Chapter 6
Viewers 245

👱‍♀️Chapter 6



 

လီမော့က အဒေါ်ကျောက်ကို ကြည့်ပြီး ပြောလိုက်သည်။


 "အဒေါ် စိတ်မပူပါနဲ့… ကျွန်မ နည်းလမ်းတစ်ခုကို စဥ်းစားမိသွားပါပြီ…"

 

အဒေါ်ကျောက်က အံ့အားသင့်ကာ မေးသည်။

"တကယ် နည်းလမ်းရှိလို့လား… ဘယ်လိုနည်းလမ်းလဲ…"

 

လီမော့က ပြုံးပြပြီး ပြောသည်။

"အဒေါ်… ကျွန်မ မိတ်ကပ်လိမ်းခြယ်တတ်ပါတယ်… ချင်ဟွာရဲ့ မျက်နှာက အမာရွတ်တွေကို မိတ်ကပ်နဲ့ ဖုံးလို့ရပါတယ်…" 

 

အဒေါ်ကျောက်က ယခုနကမှ ဖြစ်ပေါ်လာသော မျှော်လင့်ချက်က ပျက်စီးသွားပြီး မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုက သိသာစွာ ပေါ်လွင်နေသည်။ 

"အဲ့ဒါ အဆင်မပြေဘူး… အဒေါ်တို့လည်း အမာရွတ်ကို ဖုံးဖို့ ပေါင်ဒါမှုန့်တွေ လိမ်းဖို့ စဥ်းစားဖူးတယ်… ဒါပေမယ့် ပုံမှန် ပေါင်ဒါလိမ်းတာက ဖုံးလို့မရဘူး… သူ့မျက်နှာက သရဲလိုပဲ ဖြစ်သွားတယ်… မိတ်ကပ်မလိမ်းတာကတောင် ပိုကောင်းတယ်…"

 

မူလပိုင်ရှင်၏ မှတ်ဉာဏ်အရဆိုလျှင် လီမော့က ဤခေတ်၏ ဖောင်ဒေးရှင်းများက အမှန်တကယ် အရည်အသွေးညံ့ဖျင်းသည်ကို မှတ်မိနေသည်။ အလွယ်တကူ အရည်ပျော်ကျတတ်ပြီး ကြည့်ရဆိုးသည်။ ၎င်းတို့က အမှန်တကယ်ကို အလွန်ဖြူဖျော့နေကြသည်။

 

သို့သော် လီမော့၏ လက်များကို အလှကုန်ပစ္စည်းများ၏ ခွဲစိတ်ဓားများဟု ခေါ်ဆိုကြသည်။ နာမည်ကြီး အများအပြားက သူမကို သူတို့၏ ကိုယ်ရေးကိုယ်တာ မိတ်ကပ်ပညာရှင်အဖြစ် ငှားရမ်းရန် များစွာသော ငွေကြေးကို သုံးစွဲလိုကြသည်။

 

သေးငယ်သော အမာရွတ်လေးတစ်ခုအကြောင်းက ပြောစရာပင် မလိုပေ။ သူမက အစ်မဖုန်း၏ မျက်နှာကိုပင် ဖန်ပင်းပင်းနှင့်တူအောင် ဖန်တီးနိုင်သည်။

(TN -အစ်မဖုန်းက အင်တာနက်ဆယ်လီနှင့် meme ဖန်တီးသူ ဖြစ်သည်။ ဖန်ပင်းပင်းက သရုပ်ဆောင်ဖြစ်သည်)

 

လီမော့က ယုံကြည်မှုရှိစွာ ပြုံးပြီး အဒေါ်ကျောက်ကို ပြောလိုက်သည်။ 

"အဒေါ်… ကျွန်မရဲ့ မိတ်ကပ်လိမ်းနည်းက သာမန်လူတွေရဲ့ နည်းလမ်းနဲ့ မတူပါဘူး… ချင်ဟွာကို လှပစေနိုင်ပါတယ်… အမာရွတ်တွေကို လုံးဝ မမြင်ရပါဘူး… အဒေါ်… ကျွန်မကို မယုံကြည်ရင် ချင်ဟွာကို ကြိုပြီး တစ်ခါ လုပ်ပေးပါမယ်… အဆင်မပြေဘူးဆိုရင် အဒေါ် ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး…" 

