Chapter 27
{ အသားကင်ခြင်း - ၂ }
ချန်းဟွမ်တစ်ယောက် ဝယ်ယူလာသောအရာများထဲ၌ ကုန်ကြမ်းပါဝင်ပစ္စည်းများနှင့်ဟင်းခတ်အမွှေးအကြိုင်တချို့ ပါဝင်လေသည်...
သူမ ယခင်က ဘာဘီကျူးကို တစ်ခါမျှ မလုပ်ခဲ့ဖူးပေ... ကိုယ်တိုင် ချက်ပြုတ်ရာ၌ သူမကိုယ်သူမ ယုံကြည်မှုရှိသော်လည်း ပထမဆုံးအကြိမ်ပြုလုပ်သည့်ဘာဘီကျူးက အရသာကောင်းမယ်ဟုတော့ အာမ,မခံနိုင်ချေ... ထို့ကြောင့် သူမ မရောင်းချခင် နှစ်ရက်ကြို၍ အိမ်တွင် လေ့ကျင့်ရန် ဆုံးဖြတ်ထားလေသည်... အရသာကောင်းမွန်ပြီဟု သေချာသည့်အခါ စတင်ရောင်းချမည်ဟုလည်း တွေးထား၏...
ပါဝင်ပစ္စည်းအတော်များများမှာ လူကြိုက်များသောအသားများဖြစ်သည့် သိုးသား၊ အမဲသားနှင့် ကြက်တောင်ပံ အစရှိသောအသားတို့ပင်... ထို့ပြင် အသားတို့ အနံ့မထွက်စေရန်နှင့် ပုပ်မသွားစေရန် ရေခဲအိတ်များလည်း ပါလာသေးသည်...
သို့သော် ထိုနေ့က အလွန်ပူပြင်းတာကြောင့်ရေခဲများ အားလုံးနီးပါး အရည်ပျော်ကျသွားခဲ့၏...
ချန်းဟွမ်က အမဲသားနှင့်သိုးသားကို သန့်စင်အောင် ဆေးကြောပြီးနောက် ကြက်တောင်ပံများနှင့်အတူ နှပ်ထားလိုက်သည်...
အသားများ နှပ်ထားရန် အချိန်များများယူရခြင်းဖြစ်ပေရာ အသားတို့ကို နှပ်ထားချိန်တွင် ရေခဲသေတ္တာထဲ ထည့်ရမည့်ပစ္စည်းတို့ကိုထည့်ပြီးနောက် ကလေးနှင့်ပင် အချိန်ခဏလောက် ဆော့ကစားနေလိုက်သည်..
နာရီဝက်ကြာပြီးနောက်တွင်တော့ အသားများ အဆင်သင့်ဖြစ်ခဲ့လေပြီ...
ထိုချိန်တွင် နေလုံးကြီး၏အပူရှိန်ပြင်းပြင်းတို့သည်လည်း လျော့ကျလာသလို နေလုံးကြီးသည်လည်း အိပ်ယာဝင်လုနီးပါးဖြစ်နေခဲ့လေပြီ..
ပေါက်စီလုံးလေးသည် နေ့လယ်စာစားချိန်၌ များများမစားခဲ့သောကြောင့် သူ့ဗိုက်လုံးလေးထဲမှ တဂွဂွအသံတို့ ထွက်လို့နေသည်... ကလေးလေးက စားပွဲခုံကို မှီထားရင်း ချန်းဟွမ် အလုပ်လုပ်နေသည်ကို ကြည့်ကာ ရင်တထိတ်ထိတ်ဖြင့် မေးလိုက်လေ၏...
" မေမေ... ဒါက သားတို့ ညစာအတွက်လားဟင်... "
နှပ်ထားသောအသားများဟာ အရောင်လည်း လှသလို အရသာရှိမည့်ပုံလည်း ပေါ်သည်...
ချန်းဟွမ် တစ်ခါသုံးလက်အိတ်တို့ဝတ်လိုက်ပြီး အသားများကို တံစို့တွင် ထိုးကာ ဘေးတွင် ထားလိုက်သည်...
