အပိုင်း ၃၅-၃၆
Viewers 22k

Chapter 35

{ ကျောင်းစတက်ခြင်း- ၂ }


ချန်နန် ဆယ်လ်ဖီတုတ်ချောင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ကင်မရာရှိရာသို့ မောကြည့်ကာ " ဒီနေ့တော့အရသာရှိတဲ့ အစားအသောက်ကို စားဖို့ အဆင်မပြေဘူး ထင်ပါရဲ့ဗျာ... ဆိုင်ပိုင်ရှင်က ဒီနေ့ ရောက်မလာသေးဘူးလေ... အခုတော့ ဒီနေ့အတွက် အရင်ဆုံး ထိုင်စရာနေရာရှာလိုက်ပါအုံးမယ် "


ချန်နန်သည် ကင်မရာအား ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် အနီးနားရှိနို့လက်ဖက်ရည်ဆိုင်(Bubble tea)သို့ သွားကာ သစ်သီးလက်ဖက်ရည်တစ်ခွက် မှာလိုက်ပြီး ချန်းဝှမ်ရဲ့ဆိုင်လေးကို ခဏခဏ လှည့်ကြည့်နေတော့သည့်... သို့သော် ထိုနေ့ည ၉ နာရီကျော်သည်အထိ စောင့်နေခဲ့သော်ငြား ထိုဆိုင်လေးက မဖွင့်လာခဲ့ချေ...


