်း ယခု သူမအတွက် အဆင်ပြေမည် ဟု မမျှော်လင့်ထားပေ။ လင်းကျင်းရှု သည် သေနတ်ကို သူမ၏ အတွင်းအိတ်ကပ်ထဲသို့ ထည့်ကာ အပြင်မထွက်မီ အခန်းထဲတွင် အချိန်အတော်ကြာ ထိုင်နေခဲ့သည်။
လင်းကျင်းရှု က ဟန်ခိုင် တို့နှစ်ယောကို မြေအောက်ခန်း ဝင်ပေါက်သို့ ခေါ်သွားလိုက်သည်။ လမ်းတွင် ဟန်ခိုင် က မေးလိုက်သည်။
"ယန်ဟန် ကို ခေါ်သွားတဲ့လူကို မင်းမြင်လိုက်လား..."
"ကျွန်မလည်း သိပ်အနီးကပ် မလိုက်ဝံ့တော့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး.. လူနှစ်ယောက်ပဲ သိတယ်..."
သူတို့ သုံးယောက် မြေအောက်ခန်းသို့ ဝင်လာသည်နှင့် တပြိုင်နက် လင်းကျင်းရှု က ဟန်ခိုင် လက်ကို ကြောက်လန့်တကြား ကိုင်ထားလိုက်သည်။
"ဟန်ခိုင်...အရမ်းမှောင်နေပြီ...ကျွန်မကြောက်တယ်..."
လင်းကျင်းရှု က သူ့လက်ကို အတင်းဆွဲထားသဖြင့် ဟန်ခိုင်က မလိုလားဟန်ဖြင့် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"မင်းကြောက်ရင် ငါတို့နောက်က လိုက်ခဲ့..."
လင်းကျင်းရှု က ခေါင်းညိတ်ပြီး ဟန်ခိုင်လက်ကို လွှတ်ပေးလိုက်၍ သူတို့နောက်ကို လျှောက်သွားလိုက်လေသည်။ မြေအောက်ခန်းထဲရှိ အလင်းရောင်သည် မှိန်ဖျော့နေကာ ဟန်ခိုင် တို့နှစ်ယောက်မှာ ဘာမှမမြင်ရဘဲနှင့် ရှေ့ဆက်လျှောက်သွားကြသည်။ ဟန်ခိုင် သည် ရှေ့သို့ လှမ်းကြည့်နေရင်း ရှေ့မလှမ်းမကမ်းတွင် လှုပ်ရှားသံအချို့ကို ကြားလိုက်ရသလိုရှိ၍ မျှော်ကြည့်လိုက်သည်။ သူ ရှေ့သို့သွားရကြည့်ခါနီးတွင် အမှောင်ထဲမှ လေးလံသော ပစ္စည်းတစ်ခုက ရုတ်တရက် သူ့ခေါင်းကို ထိမှန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားရသည်။ ထို့နောက် လီနန်ရှန့် သည်လည်း ဘုန်းကနဲ ရှေ့ဆင့်နောက်ဆင့် လဲကျသွားလေတော့သည်။
လင်းကျင်းရှု သည် ဟန်ခိုင် နှင့် လီနန်ရှန့် တို့ ခပ်ဝေးဝေးတွင် ရပ်နေခဲ့သည်။ မြေပြင်ပေါ်လဲကျနေသော လူနှစ်ယောက်ကို ကြည့်ရန် သူမက ဓာတ်မီးကိုဖွင့်လိုက်ပြီး ထောင့်စွန်းတွင် ပုန်းနေသော လျန့်ချောင် အား ပြောလိုက်သည်။
"ကျွန်မကတိကို မဖျက်ဘူး...ရှင်လိုချင်တဲ့လူကို အချိန်မီခေါ်လာခဲ့တယ်..."
လျန့်ချောင် သည် လင်းကျင်းရှု အနားကို ပြုံး၍ ချဉ်းကပ်လာပြီး လေသံဖြင့်ပြောလိုက်သည်။
"ဒီလူနှစ်ယောက်ကို ငါ မနိုင်လောက်ဘူး..."
လျန့်ချောင် က သူမအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို လင်းကျင်းရှု မြင်လိုက်ရသဖြင့် သူမ အိတ်ကပ်ထဲတွင် ဝှက်ထားသော သေနတ်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
"ကျွန်မက သူတို့ကို ရှင့်ဆီ ခေါ်လာပေးရင် ရှင်ကျွန်မကို လွယ်လွယ်နဲ့ လွှတ်မပေးဘူးဆိုတာ သိလို့ ဒီသေနတ်ကို ယူလာခဲ့တာ...."
