အပိုင်း ၂၉-၃၀
Viewers 22k

Chapter 29

{ ပထမရက် - ၁ }


" အရမ်းကောင်းတာပဲ " 


အိမ်နီးချင်းအမျိုးသမီးဟာ ဘာဘီကျူးအရသာကို ပြန်လည် တွေးဆရင်း ချန်းဟွမ်အားလက်မထောင်ပြလိုက်သည်..


." ဒီလောက်ကောင်းတဲ့ဘာဘီကျူးမျိုး တစ်ခုမှ မစားခဲ့ဖူးဘူး... ဒါနဲ့ ဆိုင်က ဘယ်တော့ဖွင့်မှာလဲဟင်... ကျွန်မ လာအားပေးမလို့ပါ... "


" မကြာခင် ဖွင့်တော့မှာပါ... " 


ချန်းဟွမ်က အိမ်နီးချင်းအမျိုးသမီးက သူမရဲ့ဟင်းချက်စွမ်းရည်ကို ထောက်ခံလိုက်သောကြောင့် ​ပျော်ရွှင်သွားမိသည်... ထို့နောက် သူမအတွက်ဘာဘီကျူးတစ်ချောင်းချန်ထားလိုက်ပြီး ကျန်ဘာဘီကျူးများကို အိမ်နီးချင်းအမျိုးသမီးဆီသို့ ပေးလိုက်၏...


အိမ်နီးချင်းအမျိုးသမီးက ငြင်းဆိုရန် ကြိုးစားသော်လည်း ချန်းဟွမ်မှအတင်းပေးသောကြောင့် လက်ခံလိုက်တော့သည်... ထိုအမျိုးသမီးဟာ သမီးဖြစ်သူအား ဘာဘီကျူးနှစ်ချောင်းပေးလိုက်သည်... ထို့နောက် ချန်းဟွမ်ဘေးနား၌ ရပ်နေရင်း သရေကျနေသောပါကျဲပေါက်လေးကို တစ်ချက်ကြည့်လိုက်သည်...


" ရှင်းရှင်းလေးရော စားချင်လို့လား... "


 သူမ ကလေးထံ ဘာဘီကျူးတစ်ချောင်း လှမ်းပေးလိုက်သည်..


ပါကျဲပေါက်လေးသည် ဘာဘီကျူးကို တော်တော်လေး စားချင်နေသော်ငြား အိမ်နီးချင်းအမျိုးသမီးပေးသည်ို ချက်ချင်း မယူပါဘဲ အမေဖြစ်သူကို  အရင်ဆုံး လှည့်ကြည့်လိုက်သည်...


" ကျွန်မ သူ့အတွက် တစ်ချောင်း ချန်ထားပြီးသားပါ... အစ်မဆီကဟာကို ပေးဖို့မလိုပါဘူး... " 


ချန်းဟွမ်က အိမ်နီးချင်းအမျိုးသမီးအားေပြာလိုက်ပြီးေနာက်  သူမဘေးတွင် ရပ်နေသောပါကျဲပေါက်လေးကို သိမ်းထားသည့်ဘာဘီကျူးတစ်ချောင်း ပေးလိုက်သည်။. 


ချန်းဟွမ်က ရှင်းရှင်းလေးအတွက် သီးသန့်ချန်ထားသောဘာဘီကျူးတွင် အစပ်လျှော့ထည့်ထားသည် 


အရသာက သိပ်မစပ်သော်လည်း အသားကို နာရီဝက်လောက် နှပ်ထားခဲ့သည်ကြောင့် အရသာရှိနေဆဲပင်...


ကလေးလေးက ဘာဘီကျူးကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် အားရပါးရ ဝါးနေရင်း " မေမေ ဒါက အရမ်းကောင်းတာပဲ... "


ချန်းဟွမ် အားရပါရစားသောက်နေသောကလေးလေးကို ငုံ့ကြည့်ကာ ကလေးပေါက်လေး၏ခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်သည်...


ဒီနေ့တွင်လည်း သူမရဲ့တစ်နေ့တာတာဝန်များ ပြီးသွားခဲ့ပြန်ပြီ...  အကယ်၍ အရာအားလုံးသာအဆင်ပြေပြေဖြစ်သွားမည်ဆိုပါက သူမ ဘာဘီကျူးဆိုင်လေးကို မနက်ဖြန်စဖွင့်ရန် စဥ်းစားထား၏...


၀င်ငွေမရှိဘဲ တစ်သက်လုံးစားလိုက် အိပ်လိုက်နေသွားလို့ မဖြစ်သေးပေ... ထို့ကြောင့်  တတ်နိုင်သလောက်မြန်မြန်ဝင်ငွေရှာနိုင်ဖို့ အရေးကြီးလှသည်... ချန်းဟွမ် ထိုသို့တွေးရင်း သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်....