 

 

အဒေါ်ကျောက်ကလည်း ထိုအကြောင်းကို စဥ်းစားမိသည်။ စမ်းကြည့်ခြင်းက ကြီးမားသည့် ကိစ္စမဟုတ်သလို၊ လီမော့က မူလက ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူမထံတွင် ထူးခြားသည့် နည်းလမ်းတစ်ခု ရှိကောင်းရှိနိုင်သည်။

 

ထိုအကြောင်းကို စဥ်းစားပြီးနောက် အဒေါ်ကျောက်၏ ရင်ထဲတွင် ရုတ်တရက် ပူနွေးလာပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။ အဒေါ်ကျောက်က သူတို့အိမ်သို့ ပြန်ပြီး လီမော့ကို ချင်ဟွာအား မိတ်ကပ်လိမ်းပေးလိုသွားသည်။

 

လီမော့က ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ သူမက အဒေါ်ကျောက်ကို အမြန် ဆွဲထားလိုက်သည်။ 

"အဒေါ်… ကျွန်မတို့က ဘာမှ မဝယ်ရသေးဘူးလေ… ပြီးတော့ ကျွန်မက ပါးနီမှုန့်တွေ ဝယ်ရဦးမယ်… မဟုတ်ရင် ချင်ဟွာကို ဘယ်လို မိတ်ကပ်လိမ်းမလဲ…"

 

အဒေါ်ကျောက်က သူမပြောသည်ကို ကြားသောအခါ သူမ၏ ခေါင်းကို ပုတ်လိုက်သည်။ 

"ဟုတ်တယ်… အဲ့ဒါကို မေ့သွားတယ်… မင်းအဒေါ် စိတ်အရမ်းလှုပ်ရှားသွားလို့ အပြစ်မတင်ပါနဲ့… လာ… ဝယ်ရအောင်…"

 

ထိုသို့ ပြောပြီးနောက် သူမက လီမော့ကို ဆိုင်တစ်ဆိုင်သို့ ခေါ်သွားသည်။ သို့သော် လီမော့က ထိုဆိုင်က ကြည့်ရဆိုးပြီး သူတို့ရောင်းသည့် ပေါင်ဒါမှုန့်များက အရည်အသွေး အလွန်ဆိုးကြောင်းကို တွေ့ရှိရသည်။ သူမ သုံး၍မရပေ။

 

ထို့ကြောင့် သူမက အဒေါ်ကျောက်ကို အတော်အတန် အဆင့်မြင့်သည့် အလှကုန်ပေါင်ဒါဆိုင်တစ်ဆိုင်ကို ရှာဖွေရန် ခေါ်ဆောင်သွားခဲ့သည်။

 

ဤပေါင်ဒါဆိုင်က အရွယ်အစား မသေးဘဲ အလှဆင်မှုလည်း ကြည့်ကောင်းသည်။ ၎င်းက အတော်လေး အဆင့်မြင့်ပုံရသည်။ သူတို့ဝင်လာသည်ကို မြင်သောအခါ ဆိုင်ရှင်အမျိုးသမီးက ကိုယ်တိုင် နှုတ်ဆက်သည်။ သူတို့၏ အဝတ်အစားကိုလည်း ဂရုမစိုက်ပုံမရပေ။ ဤသည်က လီမိုအား ထိုဆိုင်အပေါ် ကောင်းသော အထင်အမြင် ဖြစ်စေသည်။

 

ဆိုင်ရှင်အမျိုးသမီးက အသက် သုံးဆယ်ကျော်ခန့် ရှိပုံရသည်။ သူမက အမျိုးသမီးဆံထုံး ထုံးထားပြီး ဤခေတ်၏ နူးညံ့သိမ်မွေ့သော မိတ်ကပ်ကို လိမ်းထားသည်။ သူမက အလွန် နူးညံ့သိမ်မွေ့ပြီး လှပနေသည်။

