အပိုင်း ၁၇-၁၈
Viewers 22k

Chapter 17

{ သားကို ပေးပါ မေမေ - ၂ }


မနက်ဖြန်၌ ကျယ်ဝန်းလှပတဲ့တိုက်ခန်းအသစ်သို့ ပြောင်းရွှေ့ရတော့မည်ဟုသောအတွေးကို တွေးနေမိရုံဖြင့်ပင်  ထိုညတွင် စိတ်လှုပ်ရှားလွန်းလို့ အိပ်လို့ပင် မ​ပျော်ချေ... ကလေးက အိပ်ယာပေါ်၌ လဲလျောင်းနေရင်း မျက်လုံးတို့မှိတ်ထားလျက် တရပ်ဆက်စကားပြောနေလေသည်...သူ စကားများများပြောလေလေ စိတ်လှုပ်ရှားလေလေဖြစ်နေတော့၏... 


ချန်းဟွမ် ကလေးလေးရဲ့စကားတို့ကို ဆက်တိုက်နားထောင်ရင်း ခေါင်းကိုက်ချင်သလိုပင် ခံစားလာရလေသည်... အရမ်းချစ်စရာကောင်းသောနတ်သားပေါက်လေးက ယခုတွင် နတ်ဆိုးငယ်လေးဖြစ်လာသည်ဟုပင် ထင်ရလောက်၏... နောက်ဆုံးတွင်တော့ သူမ ယနေ့ဝယ်ခဲ့သောပုံပြင်စာအုပ်များထဲမှ တစ်ခုကို ဆွဲထုတ်လိုက်ပြီး ရှင်ရှင်းလေး စကားပြောခြင်းကို ရပ်ရန် စဥ်းစားလိုက်ရသည်... 


" သား အိပ်မှရတော့မယ်... မေမေပြောတဲ့ပုံပြင်လေးတစ်ပုဒ်နားထောင်ပြီး အိပ်တော့နော် ဟုတ်ပြီလား... "


အမေဖြစ်သူက ထိုသို့ပြောလိုက်ချိန်တွင် ပေါက်စီလုံးလေးက ချက်ချင်းငြိမ်ကျသွားချေ၏.. 


ချန်းဟွမ်ပြောပြသောပုံပြင်ဇာတ်လမ်းရဲ့ ဇာတ်လိုက်မှာ ဥလေးတစ်လုံးဖြစ်ကာ ထိုဥလေးဟာ လူဆိုးများကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံးတွင်တော့ လူသားတစ်ယောက်ဖြစ်လာခဲ့သော တော်တော်မိုက်သည့်ဇာတ်လမ်းမျိုးပင်...


ချန်းဟွမ်က ပုံပြင်ပြောပြရာတွင် မြန်မြန်ဆန်ဆန်ဖတ်ခြင်းမဟုတ်ဘဲ ပြေပြစ်ပြီးနွေးထွေးသောလေသံဖြင့် ​အေးအေးဆေးဆေးဖတ်ပြလေသည်...


ပုံပြင်စာအုပ်ထဲမှ စာရွက်များပေါ်ရှိ ဇာတ်လမ်းသည် ဘာသာစကားအဖြစ်သို့ ပြောင်းလဲသွားပြီး သူမပါးစပ်မှ ထွက်ပေါ်လာချိန်တွင် ကလေးသည်  အိမ်ပြောင်းခြင်းကိစ္စကို မေ့သွားခဲ့ကာ ပုံပြင်အကြောင်းကိုသာ ပိုလို့စိတ်ဝင်စားလာတော့၏...​


ဇာတ်လမ်းထဲမှ ဒိုဒိုဟူသောဥလေးက အရမ်းရဲရင့်ပေသည်... ထိုအကြောင်းကို တွေးနေရင်းဖြင့် ဒိုဒိုလေးက ဥဘဝမှ လူသားဘဝအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားနိုင်ခဲ့တာလား ဟူသောအမေးတို့ဟာ ပေါက်စီလုံးလေးရဲ့ဦးနှောက်ထဲတွင် ပြည့်နှက်လို့လာ၏... အကယ်၍သာ ဒိုဒိုလေးက ဥဘဝမှ လူသားအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ဆိုလျှင် သူသည်လည်း ဥလေးဘဝမှ လာသည်ဟု ဆိုလိုချင်သည်လား... စတဲ့အတွေးတို့ဟာ သူ့စဲ့ခေါင်းသေးသေးလေးထဲတွင် ပြည့်ကျပ်လို့လာတော့သည်...


