အပိုင်း ၁၀၁-၁၀၂
Viewers 6k

Chapter 101


လီနန်ရှန့် သည် လင်းကျင်းရှု ၏ အခန်းဆီသို့ ပြေးသွားလိုက်ရာ သူမ၏ အခန်းတံခါးကို အတွင်းမှ သော့ခတ်ထားသဖြင့် ဖွင့်မရ‌သ‌ဖြင့် အခန်းထဲတွင်  လူ ရှိနေပေလိမ့်မည်။


လီနန်ရှန့် က တံခါးကို သုံးကြိမ်ဆက်တိုက် ခေါက်လိုက်သည်။ 


"ဘယ်သူလဲ..." 


လင်းကျင်းရှု ၏ အသံကို အခန်းတွင်းမှ ကြားလိုက်ရသည်။


 "ငါပဲ လီနန်ရှန့်..."


လီနန်ရှန့် ၏အသံကိုကြားသောအခါ လင်းကျင်းရှု အံ့အားသင့်သွားရသည်။ 


လီနန်ရှန့်..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....သူဘာမှ မဖြစ်ဘူးဆိုရင် ဟန်ခိုင် နဲ့ ယန်ဟန် ရော ဘာမှ မဖြစ်ကြဘူးလား...သူတို့ အမြဲတမ်း ဘယ်လိုလုပ် အသက်ပဲ ရှင်နေရတာလဲ ...


လျန့်ချောင် သည် ဟန်ခိုင် နှင့် အခြားသူများကို ကိုင်တွယ်နိုင်လောက်အောင် ရက်စက်သည်ဟု သူမထင်ခဲ့မိသည်။ အခန်းထဲမှ ဘာသံမှ ထပ်မကြားရ‌တော့သဖြင့် လီနန်ရှန့် က တံခါးကို သုံးကြိမ် ထုရိုက်လိုက်သည်။ 


" မထုနဲ့.. တံခါးပျက်သွားလိမ့်မယ်...."


လင်းကျင်းရှု က တံခါးကို ဖွင့်လိုက်ပြီး လီနန်ရှင်းကို တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။ 


လီနန်ရှန့် သည် လင်းကျင်းရှု မှာ သူမျှော်လင့်ထားသည့်အတိုင်း အံ့သြထိတ်လန့်မသွားသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားရသည်။ သူက လင်းကျင်းရှု လက်ကိုဆွဲလိုက်ပြီး ဟန်ခိုင် ၏ အခန်းဆီသို့ ခေါ်သွားလိုက်သည်။ လီနန်ရှန့် မှာ အားသန်လွန်းသောကြောင့် လင်းကျင်းရှု မှာ ရုန်းမရ‌နိုင်အောင် ဖြစ်နေသည်။


"ရှင်ဘာလုပ်တာလဲ...ရှင် အရမ်းဆွဲနေတာ ဒီမှာ နာနေပြီ..."


လီနန်ရှန့် က သူမကို စူးရဲစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။


 "မင်းလုပ်ခဲ့တာတွေကို  ရှင်းပြမှာ မဟုတ်ဘူးလား..." 


"ကျွန်မ ဘာလုပ်လို့လဲ..."


 "ငါ မင်းနဲ့ မပြောချင်သေးဘူး...  ဟန်ခိုင် ရဲ့ အခန်းရောက်မှ ရှင်းပြလိုက်..."


လီနန်ရှန့် သည် လင်းကျင်းရှု ကို ဟန်ခိုင် ၏ အခန်းသို့ ဆွဲခေါ်သွားပြီး တံခါးကို လော့ခ်ချလိုက်ကာ လင်းကျင်းရှု ထွက်မပြေးနိုင်ရန် တံခါးနားတွင် ထိုင်စောင့်နေလိုက်သည်။ လင်းကျင်းရှု သည် ယန်ဟန်နှင့် ဟန်ခိုင် တို့ အသက်ရှင်နေသေးသည်ကို မြင်လိုက်ရသောအခါ  သူမ တည်ငြိမ်ဟန်ဆောင်သော်လည်း  အံ့သြ နေသည်မှာ သူမ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်‌နေလေသည်။


 "ပြော...ငါနဲ့ ဟန်ခိုင် ကို မင်းဘာလို့ ငါတို့ကို လှည့်စားခဲ့တာလဲ..."