ထို့နောက် သ ဘာဘီကျူးတစ်ချောင်းကို သူ့လက်ထဲတွင် အသေအချာကိုင်ထားရင်း ဖြေးဖြေးချင်းစားနေသောပါကျဲပေါက်လေးကို ကြည့်လိုက်မိ၏...


ကလေးလေးသည် ဘာဘီကျူးအချောင်းကို နှာခေါင်းလေးနားကပ် အနံ့ကိုလည်း ရှုရှိုက်လိုက်သေးသည်... ပြီးနောက်တွင်တော့ သူ့ဆီတွင် ကျန်သေးသောဘာဘီကျူးတစ်ဝက်ကို အမေဖြစ်သူအား လှမ်ပေးလိုက်ရင်းဖြင့်  " မေမေလည်း နည်းနည်းစားလေ..." ဟု ပြောလာပြန်သည်... 


ချန်းဟွမ်က ကလေးလေးလက်ထဲမှဘာဘီကျူးချောင်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် " မေမေ မစားတော့ဘူး... သားလေးပဲ ဆက်စားနော်... "


ပါကျဲပေါက်လေးက ယခုကဲ့သို့ အရသာရှိလွန်းသည့်အစားအစာကို မစားဘဲ တောင့်ခံထားနိုင်မည်ကို မယုံကြည်ချေ..


 " မေမေ...ဒါက အရမ်း အရမ်း အရသာရှိတာနော်..." 


ကလေးလေးဟာ အမေဖြစ်သူကို ဘာဘီကျူ လှမ်းပေးရင်း ထပ်ပြောပြန်၏... သို့သော် ချန်းဝှမ်က နောက်တစ်ကြိမ် ထပ်ငြင်းလိုက်တာကြောင့် ကလေးလေးဟာ ဘာဘီကျူးလေးကို သူ့ဘက်သို့ ပြန်ယူလိုက်ရင်း တစ်ယောက်တည်း ပျော်ရွှင်စွာ ဆက်စားနေတော့သည်...


ဘာဘီကျူးကို မစားရသေးခင်က ပေါက်စီလုံးလေး၏စိတ်ထဲတွင်အကောင်းဆုံးအစားအစာမှာက သစ်သီးထမင်းပင်... သို့သော် ယခုမူ သူ့စိတ်ထဲတွင် ဘာဘီကျူးကသာ အကောင်းဆုံးဖြစ်ပြီး သစ်သီထမင်းဟာ ဒုတိယအကောင်းဆုံးနေရာသို့ ရောက်သွားခဲ့လေပြီ...


အစားပုတ်ပါကျဲလေးသည် နောက်နေ့တွင် လည်း ဘာဘီကျူး ထပ်လုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ချန်းဟွမ်က ချက်ချင်းပင် ငြင်းလိုက်၏...


" ဘာလို့လဲ မေမေ... " 


ကေလးလေးက အမေဖြစ်သူကို မယုံကြည်နိုင်စွာ ပြူးကြည့်နေခဲ့သော်ငြား ချန်းဟွမ်က ဘာမှထပ်မပြောတော့ပေ...


ခေတ္တအကြာတွင် သူမ အားလုံးကို သိမ်းဆည်းပြီးနောက် ဓာတ်လှေကားဖြင့် အပေါ်သို့တက်ရန် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ရင်း


  " ဘာဘီကျူးတွေ အများကြီးစားရင်း သားသားလေးက အရပ်မရှည်လာပဲ နေလိမ့်မယ်...  တခြားကလေးတွေက သားကို စနောက်ကြမှာပေါ့... "


 " မဟုတ်ဘူး...မေမေ လိမ်နေတယ် ! "


" ဘာလို့ မေမေက လိမ်တယ်လို့ ပြောရတာလဲ... "


" စောနက အန်တီဂူကလည်း ဘာဘီကျူးတွေ အများကြီးစားတာပဲလေ... ဒါပေမယ့် သူက အရပ်ရှည်တယ်..." 


ကလေးလေးက နှုတ်ခမ်းလေးစူပြီးပြောလိုက်သည်...  ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် “ သူက မေမေထက်တောင် အရပ်ပိုရှည်နေသေးတယ် ” ဟု ထပ်ပြောလိုက်သေးသည်...


ထိုချိန်တွင် ချန်းဟွမ် တွေးလိုက်မိသည်က ဇာတ်လိုက်သားက ငယ်စဥ်တည်းက လျှော့တွက်၍ မရဘူးဟုပင်...


