Chapter 37
{ ယောက်ျားဖြစ်တဲ့သူ မရှိတော့ ခက်ခဲမှာပဲနော် - ၁ }
ကလေး၏ငိုသံကို ကြားလိုက်ရသောအခါတွင် ချန်းဟွမ်၏နှလုံးသားလေး တင်းကြပ်သွားသလို ခံစားလိုက်ရလေသည်... သူမ တွေးနေခဲ့မိသောအဖြစ်အပျက် တို့သည်လည်း သူမမျက်လုံးထဲတွင် မြင်ယောင်လာမိကာ သားဖြစ်သူအတွက် အလွန်စိတ်ပူလာမိတော့သည်..
" ဘာဖြစ်လို့လဲ သားသား အနိုင်ကျင့်ခံခဲ့ရလို့လား!! "
သူမ ထိုသို့ပြောနေရင်းနဲ့ လက်သုတ်ဝတ်ဖြင့် လက်ခြောက်အောင် သုတ်လိုက်ပြီး ကျောင်းသွားလိုက်သွားရန် သော့ယူဖို့ စဥ်းစားလိုက်လေ၏...
သူမသည် ထိုသို့အနိုင်ကျင့်ခံရသည့်ကိစ္စအားလုံးအတွက် ကြိုစဥ်းစားထားပြီးသားပင်... အကယ်၍ ကလေးက ကျောင်းတွင် အမှန်တကယ် အနိုင်ကျင့်ခံနေရပါက သူမ သူ့ကို ပြန်ခေါ်လာပြီး တခြားကျောင်းတစ်ကျောင်းသို့ ပြောင်းပေးလိုက် ပေမည်
ကလေးလေးက အမေဖြစ်သူ မေးသည်ကို ချက်ချင်းပြန်မဖြေဘဲ အနည်းငယ် ငိုယိုပြီးနောက်တွင်မှ “ သားးး….မေမေ့ကို အရမ်းလွမ်းလို့... "ဟုဆိုကာ အော်ဟစ်ငိုကြွေးလေတော့၏...
ရှင်းရှင်းလေးက ရုတ်တရက် ပတ်၀န်းကျင်အသစ်တစ်ခုတွင် နေရာချခံလိုက်ရသောကြောင့် အနည်းငယ် ကြောက်ရွံ့နေဆဲပင်... သူနဲ့အတူ ကစားနိုင်သည့်အရွယ်ကလေးလေး အများကြီးတွေ့ပြီးနောက် ကျောင်းတက်ရခြင်းက ဒီလောက်မဆိုးပါဘူးဟု ခံစားမိလာလေသည်... သို့သော် နေ့လယ်စာစားချိန်ရောက်လာချိန်တွင်တော့ နေ့လယ်စာစားရင်းဖြင့် အမေဖြစ်သူချက်ပေးသည်တို့ကို ပြန်လည်တွေးဆရင်း ဝမ်းနည်းလေတော့သည်...
မေမေက သူ့ကို ဘာလို့ ဒီနေရာကို ပို့လိုက်ရတာလဲ... ပြီးတော့လည်း ဘာလို့ သူ့ဆီကို ခဏလေးတောင် လာမတွေ့ရသည်လဲ... မေမေက သူ့ကို မချစ်တော့ဘူးလား..စသောအကြောင်းအရာတို့ကို တွေးကာ ဝမ်းနည်းလာသည်
ထိုအကြောင်းကို ပိုတွေးလေလေ ပိုဝမ်းနည်းလာလေပင်... ဤသို့ဖြင့် နေ့လယ်စာစားချိန်ရောက်တဲ့အခါတွင်တော့ လက်တွင်ပတ်ထားသောဖုန်းနာရီလေးကို ပြန်သတိရသွားခဲ့ပြီး မိခင်ဖြစ်သူဆီသို့ ဖုန်းလှမ်းဆက်ကြည့်ရန် စမ်းလိုက်မိခြင်းဖြစ်သည်
ဖုန်းနာရီလေးဆီမှ အမေဖြစ်သူရဲ့အသံကို ကြားလိုက်ပြီးနောက်တွင် ကလေးလေးက စတင် ညည်းညူလေတော့၏...
