အပိုင်း (၇၃)
Viewers 31k

part-73


စုန့်ထင်ရှန်းတယောက် ယွမ်ရှ၏ကွန့်မြူးလှသောအတွေးစိတ်ကူးများကိုမသိပေ။သူအလုပ်သို့ရောက်သည့်အခါ၌ယွမ်ရှ၏ညွှန်ကြားချက်ကိုသတိရသွားပြီး နေ့လည်စာအိတ်ကိုလက်ထောက်ချန်း၏လက်ထဲသို့ထဲ့ပေးလိုက်သည်။


လက်ထောက်ချန်းကလက်ခံလိုက်ပြီး အိတ်ကိုနားနေခန်းထဲသို့ယူသွားလိုက်သည်။


သူအိတ်ကိုဖွင်ကြည့်လိုက်သောအခါတွင်ဗူးအကြည်လေးများဖြင့်ထည့်ထားသော ဒူးရင်းသီးနှင့် ဒူးရင်းကိတ်လိပ်ကိုတွေ့လိုက်ရသည်။သူလုံးဝကြောင်အမှင်သက်သွားသည်။


ဒါပေါ့...ဘေးနားမှာရှိနေသည့်လူများကလဲမပျော်မရွှင်ဖြစ်သွားကြသည်။


"မင်း ဘယ်လိုဖြစ်လို့ ဒူးရင်းသီးတွေယူလာရတာလဲ...ဘာလဲ ငါတို့ကိုသေစေချင်နေတာလား..."


"ဟုတ်ပ အနံ့ကအရမ်းကိုစူးရှလွန်းတယ်...ရေခဲသေတ္တာတခုလုံးတော့နံကုန်တော့မှာပဲ..."


"မင်းကမကောင်းဆိုးဝါးများလား...ငါကအဲ့အနံ့ကိုမခံနိုင်ဘူးကွ..."


ဒါပေါ့...ရုံး၌ဒူးရင်းသီး မကြိုက်နှစ်သက်သည့်သူများရှိသလို ကြိုက်နှစ်သက်သည့်သူများကလဲမရှားပါးပေ။သူတို့ထဲမှတယောက်ကစကားစပြောလာလေသည်။


"ဟေး...ငါမြည်းကြည့်လို့ရမလား...ဒီဒူးရင်းကိတ်လိပ်လေးကိုကြည့်ရတာတော့ စားကောင်းမဲ့ပုံပဲ မင်းဘယ်ကဝယ်လာတာလဲ..."


လက်ထောက်ချန်းကထိုလူတစု၏မှတ်ချက်များကိုလျစ်လျူရှုလိုက်ပြီး ဗူးလေးများကိုရေခဲသေတ္တာထဲသို့ထည့်ပြီးမှပြောလိုက်သည်။


"ဒါက စီအီးအိုစုန့်ရဲ့ဟာ...တကယ်လို့မင်းတို့မှာပြောစရာရှိတယ်ဆိုရင်တော့ မင်းတို့ကိုယ်တိုင်ပဲသူ့ကိုသွားပြောလိုက်..."


ထိုခဏ၌အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။


ဘယ်သူကမှသူတို့၏တည်ကြည်ထက်မြတ်ပြီးကြီးမြတ်သောစီအီးအိုနှင့် ထိုဒူးရင်းသီးမုန့်ဗူးကိုဆက်စပ်မတွေးမိပေ။အထူးသဖြင့်သူတို့၏နှာခေါင်းများကိုပင် သေစေနိုင်သောဒူးရင်းသီးနံ့ ဒီလိုလိုက်ဖက်မှုမရှိသည့်တွဲစပ်မှုကြောင့်သူတို့အံ့ဩသွားခဲ့သည်ဟုပြောလျှင်လဲမမှားပေ။


"အခု ငါသိချင်တာကလေ ဒီဒူးရင်းသီးကိုစီအီးအိုစုန့်ဝယ်ခဲ့တာလား သူ့ဇနီးကလုပ်ပေးလိုက်တာလားဆိုတာပဲ..."


.....


ဝမ်လေးမူကြို‌ကျောင်းသို့ယူလာခဲ့သော ဒူးရင်းသီးကိတ်လိပ်လေးများက ကလေးများကြားထဲတွင်အလွန်ရေပန်းစားသွားလေသည်။နေ့လည်စာစားပြီးနောက် တရေးတမောအိပ်ချိန်ရောက်သော်လဲ မည်သူမှမအိပ်ချင်ကြပဲ ကလေးများကစကားစမြည်ပြောနေကြလေသည်။


"ငါ့မာမားက မုန့်လုပ်တတ်တယ်လို့မင်းတို့ကိုအရင်ကလဲပြောဖူးတယ်လေ...ဒါပေမဲ့ မင်းတို့ကမှငါ့ကိုမယုံကြတာ..."


ဝမ်လေးကအိပ်ယာပေါ်တွင်လှဲလျောင်းရင်း သူ့၏ခြေထောက်လေးများကိုမြှောက်ကာဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်သည်။


"ငါ့မာမားကနော် မုန့်လုပ်နည်းတော်တော်များများကိုသိတယ်...ဆရာမဝမ်ကတောင်ပြောတယ်...ငါ့မာမားလုပ်တဲ့မုန့်ကဆိုင်ကဝယ်တဲ့ဟာထက်ပိုကောင်းတယ်တဲ့..."


"စုန့်ရှုယန်...ငါ့ရဲ့မိဘတွေပြောတာတော့ မင်းရဲ့မိဘတွေကကွာရှင်းတော့မယ်တဲ့..."


