အပိုင်း ၂၃-၂၄
Viewers 20k

Chapter 23

{ သားဖေဖေက လေပေါ်ပျံတက်သွားတယ် - ၁ }


ရှင်းရှင်းလေး ထိုအကြောင်းကို စဥ်းစားနေသည်မှာ အတော်ကြာခဲ့ပေပြီ....


အောက်ထပ်မှ ဒူရှတွင်လည်း ဖေဖေရှိပြီး တီဗီထဲမှရှောင်မိန့်တွင်လည်း ဖေဖေရှိလေသည်...သူကလွဲလို့ တခြားသောလူများတွေ ဖေဖေတစ်ယောက်ဆီ ရှိလေသည်။... 


ဒါရိုက်ဘာဦးလေးကြီးက ဖေဖေအကြောင်းကို ပြောလိုက်ချိန်က မေမေ စိတ်ဆိုးသွားသည်ကို ပေါက်စီလုံးလေးက တွေ့ခဲ့ရသေး၏... သူ့မေမေက ဖေဖေအကြောင်းပြောခြင်းကို သိပ်မကြိုက်ဘူးဟု ခံစားမိသော်လည်း သူအရမ်းသိချင်နေလေသည်...


ပေါက်စီလေး သူ့မျက်နှာကို အမေ့ရဲ့လည်ပင်းတွင် မြှုပ်ထားရင်း အတွေးများနေခဲ့သည်... ကလေးလေးက မေမေ့ကို အချစ်ဆုံးဟု ပြောထားပြီးမှ မေမေ စိတ်ဆိုးစေမည့်ကိစ္စကို လုပ်မိတာကြောင့် သူ့ကို စွန့်ပစ်သွားမည်ကို စိုးရိမ်နေပုံပင်...


 ချန်းဟွမ်က စိတ်မဆိုးပေ... သူမ သားဖြစ်သူရဲ့ကျောပြင်လေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်..


သူမ ငယ်ရွယ်သေးသောကလေးပေါက်စလေးအား အရာရာကို အမှန်အတိုင်း ပြောပြဖို့ မဖြစ်နိုင်ချေ... ထို့ပြင် သူမသည် ကလေးအား သူ့အဖေနှင့် ပြန်တွေ့ပေးဖို့လည်း အစီအစဥ်မရှိပေ...


 ဘာတွေပဲဖြစ်လာဖြစ်လာ ကလေးအဖေဖြစ်တဲ့ဇာတ်လိုက်က နောက်ဆုံးတွင် ဇာတ်လိုက်မနှင့်သာ ပျော်ရွှင်စွာအဆုံးသတ်သွားမည် မဟုတ်ပေလား..


. ချန်းဟွမ်က ပေါက်စီလုံးလေးသည် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကြားထဲမှ ဆူးတစ်ခု ဖြစ်သွားပြီး ဖယ်ရှားခံလိုက်ရမည်ကို စိုးရိမ်မိလေသည်...


အချစ်ဝတ္ထုတိုင်းလိုလိုတွင် ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ မပေါင်းစည်းနိုင်ရန် ဖြစ်ပေါ်နေသောဆူးညှောင့်အားလုံးဟာ ဖျက်စီးသုတ်သင်ခံရစမြဲပင်... 


 ယခုတွင် ထိုကဲ့သို့သောဝတ္ထုသည် သူမအတွက်လက်တွေ့ဖြစ်လာခဲ့ချေပြီ... ထို့ကြောင့် သူမသည် ဇာတ်လိုက်တို့ရဲ့အရှိန်အဝါကို စိန်မခေါ်ပေ... ထိုသို့မဟုတ်ပါက သူမရဲ့မရှိမဲ့ ရှိမဲ့အသက်လေး ဘယ်နေရာက ထွက်သွားမှန်းပင် သိလိုက်မည် မဟုတ်ချေ...


ချန်းဟွမ် စိတ်ထဲတွင် အရာအားလုံးကို တွေးတောချိန်ဆပြီးနောက် ပေါက်စီလုံးလေးရဲ့ နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး ပြန်ဖြေ​လိုက်တော့သည်...  " ဘာလို့လဲဆိုတော့... သားဖေဖေက လေပေါ်ပျံတက်သွားလို့ပေါ့... "


ရှင်းရှင်းလေးက ထိုစကားကြောင့် အမေဖြစ်သူကို သေချာပြန်ကြည့်လိုက်ကာ မျက်လုံးလေးတို့ ပြူးကျယ်လာကာ တအံ့တသြဖြစ်သွားခဲ့လေ၏... 