မေမေက သူ့ကို မချစ်တော့ဘူးလား... ကျောင်းမှာ ရှိတဲ့အစားအစာများက မေမေ ချက်တာလောက် မကောင်းကြောင်း... ပြီးတော့ သူက မေမေ့ကို ဘယ်လောက်လွမ်းနေကြောင်း ပြောလာခဲ့သည်... ထို့နောက်တွင် သူ သူငယ်ချင်းသစ် မည်မျှရနေပြီကို ပြောပြကာ ကျောင်းမှဆရာမတစ်ဦးက သူတိုါကိုသီချင်းတစ်ပုဒ် သင်ပေးကြောင်းကိုလည်း ပြောပြလေသည်...
" မေမေ... သား မေမေ့အတွက် သီချင်းဆိုပြမယ်... "
" ဟုတ်ပါပြီရှင် ဆိုပြပါအုံး... "
ချန်းဟွမ်က သူမ တွေးနေခဲ့သည့်ကိစ္စတို့ ဖြစ်မနေကြောင်း သိလိုက်ရတဲ့အခါမှသာ စိတ်သက်သာရာရသွားလေသည်... ထို့နောက် သူမ တံခါးလက်ကိုင်ကို ပြန်လွှတ်လိုက်ပြီး ဆိုဖာပေါ်တွင် အေးအေးဆေးဆေးပြန်သွားထိုင်နေလိုက်၏...
ခေတ္တအကြာတွင် ချန်းဟွမ်က နူးညံ့စွာပြုံးလိုက်ရင်း " ရှင်းရှင်းလေး သီချင်းဆိုတာ မေမေ တစ်ခါမှမကြားဖူးသေးတော့ နားထောင်ချင်တယ် " ဟု ထပ်ပြောလိုက်သေးသည်...
ချက်ချင်းဆိုသလိုပင် တစ်ဖက်မှ ပေါက်စီလုံးလေးက ဆိုပြလာသည် " One,two,three,four,five. Going to hurt tigers in the mountains. We didn't get any tigers, we got... we got... "
သီချင်းလေးကို ဘာသာပြန်ရင် ကာရန်မညီမှာစိုးလို့ပါ)
မူကြိုကျောင်းမှဆရာမက ကလေးများကို ကလေးသီချင်းတစ်ပုဒ်ကို နှစ်ကြိမ် သုံးကြိမ်လောက်ဆိုပြပြီးနောက် ကလေးတွေနဲ့အတူ တစ်ကြိမ်ပြန်ဆိုပြခဲ့ခြင်းဖြစ်လေသည်... ပေါက်စီလုံးလေးသည် သံစဉ်များကို မှတ်မိသော်ငြား သီချင်းဆုံးခါနီးမှစာသားတို့ကို မေ့ဆဲပင်... ကလေးလေးက သီချင်းအဆုံးနားရှိစာသားလေးကို တစ်ကြိမ် နှစ်ကြိမ်လောက်ဆိုပြီး မမှတ်မိတော့သည့်အဆုံးတွင်တော့ နှုတ်ခမ်းစူလာခဲ့ကာ ငိုသံဖြင့် " မေမေ...သား... ကျန်တဲ့စာသားတွေ မေ့သွားပြီ... "
ချန်းဟွမ်သည် ကလေးလေး၏သနားစရာချွဲနေသောအသံလေးကြောင့် ရယ်ချင်မိသော်လည်း သူမကိုယ်သူမ ပြန်ထိန်းလိုက်ရင်း ချောင်းဟန့်လိုက်သည်...
" သားသားက အခုတောင် သီချင်းစာသားတွေ အများကြီးကို မှတ်မိနေပြီပဲလေ... မေမေငယ်ငယ်တုန်းကဆိုရင် သားလောက်တောင် မှတ်မိခဲ့တာ မဟုတ်ဘူး... "
မိဘဆီမှ ချီးမွမ်းခံရခြင်းဟာ ကလေးတစ်ယောက် သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်နိုင်ခြင်းအတွက် အကောင်းမွန်ဆုံး ထောက်တိုင်တစ်ခုပင်...
သူလေးက မိခင်ဖြစ်သူ၏ချီးမွမ်းစကားကြောင့် ချက်ခြင်းပင် ပျော်သွားခဲ့ချေ၏...
