အပိုင်း ၁၉-၂၀
Viewers 22k

Chapter 19

{ ပြောင်းရွှေ့ခြင်း -  ၂}


ချန်းဟွမ်တစ်ယောက် မနက်စားပြီး ပန်းကန်ဆေးနေချိန်တွင် ပေါက်စီလုံးလေးဟာ အိပ်မောကျနေခဲ့ပေပြီ... သူမ မနက်စာ မစားခင်က ရေစွတ်ထားသောမျက်နှာသုတ်ပုဝါကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တာကြောင့် ယခုတွင်တော့ သူမ လိုချင်သည့် အအေးချိန်မျိုးရှိနေလေပြီ...


ချန်းဟွမ် ထိုမျက်နှာသုတ်ပုဝါကို ရေခဲသေတ္တာထဲမှ ထုတ်လိုက်ပြီး ခေါက်လိုက်ကာ ရှောင်ရှောင်လေးရဲ့မျက်လုံးပေါ်၌ တင်ပေးလိုက်ချေ၏...


အိပ်မောကျနေသောပေါက်စီလုံးလေးဟာ အေးလွန်းတဲ့မျက်နှာသုတ်ပုဝါကို ခံစားမိလိုက်ချိန်တွင် သူ့မျက်လုံးပေါ်မှ ဖယ်ရန် လက်လှမ်းလိုက်လေသည်... 


 ချန်းဟွမ်က ကလေးလေးရဲ့လက်ကို လှမ်းတားလိုက်သည်... မျက်နှာသုတ်ပုဝါ နွေးသွားချိန်တွင်မှ မျက်နှာသုတ်ပုဝါကို ပြန်ယူလိုက်ကာ ရေပြန်စွတ်ပြီးနောက် ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်၏...


သူမက ထိုနည်းကို ၃ကြိမ်လောက် လုပ်ပြီးချိန်တွင်တော့ ရှင်းရှင်းလေး အနည်းငယ်သက်သာလာပုံပေါ်လာသည်...  


ထို့နောက် မနက်ဖြန်အိမ်ပြောင်းရန်အတွက် သူမ တတ်နိုင်သမျှ ထုပ်ပိုးတော့သည်... ဒီနေ့ တွင်တော့ လုပ်စရာအများကြီး မကျန်ချေ...သူမတို့နဲ့အတူ ယူဆောင်သွားရမယ့် ပစ္စည်းအနည်းငယ်လောက်သာ ထုပ်ပိုးရန် လိုအပ်ပေသည်... လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းတချို့နှင့် သူမတို့ရဲ့အဝတ်အစားများသာ ထုပ်ပိုးရန်ကျန်ရှိလေသည်...


ထိုနေ့ နေဝင်သွားချိန်တွင်တော့ အပြင်တွင် ချန်းဟွမ် လှန်းထားခဲ့သောစောင်နှင့် ကောက်ရိုးဖျာက ခြောက်နေခဲ့လေပြီ... ထို့ကြောင့် သူမ ထိုနှစ်ခုကို အိမ်ထဲပြန်ယူလာခဲ့ပြီးနောက် ကောက်ရိုးဖျာကို လိမ်ကာ အခန်းထောင့်တွင် ထောင်ထားလိုက်လေသည်...  စောင်ကိုတော့ ခေါက်ပြီး အိတ်ထဲ ထည့်ထားလိုက်တော့၏...


ချန်းဟွမ်တစ်ယောက် အလုပ်များနေချိန်၌ ကလေး နိုးလာခဲ့သည်... 


ကလေးလေးသည် သူနိုးလာစဥ် အမေဖြစ်သူကို မတွေ့တာကြောင့် အလွန်စိတ်​ပူ​သွားခဲ့ပြီး အမေကိုရှာဖို့ ဖိနပ်​မပါဘဲ ခုန်​ဆင်းလာတော့တယ်...


သို့သော် အထုပ်အပိုးတို့ကို ပြင်ဆင်နေသောအမေဖြစ်သူကို မြင်လိုက်ချိန်တွင်တော့ စိတ်အေးလက်အေးပြန်ဖြစ်သွားခဲ့သည်... ပေါက်စီလုံးလေးက သူ့မျက်လုံးများကို ပွတ်သပ်ရင်း ဖိနပ်ပြန်သွားစီးပြီးနောက်တွက်တော့ " မေမေ " ဟုခေါ်ကာ ချန်းဟွမ်ဆီသို့ လျှောက်လာခဲ့လိုက်သည်...