ကလေးတယောက်၏ရုတ်တရက်ပြောလိုက်သောစကားကြောင့် စားစရာအကြောင်းပြောနေသည့်စကားဝိုင်းကရုတ်တရက်ပြောင်းလဲသွားလေသည်။


ကလေးမလေးက ထပ်ပြောလာလေသည်။


"နင့်အဖေနဲ့အမေနဲ့ ကွာရှင်းလိုက်တယ်ဆိုရင်လေ...နင်ကအရမ်းကိုသနားစရာကောင်းသွားလိမ့်မယ်သိလား...ဒါပေမဲ့လေ နင်ဘာမှစိတ်မပူနဲ့ငါက နင့်ရဲ့သူငယ်ချင်းဖြစ်နေတုန်းပဲ..."


ဝမ်လေးက ထိုစကားများကိုလုံးဝသီးမခံနိုင်ပေ။သူ့၏မျက်နှာသေးသေးလေးနီရဲလာသည်အထိဒေါသထွက်လာလေသည်။


"နင့်ရဲ့အမေက ပေါက်တတ်ကရတွေပြောနေတာ...သူကလိမ်နေတာ..."


သူတို့သည်မူကြိုကျောင်းမှကလေးငယ်များသာဖြစ်သောကြောင့်လူကြီးများ၏လောကအကြောင်းကိုနားမလည်သော်လဲ ကွာရှင်းခြင်းဆိုသည့်အဓိပ္ပာယ်ကိုတော့သိထားကြလေသည်။


ကွာရှင်းခြင်းဆိုသည်မှာသူတို့မိဘများကတယောက်တနေရာစီခွဲနေကြပြီး သူတို့မိဘနှစ်ယောက်စလုံးနှင့်ဘယ်တော့မှတူတူမနေနိုင်တော့ဘူးဟုဆိုလိုခြင်းဖြစ်သည်။


"ငါလိမ်ပြောတာ မဟုတ်ပါဘူး..."


ထိုကလေးမလေးကအလျင်အမြန်ပင်ရှင်းပြလာလေသည်။


"နင်ငါ့ကိုမယုံဘူးဆိုရင် တခြားလူတွေကိုလဲမေးလို့ရတယ်...ငါတို့မိဘတွေအကုန်လုံးကလေ တစ်ခန်းထဲ အိပ်ယာတစ်ခုထဲမှာတူတူအိပ်ကြတာကြီးပဲ...နင့်မိဘတွေကကပဲခွဲအိပ်တာ ငါ့မေမေပြောတာကတော့စုံတွဲတွေကခွဲအိပ်တယ်ဆိုတာသူတို့မကြာခင်မှာကွာရှင်းပြီးတော့ခွဲနေကြတော့မလို့တဲ့..."


ဝမ်လေး၏မျက်နှာဖောင်းဖောင်းလေးကသူ့၏ခံစားချက်များကိုထိန်းချုပ်ထားရသောကြောင့် နီမြန်းနေလေသည်။


"ငါ့မာမားပြောတာကတော့ အဲ့တာကသူကအိပ်ယာဝင်တာလဲနောက်ကျပြီးတော့ ငါ့ပါပါးကမနက်ပိုင်းကျရင်သူ့ကိုအနှောင့်ယှက်မပေးချင်လို့တဲ့...နင်ကဘာမှမသိပဲနဲ့ပေါက်ကရတွေလျှောက်ပြောမနေနဲ့ နင့်မေမေလဲတူတူပဲ..."


"အဲ့တာ သူတို့နင့်ကိုလိမ်နေတာ...စုန့်ရှုယန်ရဲ့...လူကြီးတွေကလေကလေးတွေကိုလိမ်ရတာကြိုက်တယ်...နင်မယုံရင်တခြားသူတွေကိုမေးကြည့်..."


"ရှောင်ခိုင်ဖုန်း...နင့်မိဘတွေကတူတူအိပ်တာလား..."


နာမည်ခေါ်ခံလိုက်ရသောကောင်လေးကအနဲငယ်တုန်ယင်သွားသည်။သို့သော်လဲ သူဝမ်လေး၏စောင့်ကြည့်နေသောမျက်ဝန်းများအောက်တွင်ခေါင်းညိမ့်ပြလိုက်၏။


"ဟုတ်တယ်...တခါတလေကျရင်ငါလဲ သူတို့ကြားထဲဝင်အိပ်တယ်..."


ထိုအချိန်၌တချိန်လုံးစကားမပြောပဲတိတ်ဆိတ်နေသောကလေးတယောက်ကလဲဝင်ပြောလာလေသည်။


"စုန့်ရှုယန်...နင်းယာကမင်းကိုမလိမ်ဘူး...မင်းရဲ့မိဘတွေကတကယ်ပဲကွာရှင်းတော့မှာ...ငါ့မိဘတွေမကွာရှင်းခင်တုန်းကလဲသူတို့အချိန်အကြာကြီးပဲခွဲအိပ်ကြတယ်...ပြီးတော့ငါက ငါ့မေမေကိုမေးလိုက်တုန်းကလဲ မင်းမေမေပြောသလိုပဲအဖြေတူတူပဲပြန်ပေးတာ..."


ထိုစကားလုံးများကဝမ်လေး၏နှလုံးသားနုနုကိုမိုးကြိုးပစ်ချလိုက်သလိုမျိုးဆို့နင့်သွားစေသည်။


သူ သူ့သူငယ်ချင်းများကို မယုံသင်္ကာဖြင့်ကြည့်မိလိုက်သည်။


သူတို့ပြောနေတာတွေကအမှန်တွေပဲလား...သူ့မိဘတွေကတကယ်ပဲကွာရှင်းကြတော့မှာလား...