အပိုင်း ၂၅-၂၆
Viewers 20k

Chapter 25

{ သားဖေဖေက လေပေါ်ပျံတက်သွားတယ် - ၃ }


မူလချန်းဟွမ်ရဲ့နည်းပါးလှသောစုဆောင်းမှုကြောင့် လက်ရှိချန်းဟွမ် သူမ ဆိုင်ဖွင့်ဖို့ရာ ဆိုင်ခန်းခ မတတ်နိုင်ချေ... ထို့ကြောင့် သူမတွင် ရွေးချယ်စရာတစ်ခုသာ ကျန်တော့၏... လမ်းဘေးတွင်ဆိုင်သေးလေး ဖွင့်ကာ လမ်းဘေးအစားအစာ ရောင်းချဖို့ပင်...


သို့သော်ငြား လမ်းဘေးအစားအစာတိုင်းက ပိုက်ဆံများများ ရှာပေးနိုင်မည် မဟုတ်ပေ... လက်ရှိရာသီဥတုအခြေအနေနှင့်  သူမရဲ့ကိုယ်ရေးကိုယ်တာအခြေအနေတို့ကို သေချာတွက်ဆပြီးနောက်တွင် သူမ ဘာဘီကျူးရောင်းချရန် ဆုံးဖြတ်လိုက်သည်...


အစားအသောက်ဆိုင်တစ်ခု ထူထောင်ရသည်မှာ လွယ်ကူလှသောကိစ္စတော့ မဟုတ်ချေ... ပထမဦးစွာ သူမသည် ဆိုင်ဖွင့်ဖို့ရာ နေရာရှာဖွေရပေမယ်... လမ်းသွားလမ်းလာများပြားသောနေရာတစ်ခု ဖြစ်နေရန်လည်း လိုအပ်ပေ၏... ထို့နောက်တွင် မီးဖိုချောင်သုံးပစ္စည်းအနည်းငယ်၊ စားပွဲ၊ ကုလားထိုင်နှင့်  ရေခဲသေတ္တာစသည့်ပစ္စည်းများကို ဝယ်ယူရန်လည်း လိုအပ်သေးသည်... ပြီးနောက်တွင် ပြုလုပ်မည့်အစားအစာအတွက် ကုန်ကြမ်းများလည်း ရှာဖွေရပေအုံးမည်...


လိုအပ်သောကုန်ကြမ်းပစ္စည်းများ ရှာဖွေဝယ်ယူပြီးနောက်၌ ပြုလုပ်ရောင်းချမည့်အစားအစာရဲ့အရသာ ကောင်းမွန်ဖို့ရာလည်း လေ့ကျင့်ရန် လိုအပ်ပြန်သည်... 


ချန်းဟွမ် မနက်စာပြင်ရန် မနက်စောစော အိပ်ရာထလိုက်သည်... အားလုံးပြီးစီးသွားချိန်တွင် ရှင်းရှင်းလေးအား အိပ်ရာနှိုးလိုက်လေတော့သည်... 


ပေါက်စီလုံးလေး မနက်စာ စားနေစဥ်တွင် ချန်းဟွမ်ဘက်မှ စကားစလိုက်သည်။


" သားသား... မေမေ ဒီနေ့ အပြင်ခဏသွားရမှာ... နေ့လည်ပိုင်းလောက်ထိ ပြန်မရောက်လောက်ဘူး... နေ့လည်စာကို အိမ်နီးချင်းအန်တီတို့ဆီမှာ စားထားလိုက်နော် "


သူမတို့ ပြောင်းလာသောနေရာအသစ်တွင် မိအိမ်နီးချင်း လင်မယားနှစ်ယောက်ရှိခဲ့ပြီး သူတို့ သမီးလေးတစ်ယောက်ရှိလေ၏... 


 သူမတို့ ပထမဆုံးပြောင်းလာသောနေ့၌ အိမ်လုပ်ဝက်ခြေထောက်တချို့ကို ထိုမိသားစုအား ပေးခဲ့သည်... သူတို့က ဖော်ရွေသောမိသားစုတစ်ခုဖြစ်ပြီး သူမ မအားတဲ့အခါ ရှင်းရှင်းလေးကို ကူညီစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ​ပြောခဲ့ကြသေးသည်...


ရှင်းရှင်းလေးက အမေဖြစ်သူဆီမှစကားကြောင့် မနက်စာကို ဝါးနေရင်း ရပ်တန့်သွားလေသည်..