" ဒီနေ့ညကြရင်တော့ သား စာသားတွေအကုန် ရနေလောက်မှာ မေမေ... "
" ဟုတ်ပါပြီ... ဒါဆို သားသား ဒီနေ့အိမ်ပြန်ရောက်ရင် မေမေ့ကို သီချင်းထပ်ဆိုပြနော်... "
သားအမိနှစ်ယောက်သား အချိန်အနည်းငယ်ကြာအောင် စကားပြောပြီးနောက်တွင်တော့ ပေါက်စီလုံးလေးသည် သူ့ကို မေမေမှ ပြန်လာခေါ်မည်ဟု ယုံကြည်စိတ်ချသွားလေတော့သည်... ထို့ကြောင့် သူ့ဆရာမ ပြောသလို တစ်ရေးတစ်မောအိပ်ရန် ဆုံးဖြတ်လိုက်သည်...
ချန်းဟွမ် ဖုန်းချသွားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းတခါခါဖြင့် ရယ်မောလိုက်ပြီး အလုပ်ဆက်လုပ်နေတော့၏...
ပေါက်စီလုံးလေး၏ကျောင်းသည် ညနေ ၅ နာရီတွင် ကျောင်းပြန်လွှတ်ခြင်းဖြစ်ပေသည်... ထို့ကြောင့် သူမ ကျောင်းပြန်မလွှတ်ခင် နာရီဝက်အလို၌ အိမ်မှထွက်ခဲ့လိုက်သည်... သူမ ကျောင်းရှေ့သို့ ရောက်ချိန်တွင်တော့ ကျောင်းပြင်၌စောင့်နေသောမိဘများစွာ ရှိနေလေပြီ... အများစုမှာ ၎င်းတို့ရဲ့ကလေးကို ပထမဆုံးအကြိမ်ကျောင်းစထားခြင်းဖြစ်သောကြောင့် အနည်းငယ် စိတ်ပူကြသည်မှာ မဆန်းလှ...
ချန်းဟွမ်တစ်ယောက် ကျောင်းပြင်တွင် စောင့်မေရင်း တခြားသောမိဘအချို့နှင့် စကားစမြည်ပြောဖြစ်ခဲ့လေ၏... သူမသည် မနက်က မြေပြင်ပေါ်တွင် လူးလဲရင်းအော်ဟစ်ငိုကြွေးခဲ့သောကလေး၏မိခင်နှင့် စကားစမြည်ပြောဖြစ်ခဲ့ခြင်းပင်...
" ကျွန်မ ကလေးက အဲ့လိုပဲ တစ်ခါတစ်လေအရမ်းသောင်းကျန်းတာရယ်... သူ့အဖေနဲ့ ကျွန်မက သူ့ကို ကျောင်းထားချင်နေတာကြာပြီလေ... သူကျောင်းသွားမှ ကျွန်မလည်း အလုပ်လေးဘာလေး လုပ်လို့ရမှာမလား... "
ထိုအမျိုးသမီးငယ်လေးက ကျောင်းအဆောက်အအုံကြီးဆီသို့ ငေးကြည့်ရင်း ထိုသို့ဆိုလိုက်လေသည်... အနှီအမျိုးသမီးလေးက သူမကလေးအတွက် အတော်လေးစိုးရိမ်နေပုံပင်... ခေတ္တအကြာတွင်တော့ သူမသည် ချန်းဟွမ်ဘက်သို့ လှည့်ကြည့်လိုက်ကာ
" ဒီမနက် ကျွန်မ ရှင့်ကို တွေ့လိုက်သေးတယ်... ယောကျ်ားဖြစ်တဲ့သူက ဘယ်ရောက်နေလို့လဲ... "
" သူက ဒီမှာ မရှိလို့ပါ... "
အမှန်တော့ သူမဘေးတွင် တစ်ခါမျှ ရှိမနေခဲ့ဖူးပေ...
💜💜💜💜💜
Chapter 38
{ ယောက်ျားဖြစ်တဲ့သူ မရှိတော့ ခက်ခဲမှာပဲနော် - ၂ }
" အို ဖြစ်ရလေ... "
အနှီအမျိုးသမီးငယ်လေးသည် ချန်းဟွမ်၏ခင်ပွန်းမှာ မြို့ပြင်တွင် သွားအလုပ်လုပ်နေသည်ဟု ယူဆလိုက်ပုံပင်...