 

ဆိုင်ရှင်အမျိုးသမီးက သူတို့နှင့် စကားပြောရန် လာသောအခါ လီမော့က ဆိုင်ရှင်အမျိုးသမီး၏ မျက်နှာပေါ်ရှိ မိတ်ကပ်ကို တမင်တကာ ကြည့်လိုက်သည်။ ၎င်းက သာမန်မိတ်ကပ်ထက် ပိုမို သန့်စင်နေရမည်။ သို့သော် လီမိုက ထိုမိတ်ကပ်က သဘာဝမကျသေးကြောင်း တွေ့ရှိရပြီး သိမ်မွေ့သော အရည်အသွေးကမူ ထင်ရှားနေသည်။

 

ဆိုင်ရှင်အမျိုးသမီးတွင် ပိုမိုကောင်းမွန်သော ဖောင်ဒေးရှင်း ရှိရမည်။ သို့မဟုတ်ပါက ရလဒ်က ဤမျှကောင်းမွန်မည်မဟုတ်ပေ။

 

ဆိုင်ရှင်အမျိုးသမီးက လီမော့နှင့် အဒေါ်ကျောက်ကို နွေးထွေးစွာ ဧည့်ခံသည်။ 

"ဘာမှာချင်လဲ… ဆိုင်မှာ အကုန်ရှိတယ်…"

 

အဒေါ်ကျောက်က လီမော့ကို ကြည့်လိုက်ပြီး လီမော့က ဆိုင်ရှင်အမျိုးသမီးကို ရယ်မောပြလိုက်သည်။

"ဆိုင်ရှင်… အခြေခံ မိတ်ကပ်ပစ္စည်းတွေ ဖြစ်တဲ့ ပေါင်ဒါ၊ မျက်ခုံး‌မွှေးခြယ်ပေါင်ဒါ၊ နှုတ်ခမ်းနီ အဲ့တာမျိုးတွေကို ကြည့်ချင်ပါတယ်…"


 

ဆိုင်ရှင်အမျိုးသမီးက လီမော့ပြောသည်ကို နားထောင်ပြီး လက်နှစ်ဖက်ကို ဖွင့်ကာ သူတို့ကို ဦးဆောင်သည်။ ဆိုင်ရှင်အမျိုးသမီးက ပြောသည်။

"ဒီကိုလာပါ… ပစ္စည်းတွေ ပြပေးမယ်…"

 

ဆိုင်ရှင်အမျိုးသမီးက လီမော့နှင့် အဒေါ်ကျောက်ကို ပြသထားသည့် စင်ဘေးသို့ ခေါ်သွားသည်။ တစ်ခုချင်းစီ ပစ္စည်းများကို မိတ်ဆက်ပေးပြီး စမ်းသပ်ပစ္စည်းများကိုပင် အသုံးပြုခိုင်းသည်။ ဤသည်က လီမော့ကို ဤဆိုင်က အနာဂတ်တွင် ကောင်းစွာ လုပ်ကိုင်နိုင်မည်ဟု ထင်စေသည်။

 

လီမော့က သူမ၏ အသားအ‌ရေပေါ်တွင် ပစ္စည်းကို စမ်းသပ်ကြည့်သော်လည်း သူမကို ကျေနပ်စေသည့် မည်သည့်အရာကိုမျှ မတွေ့ရပေ။ အကောင်းဆုံး ပေါင်ဒါကို သုံးပြီးနောက်တွင်ပင် လီမော့၏ အမြင်တွင် မကျေနပ်စရာ ဖြစ်နေသည်။ သို့သော် ဤသည်က ဤကာလရှိ ထုတ်ကုန်၏ ကန့်သတ်ချက် ဖြစ်ကြောင်းကို သူမ သိသည်။ ၎င်းနှင့်ပတ်သက်၍ သူမ ဘာမျှ မတတ်နိုင်ပေ။

 

 