ထိုချိန်၌ ချန်နန်ဟာ သစ်သီးလက်ဖက်ရည်နောက်ဆုံးတစ်ငုံကို သောက်လိုက်ပြီး " အဲဒီလူက ငါ့ကို လိမ်တာ မဟုတ်ဘူးပဲ...  အသားကင်ဆိုင်က တကယ်ဆက်မဖွင့်တော့ဘူး ထင်တယ်... " ဟုသာ ရေရွတ်လိုက်မိလေတော့သည်.. 

~~~~


ချန်းဟွမ်က  တကယ်ပဲ ဆိုင်ဆက်မဖွင့်တော့ဘူးလား....


မဖြစ်နိုင်တာ...


အမှန်တော့ သူမ တစ်ရက်မျှ နားရက်ယူလိုက်ခြင်းသာ...


ထိုသို့ နားရက်ယူလိုက်ခြင်းအတွက် အကြောင်းပြချက်နှစ်ခုရှိသည်... သူမ အခုရက်ပိုင်းတွေမှာ အလုပ်အလွန်လုပ်ခဲ့ရသည်ကြောင့် နားချင်တာတစ်ကြောင်း၊ ရှင်းရှင်းလေးမှာလည်း ကျောင်းစတက်ရတော့မည်ဖြစ်သောကြောင့်တစ်ကြောင်းတို့ကြောင့်ပင်...


လက်ရှိဝတ္ထုထဲမှကမ္ဘာသည် သူမ နေခဲ့ရသောယခင်ကမ္ဘာနှင့် အနည်းငယ်ကွာခြားမှုရှိပေ၏... မိမိတက်ရမည့်ကျောင်းသည် မိမိနေထိုင်သည့်နေရာအပေါ်မူတည်ပေသည်... အရှင်းဆုံးဆိုရသော် မိမိနေထိုင်သောနေရာအနီးအနားရှိကျောင်းကိုသာ တက်ခွင့်ရှိခြင်းပင်... မိမိနေထိုင်သောအိမ်သည် ကိုယ်ပိုင်ဖြစ်ဖြစ် ငှားရမ်းထားခြင်းဖြစ်ဖြစ် အရေးမကြီးပေ...


ထိုအချက်ကြောင့်လည်း ချန်းဟွမ်က ဒီနေရာတွင် အိမ်ငှားခဲ့ခြင်းဖြစ်သည်...  သူမတို့ ငှားနေသောတိုက်ခန်းနားရှိ သူငယ်တန်းမှအထက်တန်းကျောင်းများသည် အတော်လေးနာမည်ကြီးပြီး ကောင်းမွန်လှသော​ကျောင်းများဖြစ်ကြ၏...


ရှင်းရှင်းလေးက နောက်တစ်နေ့တွင် ကျောင်းစတက်ရတော့မည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေရှာသည်...


ချန်းဟွမ် အရင်ရက်ပိုင်းက အလုပ်များနေချိန်တွင် ကလေးလေးက ဘေးအိမ်မှ ရှောင်ချင်းနှင့် ပိုမိုရင်းနှီးလာခဲ့သည်... သူမ ပြောပြချက်အရ ကျောင်းတွင်  ကစားစရာအရုပ်အများအပြားရှိပြီး ကလေးတွေလည်း အများကြီးရှိကြောင်း ပေါက်စီလုံးလေး သိခွင့်ရခဲ့သည်... ကျောင်းတွင် သီချင်းဆိုနည်းကိုလည်း သင်ပေးမည်ဖြစ်တာကြောင့် သီချင်းဆိုနည်းသင်ပြီးပါက မေမေ့ကို သီချင်းဆိုပြမည်ဟုလည်း တွေးထားသေး၏..


အစ်မ ရှောင်ချင်းက သူမ အမေက သူမကို အပန်းဖြေဥယျာဉ်(ပြည်သူ့ရင်ပြင်လိုနေရာမျိုး)ကို ခေါ်သွားဖူးကြောင်း ထိုနေရာသည် အလွန်ပျော်ဖို့ကောင်းကြောင်းလည်း ပြောပြပြန်သည်...


ပေါက်စီလုံးလေးသည် အရင်က အပန်းဖြေဥယျာဉ်သို့ မရောက်ဖူးသေးသော်ငြား ရှောင်ချင်း ပြောပြသမျှကို နားထောင်ရင်း ထိုနေရာသို့ အမေဖြစ်သူနှင့်အတူ သွားလည်ချင်နေမိတော့သည်...


မေမေက သူ့ကို အပန်းဖြေဥယျာဥ်သို့ ခေါ်သွားကာ တစ်နေကုန် သူနှင့်ဆော့ကစားပြီး ရေခဲမုန့်လည်း ဝယ်ကျွေးမည်ဆိုပါက လွန်စွာပျော်ဖို့ကောင်းလိမ့်မည်ဟု စိတ်ကူးယဥ်နေမိလေသည်.. 


ကလေးလေးက ရှောင်ချင်းပြောပြသောအကြောင်းတို့ကို ပြန်တွေးပြီးနောက် ချန်းဟွမ်၏လက်မောင်းကို ဖက်လိုက်ရင်း  " ကျောင်းပြီးသွားတဲ့အခါကြရင် သားက မေမေ့ကို သီချင်းဆိုပြမယ်နော်... "


ပါကျဲပေါက်လေးတစ်ယောက် ထိုသို့ ပွစိပွစိပြောနေချိန်တွင် ချန်းဟွမ်မှာ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေခဲ့လေ၏... အရင်နှစ်ပတ်အတွင်းတွင် သူမသည် အချိန်ကြာကြာအနားယူခဲ့ရခြင်း မရှိခဲ့သောကြောင့် ယခု သူမ အိပ်ယာပေါ်၌ လဲလျောင်းလိုက်သည်နှင့် ချက်ချင်းအိပ်မောကျလုနီးပါးပင်...


သို့သော်  ကလေးလေး၏စကားကို ကြားလိုက်ချိန်တွင် "ကောင်းပြီ" ဟု ခပ်တိုးတိုးပြန်ပြောလိုက်၏...


" သားက မေမေ့အတွက် ပုံလည်း ဆွဲပေးမယ်နော်... "


" ကောင်းပြီ "


" သားက ထမင်းဟင်းလည်း ချက်ပေးမယ်... ပြီးရင် မေမေ့အတွက် ပိုက်ဆံတွေအများကြီး ရှာပေးမယ်...သားက ကျောင်းစတက်ပြီဆိုတော့ ကလေးကြီးဖြစ်လာတော့မှာ အလုပ်တွေ အများကြီးလုပ်နိုင်တော့မှာ မေမေရဲ့... "


 ချန်းဟွမ် သူမဘေးနားတွင် မရပ်မနားပွစိပွစိပြောဆိုနေသောပါကျဲပေါက်စအား သူမရင်ခွင်ထဲဆွဲထည့်လိုက်ကာ "အိပ်ချိန်ရောက်ပြီ " ဟု ပြောလိုက်လေတော့သည်...


" ဟုတ်ကဲ့ မေမေ..."

~~~


ပေါက်စီလုံးလေးဆီတွင် အစီအစဥ်များစွာ ရှိပြီး ကျောင်းတွင် သင်ယူရမည်များ သင်ယူပြီးနောက်တွင်တော့ အစီအစဥ်အားလုံးကို အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်ထားသည်...