လီနန်ရှန့် က ပြောလိုက်သည်။


 "ရှင် ဘာဖြစ်နေတာလဲ...ကျွန်မ ခေါ်လာလို့ပဲ ယန်ဟန်ကို ပြန်ကယ်နိုင်တာမဟုတ်လား.. ဘာလို့ ကျွန်မကို ကျေးဇူးမတင်ဘဲ ရန်လုပ်နေရတာလဲ..." 


"ဟေ့ ကလေးမ.....ငါမင်းကို မတွေ့တာကြာပြီ...မင်း ဒီလို ပလီပလာတွေ လျှောက်ပြောတတ်လာတာပဲ...မင်း ရှင်းပြသင့်တယ် မလား..."


လင်းကျင်းရှု က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လီနန်ရှန့် ကို စိုက်ကြည့်ကာ မေးလိုက်သည်။


 "လျန့်ချောင် ကို သတ်လိုက်လား..." 


 "ဘာလို့ သူ့ကို အကြောင်းပြချက် မရှိဘဲ သတ်ရမှာလဲ..."


လင်းကျင်းရှု က မျက်လုံးကို မှိတ်လိုက်ပြီး စိတ်ရှုပ်သွားဟန်ဖြင့် ပြောလိုက်သည်။ 


 "ဒါဆို ရှင်သူ့ကို ကြိုးနဲ့ချည်ထားခဲ့လား..."


လီနန်ရှန့် မှာ လင်းကျင်းရှု က လျန့်ချောင် ဘက် အဘယ်ကြောင့် စကားဦးသန်းသွားရသည်ကို နားမလည်နိုင်တော့ပေ။


 "ဒီမှာ စကားလမ်းကြောင်း မလွှဲနဲ့...ငါတို့မေးတာကို မင်းမဖြေသေးဘူး..." 


 "ရှင် ကြိုးနဲ့ တုပ်ခဲ့လား... မတုပ်ခဲ့ဘူးလား...."


လင်းကျင်းရှု ၏ အသံက ပိုကျယ်လာသည်။ 


 "မချည်ခဲ့ဘူး...မချည်ဘူး..."


လီနန်ရှန့် ကလည်း ဒေါသသံအပြည့်ဖြင့် ပြန်အော်လိုက်သည်။


 "သွားပြီ...လျန့်ချောင် က ဇွန်ဘီဘုရင်ကို ဖန်တီးဖို့ သက်ရှိလူသားတွေနဲ့ စမ်းသပ်တော့မယ်ဆိုတာ ရှင်မသိဘူးလား..."


သုံးယောက်စလုံး နားမလည်နိုင် ဖြစ်နေသည်။


 "လျန့်ချောင် က R ဗိုင်းရပ်စ် အမျိုးအစားသစ်ကို တီထွင်ခဲ့တယ်...ကျောက်ယန် ကိုလည်း သူက ဗိုင်းရပ်စ် အမျိုးအစား အသစ်ကို ထိုးထားလို့ ဇွန်ဘီဘုရင် ဖြစ်သွားရတာ...ပြီးတော့ အခု သူက သက်ရှိလူသားတွေကို စမ်းသပ်တော့မယ်.... သက်ရှိလူသားတွေကို ဇွန်ဘီဘုရင် အဖြစ် ပြောင်းပစ်တော့မယ်လို့ ပြောတယ်... ပြီးရင် သူတို့တွေကို  အတူတူ တိုက်ခိုင်းလိုက်မယ်..နောက်ဆုံး ကျန်ခဲ့တာက အသန်မာဆုံး ဇွန်ဘီဘုရင် တဲ့..."


လင်းကျင်းရှု သည် သူတို့ သုံးယောက်လုံး၏ မျက်နှာပေါ်တွင် မယုံကြည်ဟန်များကို မြင်လိုက်ရသဖြင့် စိတ်တိုသွားရသည်။ 


"ကျွန်မကို မယုံဘူးလား... လျန့်ချောင် က ယန်ဟန် မေ့မလဲခင်တုန်းက ထောင့်မှာ ယန်ဟန် နဲ့ စကားပြောခဲ့တဲ့ လူကြီးကို ဒီလိုပြောခဲ့တာ..."