လီမော့က နောက်ဆုံးတွင် ပေါင်ဒါဘူးတစ်ဘူး၊ မျက်ခုံး‌မွေးခြယ်ပေါင်ဒါတစ်ဘူး၊ ပါးနီတစ်ဘူး နှင့် လိမ်းဆေးတစ်ဘူးကို ရွေးချယ်လိုက်သည်။ နောက်ဆုံးတွင် လီမော့က မျက်နှာလိမ်းအဆီဘူးတစ်ဘူးကိုလည်း ယူလာသည်။ ၎င်းက မျက်နှာလိမ်းခရင်မ်၏ ရှေးကျသော အမျိုးအစား ဖြစ်သည်။

 

သူတို့လိုအပ်သော ပစ္စည်းများကို ဝယ်ပြီးနောက် စုစုပေါင်း ငွေ ၃၀၀ ယွမ် ဖြစ်သွားသည်။

 

လီမော့က ရုတ်တရက် ငွေဖြုန်းတီးသော ဇနီးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

 

စုန့်တရှန်တွင် ငွေအလုံအလောက် မရှိမည်ကို စိုးရိမ်၍ လီမော့က စုန့်တရှန်ပေးထားသည့် ငွေကို အလျင်အမြန်ထုတ်ပြီး ရေတွက်လိုက်သည်။ ၎င်းက အနည်းဆုံး ယွမ် ၅၀၀ ရှိသည်။ ထိုငွေက များပြားလှသည်။ 

ထိုငွေက ဘယ်နေရာက ရလာတာလဲ…

အိမ်တွင် ငွေမရှိဟု သူမထင်ခဲ့သည်။

 

လီမော့က သံသယ ဖြစ်မိသည်။ သူမ ယွမ် ၃၀၀ ကို ရေတွက်ပြီး ဆိုင်ရှင်အမျိုးသမီးကို ပေးလိုက်ပြီး ဆိုင်အတွင်းမှ ထွက်လာသည်။

 

အဒေါ်ကျောက်က လီမော့၏ ငွေအများအပြား သုံးစွဲမှုကြောင့် အနည်းငယ် ကြောက်လန့်နေလေသည်။ သူမက ပေါင်ဒါမှုန့်တစ်မျိုးတည်းကို ဝယ်လိုက်သည်ကပင် ယွမ် ၃၀၀ သုံးစွဲခဲ့ရပြီး ၎င်းက အလွန်စျေးကြီးသည်။

 

လီမော့က အဒေါ်ကျောက်၏ သံသယများကို သိပြီး စိတ်ရှည်စွာ ရှင်းပြသည်။ 

"အဒေါ်… ဒီပေါင်ဒါက ဝယ်ဖို့ လိုပါတယ်… မဟုတ်ရင် ကောင်းတဲ့ ရလဒ် မထွက်လာပါဘူး… ပြီးတော့ ဒီပစ္စည်းတွေက အသားအရေအတွက် ကောင်းပါတယ်…"

 

အဒေါ်ကျောက်က ဤအရာကို နားမလည်သော်လည်း မည်သို့ပင်ဖြစ်စေ လီမော့ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ထင်သောကြောင့် ခေါင်းညိတ်လိုက်သည်။

 

လိုအပ်သည့် ပစ္စည်းများကို ဝယ်ပြီးနောက် လီမော့က အဒေါ်ကျောက်ကို ဆေးဆိုင်သို့ ခေါ်သွားခိုင်းလိုက်သည်။

 

လီမော့က ဆေးဆိုင်သို့ သွားချင်သည်မှာ မိတ်ကပ်လိမ်းရန် အရေးကြီးသည့် ပစ္စည်းတစ်ခုကို ဝယ်လိုသောကြောင့် ဖြစ်သည်။

 