သို့သော် ပါကျဲပေါက်လေးရဲ့အစီအစဥ်အားလုံးတို့သည် ကျောင်းသို့ ရောက်ချိန်တွင် ပျောက်ခြင်းမလှပျောက်ရှကုန်တော့၏... 


ကျောင်းစတက်ရသည့်နေ့တွင်တော့ ကျောင်းရှေ့တွင် လူစည်ကားလို့နေသည်... ကလေးတချို့သည် မိဘနှင့် မခွဲချင်သောကြောင့် မြေပြင်တွင် လူးလှိမ့်ကာ ငိုယိုရင်း အိမ်ပြန်မည်ဟုသာ အော်ဟစ်နေကြ၏...


ပေါက်စီလုံးလေးသည်လည်း သူ့ပတ်ဝန်းကျင်မှထိုအဖြစ်အပျက်တို့ကို ကြည့်ရင်း ဝမ်းနည်းသလို ခံစားလာရလေသည်... ထို့ကြောင့်လည်း ကလေးလေးက အမေဖြစ်သူရဲ့လည်ပင်းကို အတင်းဖက်ထားကာ အောက်မဆင်းဘဲ နေနေလေ၏...


" မေမေတို့ ကျောင်းကို ရောက်ပြီ... သားက ဆရာ၊ဆရာမတွေပြောတာကို နားထောင်ရမယ်နော် ၊ ညနေကျရင် မေမေက သားကို လာကြိုမယ်... ဟုတ်ပြီလား... "


 ချန်းဟွမ် ထိုသို့ဆိုရင်း ကလေးလေးအား မြေပြင်သို့ ချပေးသော်လည်း ကလေးလေးက မဆင်းဘဲ အမေကိုသာ အတင်းပြန်ဖက်ထားချေသည်...


ထိုစဥ် သူမတို့သားအမိဘေး၌ရှိနေသောကလေးလေးတစ်ယောက်သည် မြေပြင်ပေါ်မှာ လူးလှိမ့်နေပြီး မျက်ရည်များစွာ စီးကျနေလျက် အိမ်ကို ပြန်လိုက်မည်ဟုသာ အော်ဟစ်နေပေ၏... မိဘနှစ်ပါးက ဘယ်လိုပဲ ချော့မော့ပါစေ လုံးဝအငိုမတိတ်ချေ... အချိန်အတော်ကြာအောင် ချော့သော်လည်း လုံးဝအငိုမတိတ်တာကြောင့် အဖေဖြစ်သူက ကလေးကို နှစ်ချက်ရိုက်လိုက်ပြီး ဆူလိုက်သည်။


 " ငိုတာတိတ်စမ်း!! "


သို့သော် ထိုကောင်​​လေးသည် အငိုမတိတ်သည့်အပြင် ပိုကျယ်လောင်စွာ အော်​ဟစ်​ငိုကြွေးလာတော့သည်​...


🥩🥩🥩🥩🥩🥩🥩


Chapter 36

{ ကျောင်းစတက်ခြင်း - ၃ }


ကေလးလေးသည် သူ့ဘေးတွင် အော်ဟစ်ငိုကြွေးနေသောကလေးလေးကို  တစ်ချက်ကြည့်လိုက်ပြီးနောက် အမေဖြစ်သူဘက်သို့ အမြန်လှည့်လိုက်ကာ ချန်းဟွမ်၏ပခုံးပေါ်တွင်  သူ့မျက်နှာကို မြှုပ်ထားလိုက်လေသည်... ထို့နောက်တွင်တော့ ချစ်စရာကောင်းသောအသံလေးဖြင့် " မေမေ... ဒီနေ့ သား ကျောင်းမတက်လို့ မရဘူးလားဟင် "ဟု သနားစဖွယ် မေးမြန်းလာလေတော့၏...


ကျောင်းမတက်လျှင် ပိုက်ဆံရှာနိုင်မည်မဟုတ်ဟု အမေဖြစ်သူက ပြောထားသောကြောင့် ကျောင်းမှာလည်း မတက်လို့မရဘူးဆိုသည်ကို သူ သိပြီးသားပင်... အခုချိန်တွင် သူ့ဘေးပတ်ဝန်းကျင်ရှိ အော်ဟစ်ငိုကြွေးနေကြသောကလေးပေါက်စလေးများကြောင့် အနည်းငယ် ကြောက်ရွံ့မိနေခြင်းသာ...