 "ဟွမ်ကျစ်ပင်း ကို ပြောတာလား..." 


ယန်ဟန်က ကြားဖြတ်ပြောလိုက်သည်။


"သူဘယ်သူလဲတော့ မသိဘူး... လျန့်ချောင် က အဲဒီလူကို ပြောခဲ့တာ...  သူတို့ စကားကို ခိုးနားထောင်နေလို့ သိရတာ...လျန့်ချောင် က စမ်းသပ်မယ့်လူတွေ အများကြီးလိုတယ်တဲ့...အဲ့ဒါတွေကြားပြီး ကျွန်မလည်း ပျာယာခတ်သွားတာနဲ့ ချော်လဲတော့မလို ဖြစ်ပြီး သူကျွန်မကို‌ တွေ့သွားတယ်...ကျွန်မ သူနဲ့ ညှိလိုက်တယ်... သူ ကျွန်မကို လွှတ်မယ်... ကျွန်မက သူ့ကို စမ်းသပ်ခံမယ့်လူ နှစ်ယောက် ခေါ်လာပေးရမယ်တဲ့..." 


 "လင်းကျင်းရှု...မင်းက အရမ်း စိတ်ပုတ်တာပဲ...မင်းအသက်ကို ကယ်ဖို့ ဟန်ခိုင် နဲ့ ငါကို မီးတွင်းထဲ တွန်းချခဲ့တယ်...."


လင်းကျင်းရှု က လီနန်ရှန့် ကို လျစ်လျူရှုကာ ပြောလိုက်သည်။


 "ရှင်တို့ အခု အသက်ရှင်ရုံမကဘူး... ယန်ဟန်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်မလား..." 


"လင်းကျင်းရှု...မင်း ငါတို့ကို သတ်ချင်နေတာ...မဟုတ်ရင် ထောင်ချောက်ဆိုတာ အစကတည်းက ငါတို့ကို အရင်ရှင်းပြမှာပေါ့..." 


ဟန်ခိုင် ၏ လေသံမှာ ဘာမှ မထူးခြားသလို သူ့မျက်လုံးများကလည်း ပို၍ပင် အေးစက်လာလေသည်။ လင်းကျင်းရှု ကလည်း ပွက်ပွက်ဆူနေသောရေကို မကြောက်သည့် ဝက်သေတစ်ကောင်လို လှောင်ပြောင်ကာ ပြန်ပြောလိုက်သည်။ 


"ရှင်တို့ သိသွားပြီဆိုတော့ ကျွန်မ ညာမနေတော့ပါဘူး.. ဟုတ်တယ်...ရှင်တို့အားလုံးကို သေစေချင်တယ်...ရှင်တို့ ကျွန်မကို သတ်ပစ်လိုက်... အခုချက်ချင်း သတ်ပစ်လိုက်..."


'ဟမ့်...သူမကို သူတို့ တကယ် သတ်ပစ်မိလိမ့်ဆိုတာ မယုံဘူး...'


 "မင်း..." 


လီနန်ရှန့် ဒေါသထွက်လာပြီး လင်းကျင်းရှု ကို လက်ဖြင့်ရွယ်လိုက်သော်လည်း တစ်ကယ် မရိုက်ပေ။


 "မင်းသာ မိန်းကလေး မဟုတ်ရင် ငါမင်းကို ကြမ်းပြင်ပေါ်လဲတဲ့အထိ ငါရိုက်ပစ်မိမှာပဲ..."


Xxxxxxx


Chapter 102


ယန်ဟန် သည် လျန့်ချောင်က ဇွန်ဘီဘုရင်ဖန်တီး လိုက်သည်ကိုသာ အာရုံစိုက်နေမိသည်။ ကျီကျောက်ယန်၏  စွမ်းအား၊ အရှိန်၊ တုံ့ပြန်နိုင်စွမ်းနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့မှာ သူမတူအောင် ထူးကဲလွန်းလှသည်။ လျန့်ချောင်၏ ဗိုင်းရပ်အသစ်ကြောင့် သူက ယခင် ဇွန်ဘီဘုရင်ထက်များစွာ သာလွန်ရခြင်းဖြစ်သည်။ ဤသို့ဖြင့် ကျီကျောက်ယန် သည် ကျွန်းမှ ယွင်ကျင့် မြို့သို့ အဘယ်ကြောင့် ရောက်လာရသည်ကို သူမ ရှင်းလင်းသွားရသည်။ အမှန်မှာ လျန့်ချောင်က ပို့လိုက်ခြင်းကြောင့် ဖြစ်လေတော့သည်။