ရှင်းလေးက မေးလိုသောမေးခွန်းများစွာရှိသော်လည်း အမေဖြစ်သူ

က သူမ ပုံပြင်ပြောနေချိန် စကားမပြောရန်​ မှာထားသောကြောင့် ဘာသံမျှမထွက်ဘဲ ငြိမ်ငြိမ်လေးသာ နားထောင်နေလိုက်သည်...l


သူ ပုံပြင်ကို ဆက်နားထောင်ရင်းဖြင့်သာ အိပ်စက်ခြင်းနယ်မြေထဲသို့ ခြေချလိုက်မိလေတော့၏... နောက်ဆုံး၍ အမေဖြစ်သူဘေးနားသို့ကပ်လျက် အိပ်မောကျသွားတော့သည်..


~~~~


ရှင်းရှင်းလေး ကုတင်ပေါ်တွင် ရှူးပေါက်ချလိုက်မိသည်...


ချန်းဟွမ်တစ်ယောက် နိုးလာသောအခါ သူမရဲ့အင်္ကျီပေါ်တွင် တစ်ခုခုစိုနေသည်ဟု ခံစားလိုက်၏... 


ပထမ၌ သူမ ရာသီလာနေသည်ဟုသာ ထင်လိုက်သော်လည်း ထထိုင်လိုက်ကာ ပေါက်စီလုံးလေး ခြုံထားသောစောင်မှ အနက်ရောင်ရေကွက်ကို မြင်လိုက်ချိန်တွင်တော့ သူမ ထင်သလို မဟုတ်မှန်း သိလိုက်သည်... 


ကလေးလေးသည် မနေ့ညက ပုံမှန်ထက် နောက်ကျမှ အိပ်ရာဝင်ရုံတင်မက ရှူးပေါက်ချင်သည့်အခါ မနိုးတတ်သေးသောအရွယ်သာရှိသေးသည်ကြောင့် ယခုလိုဖြစ်ရခြင်းကိုသူမ နားလည်ပြီးသားပင်...


ချန်းဟွမ် နူးညံ့စွာပြုံးလိုက်ပြီး သူမသားလေးကို မနှိုးခင် သူ့ပါးဖောင်းဖောင်းကို ခပ်ဖွဖွဆွဲလိုက်၏... ထို့နောက်တွင်တော့ သူမ ကလေးလေးအား နှိုးကာ ရေချိုးပေးလိုက်သည်...


ရှင်းရှင်းလေးပ အိပ်ယာပေါ်တွင် ရှူးပေါက်ချလိုက်မိတာကြောင့် အလွန်ရှက်နေခဲ့သည်...


အမေဖြစ်သူက သူ့ကို နှိုးပြီး ရေချိုးဖို့ခေါ်သွားချိန်မှသာ သူ နိုးလာခဲ့ခြင်းဖြစ်၏... ကလေးလေးသည် ရေမိုးချိုး အဝတ်အစားဝ်ပြီးသည်နှင့် နေရာတစ်ခုတည်းတွင် ရပ်ကာ တိတ်တဆိတ်ဖြင့် အမေဖြစ်သူက စောင်ကို လျှော်နေခြင်းကို ကြည့်နေခဲ့သည်...


ပေါက်စီလုံးလေးဟာ စကားလုံးဝမပြောဘဲ  ခေါင်းငုံ့ရင်း သူ့ကိုယ်သူအပြစ်တင်နေတော့သည်...


ပေါက်စီလုံးလေးသည် ယခုတွင် အသက်၄နှစ်ရှိပြီဖြစ်ပြီး ယခုထိတိုင် အိပ်ယာထဲတွင် ရှူးပေါက်ချတတ်နေမိ၏... မေမေကတော့ သူ့ကို မုန်းသွားတော့မှာပဲ ဟူသောအတွေးတို့ဟာ ကလေးလေးရဲ့အတွေးတို့ကို လွှမ်းမိုးလာချေသည်...


ထိုအတွေးတို့ကို တွေးမိချိန်တွင် ပေါက်စီလုံးလေးတစ်ယောက် ငိုချင်လာသလို ခံစားလာရသည်... သူ့မျက်လုံးထဲတွင် မျက်ရည်များ ရစ်ဝဲလာသော်လည်း မျက်ရည်တစ်စက်မျှမကျလာခဲ့ပေ...