"​ လေပေါ် ပျံတက်သွားတယ်... ဟုတ်လား မေမေ... "


ချန်းဟွမ်က သူမ​ ပြောသည်ကို ကလေးပေါက်စလေး ယုံကြည်စေရန် လေးနက်သောမျက်နှာအမူအရာဖြင့်သာ ပြန်ပြောလိုက်သည်... 


" ဟုတ်တာပေါ့... သားသားလေးရဲ့ဖေဖေက စူပါမင်းလေ... သူ ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် လူဆိုးတွေအားလုံးကို တိုက်ခိုက်နေရတော့ အိမ်ပြန်မလာနိုင်တော့ဘူး ဖြစ်နေတာပေါ့ကွဲ့... "


ပေါက်စီလုံးလေးသည် အမေဖြစ်သူရဲ့အဖြေ​ကို ကြားပြီးနောက် သူ့ရဲ့ဝိုင်းစက်နေသောမျက်လုံးများဖြင့် ချန်းဟွမ်အား အံ့သြစွာကြည့်နေခဲ့သည်...


" ဖေဖေက စူပါမင်းဆိုတော့ အဲ့လိုပုံစံပြောင်းနိုင်လားဟင်..."


 စူပါမင်းရုပ်ကို ညွှန်ပြလိုက်ထိုသို့ဆိုလိုက်၏... သူက စူပါမင်းကို အရမ်းနှစ်သက်လွန်းသူဖြစ်ပြီး တစ်နေ့တွင် စူပါမင်းက သူ့သူငယ်ချင်းဖြစ်လာခဲ့ကာ သူ့အား သကြားလုံးများ ဝယ်ကျွေးလိမ့်မည်ဟု အမြဲ အိပ်မက်မက်နေခဲ့သူပင်...


ချန်းဟွမ်က ကလေးလေးရဲ့အမေးကြောင့် ဒီဝတ္ထုထဲမှဇာတ်လိုက်၏ပုံစံကို အနည်းငယ်ပြန်စဥ်းစားကြည့်ကြည့်သော်လည်း ဘယ်လိုမှ စဥ်းစား၍မရချေ... ထို့ကြောင့် သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးနောက် " အဲဒါကတော့ မေမေလည်း မသိဘူး သား... "


ရှင်းရှင်းလေး အနည်းငယ်စိတ်ပျက်သွားမိလေတယ်... " မေမေက ဘာလို့မသိတာလဲဟင် "


" ဘာလို့လဲဆိုတော့ မေမေက ဖေဖေနဲ့ လူဆိုးတွေ တိုက်ခိုက်နေတာကို တစ်ခါမှ မတွေ့ဖူးဘူးလေ... "


  ချန်းဟွမ်က  ကလေးလေးကို သူမရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး  " သားဖေဖေက စူပါမင်းဆိုတာ လျှို့ဝှက်ချက်လေ... ဖေဖေက သူနဲ့ လူဆိုးကြီး တိုက်ခိုက်တဲ့အချိန်ကြရင် သူက စူပါမင်းပါဆိုပြီး တခြားသူတွေကို ပေးသိလို့မဖြစ်ဘူးပေါ့... "


ပေါက်စီလုံးလေးက အ​မေဖြစ်သူရဲ့စကားတို့ကို ဂရုတစိုက် နားထောင်ပြီးချိန်တွင်လေးနက်စွာ ခေါင်းညိမ့်ရင်း " သား နားလည်ပါတယ်... ဖေဖေက စူပါမင်းဆိုတာ လူဆိုးကြီးတွေ သိသွားရင် ေမမေနဲ့သားတို့ အန္တရာယ်ဖြစ်မှာ မလား "


သူမ ကလေးလေးရဲ့လက်လေးကို ကိုင်ထားကာ ထောက်ခံလိုက်သည်


 " ဟုတ်တာပေါ့... သား ပြောတာမှန်တယ်... " 


" ဒါဆို ဖေဖေက လူဆိုးတွေနဲ့ တိုက်ခိုက်တာ ဘယ်တော့ပြီးမှာလဲ မေမေ... သား ဖေဖေကို တွေ့ချင်တယ်... "


 မိခင်ဖြစ်သူရဲ့ရှင်းပြချက်ကို နားထောင်ပြီးနောက် ကလေးပေါက်စလေး၏စိတ်ထဲတွင် ဖခင်ရဲ့ပုံရိပ်မှာ ကာတွန်းကားထဲမှ စူပါမင်းအဖြစ် ပြောင်းလဲသွားခဲ့တော့သည်..