" ကျွန်မသားကို ကျွန်မရော ကျွန်မယောက်ျားရော ကျွန်မယောက္ခမရော ဝိုင်းထိန်းတာတောင် တော်တော်လေး ပင်ပန်းနေတာ... ယောက်ျားဖြစ်တဲ့သူ မရှိတော့ ခက်ခဲမှာပဲနော်... "
အနှီအမျိုးသမီးက ထိုသို့ဆိုကာ ခေတ္တရပ်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး စကားဆက်ပြန်၏... " ကလေးတစ်ယောက်ကို စောင့်ရှောက်ဖို့ ငွေကြေးကုန်သလို ခန္ဓာကိုယ်လည်း အရမ်းပင်ပန်းတာလေ... ယောကျ်ားဖြစ်တဲ့သူက ဒါတွေကိုမှ မကူညီပေးနိုင်တာ ဘာလို့အိမ်ထောင်ပြုလိုက်ရတာလဲရှင်... "
ထိုအမျိုးသမီးက ထိုစကားတို့ကို ပြောနေရင်းနဲ့ သူ့ယောကျ်ားက သူ့ကို တစ်ချိန်လုံး မည်သို့အကူအညီပေးကြောင်း ကြွားလုံးထုတ်လို့နေသေးသည်... ချန်းဟွမ်ကတော့ သူမရဲ့ကြွားလုံးများကို ပြုံးပြုံးဖြင့်သာ နားထောင်ကာ ဘာမျှပြန်မပြောခဲ့ချေ...
ယောက်ျားလား...သူမသာ ယောကျ်ားလိုချင်လျှင် ရခဲ့သည်မှာကြာလှပေါ့... ချန်းဟွမ် ထိုသို့သောကိစ္စကို စိတ်မဝင်စား၍သာ...
သူမတို့ စကားစမြည်ပြောနေ့ကြရင်း ၅နာရီထိုးခါနီးသို့ ရောက်လာခဲ့ပြီး ရကျောင်းဆီမှ ပျော်ရွှင်မြူးထူးဖွယ်ကောင်းသောသီချင်းသံတစ်ခု ထွက်လာေလသည်... ထိုသီချင်းသံလေးကြောင့် ကျောင်းတံခါးရှေ့နားသို့ ကျောင်းသားမိဘများအားလုံး တိုးကပ်လာ၏... မိဘတိုင်းက ၎င်းတို့၏ကလေး ကျောင်းထဲမှ ထွက်လာခြင်းကို လွန်စွာတွေ့ချင်နေကြသည်...
ချန်းဟွမ်ပင် ရှေ့သို့ခြေလှမ်းတစ်လှမ်းနှစ်လှမ်းလောက် အတွန်းခံလိုက်သေး၏... နောက်ဆုံးတွင်တော့ သူမသည် တခြားသူနှင့် အတွန်းမခံရစေရန် နေရာပြောင်းနေလိုက်သည်...
ချန်းဟွမ်က တံခါးကြားမှဟနေသောနေရာလေးမှ အထဲသို့ ချောင်းကြည့်လိုက်သည်... ခေတ္တအကြာတွင်တော့ ဆရာမတချို့က ကလေးများကို ခေါ်ထုတ်လာခြင်းကို တွေ့လိုက်ရသည်...
ကျောင်းမှဆရာမများသည် ကလေးများကို ပထမနေ့တွင်ပင် မည်သို့တန်းစီရပ်ရသည်ကို သင်ပေးထားကြ၏... ထို့ကြောင့်လည်း ကလေးလေးများသည် ညီညာစွာတန်းစီရင်း ထွက်လာကြခြင်းပင်...
ကျောင်းတံခါးဖွင့်ပြီးချိန်တွင်တော့ ပထမဆုံးထွက်လာသည့်ဆရာမက ကလေးနာမည်ကို ခေါ်ကာ ကလေးမိဘလက်ထဲသို့ သေချာပြန်အပ်ပေးပေ၏...
ချန်းဟွမ် ရှင်းရှင်းလေး၏နာမည်ခေါ်သံကို ကြားလိုက်ချိန်တွင် အနည်းငယ် တိုးဝှေ့ကာ ကျောင်းတံခါးဆီသို့ လျှောက်လာခဲ့လိုက်သည်...