လီနန်ရှန့် နှင့် လင်းကျင်းရှု တို့ စကားများရန်ဖြစ်ပြီးနောက် ယန်ဟန် က လင်းကျင်းရှု ကို မေးလိုက်သည်။ 


"အဲဒီမြေအောက်ခန်းမှာ တခြားစမ်းသပ်မယ့်လူတွေ ရှိသေးလား..." 


 "ရှိတယ်... လျန့်ချောင် က ရှင့်ကို မခေါ်လာခင် လူတစ်ယောက်ကို ဖမ်းထားပြီး ဘေးကအခန်းထဲမှာ သော့ခတ်ထားလိုက်တယ်..."


 "ဒါဆို ဘာလုပ်ကြမလဲ...စခန်းအပြင်မှာလည်း ဇွန်ဘီတွေ ပြည့်နေတယ်... စခန်းထဲမှာပါ ဇွန်ဘီဘုရင် ရှိလာရင် လူတိုင်းအစားခံရတော့မှာပဲ..." 


လီနန်ရှန့် က  လင်းကျင်းရှု ကို စိုက်ကြည့်ကာ ကျိန်ဆဲလိုက်သည်။ 


"မင်းသာ အစကတည်းက ပြောခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာမဟုတ်ဘူး...​ ဇွန်ဘီ​ဘုရင်​ ထွက်​လာရင်​ မင်းလည်း သေမှာပဲ...."


 "သေမယ်... ဘာမှကိစ္စမရှိဘူး...ကျွန်မလည်း အသက်မရှင်ချင်‌တော့ဘူး...အများသူငှာလို သေပစ်လိုက်မှာပဲ..."


လင်းကျင်းရှု က လီနန်ရှန့် ကို ပြန်ရန်ထောင်လိုက်သည်။


မင်းတို့သုံးယောက် အချင်းချင်း ငြင်းခုံနေကြစဉ် အပြင်မှ ဇွန်ဘီတစ်ကောင်၏ ဟိန်းဟောက်သံ၊ မာန်ဖီသံ၊သေနတ်သံများနှင့် လူအများ အော်ဟစ်သံများဖြင့် ရောထွေးနေကြလေသည်။


လီနန်ရှန့် နှင့် အခြားသူများ ထွက်သွားပြီးနောက် လျန့်ချောင် သည် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကိုအံတုကာ ကုန်းထလိုက်သည်။ ကံကောင်းစွာနှင့် သူ အခြားလူတစ်ယောက်ကို ဝှက်ထားသည်ကို သူတို့မသိခဲ့ကြပေ။ မည်သို့ပင်ဆိုစေ သူ့တွင် နောက်ဆုံး စမ်းသပ်မည့်လူတစ် ယောက် ရှိနေသေးသည်။ 


လျန့်ချောင် သည် အခန်းထဲသို့ လျှောက်သွားလိုက်ပြီး မီးဖွင့်ကာ မေ့မြောနေသည့် လူကို ကြိုတင်ပြင်ဆင်ထားသော ဗိုင်းရပ်စ်ဆေးကို ထိုးသွင်းလိုက်သည်။ ဗိုင်းရပ်စ်ပိုးသည် ထိုသူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် စက္ကန့်အနည်းငယ်အတွင်းပင် ထိုသူသည် တုန်လှုပ်နေကာ သူ့ခန္ဓာကိုယ်ကြွက်သားများသည်လည်း သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် ချက်ချင်း ကြီးထွားလာကြသည်။  နှစ်မိနစ်ခန့်အကြာတွင် ထိုလူမှာ ဇွန်ဘီ ဖြစ်လာလေ၏။ လျန့်ချောင် သည် သူ့ရှေ့မှ ဇွန်ဘီဘုရင်၏ အသွင်အပြင်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေလေသည်။