အမေဖြစ်သူ အနားသို့ရောက်ချိန်တွင်တော့  တစ်ဖက်တွင် ထိုင်ချလိုက်ပြီး ချန်းဟွမ်အား ကြည့်နေလိုက်သည်... 


ချန်းဟွမ်က အထုပ်အပိုးများဖြင့် အလုပ်ရှုပ်နေဆဲပင်... 


ထည့်စရာ ပစ္စည်းများများစားစား ရှိမနေတာကြောင့် အချိန်သိပ်မကြာလိုက်ချေ... သူမ ကလေးအတွက် ရေတစ်ခွက် ထည့်ပေးရန် မသွားခင်တွင် သူမတို့အိတ်များကို ဧည့်ခန်းအလယ်တွင် ထားလိုက်လေ၏... 


ရှင်းရှင်းလေး ဒီနေ့ အရမ်းငိုခဲ့မိတာကြောင့် ရေဓာတ်များစွာ ဆုံးရှုံးနေခဲ့ပြီး အလွန်ရေငတ်နေခဲ့၏... ထို့ကြောင့် အမေဖြစ်သူ ပေးသောရေတစ်ဖန်ခွက်လုံးကို ချက်ချင်းကောက်သောက်လိုက်သည်... ထို့နောက် ပေါက်စီလုံးလေးက လက်ထဲတွင် ဖန်ခွက်ကို ကိုင်ထားရင်း ပစ္စည်းထုပ်ထားသောအိတ်တစ်လုံးပေါ်တွင် ထိုင်ချလိုက်ပြီး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသောအမေကို လှမ်းကြည့်ကာမေးလိုက်သည်


 “ မေမေ...  သားတို့က ဘယ်ချိန်သွားရမှာလဲဟင် "


" မေမေတို့ကား ဒီကိုရောက်ရင်ပေါ့... "


ချန်းဟွမ်က အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှုကုမ္မဏီကို ဖုန်းဆက်ပြီး မေးတဲ့အခါ နေ့လည် ၁နာရီလောက်တွင် ရောက်လိမ့်မည်ဟု   သိလိုက်ရပေသည်... သူမတို့ အိမ်မပြောင်းခင် နောက်ဆုံးအစားအစာအဖြစ် ရိုးရှင်းလှသောကြက်ဥပန်ကိတ်ကိုသာ ပြင်ဆင်လိုက်၏...


အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှုကုမ္မဏီသည် နေ့လည် ၁နာရီ မတိုင်မီ၌ပင် ရောက်ရှိလာခဲ့သည်... အိမ်တံခါးခေါက်သံ ထွက်လာချိန်တွင် ပေါက်စီလုံးလေးဟာ ပန်ကိတ်ကို စားနေဆဲဖြစ်သည်...


က​လေး​လေးက တံခါးခေါက်သံကြားသည်နှင့် တံခါးဆီသို့ အသည်းအသန်ပြေးသွားပြီးနောက် တံခါးအသာလေးဟလိုက်ကာ မေးလိုက်သည်


  “ဦးလေးက ဘယ်သူ့ကို လာရှာနေတာလဲ " ..


ထိုအခါ အပြင်ဘက်မှလူက ကလေးလေးရဲ့အသံက ချစ်စရာကောင်းသည်ဟု တွေးလိုက်ပြီးနောက် " ဒီအိမ်က လူကြီးကို ရှာနေတာပါ... "


" ဟုတ်ကဲ့ ခဏလေးစောင့်ပေးပါနော်... " ပါက်စီလုံးလေးသည် အမေသင်ပေးသော လုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးမြောက်သွားပြီးနောက် သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေခဲ့တော့သည်... ပြီးနောက်တွင်တော့တံခါးဘောင်ကို ကိုင်ထားရင်း အမေဖြစ်သူကို လှမ်းခေါ်လိုက်သည်... 