" မေမေက ဘာလို့ အိမ်မှာပဲ မနေတာတာလဲဟင် "


"မေမေက ရှင်းရှင်းလေးကို ထောက်ပံ့ဖို့ ပိုက်ဆံရှာရမှာမို့လို့ပေါ့... "


ကလေးက ငွေကြေးနှင့်ပတ်သက်ပြီး နားမလည်သေးသောကြောင့် ငွေရှာဖို့အတွက် အိမ်မှထွက်ရန် ဘာကြောင့် လိုအပ်သည်ကို သဘောမပေါက်ပေ... ဒါပေမယ့်လည်း သူဟာ လိမ္မာသောကလေးတစ်ယောက်ဖြစ်သည်မို့ ယခုကိစ္စကို မနှစ်သက်သော်လည်းပဲ သဘောတူပေးလိုက်၏...


" ဟုတ်ကဲ့ပါ မေမေ " 


ပေါက်စီလုံးလေးက အာလူးတစ်ချောင်းလေးတစ်ချောင်းကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး .


" သားက မေမေ လွမ်းနေမှာ... "ဟု ချွဲလာသည်။


.....


ဧည့်ခန်းရှိကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကလေးလေးက သူ့ရှေ့မှ အနီရောင်နှင့်အစိမ်းရောင်သစ်သားတုံးလေးများနှင့် ဆော့ကစားနေချေသည်...


သူ  အတုံးများကို ကောက်ယူပြီး တစ်ခုအပေါ်တစ်ခုထပ်နေလိုက်သည်... ကလေးလေးက ထိုသို့လုပ်နေစဥ်၌ အတော်လေးစိတ်ငြိမ်လက်ငြိမ်မှု ရှိလို့နေသည်... 


အတုံးလေးများ ထပ်စီနေရင်း တဖြည်းဖြည်း ဖြင့် ပုံသဏ္ဍာန်ပေါ်လာကာ နောက်ဆုံးတွင် ရေယာဉ်တစ်ခုဖြစ်လာခဲ့သည်... ပေါက်စီလုံးလေးက နောက်ဆုံးအတုံးလေးကို ချထားပြီးနောက် တံခါးဆီသို့မျှော်ကြည့်လိုက်မိသည်...


တံခါးမှ ခေါက်သံတစ်ချက်လေးပင် ထွက်မလာခဲ့ပေ...  


ကလေးလေးက သက်ပြင်းတစ်ချက်ချလိုက်ပြီး နှုတ်ခမ်းလေး ဆူလာလေသည်..


မေမေ ဒီနေ့ ထွက်သွားတာ တော်တော်လေး ကြာနေလေပြီ.  


ပေါက်စီလုံးလေး၏စိတ်ထဲတွင် အိမ်နေရာသစ်သို့ ပြောင်းပြီးနောက်၌ မေမေက သူနှင့်အတူ နေ့တိုင်းအချိန်ကုန်နေမည်ဟုပင်...သူတို့သားအမိသည် နေ့အချိန်တွင် အတူတူ ဂိမ်းကစားကြပြီး ညဘက်တွင် အတူတူအိပ်ကြမည်... ကလေးလေးအတွက် ပျော်စရာဘဝမှာ ဒီလောက်နှင့်ပင် ပြီးပြည့်စုံနေခဲ့ပေပြီ...


သို့ပေသည့် အမှန်တကယ်တွင်တော့ အိမ်ပြောင်းပြီး နောက်တစ်နေ့မှာပဲ မေမေက အလွန်အလုပ်ရှုပ်နေခဲ့တော့သည်... အပြင်သွားသည့်အချိန်မှာလည်း တဖြည်းဖြည်းပိုပိုကြာလာခဲ့လေ၏... တစ်ခါတစ်ရံတွင် နေ့လည်ပိုင်းလောက်တွင်တောင် အိမ်ပြန်မရောက်တော့... ထို့ကြောင့် ပေါက်စီလုံးလေးက နေ့လည်စာကို အိမ်နီးချင်းအိမ်၌သာ စားနေရလေသည်...


အိမ်နီးချင်းအန်တီရဲ့အချက်အပြုတ်လက်ရာမှာ ကောင်းမွန်သော်ငြား ပေါက်စီလုံးလေးအတွက်တော့ အမေဖြစ်သူရဲ့လက်ရာကို မမှီချေ... 