သူမ၏ ယခင်ဘဝတွင် သဘာဝအတိုင်း အသားအရေထိန်းသိမ်းမှုနှင့် အလှကုန်ပစ္စည်းများကို လေ့လာသည့် အဖွဲ့တစ်ဖွဲ့ ရှိခဲ့သည်။ ထိုအဖွဲ့တွင် သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် နည်းတစ်ခု ရှိခဲ့သည်။ အတွင်းရှိ ပါဝင်ပစ္စည်းများအားလုံးကို သဘာဝတရားမှ စုဆောင်းထားခြင်း ဖြစ်သည်။ အချို့သော အစိတ်အပိုင်းများကို သတ်မှတ်ထားသည့် အချိုးအစားဖြင့် ရောစပ်ပြီး မျက်နှာပေါ်သို့ လိမ်းသည်။ အချိန်ကြာကြာ လိမ်းပြီးနောက် အသားအရေကို ဖြူစင်ပြီး စိုပြေတောက်ပစေသည်။ ၎င်းကို မိတ်ကပ်နှင့် တွဲဖက်၍ အသုံးပြုခြင်းဖြင့် သဘာဝဆန်ပြီး တာရှည်ခံသည့် အသွင်ကို ဖန်တီးနိုင်သည်။

 

လီမော့က ၎င်းကို ပြုလုပ်ရန် အသုံးပြုသည့် ကုန်ကြမ်းများကို မှတ်မိနေ၏။ ဤအရာများက မည်သည့်ခေတ်တွင်မဆို ရရှိနိုင်သည်။ ၎င်းတို့ကို မည်သည့်ဆေးဆိုင်တွင်မဆို အများအားဖြင့် ရရှိနိုင်သည်။

 

သူမ ပထမဆုံး သေးငယ်သော ဆေးဆိုင်အချို့သို့ သွားရောက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ပါဝင်ပစ္စည်းများကို မရရှိနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူမ ဆေးဆိုင်ကြီးတစ်ဆိုင်ကို ရှာဖွေတွေ့ရှိပြီး သူမလိုအပ်သည့် အရာအားလုံးကို ဝယ်ယူခဲ့သည်။

 

လိုအပ်သည့် ပါဝင်ပစ္စည်းများအားလုံးကို ဝယ်ယူပြီးနောက် လီမော့က မြေပဲစေ့အတွက် သတ်မှတ်ထားသည့် ငွေမှအပ သူမထံတွင်ရှိသည့် ငွေအားလုံးကို သုံးစွဲခဲ့သည်။

 

သူမ ပြန်ရောက်သောအခါ စုန့်တရှန်က သူမကို အပြစ်တင်မည်လားဆိုသည်ကိုမူ သူမ မသိပေ။

 

လီမော့က အဒေါ်ကျောက်နောက်သို့ လိုက်၍ အဝတ်အထည်ဆိုင်သို့ သွားပြီး အထည်များ ဝယ်သည်။ လူနှစ်ယောက်က လိုအပ်သည့် ပစ္စည်းများကို ဝယ်ပြီးနောက် အချိန်နောက်ကျလာပြီး စျေးရှိ လူတစ်ဝက်ခန့်က ပြန်စပြုနေသည်ကို သတိပြုမိသည်။

 

အဒေါ်ကျောက်က လီမော့အား အိမ်သို့ တပါတည်းခေါ်သွားချင်သော်လည်း သူမ ခဏကြာ စဥ်းစားပြီးနောက် ငြင်းဆန်လိုက်သည်။

စုန့်တရှန်က သူမကို ဦးစွာပြန်သင့်သည်ဟု ပြောသော်လည်း လီမော့က အမြဲတမ်း စိတ်မသက်မသာမိသလို ဖြစ်နေသည်။ အဒေါ်ကျောက်နှင့် သူမ ပြောခဲ့သည့် အကြောင်းအရာများကို မျှဝေရန် စုန့်တရှန်ကို စောင့်လိုသည်။


 

အဒေါ်ကျောက်က လီမော့က စုန့်တရှန်ကို စောင့်ရန် နေချင်သည်ကို ကြားသောအခါ သူမက သဘောတူပြီး လိုအပ်သည့် မြေပဲစေ့များ ဝယ်ယူနိုင်သည့် နေရာကို လီမော့ကို ပြောပြလိုက်သည်။

 