" မေမေ... ဒီဦးလေးက မေမေ့ကို လာရှာတာတဲ့... "


ချန်းဟွမ်က တံခါးဆီသို့ လျှောက်လာခဲ့ရင်း " ဟုတ်ပါပြီ မေမေ သိပါပြီရှင်... ကျေးဇူးတင်ပါတယ် ရှင်းရှင်းလေးရေ... "


ပေါက်စီလုံးလေးက ချီးကျူးစကားကြားလိုက်ချိန်တွင် အနည်းငယ်ရှက်သွားခဲ့ပြီး အမေဖြစ်သူရဲ့နောက်တွင် ပုန်းလိုက်နေပြီး " ရပါတယ် မေမေ" ဟု တိုးတိုးလေး​ပြန်ပြောလိုက်လေ၏...


အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှုကုမ္မဏီမှ စေလွှတ်သည့်ဝန်ထမ်းများသည် အလွန်သန်မာကြပုံပင်... သူတို့ဟာ လက်တစ်ဖက်တွင် ခရီးဆောင်အိတ်ကို သယ်ထားရင်း နောက်တစ်ဖက်တွင် အိတ်တစ်လုံးကို ထပ်သယ်ထားနိုင်ကြသည်... အနည်းငယ်ကြာပြီးနောက်တွင်ပင် ထရပ်ကားပေါ်သို့ ပစ္စည်းအားလုံးကို တင်ပြီးသွားခဲ့လေသည်...


ချန်းဟွမ် တံခါးသော့ခတ်ပြီး ကလေးနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်... သူမတို့သည် အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှုကုမ္မဏီ၏ကားဖြင့် နေရာသစ်သို့ သွားကြမည်ဖြစ်သည်...


ကလေးသည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ထရပ်ကားတစ်စီးအတွင်းတွင် ထိုင်ဖူးခြင်းဖြစ်တာကြောင့် အတော်လေစိတ်လှုပ်ရှားနေရှာ၏... 


 သူ့လည်ပင်းကို ကားပြင်သို့ ထုတ်ကြည့်လိုက်ပြီးနောက် " မေမေ!! မေမေ!  " ဟုခေါ်လိုက်ကာ သူ့လက်တိုတိုလေး နှစ်ဖက်ကို ဆန့်ထုတ်ပြရင်း " ကားက ဒီလောက်အကြီးကြီးပဲ " ဟု စိတ်အားထက်သန်စွာ ပြောလိုက်သည်...


💜💜💜💜💜


Chapter 20

{ သားမှာ ဘာလို့ ဖေဖေ မရှိတာလဲ - ၁ }


အနက်ရောင်ဇိမ်ခံကားအတွင်းရှိ နောက်ခုံတွင်အမျိုးသားတစ်ယောက် ထိုင်နေပြီး ကားအပြင်ဘက်တွင်လည်း အမျိုးသားတစ်​ယောက် ရှိနေသည်... ထိုအမျိုးသားဟာ ကားနောက်ခုံမှ အမျိုးသားအား နေရာတစ်ခုကို ညွှန်ပြပြီး  “ Boss... ဒီနေရာက ပင်းအန်အိမ်ရာလေ... ဒီနေရာက မြေအောက်ရထားဘူတာရုံနဲ့ ၅မိနစ်လောက်ပဲ ဝေးတယ်... ပြီးတော့ စီးပွားရေးခရိုင်ကို ကားနဲ့ဆိုရင် မိနစ်၂၀လောက်ပဲ စီးရတယ်... ဒီနေရာက အဆောက်အအုံဆောက်ဖို့ အသင့်တော်ဆုံးပဲ... ဒါပေမယ့်... "


ကားအပြင်ဘက်မှအမျိုးသားဟာ ကားနောက်ခုံမှအမျိုးသားအား တုန်လှုပ်နေသောအကြည့်တို့ဖြင့် ကြည့်လိုက်ပြီးနောက် "ဒီနေရာက လူတွေနဲ့အလုပ်စကားပြောရခက်နေတယ်... သူတို့က လျော်ကြေးငွေကို ကျွန်တော်တို့ မှန်းထားတာထက် ပိုတောင်းနေကြတယ် Boss... "