ဗိုက်ထဲမှ တဂွမ်ဂွမ်အသံတို့အချက်ပြနေသောပေါက်စီလုံးလေးသည် အသားအပုံကြီးကို စိုက်ကြည့်ရင်း တံထွေးတို့ကိုပင် မထိန်းနိုင်တော့ပေ... ကလေးပေါက်လေးက ထိုအသားတို့ကို ကိုက်ဆွဲရန် ကြံရွယ်နေသော်ငြား အစိမ်းသာဖြစ်သေး၍ စားလို့မရသဖြင့် စိတ်ပျက်နေပုံရသည်....
ဘာဘီကျူးသည် ငယ်ရွယ်သေးသောကလေးများအတွက် ကျန်းမာရေးနှင့်မညီညွှတ်သလို ချန်းဟွမ်ကလည်း သူမရဲ့ဘာဘီကျူးလက်ရာကို သူမကိုယ်တိုင် မသေချာသည်ကြောင့် ရှောင်ရှောင်လေးအား ဒီညအတွက်တော့ သီးစံုထမင်းသာ ကျွေးလိုက်သည်...
အရောင်အသွေးစုံလင်လှသောအသီးအနှံများကို နူးညံ့ပျော့ပျောင်းသောထမင်း အပေါ်တွင် တင်ထားခြင်းဖြစ်သည်... ကလေးလေးက သစ်သီးထမင်းကို တစ်လုတ်မျှ စားလိုက်ပြီးနောက်တွင် အသားရှိရာဘက်ဆီသို့ လှည့်ပင် လှည့်မကြည့်တော့ပေ...
ရှင်းရှင်းလေးက ထမင်းပန်းကန်လုံးကြီးထဲမှထမင်းအားလုံးကို စားကုန်သွားသော်လည်း သူ့ဗိုက်ပူပူလေးကို လက်နှစ်ဖက်ဖြင့် ပွတ်ရင်း ဗိုက်မဝသေးသလို ခံစားနေမိ၏...
"မေမေ... မနက်ဖြန်ကြရင်လည်း ဒီလိုမျိုး စားချင်တယ်... "
ပေါက်စီလုံးလေးက ချန်းဟွမ်နှင့် အနေကြာလာတဲ့အခါ ယခင်ကလို သူလိုချင်တာကို တောင်းဆိုရန် မရှက်တော့ချေ... အရင်ကဆိုလျှင် တစ်ခုခုကို နှစ်သက်ပါက အသံတိုးတိုးလေးဖြင့် တောင်းဆိုတတ်ပေသည်... သိူ့သော် ယခုတွင်တော့ အသံကျယ်ကျယ်ဖြင့် တောင်းဆိုရဲနေခဲ့ပြီဖြစ်လေ၏...
" ဟုတ်ပါပြီရှင်... "
ချန်းဟွမ်သည်လည်း ကလေးလေး တောင်းဆိုသမျှကို ထပ်ခါထပ်ခါ လုပ်ပေးစမြဲပင်... သူမသည် ထိုသို့ ပေါ့ပေါ့ပါးပါး ပြန်ပြောပြီးနောက် တံစို့ထိုးထားသောအသားစိမ်းပန်းကန်ပြားကို ကောက်ယူကာ အောက်ထပ်သို့ ဆင်းခဲ့လိုက်သည်....
သူမ ဝယ်ယူလာသောအသားကင်မီးဖိုသည် အိမ်သို့ ရောက်နေပြီဖြစ်သော်လည်း အိမ်ထဲသို့ ထည့်ရန် အဆင်မပြေတာကြောင့်အောက်တွင်သာ ထားထားရ၏...
သူမ ငှားထားသောတိုက်ခန်းသည် ထောင့်စွန်းတွင် လွတ်နေသောနေရာများစွာရှိသော်လည်း တစ်ဖက်တစ်ချက်တွင်တော့ နံရံများကာထားလေသည်...
အဆောက်အဦးကြားတွင်တော့ မြက်ခင်းပြင်လေးတစ်ခုရှိရာ ချန်းဟမ်ဟာ ထိုနေရာလေး၌ လမ်းဘေးဘာဘီကျူးဆိုင်လေး ဖွင့်ရန် ရည်ရွယ်ထား၏...