လျန့်ချောင် သည် လင်းကျင်းရှု လက်ထဲရှိ သေနတ်ကိုမြင်သောအခါ သူက ခြေလှမ်းကို ရပ်လိုက်ပြီး ရှေ့သို့ဆက်မသွားပေ။ သူက ကလေးမလေးကို ခေါ်ထားဖို့ စီစဉ်ထားသော်လည်း မမျှော်လင့်စွာနှင့် သူမက သေနတ်ကိုပါ ယူလာခဲ့သဖြင့် အံ့အားသင့်သွားရသည်။ ထို့ကြောင့် သူမကို လွှတ်ပေးပြီး စမ်းသပ်မှုကို အမြန်စချင်နေပြီ ဖြစ်သည်။
လင်းကျင်းရှု က သူ့နဖူးကို သေနတ်ဖြင့် ချိန်ထားလိုက်ပြီး ပြောလိုက်သည်။
"ဟိုဘက်လှည့်... ကျွန်မ မြေအောက်ခန်းက ထွက်သွားခါမှ ဒီဘက် ပြန်လှည့်..."
လျန့်ချောင် သည် ခါတိုင်းလိုပင် ပြုံးနေပြီး သူတစ်ဘက်လှည့်လိုက်သောအခါ ထိုအပြုံးမှာ ပျောက်သွားရလေသည်။
'ကလေးမ.. ငါ့ဇွန်ဘီဘုရင်ကိုလည်း ကြည့်လိုက်ဦးလေ... မင်းရဲ့သေနတ်သေးသေးလေး မပြောနဲ့...လက်နက်ကိုင် တပ်ဖွဲ့က ဗုံးကိုတောင် မှုမှာ မဟုတ်ဘူး...အဲ့ဒီအခါကျရင် မင်းတို့အားလုံး သေကြလိမ့်မယ်...'
လင်းကျင်းရှု မြေအောက်ခန်းမှ ထွက်သွားပြီးနောက် လျန့်ချောင် သည် ဓာတ်မီးကို ဖွင့်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ လူနှစ်ယောက်၏ မျက်လုံးများကို ထိုးကြည့်လိုက်ရာ တုံ့ပြန်မှု မရှိသည်ကို သူတွေ့ရလေသည်။ ထို့နောက် သူက ဟန်ခိုင် တို့နှစ်ယောက် ခေါင်းကို ခြေဖြင့်ကန်ကျောက်လိုက်သော်လည်း မလှုပ်ကြချေ။ ထို့နောက် သူ စိတ်သက်သာရာ ရသွားပြီး အခန်းထဲသို့ ပြန်သွား၍ ကြိုးများကို ယူလာခဲ့သည်။
လီနန်ရှန့် မှာ လျန့်ချောင် ထွက်သွားသည်နှင့် မျက်လုံးဖွင့်ကြည့်လိုက်ပြီး ဘေးနားမှ ဟန်ခိုင် ကို လှုပ်နှိုးကြည့်လိုက်သော်လည်း ဟန်ခိုင် မှာ မလှုပ်မယှက် ဖြစ်နေဆဲပင်။
Xxxxxxx
Chapter 100
လျန့်ချောင် က ရက်စက်စွာဖြင့် သူတို့နှစ်ယောာက်ကို တုတ်ဖြင့် ရိုက်ခဲ့လေသည်။ ကံကောင်းစွာနှင့် လျန့်ချောင် က ဟန်ခိုင် ကို အရင်ရိုက်လိုက်သည့်အတွက် လီနန်ရှန့် တုံ့ပြန်ရန် အချိန်ရခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ပထမဆုံး အရိုက်ခံရပါက နှစ်ယောက်စလုံး မှောက်နေပေလိမ့်မည်။
လီနန်ရှန့် က လျန့်ချောင် ပြန်လာနေသည့် ခြေသံကို ကြားလျှင် မေ့နေဟန်ဆောင်လိုက်သည်။ လျန့်ချောင် သည် ကြိုးနှစ်ချောင်းကို ယူလာကာ တစ်ချောင်းကို ကြမ်းပြင်ပေါ် ချထားပြီး ဟန်ခိုင် ကို ချည်ရန် သူ့လက်ထဲတွင် ကျန်တစ်ဖက်ကို ကိုင်ထားလေသည်။ လျန့်ချောင် ကြိုးချည်ခါနီးတွင် လီနန်ရှန့် သည် ရုတ်တရက် ထရပ်ကာ လျန့်ချောင် ၏ ညာဘက်ပါးကို လက်သီးဖြင့် ပိတ်ထိုးချလိုက်သည်။
လျန့်ချောင် သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်ဘဲ ရှိနေလေသည်။သူ၏ လက်နှိပ်ဓာတ်မီးမှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသောကြောင့် မည်သူက သူ့ကို ထိုးလိုက်သည်ကို မမြင်ရတော့ပေ။
"ဘယ်သူလဲ..."