လီမော့က အဒေါ်ကျောက် ပြောပြသည့်အတိုင်း ဆိုင်ကို ရှာတွေ့သည်။ မြေပဲစေ့ ဝယ်ပြီးသောအခါ စုန့်တရှန်က ရောက်မလာသေးပေ။ ထို့ကြောင့် လီမော့က ဆိုင်၏ ထောင့်တစ်နေရာတွင် ရပ်ပြီး လမ်းပေါ်သို့ ကြည့်နေသည်။ သူမက စုန့်တရှန်၏ ပုံပန်းကို အမြဲတမ်း ရှာဖွေနေခဲ့သည်။

 

လီမော့က ၁၅ မိနစ် အပြည့် စောင့်ပြီးမှ အဝေးမှ စုန့်တရှန်၏ ပုံရိပ်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။

 

စုန့်တရှန်က သူမနှင့် တွေ့ဆုံတော့မည့် အချိန်တွင် ရပ်လိုက်သည်။

 

စုန့်တရှန်တွင် တစ်ခုခု မှားနေပုံရသည်။

 

စုန့်တရှန်၏ ဘယ်ဘက်ခြေထောက်က ပုံမှန်အတိုင်း လုံးဝ လမ်းမလျှောက်နိုင်သော်လည်း ယခုအချိန်တွင် သူက ဘယ်ဘက်ခြေထောက်ကို လုံးဝ ဆွဲ၍သွားနေပြီး ညာဘက်ခြေထောက်က ပို၍အားနည်းနေပုံရသည်။

 

သူ့ကို ကြည့်လိုက်လျှင် သူ မည်မျှ ပင်ပန်းနွမ်းနယ်နေသည်ကို မြင်နိုင်သည်။ သူက မည်သည့်အချိန်တွင်မဆို အားကုန်ဆုံးသွားမည့်သူတစ်ယောက်ကဲ့သို့ ထင်ရသည်။

 

နွားလှည်းစီးရုံနဲ့ ဒါမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

 

ဖြစ်နိုင်ခြေတစ်ခုကို စဥ်းစားရင်း လီမော့က အနည်းငယ် အသက်ရှုကြပ်လာသည်။ သူမက ရုတ်တရက် ရင်ထဲတွင် မပျော်မရွှင် ဖြစ်လာလေသည်။

 

သူက သူမကို လိမ်ခဲ့သည်။ နွားလှည်းက လုံးဝ မရှိခဲ့ပေ။ သူက ရွာမှ ဤနေရာသို့ လမ်းလျှောက်လာခြင်း ဖြစ်သည်။ သူ၏ မသန်စွမ်းသော ခြေထောက်များဖြင့်လမ်းလျှောက်လာသည်ကို စဥ်းစားပင် မကြည့်နိုင်ပေ။

 

လှည်းစီးလျှင် တစ်နာရီခွဲကြာသည်။ 

စုန့်တရှန်က ဘယ်လောက်ကြာကြာ လမ်းလျှောက်ပြီးမှ ရောက်လာတာလဲ…

 

ထိုအခိုက်အတန့်တွင် လီမော့က မထိန်းနိုင်တော့ဘဲ ရပ်နေသည့် စုန့်တရှန်ထံသို့ အမြန် ပြေးသွားသည်။ သူက သူမကို မြင်၍ ရပ်နေခြင်း ဖြစ်သည်။

 

လီမော့၏ အသံက အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ 

"ရှင် ကျွန်မကို လိမ်တာကြောင့် စိတ်မကောင်း ဖြစ်နေတာလား… နွားလှည်း လုံးဝ မရှိဘူး… ရှင် လမ်းလျှောက်ပြီး ရောက်လာတာ…"

 

စုန့်တရှန်၏ မျက်နှာက တောင့်တင်းနေပြီး ခဏတာ စကားမပြောနိုင်ခဲ့ပေ။

 

စကားမပြောခြင်းက ဝန်ခံခြင်းနှင့် အတူတူပင် ဖြစ်သည်။

 

လီမော့က စုန့်တရှန်ကို ဒေါသတကြီး ရိုက်လိုက်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီနေသည်။ 