သူ ငိုလို့ မဖြစ်ဘူး... မေမေက ငိုတဲ့ကလေးတွေကို မချစ်ဘူးဟူသောအတွေးတို့က ကလေးလေးရဲ့မျက်ရည်တို့ကို တားဆီးထားပုံပင်... ပေါက်စီလုံးလေးသည် ထိုအတွေးတို့ကို တွေးဆရင်း သူ့ရှေ့တွင် အလုပ်များနေသောအမျိုးသမီးအား မသိမသာချောင်းကြည့်လိုက်သည်... သူ့ မျက်ရည်များကို သူ့ရဲ့လက်ချောင်းတိုတိုလေးများဖြင့် အမြန်သုတ်လိုက်ကာ ဘာမှမဖြစ်သလို ပြန်ဟန်ဆောင်နေရှာ၏...


ချန်းဟွမ် စောင်ကို နေလှန်းပြီးနောက် သူမရဲ့အနောက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် တစ်မနက်လုံး သူမ နောက်သို့ တကောက်ကောက်လိုက်လာသောပေါက်စီလုံးလေးကို တွေ့လိုက်ရသည်...


ကလေးလေးက တစ်မနက်လုံး တိတ်ဆိတ်နေခဲ့သည်ကို သူမ သတိထားမိပေသည်... သူ့ကိုယ်သူ အပြစ်တင်နေပုံရပေ၏...


ချန်းဟွမ်က ဒီလိုကိစ္စလောက်လေးဖြင့် ကလေးလေးတစ်ယောက်ကို လျစ်လျူရှုမည့်သူ မဟုတ်ေ့.. သူမ ကလေးဆီသို့ လျှောက်သွားကာ ရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး ကုတင်ပေါ်တွက် ရှူးပေါက်ချခဲ့သောကိစ္စနှက့်ပတ်သက်ပြီး ဘာမျှ မပြောဘဲ ခါတိုင်းလို သဘောထားကြီးစွာဖြင့်သာ စကားစလိုက်လေသည်... " ဗိုက်ဆာနေပြီလား သားသား... မေမေ ဒီမနက် ဂျုံယာဂုပဲ ချက်ထားတယ် တူတူသွားစားရအောင်နော်... "


အမေဖြစ်သူဆီမှ ထိုစကားကို ကြားလိုက်ချိန်တွင် ကလေးလေးက သူထိန်းထားခဲ့သောငိုချင်စိတ်တို့ကို လွှတ်ချလိုက်ပြီး ချန်းဟွမ်ရဲ့လည်ပင်းကို ဖက်ကာ ငိုချလိုက်တော့၏... 


ချန်းဟွမ် ရုတ်တရက်ငိုသွားသောပေါက်စီလုံးလေးအား ကြည့်ကာ အနည်းငယ်စိုးရိမ်သွားမိလေသည်... အဘယ့်ကြောင့်ဆိုသော် သူမ ဒီဝတ္ထုထဲကို ကူးပြောင်းလာပြီးနောက် ကလေး ငိုခြင်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သောကြောင့်ပင်... ထို့ကြောင့် သူမ ကလေးလေးရဲ့ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်ရင်း  " သား...... ဘာဖြစ်လို့လဲ သား... သားက ဂျုံယာဂု မစားချင်လို့လား "


" ဝူး...ဝူး ...ဝူး မ...မဟုတ်ပါဘူး မေမေ... "


 ပေါက်စီလုံးပေါက်စလေးဟာ အမေဖြစ်သူလည်ပင်းကို တင်းတင်းကျပ်ကျပ်ဖက်ကာ ငိုကြွေးရင်း ပြန်ဖြေလိုက်သည်... " 


သား... သား စားချင်ပါတယ်... သားကို ပေးပါ မေမေ  "


💜💜💜💜💜💜


Chapter 18

{ ပြောင်းရွှေ့ခြင်း - ၁ }