လီနန်ရှန့် က လျန့်ချောင် ၏ ဝမ်းဗိုက်အား ထပ်မံကန်ထည့်လိုက်ပြီး အော်ပြောလိုက်သည်။
"မင်းဘိုးအေ..."
လျန့်ချောင်က လီနန်ရှန့် ကို ထပ်ခါတလဲလဲ အော်ဟစ်ပြောလိုက်ပြီး အသနားခံနေတော့သည်။
"မလုပ်ပါနဲ့...မလုပ်နဲ့..."
လီနန်ရှန့် က သူ့ခါးကို ပြန်ကန်လိုက်ပြီး ကျိန်ဆဲလိုက်ပြီး ပြောလိုက်သည်။
"အသနားခံနေတယ် ဟုတ်လား...မင်း ငါ့ အစ်ကိုကို ရိုက်လိုက်တယ်လေ...သူ အပြင်းအထန် ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ..."
လျန့်ချောင် သည် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ အော်နေတော့သည်။ လီနန်ရှန့် က သူ မထနိုင်တော့သဖြင့် ဆက်မကန်တော့ဘဲ မေးလိုက်သည်။
"ယန်ဟန် ဘယ်မှာလဲ.."
လျန့်ချောင် က ရှေ့ကို တုန်လှုပ်စွာ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ရှေ့က အခန်းထဲမှာ..."
လီနန်ရှန့် ရှေ့ကို လှမ်းကြည့်လိုက်သော်လည်း မည်းမှောင်နေသဖြင့် ဘာကိုမျှ မမြင်ရပေ။ သူက လျန့်ချောင် ကို စူးရဲစွာ ပြောလိုက်သည်။
"ကြမ်းပြင်ပေါ်မှာ လှဲနေ...ငါမပြော မချင်း မထရဘူး...ကြားလား..."
လျန့်ချောင် သည် မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းညူရင်း အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။
လီနန်ရှန့် က အခန်းထဲကို လျှောက်သွားပြီး မီးဖွင့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်မေ့နေသည့် ယန်ဟန်ကို တွေ့လိုက်လျှင် သူမကို ဆွဲထူလိုက်သည်။ ယန်ဟန်သည် လွန်ခဲ့သည့် နာရီအနည်းငယ်ကပင် သတိရနေခဲ့ပြီး လျန့်ချောင်ကို ကြောက်ရွံ့သဖြင့် သတိလစ်ဟန်ဆောင်ကာ ထွက်ပြေးရန် အခွင့်အလမ်းကို ချောင်းမြောင်းနေခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က သူမကို ကြိုးဖြည်ပေးနေသည်ကို သူမသတိပြုမိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ လီနန်ရှန့် ကို သူမ တွေ့လိုက်ရသည်။
ယန်ဟန်က ချက်ချင်း မျက်လုံးဖွင့်ကာ လီနန်ရှန့် ၏ အမည်ကို ခေါ်လိုက်သည်။ လီနန်ရှန့် က ယန်ဟန် မေ့နေသည်ဟု ထင်ကာ သူမကို ထူပေးထားရင်း ယန်ဟန်က ရုတ်တရက် သူ့နာမည်ကို ဆတ်ခနဲ ခေါ်လိုက်ရာ တုန်လှုပ်သွားရသည်။ လီနန်ရှန့် က ကြောက်လန့်တကြား သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
"လန့်သွားတာပဲ... ဘယ်တုန်းက နိုးတာလဲ..."
"နာရီပိုင်းလောက်ပဲ ရှိဦးမှာပေါ့... အချိန်အတိအကျ မသိဘူး..."
" ဟန်ခိုင် ရော ဘယ်မှာလဲ..."