ပေါက်စီလုံးလေးသည် သင်ယူလိုစိတ်ပြင်းပြလှသည့်လိမ္မာသောကလေးတစ်ယောက်ပင်... ခေတ္တအကြာတွင် ကလေးလေး ခေါင်းပြန်မော့ကြည့်လာခဲ့ကာ ချန်းဟွမ်ရဲ့ပါးကို  နမ်းလိုက်ပြီး " အိမ်ပြန်ကြရအောင် မေမေ " ဟုဆိုလာပြန်သည်...


" မရဘူး... " 


ချန်းဟွမ်  သူမအား တွယ်ကပ်နေသောပေါက်စီလုံးလေးကို မြေပြင်သို့ အမြန်ချပေးလိုက်သည်


...  “ ဆရာမတွေက အချိန်မှန်ကျောင်းတက်တဲ့ကလေးတွေကို ပိုချစ်ကြတယ်... ပြီးတော့ ဒီနေ့ ကျောင်းစတက်မယ်လို့ မေမေနဲ့သားနဲ့သဘောတူပြီးသားလေ...  သား နောက်ကျသွားရင် လိမ္မာတဲ့ကလေးလေး မဖြစ်ဘဲနေလိမ့်မယ် ” 


ရှင်းရှင်းလေးက စိတ်ပျက်လက်ပျက်ဖြင့် " ဒါပေမယ့် ဒီနေ့ကျောင်းစတက်ရမယ်ဆိုတာ မေမေပြောခဲ့တာလေ... သားပြောတာမှ မဟုတ်တာ..."


" ဟုတ်ပါတယ် မေမေပြောခဲ့တာပါ... အခုသားသားက ကျောင်းမတက်ဘူးဆိုတော့ မေမေ့ကို ကတိဖျက်တတ်တဲ့လူဆိုးမကြီးဖြစ်အောင် လုပ်နေတာနဲ့တူတူပဲလေ... သားက မေမေကို လူဆိုးမကြီး ဖြစ်စေချင်နေတာလား... "


 ချန်းဟွမ် ထိုသို့ဆိုရင်း ချက်ချင်းပင် ဝမ်းနည်းနသောအကြည့်ဖြင့် ကြည့်လိုက်သည်...


ပေါက်စီလုံးလေးက အမြန်ခေါင်းယမ်းပြပြီးပြန်ဖြေလိုက်သည်


" မဟုတ်ဘူး... မေမေက လူဆိုး မဟုတ်ဘူး! 


ကလေးလေးက ချန်းဟွမ်၏ခြေထောက်များကို ဖက်ထားလိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်ပေသည်... 


" သား ဒီနေ့ကျောင်းတက်ပါ့မယ် မေမေ... "


" ရှင်းရှင်းလေး က လိမ္မာလိုက်တာ... "


 ချန်းဟွမ် သားဖြစ်သူကို ချီးကျူးစကားဆိုလိုက်ပြီးနောက် ပါးဖောင်းဖောင်းလေးကို တစ်ချက်နမ်းလိုက်သည်...


သူမ ကလေးကို နောက်တစ်ကြိမ်ထပ်မံပွေ့ဖက်လိုက်ပြီး ဆရာမဆီတွင် သေချာအပ်ပေးလိုက်၏... ပြီးနောက်တွင် သားဖြစ်သူရဲ့လက်တွင်ဝတ်ထားသောလက်ပတ်နာရီလေးကို ထောက်ပြရင်း ပြောလိုက်သည်။


"မေမေ့ကို လွမ်းတဲ့အခါကြရင် ဒီခလုတ်ကို နှိပ်လိုက်ရင် မေမေနဲ့စကားပြောလို့ရတယ်နော်... ဟုတ်ပြီလား သား... "


ကလေးလေးက သူမစကားကို သေချာလိုက်နားထောင်ပြီး ခေါင်းပြန်ညိမ့်ပြလိုက်သည်... ထို့နောက် ဆရာမ၏လက်ကို ဆွဲကာ ကျောင်းထဲသို့ ဝင်သွားတော့သည်...


ချန်းဟွမ်သည် ရှင်းရှင်းလေးတစ်ယောက် အခန်းထဲဝင်သွားသည့်အချိန်အထိ တစ်နေရာထဲတွင် ရပ်နေခဲ့လိုက်သည်..


ပေါက်စီလုံးလေးတစ်ယောက် အခန်းထဲသို့ ဝင်သွားပြီဟု သေချာချိန်ကြမှသာ သူမသက်ပြင်းချလိုက်နိုင်၏...