"ဘာလို့ ရှင့်ရဲ့ ခန္ဓာကိုယ်ကို ဂရုမစိုက်တာလဲ… ဒီလောက် ဝေးတဲ့ခရီးကို ဘယ်လို လမ်းလျှောက်နိုင်တာလဲ… သာမန်လူတစ်ယောက်တောင် ဒီလောက် ဝေးတဲ့ခရီးကို လမ်းမလျှောက်နိုင်ဘူး…" 

 

စုန့်တရှန်က သူမ၏ မျက်လုံးများ နီနေသည်ကို မြင်သောအခါ ရုတ်တရက် စိတ်မောသွားလေသည်။

 

"မဟုတ်ဘူး… မငိုပါနဲ့… မငိုပါနဲ့… ကိုယ် အဆင်ပြေပါတယ်…"

 

လီမော့က သူမ၏ မျက်ရည်များ ကျတော့မည်ကို သဘောပေါက်လိုက်ပြီး အင်္ကျီလက်ဖြင့် မျက်လုံးများကို အမြန် ပွတ်သုတ်လိုက်သည်။ သူမက အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူမ စုန့်တရှန်ကို တွဲရန် လက်လှမ်းလိုက်ကာ လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားပြီး အနားယူခိုင်းသည်။

 

သူမက စုန့်တရှန်ကို ထိုင်ခိုင်းလိုက်က ဒူးထောက်လိုက်ပြီး သူ၏ ဘယ်ဘက်ခြေထောက်ဘောင်းဘီကို ညင်သာစွာ မလိုက်သည်။ သူ၏ ခြေထောက်တစ်ချောင်းလုံးက ခရမ်းရောင် ပြောင်းနေပြီး ရောင်နေသည်ကို မြင်လိုက်သည်။ ၎င်းက အလွန်ကြီးမားနေပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။

 

လီမော့က နှုတ်ခမ်းကို စူလိုက်သည်။ သူမက သူ၏ ဒူးကို ထပ်၍ ညှစ်လိုက်ပြီး မေးသည်။

"အရိုးတွေ နာနေသေးလား…" 

 

စုန့်တရှန်က ခေါင်းယမ်းလိုက်သည်။

 

လီမော့က မယုံကြည်ပေ။ သူမက စကားမပြောဘဲ စုန့်တရှန်ကို ထူလိုက်ပြီး ပြောသည်။

"သွားရအောင်... ဆေးခန်းသွားရအောင်…" 

 

စုန့်တရှန်က လီမော့ကို အမြန် ဆွဲထားပြီး ပြောသည်။

"ဆေးခန်းသွားဖို့ မလိုပါဘူး… ဒီက သမားတော်က သိပ်မကောင်းဘူး…"

 

လီမော့က စဥ်းစားလိုက်သည်။ 

ဟုတ်လား… ဒီမြို့က သမားတော်‌တွေထဲမှာ လုံလောက်အောင်ကောင်းတဲ့ သမားတော် ရှိတာလား… ဒါက တခြားသမားတော်‌တွေကို ရှာတွေ့ရင်သူ့ခြေထောက်တွေကို ကုလို့ရသေးတယ်ဆိုတဲ့ သဘောလား…

"တစ်ယောက်ယောက်က ရှင့်ခြေထောက်ကို ကုနိုင်မှာလား…"

 

စုန့်တရှန်က ခဏတာ တွန့်ဆုတ်ပြီး ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်တယ်… ကိုယ် စစ်မြေပြင်မှာ ဒဏ်ရာရခဲ့တာ… ဒါပေမယ့် မြို့က သမားတော်ဆီ ပြန်ပြခဲ့တယ်… မြို့က သမားတော်က မကုနိုင်ဘူး… ဒါပေမယ့် မြို့က ဆေးခန်းက သမားတော်တစ်ယောက်က ကိုယ့်ခြေထောက်ကို ကုနိုင်တယ်လို့ ပြောခဲ့တယ်"

 

စုန့်တရှန်က ထိုသို့ ပြောပြီး ရပ်သွားသည်။

 

လီမော့က သူ မပြောသေးသည်ကို ထုတ်ပြောလိုက်သည်။ 

"အရမ်းစျေးကြီးလို့လား…"