ကလေးလေးက သူ့မေမေကို အရမ်းလွမ်းနေလေသည်


ထိုသို့တွေးမှိုင်နေစဥ် အိမ်ရှေ့တံခါး အပြင်ဘက်မှ အသံများ ကြားလိုက်ရ၏... 


သူ ခွေးပေါက်လေးတစ်ကောင်လို လုံးလုံး လုံးလုံးဖြင့် ​တံခါးနားသို့ ချက်ချင်းပြေးသွားလိုက်သည်.


တံခါးက ဖြည်းညှင်းစွာပွင့်လာတဲ့အခါ ခွေးပေါက်လေးက  " မေမေ! " ဟု ကျယ်လောင်စွာ ခေါ်ရင်း အမေကို ဖက်ရန် ပြင်လိုက်သည်...


သို့သော် အမေဖြစ်သူရဲ့ခန္ဓာကိုယ်ရှေ့မှ အိတ်ကြီးကြီးများက သူ့အမေဆီသို့ မရောက်အောင် တားထားသလိုပင်... ကလေးလေးဟာ မီတာဝက်လောက်အကွာတွင် ရပ်နေကာ တစ်ချက် မော့ကြည့်လိုက်ပြီး အိတ်ကြီးများကို ရှောင်လိုက်ရင်း အမေဖြစ်သူရဲ့ခြေထောက်နားသို့ သွားကာ ဖက်ထားလိုက်လေသည်..


ခေတ္တအကြာတွင်တော့ ချန်းဟွမ်လက်ထဲမှ အထုတ်ကြီးများကို ကြည့်ရင်း သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်


" မေမေ... ဒါတွေက ဘာတွေလဲဟင်... ”


💜💜💜💜💜💜💜


Chapter 26

{ အသားကင်ခြင်း - ၁ }


" အစားအသောက်တွေလေ... " 


ချန်းဟွမ် အထုတ်များကို မီးဖိုချောင်သို့ ယူသွားရင်း သူမနောက်သို့ အမြီးလေးလို တကောက်ကောက်လိုက်နေသောကလေးပေါက်လေးအား ပြန်ဖြေလိုက်သည်... အထုပ်အားလုံးက်ု စားပွဲပေါ်တင်လိုက်ပြီးနောက်တွင် သူမ သက်ပြင်းတစ်ချက်ချကာ ညည်းတွားလိုက်လေ၏...  


" အမယ်လေးလေး ပင်ပန်းလိုက်တာနော်.! "


" မေမေအတွက် ရေသွားယူပေးမယ်...! "


 ကလေးလေးက အပူဒဏ်ကြောင့် သူ့အမေရဲ့မျက်နှာ နီရဲလာသည်ကို မြင်လိုက်ရသောကြောင့် ရေတိုက်ရန် ဆုံးဖြတ်လိုက်သည်...


ချန်းဟွမ် ယနေ့အတော်လေး ပင်ပန်းလာခဲ့သည်.. သူမ တစ်ရက်တည်းတွင် နေရာတော်တော်များများ၌ လိုအပ်သောပစ္စည်းနှင့်ကုန်ကြမ်းများကို ဝယ်ယူကာ အိမ်အထိ တစ်ယောက်တည်းသယ်လာခဲ့ရသည်...


သူမ စိတ်အားထက်သန်သောသားကို ကျေးဇူးတင်စကားမပြောခင် ဆိုဖာပေါ် အရင်လှဲချလိုက်၏...


 " ကျေးဇူးပါ ရှင်းရှင်း"


" ရပါတယ် မေမေ " 


ကလေးလေးက ယဉ်ကျေးစွာပြန်ပြောပြီးနောက်တွင် ဖန်ခွက်ကို ယူကာ မီးဖိုချောင်ထဲသို့ ရေတစ်ခွက် ဝင်ခပ်ပြီး လက်နှစ်ဖက်ဖြင့် သေချာကိုင်ကာ အရှေ့သို့ ပြန်ယူလာခဲ့သည်...


သူလေးက ဖန်ခွက်အပြည့် ရေထည့်လာသောကြောင့် လမ်းတလျှောက် ရေတချို့ဖိတ်စင်နေတော့သည်... 


ရှင်းရှင်းလေးက ဖန်ခွက်ရဲ့တစ်ဝက်နီးပါး ဖိတ်စင်ကျသွားသောရေများကို တွေ့လိုက်ချိန်တွင် ငိုချင်စိတ် ပေါက်သွားမိသည်...