လျန့်ချောင် စိတ်လှုပ်ရှား၍ပင် မဆုံးလိုက် ဇွန်ဘီကြီးသည် လျင်မြန်စွာထရပ်ကာ မာန်ဖီလိုက်ပြီး လျန့်ချောင်၏ ဦးခေါင်းတစ်ဝက်ကို ချက်ချင်းကိုက်ဖြတ်ပစ်လိုက်ရာ ဦးနှောက်နှင့် သွေးများ နေရာအနှံ့ ပြန့်ကျဲသွားလေတော့သည်။


******* 


အခန်းထဲတွင် ရပ်နေသော လင်းကျင်းရှု သည် အပြင်ဘက်မှ ဆူညံသံများကို ကြားရပြီး ချက်ချင်းပင် မသိစိတ်က သူမ အိတ်ကပ်ထဲမှ သေနတ်ကို လက်နှင့် ဆုပ်ကိုင်ထားလိုက်သည်။ ယန်ဟန်က  အပြင်မှ လှုပ်ရှားသံများကို ဂရုတစိုက် နားထောင်ပြီး ပြောလိုက်သည်။


 "ဇွန်ဘီရဲ့ အသံကို နားထောင်ကြည့်..." 


 "မြန်လှချည်လား..." 


ထို့နောက်  လီနန်ရှန့် က တံခါးအပြင်ဘက်မှ လသာဆောင်ကို ပြေးသွားပြီး ကြည့်လိုက်ရာ ပထမထပ်က လူများ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်လိုက်ရသော်လည်း ဇွန်ဘီများကို  မတွေ့ရပေ။သူက ဒုတိယထပ်မှ အစောင့်ကို လှမ်းအော်လိုက်သည်။


 “ဘာဖြစ်တာလဲ...” 


ဒုတိယထပ်ရှိ အစောင့်သည် သေနတ်ကို ထိတ်လန့်တကြား ကိုင်ထားလိုက်ပြီး တုန်ယင်စွာ ပြန်ဖြေလိုက်၏။


 "ဇွန်ဘီတစ်ကောင် ဘယ်ကနေ ပေါ်လာမှန်းမသိဘူး... စခန်းထဲက လူတွေကို လိုက်ကိုက်နေတယ်..." 


လီနန်ရှန့် က ဟန်ခိုင် နှင့် တခြားသူများကို နှုတ်ဆက်ပြီးသည်နှင့် လှေကားထစ်ကို အမြန်ပြေးဆင်းလိုက်ပြီး စခန်းရှိ ယာယီခဲယမ်း၊မီးကျောက်ဌာနသို့ ပြေးသွားကာ အသုံးပြုနိုင်သော သေနတ်များနှင့် ဖောက်ခွဲရေး ပစ္စည်းများအားလုံးကို ဖျင်ကြမ်းအိတ်ထဲ စုထည့်ကာ ဒုတိယထပ်သို့ ယူသွားလိုက်သည်။


ထို့နောက် သူက လက်နက်ကိုင် ကာကွယ်ရေး ဦးစီးချုပ်၏ ယာယီစုဝေးရာ နေရာသို့ သွားလိုက်သည်။ ဝန်ကြီးများနှင့် တပ်ခွဲမှူးများသည်လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို စုစည်းထားပြီး အားလုံးက ရုတ်တရက်ပေါ်လာသော ဤဇွန်ဘီအား မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးနေကြသည်။


 "စခန်းရဲ့ တစ်ဖက်တစ်ချက်စီမှာ အစောင့်တွေ ရှိနေပေမယ့် အစောင့်တွေကလည်း ဇွန်ဘီတစ်ကောင် ဝင်လာတယ်လို့ သတင်းမပေးဘူး... ဒီဇွန်ဘီက ဘယ်က ထွက်လာရတာလဲ..." 


လက်နက်ကိုင် တပ်ဖွဲ့ဌာန ဝန်ကြီး ရှုကျုံးဟမ် က အားလုံးကို မေးလိုက်ရာ ဘယ်သူမှ ပြန်မဖြေသဖြင့် သူက ဆက်ပြောလိုက်သည်။


"ဒီဇွန်ဘီကို တစ်ယောက်ယောက်များ တွေ့လိုက်လား..." 