ချန်းဟွမ် အချိန်ခဏလောက်တွေးတောလိုက်ပြီးနောက်  " သားသားလေး အသက်ကြီးလာတဲ့အထိ စောင့်လိုက်အုံးနော်..." ဟုသာ ပြန်ဖြေပေးလိုက်လေ၏... 


သူတစ်နေ့ ကြီးပြင်းလာပြီးနောက်တွင်တော့ ဒါတွေအားလုံးဟာ အလိမ်အညာတွေဆိုတာ နားလည်လာပေလိမ့်မည်ပင်...


" သား တစ်ယောက်တည်း အိပ်ရဲတဲ့အထိ အသက်ကြီးလာတဲ့ချိန်ကို ပြောတာလား... "


" အဲ့ထက်အသက်ပိုကြီးလာတဲ့အခါပေါ့... "


"အဲ့ထက် အသက်ပိုကြီးတဲ့အချိန်လား..."


  အဖေဖြစ်သူကို တွေ့ရရန် အချိန်များစွာလိုသေးကြောင့် သိရတဲ့အခါ သူ စိတ်ရှုပ်သွားသော်လည်း... ယခုတွင် မေမေဘေးတွင် တူတူအိပ်ရမည်က ပိုအရေးကြီးသည်ကိုတော့ သိပေ၏...


💜💜💜💜💜💜


Chapter 24

{ သားဖေဖေက လေပေါ်ပျံတက်သွားတယ် - ၂ }


" ဒါဆို သား အသက်မကြီးချင်ဘူး... သားက မေမေနဲ့ပဲ အမြဲတူတူအိပ်ချင်တာ... " 


ပေါက်စီလုံးလေးက အမေဖြစ်သူရဲ့ပါးကို ခပ်ဖွဖွနမ်းလိုက်ပြီး ချွဲလိုက်သည်... 


ချန်းဟွမ် ပေါက်စီလုံးလေး၏စကားကို နားထောင်လိုက်ပြီးနောက်တွင် နူးညံ့စွာဖြင့်သာ ပြုံးလိုက်မိသည်... တစ်နေ့ ကလေးလေး အလယ်တန်းအရွယ်လောက် ရောက်သည့်တစ်နေ့တွင်တော့ သူ့ကို တစ်ယောက်တည်း အိပ်တတ်အောင် အကျင့်လုပ်ရမည် ဟုသာ တစ်ယောက်တည်း တွေးဆနေခဲ့လေ၏...


သူမတို့ ယခုပြောင်းလာသောတိုက်ခန်းသည် အရမ်းကြီး မကျယ်ဝန်းလှ... သူမ တိုက်ခန်းထဲသို့ အနည်းငယ်လှည့်ပတ်ကြည့်လိုက်ပြီးနောက်တွင် နောက်သုံးနှစ်အတွင်း အိပ်ခန်းသုံးခန်းပါသောတိုက်ခန်းတစ်ခန်း ပေးချေနိုင်ရန် ကြိုးစားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်...


ယခုတွင် အိမ်ပြောင်းရွှေ့ပြီးသွားပြီဖြစ်သော ကြောင့် သူမတို့ နောက်ဆက် အသက်ဆက်နိုင်ရန် ဘယ်အလုပ် လုပ်ကိုင်ရမည်ကို စဥ်းစားရပေမည်..


အကယ်၍ သူမက သုံးနှစ်အတွင်း ကျယ်ဝန်းသောတိုက်ခန်းအသစ်တစ်ခန်းအတွက် ငွေပေးချေနိုင်ရမည်ဆိုပါလျှင် သူမဆီ၌ လုံလောက်သောစုဆောင်းထားမှုရှိဖို့ရာအနည်းဆုံး အလုပ်တစ်ခုတော့ ရှိရပေလိမ့်မည်...ထို့ပြင် မူလချန်းဟွမ်ဟာ ပညာရေးတွင် ဆုံးခန်းတိုင်ခြင်း မရှိခဲ့ချေ... အထက်တန်းအောင်ထားသည့် အောင်လက်မှတ်လေး တစ်ခုတည်းဖြင့် အလုပ်ကောင်းကောင်းတစ်ခုရရန် မဖြစ်နိုင်ပြန်...