သို့သော်လည်း ဘာဘီကျူးပြုလုပ်ချိန်၌ မီးခိုးငွေ့များစွာ ထွက်တတ်သောကြောင့် သူမ ရည်ရွယ်ထားသောနေရာတွင် လမ်းဘေးဆိုင်လေး ဖွင့်ရန် ထပ်စဥ်းစားရပြန်တယ်... သို့သော်လည်း ကံကောင်းစွာနှင့်ပင် လေတိုက်သည့်ဘက်မှာ တိုက်ခန်းများရှိရာဘက် မဟုတ်သည်ကြောင့် အဆင်ပြေသွားသည်...
ချန်းဟွမ်က မီးခိုးငွေ့များများ မထွက်သည့်ကျောက်မီးသွေးနှင့် ဘာဘီကျူးကင်ရန်လည်း စဥ်းစားထားပြီးသားပင်... ဘေးပတ်ဝန်းကျင်အတွက် လျှပ်စစ်မီးဖိုကို ယခုအချိန်တွင် အသုံးပြုသင့်သော်လည်း ထိုနည်းအတိုင်း ဘာဘီကျူးကင်ခြင်းက အသားတွင် အရသာ အနည်းငယ်ကွာနိုင်သည်ဟု သူမ ထင်မိပေသည်...
အရသာရှိသောအစားအသောက်နှင့် ဘေးပတ်ဝန်းကျင်ဟူသောရွေးချယ်မှုနှစ်ခုတွင် သူမသည် ပထမတစ်ခုကို ရွေးချယ်လိုက်ခြင်းပင်...
💗💗💗💗💗💗💗
Chapter 28
{ အသားကင်ခြင်း - ၃ }
ချန်းဟွမ်တစ်ယောက် မီးသွေးခဲများကို မီးဖိုအတွင်း၌ အဆင်သင့်နေရာချပြီးနောက် ခေတ္တအကြာတွင် သိသိသာသာ အပူရှိန်မြင့်တက်လာသည်.. ထိုချိန်တွင် သူမက အသားများကို မီးဖိုပေါ် တင်လိုက်လေတော့သည်... အသားများ တဖြည်းဖြည်းအရောင်ပြောင်းလာသောအခါတွင် အသားပေါ်သို့ မြေပဲဆီ အနည်းငယ်မျှ သုတ်လိုက်သေး၏...
သူမ ဘာဘီကျူးကင်ကို မလုပ်ခဲ့ဖူးသော်လည်း အချက်အပြုတ်ပိုင်းတွင် ဝါရင့်နေသူတစ်ယောက်ပီပီ အရသာကောင်းမွန်ရန်အတွက် လိုအပ်သောအချိန်အတိုင်းအတာကိုတော့ ခန့်မှန်းနိုင်ပေသည်...
ရှင်းရှင်းလေးသည်လည်း ညစာစားပြီးနောက် အောက်သို့ဆင်းလာလေ၏... သို့သော် သူမ ရှိနေသောနေရာသည် အရမ်းပူလွန်နေတာကြောင့် သားဖြစ်သူအား တစ်ခြားတစ်ဖက်တွင် နေရန် ပြောလိုက်သည်...
ကလေးလေးက သူ့အမေပြောသည့်အတိုင်း တစ်ခြားတစ်ဖက်တွင်သာ နေနေခဲ့သည်...
ရှင်းရှင်းလေး ထိုနေရာတွင်နေရင်း တစ်ယောက်တည်း ဆော့ကစားနေစဥ် အနံ့တစ်ခုကို ရှုရှိုက်လိုက်မိလေ၏...
ကလေးလေး ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး အနံ့ရှိရာနောက်သို့ လျှောက်လာလိုက်တဲ့အခါ အမေဖြစ်သူ အလုပ်လုပ်နေသည့်နေရာသို့ ရောက်သွားလေသည်...
"မေမေ... အသားနံ့က မွှေးနေတာပဲ..." ဟု အသံအကျယ်ကြီးဖြင့် ပြောလိုက်သည်...