"မင်းကို ပြန်ရှင်းပြဦးမယ်...လင်းကျင်းရှု ရုပ်ရှင် အရိုက်ကောင်းလို့ ရှုပ်ကုန်ကြပြီ...တော်သေးတာပေါ့..ဟိုကောင်က ငါ့ကို မရိုက်ခင် မြန်မြန်ဆန်ဆန် ရှောင်လိုက်လို့ပေါ့... မဟုတ်ရင် ငါတို့အားလုံး ဒီမှာ မေ့နေကြမှာပဲ... "
လီနန်ရှန့် က ယန်ဟန် ကို ကြိုးဖြည်ပြီးသည်နှင့် ထွက်သွားမည်ပြုစဥ် ယန်ဟန်က သူ့ကို ချက်ချင်းတားထားလိုက်သည်။
"နေဦး... ဒီမှာ တခြားလူရှိသေးတယ်..."
"ဘယ်သူလဲ..."
"ကျွန်မရဲ့ မွေးစားအဖေ...ဟွမ်ကျစ်ပင်း ...သူက ဒီကိစ္စရဲ့ ကြံရာပါဆိုလည်း ဟုတ်တယ်...ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်.. "
ယန်ဟန်က ဟွမ်ကျစ်ပင်း ကို ကြိုးဖြည်လိုက်ရင်း ရှင်းပြလိုက်သည်။
"သူက ဘာလို့ ဒီမှာ မေ့လဲနေရတာလဲ..."
"ကျွန်မလည်း မသိပါဘူး...လျန့်ချောင်ကို မေးကြည့်ရမယ် ထင်တယ်..."
"သူက မင်းကို မေ့အောင်လုပ်ခဲ့တဲ့ ကြိုးကိုင်သူပဲလေ... မင်း သူ့ကို ကယ်ပြီး ဒီမှာထားခဲ့လိုက်..."
“ကျွန်မလည်း သေချာ မရှင်းပြတတ်ဘူး... ဘာပဲဖြစ်ဖြစ် သူ့ကို မေးစရာရှိသေးတယ်...”
ယန်ဟန်သည် ဟွမ်ကျစ်ပင်း ကို ဖြည်းညှင်းစွာ ကြိုးဖြည်ပေးပြီးနောက် လီနန်ရှန့် ကို မျက်စပစ်ပြလိုက်သည်။ လီနန်ရှန့် သည် ယန်ဟန် ၏ အဓိပ္ပါယ်ကို နားလည်ပြီး သူသိပ်မကျေနပ်သော်လည်း ဟွမ်ကျစ်ပင်း ကို ကုန်းပိုးလိုက်လေသည်။ ယန်ဟန်သည် အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ လျန့်ချောင် နှင့် ဟန်ခိုင် သည် ကြမ်းပြင်ပေါ်တွင် လဲနေကြသည်ကို တွေ့လိုက်ရသည်။ လျန့်ချောင် သည် မြေပြင်ပေါ်တွင် ခွေခေါက်ကာ မေ့လဲနေပြီး ပါးစပ်မှလည်း ညီးညူနေလျက် ရှိလေသည်။ဟန်ခိုင် မှာမူ တုပ်တုပ်မျှပင် မလှုပ်ပေ။
"ဘာလို့ ဟန်ခိုင် က လဲနေတာလဲ..."
ယန်ဟန်က လှည့်ပြီး သူမနောက်မှ လီနန်ရှန့် ကို မေးလိုက်သည်။
"အားခိုင် ကို လျန့်ချောင် က တုတ်နဲ့ ရိုက်လိုက်တာလေ..."
လီနန်ရှန့် စကားမဆုံးခင် ယန်ဟန်က ဟန်ခိုင် ဆီ ချက်ချင်း ပြေးသွားလိုက်ပြီး ဟန်ခိုင် ကို လှုပ်နှိုးကြည့်ရာ ဟန်ခိုင် မှာ မနိုးသေးသဖြင့် ကြမ်းပြင်ပေါ်တွင် ခွေနေသော လျန့်ချောင် ကို ကြည့်လိုက်ပြန်သည်။ လျန့်ချောင် ၏ လက်စကပြင်းလွန်းသဖြင့် သူမ လည်ပင်းက ယခုထိ နာကျင်နေဆဲပင်။
ယန်ဟန်သည် လဲနေသော ဟန်ခိုင် ကို ကောက်ပွေ့လိုက်ပြီး မြေအောက်ခန်း၏ ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
"ဝိုး..အားကြီးလိုက်တာ.. ယောက်ျားတစ်ယောက်ကို လက်တစ်ဖက်နဲ့ ကိုင်မသွားရတယ်လို့..."