မည်သို့ပင်ဖြစ်စေ သူမကလည်း ကုမ္မဏီတစ်ခုခုတွင် အလုပ်ဝင်လုပ်ရန် မစဥ်းစားထားချေ...


လက်ရှိချန်းဟွမ်သည် သူမရဲ့မူလကမ္ဘာတွင် ဒုတိယ​သမီးဖြစ်သော်လည်း သူမမိဘများဟာ သားတစ်ယောက်ရရန်သာ စိတ်အားထက်သန်နေခဲ့သောကြောင့် သူမကို မွေးပြီးပြီးချင်းတွင် အဖိုးဖြစ်သူဆီ ပို့လိုက်ကြ၏...


သူမအဖိုးတို့မျိုးရိုးက တော်ဝင်စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးကြသူများပင်... တော်လှန်ရေးဖြစ်ပေါ်ပြီးနောက် နန်းတော်မှ ထွက်ပြေးလာခဲ့ကြကာ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ရင်း တခြားလုပ်ငန်းတစ်ခုသို့ ပြောင်းခဲ့ကြခြင်းဖြစ်လေသည်...


တရုတ်ပြည်လွတ်မြောက်ရန် တော်လှန်ခဲ့ကြသည့်တပ်ဖွဲ့တွင် ပါဝင်ခဲ့ကြသော်လည်း စားဖိုမှူးဖြစ်သည့် သူတို့ရဲ့အရည်အချင်းကို ဘယ်တော့မှ မဆုံးရှုံးခဲ့ကြပေ... အဖိုးတို့မျိုးဆက်ဟာ ယခုခေတ်ထိတိုင်  မင်္ဂလာပွဲများနှင့် အသုဘအခမ်းအနားများ၌  လူတိုင်းငှားရမ်းလိုသော စားဖိုမှူးအဖြစ် ရှိနေကြသေးသည်...


အဖိုးဖြစ်သူဟာ အသက်ရွယ်ကြီးလာခဲ့ပြီးဖြစ်သောကြောင့် သူ့ရဲ့အချက်အပြုတ်ပညာကို ဆက်ခံသူမည့်သူကို လိုချင်နေခဲ့သူပင်... ဒါ့ပြင် သူမ အဖိုးက အယူသည်းသူ မဟုတ်တာကြောင့် သူ့အရည်အချင်းတို့ကို မိန်းကလေးတစ်ဦးထံ သင်ပြပေးရန် ကပ်စေးမနဲပေ... ဤသို့ဖြင့် ချန်းဟွမ်က ၃နှစ်အရွယ်တွင်ပင် မီးဖိုချောင်သုံးဓားကို ကောက်ယူခဲ့ပြီး ၁၄နှစ်အရွယ်တွင်တော့ ညစာစားပွဲအတွက် အရာအားလုံးကို သူမတစ်ယောက်တည်း ချက်ပြုတ်နိုင်ခဲ့တော့၏...


မြေးအဖိုးနှစ်ယောက်တွင် ငွေကြေးများများစားစား မရှိပေ... ထို့ပြင့် အဖိုးမှာလည်း မကြာခဏ ရောဂါပြန်ထလာတတ်သော်ကြောင့် ခဏခဏဖျားနာနေပြန်၏... ဤသို့ဖြင့် ချန်းဟွမ်က အလယ်တန်းကျောင်း စတက်စဉ်ကပင် ဝင်ငွေရှာရတော့သည်... သူမတွင် ရွေးချယ်စရာ မရှိခဲ့ပေ... မနက်စောစောထကာ ထမင်းလုံးလေးများ လုပ်ပြီး ကျောင်းရှေ့တွင် ပြန်ရောင်းခဲ့ရလေသည်... ထိုနည်းဖြင့် သူမသည် တစ်နေ့လျှင် ဒေါ်လာ၃၀ ခန့် ဝင်ငွေရှိခဲ့ပြီး သူမတို့မြေးအဖိုးနှစ်ယောက် ပုံမှန်အသုံးစရိတ်အတွက်တော့ လုံလောက်သည်ဟု ဆိုရပေမည်...