ချန်းဟွမ်က သူမရဲ့အိမ်လုပ်ဟင်းခတ်အမွှေးအကြိုင်များနှင့် အလုပ်ရှုပ်နေခဲ့တာကြောင့် ကလေးလေးက သူမ နားသို့ ရောက်လာသည်ကို သတိမမူမိလိုက်ပေ...
ကလေးလေးက သူမရဲ့ဘောင်းဘီတစ်ဖက်ကို ဆွဲကာ အသံကျယ်ကြီးဖြင့် စကားပြောလာမှသာ သူမနားသို့ ရောက်နေမှန်း သိလိုက်ရ၏...
" ဒီနားမှာ ပူတယ် သားသား... ခပ်ဝေးဝေးမှာပဲ နေအုံးနော်... "
" အော်... ဟုတ်ကဲ့ မေမေ... "
ရှင်းရှင်းလေးသည် လိမ္မာသောကလေးတစ်ယောက်ပီပီ အမေဖြစ်သူက ပြောလိုက်သည်နှင့်ချက်ချင်းပင် အနောက်သို့ခြေလှမ်းနှစ်လှမ်း ပြန်ဆုတ်လိုက်သည်... ပေါက်စီလုံးလေးက ထိုနေရာလေးတွင် ခြေဖျားလေး ထောက်ရင်းဖြင့်သာ ဘာဘီကျူးအနံ့ကို ရှုနေရင်း တဖြည်းဖြည်း ဗိုက်ဆာလာတော့သည်...
" မေမေ... အဲ့ဒါက အရသာရှိလားဟင်... "
" မေမေလည်း သေချာမသိဘူး သား... အရသာရှိမယ်လို့တော့ ထင်တာပါပဲ... "
ဘာဘီကျူးကင်ခြင်းဟာ ချန်းဟွမ်အတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် သူမ ကိုယ်တိုင်လည်း အရသာကောင်း မကောင်း သေချာမခန့်မှန်းတတ်သည်မှာ အမှန်ပင်...
" ဒါဆို သား နည်းနည်းလောက် စားလို့မလား "
ပါကျဲပေါက်လေးက သူ့နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်ထားရန် မေးလိုက်သည်..
" မရဘူး သားသား.. ညစာတွေ အများကြီး စားထားပြီးသားလေ... ဒီထက်ပိုပြီး စားနေရင် အိပ်မပျော်ဘဲနေလိမ့်မယ်... "
ချန်းဟွမ်က ပစ်ပစ်ခါခါပဲ ငြင်းလိုက်သည်...
" သား အိပ်ပျော်အောင် အိပ်ပါ့မယ်... "
ပါကျဲပေါက်လေးက ဘာဘီကျူး စားရရေးအတွက် ချက်ချင်းကတိပေးလိုက်ပြန်သည်...
" မရဘူးဆို မရဘူး သားသား... ဟိုဘက်မှာ သွားဆော့နေအုံး... "
ပါကျဲပေါက်လေးဟာ ဘာဘီကျူးအနံ့၏ဆွဲဆောင်ခြင်းကို ခံရပြီးနောက် ဘယ်လိုမှစိတ်ကို ထိန်းမထားနိုင်တော့ပေ... သို့သော် ဘာမှလည်း မတတ်နိုင်သည့်အတွက် အမေဖြစ်သူ ဘာဘီကျူးကင်နေခြင်းကိုသာ တမျှော်မျှော်ဖြင့် ကြည့်နေရရှာသည်...
ချန်းဟွမ်က ပါကျဲပေါက်လေးအား လျစ်လျူရှုထားပြီး အသားများပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်များ ဖြန်းနေလိုက်သည်...
ဘာဘီကျူးများ ကင်ပြီးသွားချိန်တွင် ၎င်းတို့အပေါ်၌ အဆီလွှာတစ်ခု တောက်ပလာကာ ဘာဘီကျူးအနံ့သည် လေထဲ၌ ပြန့်နှံ့သွားတော့၏...