 

စုန့်တရှန်က ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။

"ဘယ်လောက်လဲ…"

 

"အနည်းဆုံး ငွေတေး ၃၀…"

 

လီမော့က ငွေရှာခြင်းက ယခု အရေးပေါ် ပြဿနာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။


စုန့်တရှန်က ခဏတာ အနားယူပြီးနောက် လီမော့၏ အကူအညီဖြင့် မြေပဲစေ့များကို ဝယ်ယူခဲ့သည်။

 

လီမော့က သူ့ကို ဤအတိုင်း ပြန်သွားခွင့် မပြုနိုင်တော့ပေ။

 

ဤအချိန်တွင် ရွာသို့ ပြန်လာသည့် မြည်းလှည်းများက ထွက်ခွာသွားပြီ ဖြစ်သည်။ လီမော့က အခြားမြည်းလှည်းများကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူမက လမ်းဘေးတွင် လူများဆွဲရန် စောင့်ဆိုင်းနေသည့် မြည်းလှည်း အများအပြားကို တွေ့ရှိခဲ့သည်။

 

လီမော့က စုန့်တရှန်ဘက်သို့ လှည့်ပြီး မေးသည်။

"အစ်ကိုတရှန်… ပိုက်ဆံ ရှိလား…”

 

စုန့်တရှန်က လမ်းဘေးရှိ မြည်းလှည်းကိုလည်း တွေ့ပြီး လီမော့၏ အဓိပ္ပာယ်ကို နားလည်သော်လည်း ခဏတာ ရပ်တန့်ပြီး ခေါင်းယမ်းလိုက်သည်။

 

သူ့ထံတွင် တန်ဖိုးအရှိဆုံး ပစ္စည်းများအားလုံးကို သူမက ယူထားသည်။ မျိုးစေ့ထားရန် ငွေမှအပ ကျန်ငွေအားလုံးကို လီမော့ကို ပေးထားသည်။

 

လီမော့က သူမ ဝယ်ထားသည့် အရာများကို မှတ်မိပြီး ခဏတာ စဥ်းစားပြီး ယခု စုန့်တရှန်ကို ရှင်းပြရန် အဆင်သင့် ဖြစ်နေသည်။ 

"အစ်ကိုတရှန်… အစ်ကို ပေးထားတဲ့ ပိုက်ဆံတွေ အကုန် သုံးလိုက်ပြီ… မိတ်ကပ်လိမ်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်လိုက်တယ်…"

 

လီမော့က သူမ ဝယ်ထားသည့် အရာများကို စုန့်တရှန်အား ပြသသည်။

 

စုန့်တရှန်က ဘာမှ မပြောဘဲ သူမကို ခေါင်းညိတ်ပြလိုက်သည်။

 

စုန့်တရှန်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီမော့က ထပ်၍ ရှင်းပြသည်။ 


"အစ်ကိုတရှန်… ဒါတွေကို ကျွန်မ ကိုယ်တိုင်သုံးဖို့ ဝယ်တာ မဟုတ်ပါဘူး… တခြားလူတွေကို မိတ်ကပ်လိမ်းပြီး ပိုက်ဆံရှာဖို့ ကြိုးစားချင်လို့ပါ…"

 

စုန့်တရှန်၏ မျက်လုံးများက လှုပ်ရှားသွားသည်။ သူက လီမော့ကို မေးချင်သည့် အရာကို မပြောဘဲ ပြန်သွားရန် ပြောလိုက်သည်။ 

"ပြန်ရအောင်၊ ကိုယ့်ခြေထောက်တွေက သွားနိုင်ပါတယ်…"

 

လီမော့က ခေါင်းကို တင်းတင်းကျပ်ကျပ် ခါလိုက်သည်။ 

"မရဘူး…"

 

ထိုသို့ပြောပြီးနောက် လီမော့က ရုတ်တရက် နည်းလမ်းတစ်ခုကို စဥ်းစားမိသွားလေသည်။



👱‍♀️👱‍♀️