ချန်းဟွမ်သည် သူမရဲ့ပေါက်စီလုံးလေးက အိပ်ယာပေါ်တွင် ရှူးပေါက်ချလိုက်မိသည့်ကိစ္စကို ဘာလို့အခုလောက်ထိ ဝမ်းနည်းသွားရသည်ကို နားမလည်ပေ...


ကလေးလေးရဲ့သနားကရုဏာသက်ချင်စဖွယ်ငိုရှိုက်သံလေးကဖြင့် သူမရဲ့နှလုံးသားကို နာကျင်စေသည်မှာတော့အမှန်ပင်... သူမ ပေါက်စီလုံးလေးကို ဖက်ထားခြင်းမှလွှတ်လိုက်ပြီးနောက် နဖူးကို နမ်းလိုက်ပြီး  " မငိုနဲ့တော့နော် သားသားလေး... မေမေက ရှင်းရှင်းလေးကို  ချစ်တာမို့လို့... ရှင်းရှင်းလေးကို မေမေက အချစ်ဆုံးပဲ ဟုတ်ပြီလား..."


ကလေးရဲ့မျက်လုံးများသည် ငိုကြွေးမှုကြောင့် နီရဲနေပြီး မျက်တောင်မွေးများပေါ်တွင်လည်း မျက်ရည်စက်လေးများ တွဲခိုလို့ နေသေး၏... ကလေးလေးက မျက်လုံးလေးများကို ပွတ်သပ်ပြီးနောက်တစ်ကြိမ်ကြို့ထိုးလိုက်လေသည်...


" မေမေ့ကိုလည်း...သားသား အချစ်ဆုံးပဲ " ကလေးက အမေဖြစ်သူရဲ့ပါးပြင်ကို နမ်းလိုက်ပြီးနောက်  " သားက မေမေကိုအချစ်ဆုံးပဲ " ဟုထပ်ပြောလိုက်ပြန်သညွ...


ချန်းဟွမ်ဆီ၌ မူလပိုင်ရှင်မှတ်ဉာဏ်ရဲ့ ဝေဝေဝါးဝါးသာ ရှိတာကြောင့် မူလပိုင်ရှင်၏ကိစ္စတချို့ကို လုံးဝမသိတာမျိုးလည်း ရှိ၏...


သို့သော်ငြား ရှင်းရှင်းလေးကတော့ အရာအားလုံးကို မှတ်မိနေဆဲပင်...


သူ သုံးနှစ်ခွဲလောက်က အိပ်ယာပေါ်တွင် ရှူးပေါက်ချမိဖူး၏... ထိုချိန်တုန်း သူ့အမေ(မူလချန်းဟွမ်)အကြည့်ကို မှတ်မိနေသေးသည်...  သူမက နှာခေါင်းကို  လက်တစ်ဖက်ဖြင့် ပိတ်ထားရင်း သူ့အား ရွံရှာစရာတစ်ခုလို ကြည့်နေခြင်းဖြစ်လေတယ်... ကလေးလေးက သူမဆီ လျှောက်လာဖို့ ကြိုးစားတဲ့အခါ သူမနှင့် ခပ်ဝေးဝေးမှာနေဖို့ အော်ဟစ်ခဲ့သေး၏...


" နင့်လိုရွံ့စရာကောင်းတဲ့ဟာလေးကို ငါဘာလို့များ မွေးခဲ့မိပါလိမ့် "ဟုလည်း အော်ဟစ်ညည်းတွားတတ်သေးသည်...


လူကြီးများ စိတ်ထဲတွင် ကလေးတွေက အသေးစိတ်အချက်အလက်၊ အကြောင်းအရာတို့ကို မမှတ်မိလောက်ဘူးဟု ထင်တတ်ကြလေသည်... ဒါကြောင့်လည်း လူကြီးအများစုဟာ ကလေးများရှေ့တွင် ပြောချင်ရာပြောတတ်ကြပေသည်... တကယ်တော့ ကလေးတစ်ယောက်အတွက် စကားလုံးတချို့ဟာ သူတို့စိတ်ထဲတွင် အမြဲစွဲကပ်နေတတ်ခြင်းမျိုးလည်း ရှိလေ၏... တစ်ခါတစ်လေတွင် သူတို့လေးတွေ မလိုချင် မလုပ်ချင် မဖြစ်ချင်သောအကြောင်းကိစ္စတို့ကို အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် မြင်မက်တတ်ကြသေးသည်...