ချန်းဟွမ် မီးဖိုပေါ်မှ ဘာဘီကျူးတို့ကို ဖယ်လိုက်ပြီးနောက် သူမကိုယ်တိုင် အရသာမြည်းကြည့်ရန် ပြင်လိုက်စဥ်တွင် တစ်စုံတစ်ယောက်၏ခေါ်သံကို ကြားလိုက်ရချေတယ်...
" ဘာဘီကျူးနံ့ရပါတယ်လို့ လိုက်ရှာနေတာ... အခုမှပဲ တွေ့တော့တယ်... "
သူမတို့ရဲ့ အိမ်နီးချင်းက သူ့သမီးလေးကို ကျောင်းချိန်နောက်ပိုင်းသင်တန်း (ကျူရှင်)မှ ကြိုပြီး ပြန်လာပုံရ၏... ထိုအမျိုးသမီးက အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံး ဆွဲထုတ်ကာ ရှင်းရှင်းလေးအား ပေးလိုက်ရင်း ချန်းဟွမ်အား စကားစလ်ုက်သည်...
" အရင်ရက်တွေ အလုပ်ရှုပ်နေတာ ဒီကိစ္စအတွက်လား...? "
" ဟုတ်တယ်... ကျွန်မ ဒီနားမှာ လမ်းဘေးဘာဘီကျူးဆိုင်လေး ဖွင့်ရင် ကောင်းမလားလို့လေ... "
ထိုချိန်၌ ချန်းဟွမ်က သူမကိုယ်တိုင်လုပ်ထားသောဘာဘီကျူးကို ကိုယ်တိုင်မြည်းစမ်းကြည့်တာထက် တခြားသူတစ်ယောက်ကို မြည်းခိုင်းသည်က ပိုကောင်းလိမ့်မည်ဟု တွေးလိုက်မိ၏...
ထို့နောက်တွင် သူမက အမဲသားဘာဘီကျူးတစ်ချောင်းကို ယူလိုက်ပြီး အိမ်နီးချင်းအမျိုးသမီးအား ပေးလိုက်သည်...
" ဒါလေး တစ်ချက်လောက် မြည်းကြည့်ပေးပါအဦးရှင်... "
" okayလေ... "
အိမ်နီးချင်းအမျိုးသမီးက ချန်းဟွမ် ကမ်းပေးသောအမဲသားဘာဘီကျူးကို လှမ်းယူလိုက် ပြီးနောက် ချက်ချင်းပင် မြည်းစမ်းကြည့်လိုက်သည်...
အမဲသားက နူးညံ့လှပြီး သေချာနှပ်ထားပြီးသားဖြစ်တာကြောင့် နူးညံ့သောအမဲသားရဲ့အရသာဟာ အနှီအမျိုးသမီးကို ဆွေမျိုးပင် မေ့သွားစေလောက်သည်...
အိမ်နီးချင်းအမျိုးသမီးသည် ချန်းဟွမ်ရဲ့လက်ရာ အရသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အတတ်နိုင်ဆုံး အကောင်းဘက်မှ ပြောရန် တွေးထားခဲ့ပြီးသားပင်... သို့သော် တစ်ကိုက်လောက်စားပြီးနောက်တွင်ပင် သူမသည် ဘာမှမပြောနိုင်ဘဲ ဘာဘီကျူးကိုသာ ဆက်တိုက် စားနေမိတော့သည်...
အိမ်နီးချင်းအမျိုးသမီးက ဘာဘီကျူးတစ်ချောင်းလုံးကို အချိန်တိုအတွင်း စားပြီးသွားခဲ့တာကြောင့် ချန်းဟွမ်ကိုယ်တိုင်သည်လည်း အနည်းငယ်လန့်သွားလေသည်...
ချန်းဟွမ်က သူမရှေ့မှအမျိုးသမီးက နောက်ဆုံးတစ်ကိုက်ကို မျိုချလိုက်ပြီးနောက် မျှော်လင့်ချက် အပြည့်ဖြင့်မေးလိုက်သည်။
“ အရသာက ဘယ်လိုလဲဟင် "
🥩🥩🥩🥩🥩🥩