 သူမ ဒီနေ့ည ညစျေးတွင် ရောင်းချရန်အတွက် လိုအပ်သည့်ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် လိုအပ်နေသေးပေသည်...


 ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရသည်မှာ အလွန်စျေးကြီးလွန်းလှပေသည်.. ကလေးအတွက် ခြောက်လကျောင်းလခအတွက် ယွမ်၂၀,၀၀၀ပေးခဲ့ရသည်...


သူမ မကြာသေးမီက ၀င်ငွေများစွာရထားပြီးသားဖြစ်သော်ငြား ကျောင်းလခပမာဏကို ပေးဆောင်လိုက်ရချိန်တွင် အသည်းကွဲလုနီးပါး နာကျင်ခံစားလိုက်ရသည်...


ချန်းဟွမ် ညအတွက် လိုအပ်သောပါဝင်ပစ္စည်းများ ပြင်ဆင်ရန် အိမ်သို့ အားမာန်အပြည့် ပြန်လျှောက်ခဲ့လေသည်... သ ယခုတွင် အသီးအရွက်များကို သန့်ရှင်းရေးလုပ်ပြီး အသားတွေကို လှီးဖြတ်ရာ၌ ကူညီဖို့ရာ အကူတစ်ယောက် ငှားထားပြီးသားပင်... သူမစီစဥ်ထားသောအစီအစဉ်မှာ နောက်လအနည်းငယ်အတွင်းတွင် ငွေကို အလုံအလောက် ချွေတာပြီး သူမရဲ့ဆိုင်လေးကို နေရာအတည်တကျတစ်ခုတွင် ငှားရမ်းဖွင့်နိုင်ရန်ဖြစ်သည်... ထိုသို့အတည်တကျဖြစ်သွားပြီဆိုပါက အသားကင်ခြင်းအပိုင်းအတွက် အကူတစ်ယောက် ထပ်ငှားမည်ဖြစ်ကာ သူမကတော့ အသားနှပ်ခြင်းအပိုင်းနှင့် အချဥ်ရည်ပြင်ခြင်းအပိုင်းတို့ကိုသာ အဓိကလုပ်ကိုင်တော့ပေမည်..


သူမရဲ့အစီအစဥ်တို့ကို စိတ်ကူးကြည့်ရုံနှင့်ပင် သူမအတွက် အားဖြစ်လို့နေလေပြီ...


ချန်းဟွမ်က အလုပ်များလွန်းတာကြောင့် နေ့လယ်စာ စားချိန်ပင် မရှိချေ... အလုပ်ဆက်တိုက်လုပ်နေခဲ့ပြီးနောက် လက်ထဲရှိ ပစ္စည်းများကို ချလိုက်ကာ မော့ကြည့်လိုက်တဲ့အခါ ၁၁နာရီပင် ထိုးနေခဲ့လေပြီ...


ဒီနေ့ ရှင်းရှင်းလေးတစ်ယောက် ကျောင်းတွင် ဘယ်လိုအခြေအနေရှိနေမလဲဆိုသည်ကို သူမ သိချင်မိပေ၏... ယခုဆိုလျှင် ကျောင်းတွင် နေ့လယ်စာစားချိန် ဖြစ်နေလောက်ပေမည်... ယနေ့သည် ကလေးလေး သူမနှင့်အတူမရှိနေသည့် ပထမဆုံးနေ့ဖြစ်တာကြောင့် ချန်းဟွမ် သားဖြစ်သူအတွက် အနည်းငယ်စိုးရိမ်နေမိသည်...


ဗိုက်ဆာနေလေမလား... ရေဆာနေလေမလား... ဒါမှမဟုတ်... အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်ရပါ့မလဲ... စတဲ့အတွေးတို့ကို တွေးရင်း စိတ်ပူနေမိသည်မှာ အမှန်ပင်...


သူမက ထိုသို့တွေးနေစဥ်တွင်ပင် ကလေးလေးက သူ့လက်တွင် ပတ်ထားသောဖုန်းနာရီလေးမှတဆင့် သူမဆီသို့ ဖုန်းခေါ်လာတော့၏...


သူမ ပြန်ဖြေလိုက်သည်နှင့် " မေမေ " ဟု အရင်ဆုံးခေါ်လာခဲ့ပြီး နောက်စက္ကန့်အနည်းငယ်တွင် ငိုကြွေးသံကို ကြားလိုက်ရလေသည်...


" ဝါး၊ ဝါး... "


🖍️🖍️🖍️🖍️🖍️