ပင်းအန်အိမ်ရာမှအဆောက်အအုံတည်ဆောက်ပုံမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၀-၅၀လောက် ပုံစံမျိုးပင်... ထိုအချိန်က စက်ရုံအလုပ်သမားများက ပင်းအန်ရွာမှအဆောက်အအုံများကို အဆောင်များအဖြစ် အသုံးပြုခဲ့ကြလေ၏... သမိုင်းကြောင်းအရ တချို့သော အကြောင်းအရာများကြောင့် ထိုအဆောက်အအုံများကို ပိုင်ဆိုင်မှုစာရင်းတော့ မသွင်းခဲ့ကြပေ... ဤသို့နေထိုင်နေရင်းဖြင့် နှစ်အတန်ကြာပြီးနောက် စက်ရုံများ ပိတ်သိမ်းလိုက်ချိန်တွင်တော့ အဆောက်အအုံဟာ ထိုနေရာတွင်နေထိုင်သူများ၏ပိုင်ဆိုင်မှု ဖြစ်သွားလေတော့သည်...


ပင်းအန်အိမ်ရာဟာ အတော်လေး ကောင်းမွန်လှသောနေရာပင်... လွန်ခဲ့သောဆယ်နှစ်ကျော်လောက်ကအထိ ထိုနေရာသည် စက်မှုဧရိယာအဖြစ်တည်ရှိနေခဲ့သော်လည်း မြို့တော်ဖွံ့ဖြိုးတိုးတက်လာပြီးနောက်တွင်တော့ ထိုနေရာမှ စက်ရုံအားလုံး ပိတ်သိမ်းကာ ရွှေ့ပြောင်းသွားခဲ့ကြလေတယ်... စက်ရုံများ ရွှေ့ပြောင်းသွားပြီးနောက်တွင်တော့ ပင်းအန်အိမ်ရာဟာ တဖြည်းဖြည်း မြို့တွင်း စည်ကားသောနေရာအဖြစ် ပြောင်းလဲလာခဲ့သည်..


တည်နေရာကောင်းမွန်သော်လည်း ဧရိယာ သိပ်မကြီးသည့်အတွက် ရင်းနှီးမြုပ်နှံသူများက သိပ်လှည့်မကြည့်တတ်ကြချေ... ထိုသို့ဖြင့် အချိန်အတော်ကြာမြင့်လာသည်နှင့်အမျှ ထိုနေရာသည် ပိုမိုစည်ကားလာပြီး အချက်အချာကျလာတာကြောင့် အိမ်စျေးနှုန်းများဟာ တစ်ရက်ထဲဖြင့် နှစ်ဆလောက် လေထဲမြောက်တက်သွားလေ၏... ထိုအချိန်တွင်မှ ရင်းနှီးမြုပ်နှံသူများဟာ ပင်းအန်အိမ်ရာကို တစ်ဖန်ပြန်စဥ်းစားလာကြသည်... သို့သော် ထိုချိန်တွင်တော့ နေထိုင်သူများဟာ ဈေးမြင့်မြင့်များ တောင်းလာကြတော့သည်...


" ဒီနေရာကို မျက်စီကျတဲ့ကုမ္မဏီတွေ ရှိပေမယ့် အဲ့နေရာမှာနေတဲ့သူတွေဆီကနေ သဘောတူညီချက်ကို ဘယ်ကုမ္မဏီကမှ မရခဲ့ဘူးတဲ့... လန်ဟုန်ရဲ့လူတွေက လပေါင်းများစွာ ဖြောင်းဖြခဲ့ပေမယ့်လည်း ဒီနေရာက လူတွေက တစ်စတုရန်းမီတာကို ဒေါ်လာငါးသောင်း တောင်းခဲ့ကြတယ်လေ... " 


ထိုစကားကို ကြားတဲ့အခါ ကားနောက်ခုံမှအမျိုးသားဟာ လျှို့ဝှက်စွာပြုံးလိုက်ရင်း " မကြာခင် ပြိုကျသွားတော့မယ့်နေရာက ဒေါ်လာ ငါးသောင်းပေးရမယ်တဲ့လား... "


ရင်းနှီးမြုပ်နှံသူတွေက ထိုစျေးနှုန်းကို မတတ်နိုင်လို့ မဝယ်ဘဲနေနေသည်ဟု ထင်ပါက အမှားကြီး မှားသွားလိမ့်မည်ပင်... သူတို့ဟာ ထိုစျေးကို ချက်ချင်းပေးချေနိုင် တတ်နိုင်ပြီးသားပင်...