💜💜💜💜💜💜


Chapter 30

{ ပထမရက် - ၂ }


ချန်းဟွမ်ဟာ ပါကျဲပေါက်လေးဟာ ငုံ့ကြည့်ကာ ပါးဖောင်းဖောင်းလေးအား ခပ်ဖွဖွဆွဲလိုက်ရင်း ပြုံးလိုက်ပြီး " အန်တီဂူက လူကြီးဖြစ်နေပြီလေ... လူကြီးတွေက စားလည်း ဘာမှမဖြစ်တော့ဘူး... "


ရှင်းရှင်းလေး နှုတ်ခမ်းလေး ဆူလိုက်ရင်း " ဘာဖြစ်လို့လဲ...? "


“ အရွယ်ရောက်ပြီးသားလူကြီးတွေက ခန္ဓာကိုယ် ဆက်ပြီးမကြီးလာတော့ဘူးလေ..."


အ​မေဖြစ်သူရဲ့ရှင်းလင်းချက်ကို နားထောင်ပြီးနောက်တွင် ကလေးလေးသည် အောက်ပြန်ငုံ့သွားကာ တစ်ခုခုကို လေးလေးနက်နက်တွေးသွားခဲ့ပုံပင်... ခေတ္တအကြာတွင်တော့  " မမ ရှောင်ချင်းလည်း ကလေးပဲလေ... သူက ဘာလို့ စားလို့ရတာလဲ... "


အိမ်နီးချင်းလင်မယားရဲ့သမီးဖြစ်တဲ့ရှောင်ချင်းက အသက် ၁၁နှစ်ရှိပြီဖြစ်ပြီး အရပ်မှာ ၁.၆မီတာ(၅ပေ၂လက်မခန့်) နီးပါးရှိနေပြီဖြစ်၏... 


ရှင်းရှင်းလေးက ထိုကလေးမလေး ဘာဘီကျူးစားနေသည်ကို သေချာတွေ့လိုက်ပေသည်


" မမ ရှောင်ချင်းက ကလေးကြီးဖြစ်နေပြီလေ... သားက အခု သေးသေးလေးပဲရှိသေးတယ်..."


 ချန်းဟွမ်က ထိုသို့ဆိုပြီးနောက် ကလေးလေးရဲ့ဖောင်းကားနေသောပါးလုံးလုံးလေးကို အနည်းငယ် ညှစ်လိုက်ကာ “ သားသားက မမ ရှောင်ချင်းလို အရပ်ရှည်သွားတဲ့အခါကြရင် အများကြီးစားလို့ ရပြီနော်... "


ကလေးလေးက သူ ရှောင်ချင်းထက် အများကြီးအရပ်မပုဘူးဟု ခံစားမိသည်ကြောင့် သူ့အမေအား ခေါင်းပြန်ညိမ့်ပြလိုက်သည်