ထိုအချိန်တွင် အစောင့်တစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာပြီး သူ့မျက်နှာမှာ ထိတ်လန့်နေကာ ဖြူဖျော့နေလေ၏။ 


 "ကျွန်တော်..တွေ့လိုက်တယ်.." 


သူ့လက်ကို မြှောက်ပြီး အံကြိတ်လိုက်ကာ ပြောလိုက်သည်။ ရှုကျုံးဟမ် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောရန် ခေါင်းညိတ်ပြလိုက်သည်။ 


 "အဲ့ဒီဇွန်ဘီက အပြင်ကနေ လာတာမဟုတ်ဘူး.... မြေအောက်ခန်းကနေ ပြေးလာတာ ကျွန်တော်မြင်လိုက်တယ်... ရိုးရိုး ဇွန်ဘီတော့ မဟုတ်ဘူး... ဇွန်ဘီဘုရင်...ကျွန်းကိုသွားတဲ့ ဇွန်ဘီဘုရင်လိုပဲ....လူတွေအများကြီး စားပစ်လိုက်တာကို ကျွန်တော် မြင်ခဲ့တယ်..."


လီနန်ရှန့် က အစောင့်သည် ဇွန်ဘီဘုရင်ကို ထိတ်လန့်သွားသောကြာင့် သူ့စကားများက အဆီအငေါ် မတည့်ဖြစ်နေသည်ဟု ယူဆလိုက်သည်။  


"ဇွန်ဘီဘုရင် ဆိုတော့ ကျွန်တော်တို့အားလုံး ဖောက်ခွဲပစ်ရမယ်..."


လီနန်ရှန့် က သူ့နောက်ကျောမှ ဖောက်ခွဲရေးပစ္စည်းများကို စားပွဲပေါ်တင်ထားလိုက်ပြီး ပြော‌သော်လည်း အထက်လူကြီးများက ဆက်‌ဆွေးနွေးနေကြပြန်သည်။ နောက်ဆုံးတွင် မည်သည့်အကြံမှ ထွက်မလာကြဘဲ အချိန်ကုန်ရုံသာ အဖတ်တင်သည်။


 "ဇွန်ဘီ က သာမန်ဇွန်ဘီမဟုတ်ဘူး....ဇွန်ဘီဘုရင်လို့ အခုပဲ အစောင့်ပြောတာ ကြားဘူးလား..." 


" ဇွန်ဘီဘုရင် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ...ကျွန်တော်တို့ လုပ်ရမှာက သူ့ကို သတ်ပစ်ဖို့ပါပဲ... ကျွန်တော်တို့ကို စားမယ့်အချိန်ထိ ထိုင်စောင့်နေရမှာလား... "


လူတိုင်းသည် ဇွန်ဘီဘုရင်ကို ကိုင်တွယ်ရန် နည်းလမ်းကောင်းကို မစဉ်းစားနိုင်ကြဘဲ လီနန်ရှန့် ၏ စကားကိုလည်း မလိုက်နာကြပေ။ သူတို့က အလျင်စလို  ဆုံးဖြတ်လိုက်သဖြင့် မှားယွင်းသွားမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်လေသည်။


အားလုံး တိတ်ဆိတ်နေကြသည်ကို မြင်လျှင် လီနန်ရှန့် ၏ တပ်ခွဲမှူး ကျန့်ဟိုင် က စကားစလာသည်။ 


"ဝန်ကြီး... နန်ရှန့် ပြောတာ ကောင်းတယ်လို့ ထင်ပါတယ်...အဓိကကတော့ အခုအချိန်က အရေးပေါ်အခြေအနေ ဖြစ်တဲ့အတွက် အသေးစိတ်ဆွေးနွေးဖို့ အချိန်သိပ်မကျန်တော့ဘူးလေ...နောက်ပြီး ဇွန်ဘီဘုရင် အကြောင်းကို ကောင်းကောင်း မသိသေးဘူးလေ...ဆက်ပြီး ဆွေးနွေးမနေဘဲ လက်တွေ့လုပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်...."


ရှုကျုံးဟမ် က သူ့ခေါင်းကို လက်ဖြင့်ထောက်ထား လိုက်ရင်း အသာအယာ ခေါင်းညိတ်လ်ိုက်ပါတော့သည်။


 "ဒါဆိုလည်း လုပ်ကြရအောင်..."


Xxxxxx