ရှင်းရှင်းလေးရဲ့မှတ်ဉာဏ်ထဲတွင်တော့ သူ့အမေဟာ သူ့ကို အလွန်မုန်းတီးနေခဲ့သည်... သူမက ဘာကြောင့် သူ့အပေါ် အခုလိုပြုမူနေမှန်း မသိသော်လည်း သူ့တွင် အမေမှလွဲ၍ တခြားသူ မရှိမှန်း ကောင်းကောင်းနားလည်ပေ၏...


သူ မငိုခဲ့၊ မသောင်းကျန်းခဲ့ပေ... အိပ်လျှင်လည်း သူ့ဘာသာသူသာ အိပ်၊ အဝတ်အစားလည်း သူကိုယ်တိုင်ဝတ်၊ ဗိုက်ဆာလျှင်တောင် အိမ်ထဲတွင် ကိုယ်တိုင်သာ ရှာစားရသည်... တစ်ခါတစ်ရံတွင် အမေဖြစ်သူကို သူမေးကြည့်ချင်မိသည်... ဒီလောက်ထိအလိုက်သိသိ လိမ်လိမ်မာမာနေတာတောင် ဘာလို့များ သူ့ကို မချစ်ရသည်လဲဟုပေါ့...


ဒီလိုနှင့် တစ်နေ့မှာတော့ သူ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ မချစ်ခဲ့တဲ့အမေက ရုတ်တရက် သူ့ကို အရမ်းဂရုစိုက်ပြီး ချစ်လာခဲ့သည်... လက်ရှိအခြေအနေအတွက် ပျော်ရွှင်သော်လည်း သူ့ရင်တွင်းတွင် တစ်စုံတစ်ခုကို အမြဲစိုးရိမ်နေရသလို ခံစားနေရသေး၏...


အမေဖြစ်သူက အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမည်ကို စိုးရိမ်နေမိပေသည်.. သူနဲ့စကားပြောတာ ဒါမှမဟုတ် သူ့ကို ပြုံးပြခြင်းမျိုးတို့ တစ်ဖန်ပြန်လည်ပျောက်ကွယ်သွားကာ အရင်အခြေအနေသို့ ပြန်ရောက်သွားမည်ကို သေမတတ်ကြောက်ရွံ့ပေသည်...


လက်ရှိအခြေအနေကို ပိုဖက်တွယ်ထားချင်မိလေ အရင်အခြေအနေမျိုး ပြန်ရောက်သွားမည်ကို ပိုကြောက်နေမိလေပင်... သူသာ လိမ်လိမ်မာမာနေပါက အရင်လို ပြန်ဖြစ်သွားနိုင်မည် မဟုတ်ဟု ကလေးလေးက တွေးဆနေပုံရ၏...


ကလေးလေးရဲ့အတွေးထဲတွင် အမှားတစ်ခုလုပ်မိပါလျှင် လိမ္မာသောကလေး မဟုတ်တော့ဘဲ ဆိုးသွမ်းသောကလေးဖြစ်သွားလိမ့်မည်ဟု တွေးထားလေသည်..


ကလေးလေးအတွေးထဲမှအမေဖြစ်သူရဲ့ပုံစံအရသာဆိုပါလျှင် ချန်းဟွမ်က သူ့ကို လျစ်လျူရှုထားမည်ပင်... လျစ်လျူရှုခံမည်ကို စိုးရိမ်သောကြောင့် ငိုလိုက်ပါကလည်း ဆိုးသောကလေးဟုဆိုတာ ဆူခံ ရိုက်ခံရပေအုံးမည်...​


သို့သော် လက်ရှိ သူ့ရှေ့တွင်ရှိနေသောမေမေမှာင် သူ့ကို စကားပြောသေးရုံတင်မက ပြုံးပြရင်းဖြင့် မနက်စာစားဖို့ပင် ပြောနေသေးသည်... ကလေးလေးက အမေဖြစ်သူရဲ့အပြုံးမျက်နှာကို တွေ့လိုက်ချိန်တွင်တော့ သူ့ရင်ထဲမှ ဖုံးကွယ်ထားသောအဆိုးမြင်စိတ်များဟာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ချေတော့၏... . 