သို့သော် ရင်းနှီးမြုပ်နှံမှုလုပ်တဲ့လုပ်ငန်းရှင်တွေဟာ ကုန်ကျစရိတ် သက်သာပြီး အမြတ်များများကျန်မည်ကို ပိုစိတ်ဝင်စားကြသည်...  ဒီနေရာရဲ့ဘေးပတ်ဝန်းကျင်ဟာအထပ်မြင့်အဆောက်အအုံများနှင့် မြေအောက်ပိုင်း တည်ဆောက်ခြင်းများ များပြားလှသည်... ထို့ကြောင့် နောက်အချိန်နည်းနည်းလောက် ကြာပါလျှင် ကြိုးအနည်းငယ်ဆွဲရုံဖြင့် လိုအပ်နေသောရေနှင့်လျှပ်စစ်ဓာတ်အား သွယ်တန်းရန် မဖြစ်နိုင်ပေ...


ထိုသို့ ရေနဲ့လျှပ်စစ်မီး မရှိတော့ပါလျှင် ဒီနေရာတွင် ဆက်နေထိုင်ဖို့ ပိုခက်ခဲသွားပေလိမ့်မည်... ထိုချိန်ရောက်လာသည့်အခါ နေထိုင်သူများဟာ စျေးမြှင့်ရန် အခွင့်အရေးရှိမည် မဟုတ်တော့ချေ...


ထိုအခြေအနေသည် ကားနောက်ခုံရှိ အမျိုးသား အပါအဝင် ပင်းအန်ကို မျက်စီကျနေသူအများစု၏စိတ်ကူးပင်...


ခေတ္တအကြာတွင် ကားအပြင်ဘက်မှအမျိုးသားက စကားဆက်ပြန်တယ်... " ကျွန်တော် မြို့ထဲမှာ သေချာအတည်ပြုခဲ့ပြီးပါပြီ... ဒီနှစ်ကုန်ခါနီးမှာ ဖွံ့ဖြိုးရေးပိုင်းကို စလုပ်မှာတဲ့... ကျွန်တော်တို့ ကျိုးရှောင်းအိမ်ရာကို ဆက်ကြည့်ရင်ရော ဘယ်လိုရလဲ Boss..."


ကားနောက်ခုံမှအမျိုးသားက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေချေ၏...


​ထိုအမျိုးသားသည် အသက်၃၀အရွယ်လောက်သာရှိပြီး ချောမောခန့်ညားလှသည်... သူ့ရဲ့သွယ်လျသောလက်ချောင်းရှည်များက လက်တော့ပ်ကီးဘုတ်ကို နှိပ်လိုက်ရုံဖြင့်ပင် သူ့ဘေးလူများကို တုန်လှုပ်နေနိုင်စေသည်...


ကျန်းမင်ယွမ်သည် သူ့ရှေ့ရှိ လက်တော့ပ်မျက်နှာပြင်ပေါ်မှ မြို့ပြစီမံကိန်းကို အသေအချာကြည့်ပြီးနောက် " ဒီနေရာက အဆင်ပြေတယ်... ထပ်မစောင့်နဲ့...သူတို့နဲ့ ညှိနှိုင်းပြီး ဒီနှစ်ကုန်တာနဲ့ အားလုံးထွက်သွားအောင် လုပ်လိုက်တော့... "


" ဒါ​ပေမယ့်​ ​ဈေးက​...? "


" သူတို့လိုချင်တဲ့ စျေးအသင့်အတင့်ပေးလိုက်..."


 ကျန်းမင်ယွမ်သည် ထိုသို့ဆိုပြီးနောက် သူ့ရဲ့ဝန်ထမ်းကို ကြည့်လိုက်ကာ " သူတို့တွေက ထင်တာထက်ပိုပြီး ခေါင်းမာလာရင် အစိုးရကလည်း ဝင်ပြီးညှိနှိုင်းပေးလိမ့်မယ်... " ...


ကားအပြင်ဘက်မှအမျိုးသားက အနည်းငယ် တုံ့ဆိုင်းသလို ဖြစ်နေသေးသည်ကြောင့် ကျန်းမင်ယွမ်ဟာ ထိုအမျိုးသားအား သေချာစိုက်ကြည့်လိုက်ပြီးနောက်


 "ဘာလဲ... မင်းမှာ မေးစရာတွေ ရှိသေးလို့လား... " 


💜💜💜💜