သူမ ပြုလုပ်သောအစားအသောက်များက အလွန်အရသာရှိတာကြောင့် သူမရဲ့လုပ်ငန်းလေးက အတော်လေး အဆင်ပြေလာခဲ့သည်... ဤသို့ဖြင့် အထက်တန်းပြီးချိန်တွင်တော့ ကောလိပ်ပထမနှစ်အတွက် ကျူရှင်စရိတ်နဲ့အသုံးစရိတ်တို့ကို လုံလောက်အောင် စုဆောင်းထားနိုင်ခဲ့ပြီဖြစ်၏...


သူမနှင့်အတူ ကောလိပ်တက်ကြသော ကောလိပ်ကျောင်းနေဖက်များအားလုံးသည် ချိန်းတွေ့ခြင်းနှင့်ဂိမ်းကစားခြင်းအပေါ်အာရုံစိုက်နေခဲ့ကြသော်ငြား သူမမှာတော့ ငွေရှာနိုင်ဖို့အတွက်သာ လုံးပန်းနေခဲ့ရသည်... 


ထို့နောက်ပိုင်းတွင်  တက္ကသိုလ်ဘေးရှိ ဆိုင်လေးတစ်ဆိုင်ကို ငှားကာ အကူနှစ်ယောက်ကို ငှားပြီး ကောလိပ်တက်နေစဉ် လေးနှစ်တာကာလအတွင်း ၁မီလီယံကျော်ကျော်လောက် စုလိုက်နိုင်၏...


ကောလိပ်ပြီးသွားချိန်၌ အခြားသော ကောလိပ်ကျောင်းနေဖက်များအားလုံးဟာအလုပ်အကိုင်ရှာဖွေနိုင်ရန်၊ သုတေသနပြုလုပ်သည့်လုပ်ငန်းတို့နှင့် ထိတွေ့နိုင်ရန် အလုပ်ရှုပ်နေကြသော်လည်း သူမကတော့ စုဆောင်းထားသောပိုက်ဆံများဖြင့် ရပ်ကွက်ဟောင်းတစ်ခုရှိ ခြံဝင်းတစ်ခုကို ငှားရမ်းလိုက်ကာ ထိုနေရာတွင် သီးသန့်အိမ်ချက်ဟင်းလျာများ ပြုလုပ်ရောင်းချပြန်သည်။..


ချန်းဟွမ်က အချက်အပြုတ်တွင်အရည်အချင်းရှိရုံတင်မက ပါရမီရှိသူလည်း ဖြစ်တာကြောင့် သူမ ကိုယ်ပိုင်အိမ်ဟင်းလျာသည် ပထမနှစ်တွင်ပင် အတော်လေး ရေပန်းစားလာခဲ့သည်...ကိုယ်ပိုင်အိမ်ဟင်းလျာချက်ခြင်းမှ ဝင်ငွေဖြင့် သူမသည် နှစ်အနည်းငယ်အတွင်း ကိုယ်ပိုင်အိမ်ဝယ်နိုင်လောက်သည်အထိ ထပ်မံစုဆောင်းလာမိပြန်၏...


သူမက အဖိုးမှလွှဲ၍ ကျန်သောမိသားစုဝင်များနှင့် လုံးဝမရင်းနှီးခဲ့ပေ... ထို့ကြောင့် ကောလိပ်ဒုတိယနှစ်၌ အဖိုးဆုံးပါးသွားခဲ့ပြီးနောက်တွင် ကျန်မိသားစုများနှင့် အဆက်အစပ်မရှိတော့ဘဲ နေရာသစ်ဆီသို့ ထွက်လာရန်သာ ဆုံးဖြတ်လိုက်တော့သည်...


သို့သော်လည်း ကံမကောင်းစွာနှင့်ပင် သူမရဲ့အိမ်အသစ်လေး ပြန်လည်မွမ်းမံပြင်ဆင်ခြင်း ပြီးဆုံးသွားပြီးနောက် သူမက ထိုအိမ်သို့ ပြောင်းရွှေ့ရန် စီစဥ်နေချိန်၌ ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ပေတယ်...


ယခုတွင် သူမ အလယ်တန်းတုန်းက လုပ်ခဲ့သောငွေရှာနည်းတို့ကို သုံးကာ ဝတ္ထုထဲတွင် အသက်ဆက်ဖို့ အလုပ်လုပ်ရပေဦးမည်...


💜💜💜💜💜💜💜💜