 " မေမေ မသိလိုက်ခင်မှာပဲ သားက မမထက် ပိုအရပ်ရှည်မှာ မေမေ စောင့်ကြည်နေလိုက်တော့... "

~~~~


ပေါက်စီလုံးလေး သည် ထိုနေ့မှစကာ ရှောင်ချင်းလေးထက် အရပ်ပိုရှည်ဖို့ရာ အာရုံစိုက်နေလေတော့သည်...


ချန်းဟွမ်က အိမ်ထဲတွင် အရပ်တိုင်းသည့်ဇယားတစ်ခုထားပေးထားရာ ပေါက်စီလုံးလေးသည် မကြာခဏဆိုသလို သူ့အရပ်ကို သွားတိုင်းနေတတ်သည်... ကလေးလေးသည် သူဘယ်နခါပဲတိုင်းတိုင်း အရပ်ရှည်မလာသည်ကို သတိထားမိလာလေ၏... တစ်ခါတစ်ရံတွင် အရင်ကထက်ပင် ပိုပုသွားသလိုပင်...


သူ ပိုပုသွားသည်ဟု ခံစားမိကာ ထိတ်လန့်သွားခဲ့ပြီး အမေဖြစ်သူဆီသို့ ပြေးသွားကာ သူမလက်ကို ဆွဲကိုင်ရင်း "မေမေ... သားက ပိုသေးလာတယ်! "


" သေးတယ်လို့ မပြောရဘူး သား... ပုတယ်လို့ ပြောရတယ်..." 


ချန်းဟွမ်က အသားများကို တံစို့ဖြင့် ထိုးနေရင်း ကလေးပေါက်လေးအာ ကမ္ဘာ့ဆွဲအားနှင့် အရပ်မြင့်ကြား ဆက်စပ်မှုကို ရှင်းပြလို့နေလေ၏...


ပါကျဲပေါက်လေးသည် အမေ ပြောသမျှထဲတွင်  ညပိုင်းထက် မနက်ပိုင်းက ပို၍အရပ်မြင့်သည်မှလွဲ၍ ကျန်သောအကြောင်းအရာတို့ကို နားမလည်ပေ...


" ဟုတ်ပြီ မေမေ... သား အခုမှစပြီး မနက်ပိုင်းမှပဲ အရပ်တိုင်းတော့မယ်... " 


ရသူသိချင်တာ သိခွင့်ရပြီးနောက်တွင် ချန်းဟွမ်ဘေးမှ ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်ရင်း မေးလိုက်ပြန်သည် 


" မေမေက ဘာဘီကျူးတွေ အများကြီး ထပ်လုပ်နေတာလားဟင်... " 


" ဟုတ်တယ် သားသား... ပိုက်ဆံရှာဖို့ ဘာဘီကျူးတွေ လုပ်ရမယ်လေ... မေမေက ပိုက်ဆံတွေ အများကြီးရှာနိုင်ရင် သားအတွက် အရုပ်တွေ အများကြီး ဝယ်ပေးမယ်လေ... ဟုတ်ပြီလား..."


ပါကျဲလေးက အရုပ်တွေအကြောင်း ကြားလိုက်ရချိန်တွက် ခဏတာ ပျော်ရွှင်သွားခဲ့ပေမယ့်လည်း ခေတ္တအတွင်းတွင် အပြုံးတို့ ပြန်လည်ပျောက်ကွယ်သွားခဲ့တော့၏... 


"မေမေက အပြင်ထပ်သွားမလို့လားဟင်.. "


ကလေးလေးသည် သူ့အမေ(မူလပိုင်ရှင်)ဆီမှ ပိုက်ဆံရှာဖို့အပြင်သွားရမယ်ဟု ပြောသည်ကို ကြားခဲ့ဖူးပြီး မေမေက ထိုသို့ပြောပြီးတိုင်း တစ်နေ့ကုန် အိမ်ပြန်မလာသည်ကိုလည်း ပြန်တွေးလိုက်မိချေသည်... ထိုချိန်များ၌ သူ အိမ်ထဲတွင် ဘာမှမစားရဘဲ ပိတ်လှောင်ခံထားရတတ်ပြီး အပြင်လည်း မထွက်နိုင်ချေ... ထို့ကြောင့်လည်း ကလေးလေးသည် ယခုမေမေက ပိုက်ဆံရှာမယ်ဟု ပြောတိုင်း မပျော်ရွှင်ပါလေ...


လက်ရှိချန်းဟွမ်က မူလချန်းဟွမ်၏မှတ်ဉာဏ်များကို အသေးစိတ်မရရှိတာကြောင့် ထိုအကြောင်းတို့ကို မသိပေ... သူမက အလုပ်ထွက်လုပ်မည့်အကြောင်း ကလေးလေးအား အသိပေးထားချင်ရုံပင်...


စက္ကန့်ပိုင်းအကြာတွင်တော့ ကလေးလေးဟာ နှုတ်ခမ်းလေးဆူလျက် ပြောလာသည်


 "မေမေနဲ့ လိုက်ချင်တယ်... " 


ချန်းဟွမ် မျက်မှောင်ကျုံ့လိုက်မိသည်...


သူမသည် ယခုဖွင့်မည့်လမ်းဘေးဘာဘီကျူးဆိုင်လေး သေချာလည်ပတ်နိုင်ဖို့ရာအတွက် ဂရုစိုက်စရာ များပြားလှပေသည်...  ကလေးတစ်ယောက်ကိုလည်း  လိုက်ကြည့်နိုင်မည် မဟုတ်ချေ...


သူမ ကလေးလေးအား ခေါ်သွားလို့မရကြောင်းပြောတော့မည့်ဆဲဆဲတွင် ပါကျဲပေါက်လေးက သူမ ခါးကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ချွဲပစ်စွာပြောလာလေသည်။


 " မေမေ...  သားက မေမေနဲ့ တူတူနေချင်တာ..." 


ကလေးလေးရဲ့ချွဲပစ်သောအသံလေးကြောင့်  သူမ၏ဆုံးဖြတ်ချက်တို့ ယိမ်းယိုင်သွားခဲ့ရသည်


ကလေးလေး၏ချစ်စရာကောင်းလှသည့်အသနားခံမှုကြောင့် နောက်ဆုံးတွင် ချန်းဝှမ်သည် ကလေးအား သူမနှင့်အတူခေါ်သွားရန် သဘောတူလိုက်ရလေသည်..


💜💜💜💜💜💜💗💗💗