ချန်းဟွမ် တစ်နေကုန် ပြေးလွှားရင်း လိုအပ်သောပစ္စည်းများ ရှာဖွေနေခဲ့ရသောကြောင့် နေ့လည်စာပင် မစားခဲ့ရသေးပေ...လက်ရှိတွင် သူမ အလွန်ပင်ပန်းနွမ်းနယ်နေပြီး ဆာလောင်နေရုံမက ပူလွန်းသောကြောင့် ရေလည်းငတ်နေလေသည်...ထို့ကြောင့်  သူမ လက်ထဲသို့ရောက်လာသော ရေတ၀က်သာပါသော ဖန်ခွက်ကို ချက်ချင်းမော့ချလိုက်သည်...


သို့သော်လည်း သူမသည် အချိန်ကြာကြာ မနားလိုက်ရချေ... ကြမ်းပြင်ပေါ်သို့ ဖိတ်စက်ကျနေသောရေများကို လိုက်သုတ်ရပြန်၏... ချန်းဟွမ် ပေါက်စီလုံးလေးကို ဆိုဖာပေါ်သို့ တင်ပေးလိုက်ပြီးနောက် ကြမ်းတိုက်တံဖြင့် ကြမ်းပြင်ကို သုတ်လိုက်သည်....


ကလေးပေါက်စလေးသည် ဆိုဖာပေါ်တွင် ထိုင်ကာ အမေဖြစ်သူ ကြမ်းတိုက်နေခြင်းအား ကြည့်ရင်း မပျော်ရွှင်သလို နှုတ်ခမ်းလေး စူလိုက်၏...


"မေမေ... "


ချန်းဟွမ် ရုတ်တရက်ထွက်ပေါ်လာသောပေါက်စီလုံးလေး၏အသံကြောင့် လှည့်ကြည့်လိုက်စဥ်လက်ထဲ၌ ဖန်ခွက်ကို ကိုင်ထားရင်း  လေးလေးနက်နက် ပြောလာသောကလေးလေးကို တွေ့လိုက်ရသည်...


 " မေမေ... သား နောက်တစ်ခါ ရေမဖိတ်အောင် လုပ်ပါ့မယ်...! "


" ဟုတ်ပါပြီရှင် " 


ချန်းဟွမ်က ထိုသို့ဆိုကာ ပေါက်စီလုံးလေးနားသို့ လျှောက်လာခဲ့ပြီးနောက် ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည် ...တစ်ချိန်ထဲမှာပင် ကလေးလေးရဲ့ဆံပင် အတော်လေးရှည်နေပြီကို သူမသတိပြုမိလိုက်သည်။


" မနက်ဖြန်ကြရင် ဆံပင်ညှပ်ဖို့ သွားရအောင်နော် သားသား " 


သူမ စကားကြောင့် ရှင်းရှင်းလေး၏ တစ်ကိုယ်လေး တောင့်တင်းသွားသည်...


ကလေးတော်တော်များများဟာ ဆံပင်ညှပ်ရခြင်းကို မနှစ်သက်ကြချေ... ရှင်းရှင်းလေးသည် ထိုကလေးငယ်များထဲမှ တစ်ဦးပင်...


ကလေးလေးက သူ့ဆံပင်တို့ကို ကိုင်တွယ်လိုက်ရင်း " မေမေ... သား ညှပ်ချင်ဘူး... "


" ညှပ်ရမယ် သား... မညှပ်ဘဲထားရင် ဆံပင်တွေ မျက်လုံးကို ဆူးမိကုန်မယ်...  " 


ချန်းဟွမ်က သူမ ပြောလိုသောအကြောင်းကို ပြောပြီးနောက်တွင် ညစာစားပွဲဆီသို့ ထွက်သွားလေတော့သည်...


အမေဖြစ်သူသည် ဒီတစ်ကြိမ်တော့ သူ့ကို အလျှော့မပေးဘူးဆိုသည်ကို ခန့်မှန်းမိသောကြောင့် လက်ခံလိုက်ရပေ၏...


" ဟုတ်ကဲ့ မေမေ... "


ပေါက်စီလေးသည် ထိုစကားကို  ပြောပြီးနောက် ဆိုဖာပေါ်မှ ဆင်းကာ ချန်းဟွမ်နောက်သို့ လိုက်သွားလိုက်သည်..


.

💜