ချန်းဟွမ် ကလေးလေး ငိုနေခြင်းကို တွေ့လိုက်ချိန်တွင် သူမနှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲလာသလိုပင် ခံစားလိုက်ရသည်... သူမ ပေါက်စီလုံးလေး အငိုတိတ်သွားအောင် မည်သို့ချော့ရမည်ကို မသိတာကြောင့် ကလေးလေးအား သူမ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နှစ်သိမ့်စကားပြောရင်း ချော့မော့လိုက်လေသည်... ကလေးလေးသည်လည်း ငိုရင်း မောပန်းနွမ်းနယ်ပြီး နောက်ဆုံးတွင်တော့ အငိုရပ်သွားတော့၏...


ချန်းဟွမ်ရဲ့ရင်ခွင်ထဲသို့ ရောက်နေသောပေါက်စီလုံးလေး ခန္ဓာကိုယ်လေး တိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် သူမဟာ တိတ်တိတ်လေး သက်ပြင်းတစ်ချက်ချရင်း တစ်ရှူးတစ်ရွက်ကို ထုတ်ကာ ကလေးလေးမျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်လေသည်...


 ပေါက်စီလုံးလေးက အချိန်တော်တော်ကြာ ငိုနေခဲ့တာကြောင့် မျက်လုံးများ နာကျင်နေ၏... ထို့ကြောင့် ပေါက်စီလုံးလေးဟာ မျက်လုံးများကို မှိတ်ထားပြီး  ညည်းတွားရင်းဖြင့် အမေဖြစ်သူရဲ့ရင်ဘတ်ကို မှီထားလေသည်...


ချန်းဟွမ် အဝတ်အစားရဲ့တစ်ဝက်ဟာ ပေါက်စီလေးရဲ့မျက်ရည်ကြောင့် စိုရွှဲနေပြီဖြစ်သော်လည်း  သူမ စိတ်အနှောင့်အယှက်ဖြစ်မေနပေ... ထို့နောက်တွင်တော့ သူမသည် ကလေးလေးအား မီးဖိုချောင်ထဲကို ချီသွားပြီး ဂျုံယာဂုကို ပန်းကန်လုံးထဲထည့်ကာ ဇွန်းနှင့် ခွံ့ကျွေးလေသည်... 


" သားသားလေး... ပါးစပ်ဟနော်... နည်းနည်းလောက် စားလိုက်ပါအုံး "


ကလေးက အချိန်တော်တော်ကြာ ငိုခဲ့ပြီးနောက် ခေါင်းနှင့်မျက်လုံးနှစ်ဖက်စလုံး နာကျင်ကိုက်ခဲနေခဲ့သောကြောင့် စားချင်စိတ်မရှိချေ...သို့သော် ကလေးလေးဟာ အမေဖြစ်သူက ခွံ့ကျွေးနေတာကြောင့် ပန်းကန်လုံးထဲမှဂျုံယာဂု တစ်ဝက်လောက်ကို စားခဲ့လေသည်... ကျန်တစ်ဝက်ကိုတော့ ဗိုက်ပြည့်သွားကြောင့် ဆက်မစားတော့ဘူးဟု ခေါင်းယမ်းပြလိုက်လေ၏...


ချန်းဟွမ်ကလည်း ကလေးလေးအား သူ့ စားနိုင်သည်ထက် ပိုစားရန် အတင်းအကြပ် မတိုက်တွန်းချေ... သူမ ကလေးလေးကို ဆိုဖာပေါ်တင်ပြီး သူမအတွက် မနက်စာနည်းနည်း သွားယူလိုက်လေသည်...


❤️❤️❤️❤️❤️❤️❤️