လီနန်ရှန့် ထိတ်လန့်သွားရသည်။
ယန်ဟန်က လီနန်ရှန့် ကို နောက်ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
"အခုထွက်သွားပြီး ဟန်ခိုင် ရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ ကြည့်ရမယ်..."
လီနန်ရှန့် သည် အမှောင်ထဲတွင် ရှိနေသော်လည်း ယန်ဟန်၏ စူးရှသော မျက်လုံးများကို သူ ခံစားရသည်။ သူတို့လေးယောက် မြေအောက်ခန်းထဲက ထွက်လာပြီး သိပ်မကြာမီ ဟန်ခိုင် နိုးလာသည်။ဟန်ခိုင် မှာ သူ့ဂုတ်ပိုးတွင် ပြင်းထန်သော နာကျင်မှုက သူ၏ ဦးနှောက် အာရုံကြောများကို ထိသွားရသည်။ ယန်ဟန်က ကမန်းကတန်း ပြောလိုက်သည်။
"မထိနဲ့...ယောင်နေလိမ့်မယ်... ကျွန်မ ပြန်ရောက်တဲ့အခါကျရင် ဆေးထည့်ပေးမယ်..."
သူတို့လေးယောက်စလုံး ဟန်ခိုင် ၏ အခန်းထဲသို့ ရောက်လာကြသည်။ ယန်ဟန်သည် ဟန်ခိုင်ကို ဂရုတစိုက် တွဲကာ ကုတင်ပေါ်တွင် ထိုင်စေလိုက်ပြီး လီနန်ရှန့် က ဟွမ်ကျစ်ပင်း ကို ကြမ်းပြင်ပေါ်တွင်သာ ချထားလိုက်သည်။
ယန်ဟန်သည် ဟန်ခိုင် အား ဆေးထည့်ပေးနေစဉ် ဟန်ခိုင် က လီနန်ရှန့် အားမေးလိုက်သည်။
"နန်ရှန့် ...ဘာဖြစ်နေတာလဲ..."
"အင်း...လျန့်ချောင် က အစ်ကို့ကို ရိုက်လိုက်တာ...ကျွန်တော်က အမြန် ရှောင်လိုက်လို့သာပေါ့...လျန့်ချောင် က ကျွန်တော့်ကို တုတ်နဲ့ ရိုက်မယ့်အချိန်မှာ သေမယ့်နေရာကို မရိုက်မိအောင် ရှောင်လိုက်တယ်...ပြီးတော့ ကြမ်းပြင်ပေါ်မှာ မူးလဲသွားဟန်ဆောင်လိုက်တယ်...လင်းကျင်းရှု လုပ်ကွက်ကြောင့် အားလုံး ဒီလိုဖြစ်ခဲ့ရတာ.ကျွန်တော် မူးလဲ ဟန်ဆောင်ပြီးတဲ့ နောက် ဒီလူနှစ်ယောက် ကို ခေါ်လာပြီတဲ့... သူမကို လွှတ်ပေးပါ ဆိုတဲ့အကြောင်း ပြောနေတာ ကြားလိုက်ရတယ်..."
ယန်ဟန်သည် ဟန်ခိုင် အား ဆေးလိမ်းပြီးသွားသည်နှင့် မေးလိုက်သည်။
"ဘာလို့ ဒီကိစ္စက လင်းကျင်းရှု နဲ့ ပတ်သက်နေတာလဲ...."
"ငါတို့ မင်းကို လိုက်ရှာနေတဲ့အချိန်မှာ လင်းကျင်းရှု က မင်းကို လူနှစ်ယောက်က ရိုက်ပြီး မြေအောက်ခန်းကို ခေါ်သွားတာကို တွေ့လိုက်တယ်လို့ လာပြောတာ...."
လီနန်ရှန့် က ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ထပြောလိုက်သည်။
"လင်းကျင်းရှု ကို သွားခေါ််လိုက်ဦးမယ်....ဒီကို ခေါ်လာပြီး သူမကိုမေးရမယ်... "
ထို့နောက် လီနန်ရှန့် သည် ယန်ဟန်နှင့် ဟန်ခိုင် တို့ အဖြေကိုပင် မစောင့်ဘဲ အလျင်အမြန် ပြေးထွက်သွားလေသည်။
Xxxxxxxx