ရှင်းရှင်းလေးက ရှေ့ဆုံးတွင်ရပ်နေပြီး အမေဖြစ်သူကို မြင်သည်နှင့် အပြေးသွားလေတော့သည်... ချန်းဟွမ်သည်လည်း ထိုင်ချလိုက်ကာ သူမသားကို ပွေ့ဖက်လိုက်၏...
" အိမ်ပြန်ကြရအောင်... "
ပေါက်စီလုံးလေးသည် ကျောပိုးအိတ်လေးကို လွယ်ထားလျက် အပြန်လမ်းတွင် ခုန်ဆွခုန်ဆွလျှောက်နေသည်... ကျောင်း၌ " ဘဲလေးများကို ရေတွက်ကြမယ် "ဆိုသောသီချင်းကို သင်ခဲ့ရသေးကြောင်းပြောပြပြီး ထိုသီချင်းလေးကိုလည်း ဆိုပြပြန်၏...
" သားသားက တော်လိုက်တာ... ဒါနဲ့ ဒီနေ့ကျောင်းမှာ သူငယ်ချင်းဘယ်နှစ်ယောက် ရခဲ့လဲ သား... "
ချန်းဟွမ်က သားဖြစ်သူရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးရင်း မေးလိုက်သည်...
ကလေးက သူ့လက်ချောင်းများနှင့် လက်သုံးချောင်းထောင်ပြလိုက်ကာ " သုံးယောက်ရခဲ့တယ် မေမေ... ရွေ့ရွေ့ရယ်... မို့ဒိုရယ်... ယို့ယို့ရယ်လေ... သားတို့တွေ လျှောတူတူစီးခဲ့ကြသေးတယ် မေမေ... " ကလေးလေးက ကျောင်းတွင် သူလုပ်ခဲ့သမျှကို သေချာပြန်ပြောလို့နေတော့သည်...
" ပြီးတော့ သားတို့အားလုံးက အသက်၄နှစ်တွေချည်းပဲ မေမေ... "
" အို တကယ်လား... တိုက်ဆိုင်လိုက်တာနော်... "
ချန်းဟွမ် ကြိတ်ရယ်လိုက်မိလေသည်...
သူမရဲ့သားလေးသည် သူ့အတန်းဖော်အားလုံးက လေးနှစ်သားအရွယ်ဖြစ်နေသည်ကို အံ့သြနေပုံပင်...
" ဟုတ်တယ် မေမေ! တိုက်ဆိုင်လိုက်တာနော်..."
ပေါက်စီလုံးလေးသည် " တိုက်ဆိုင်လိုက်တာနော် "ဆိုသောစကားကို နားမလည်သေးသော်လည်း မိခင်ဖြစ်သူပြောသည့်အတိုင်း လေးလေးနက်နက်ပြောရင်း ခေါင်းတညိမ့်ညိမ့်လုပ်လိုက်သည်..
ကလေးလေးသည် သူ့ရဲ့တစ်နေ့တာကို အမေဖြစ်သူကို ပြောပြပြီးနောက်တွင် ချန်းဟွမ်၏တစ်နေ့တာအကြောင်းကို မေ့လာတော့၏...
" မေမေကရော ဒီနေ့ဘာတွေလုပ်ခဲ့လဲဟင်... "
ပေါက်စီလုံးလေးက ထိုသို့မေးရင်း တစ်စုံတစ်ခုကို မျှော်လင့်နေသဖွယ် တောက်ပသောမျက်ဝန်းများဖြင့် သူမကိုကြည့်နေခဲ့သည်...
ချန်းဟွမ် ထိုအကြည့်တို့၏အဓိပ္ပါယ်ကို ချက်ချင်းပင် သဘောပေါက်လိုက်တာကြောင့် ကလေးလေး မျှော်လင့်နေသောအဖြေကို ပြန်ပေးလိုက်သည်
.. " မေမေက အိမ်မှာနေရင်း ရှင်းရှင်းလေးကို အရမ်းသတိရနေတာပေါ့... "
ပေါက်စီလုံးလေးက " သားကလည်း မေမေ့ကို အများကြီးလွမ်းနေတယ်! " ဟူသောစကားကို ချစ်စရာကောင်းစွာ ပြောလာပြန်သည်...
အိမ်ပြန်ရောက်ချိန်တွင် ရ သူသင်ခဲ့ရသောသီချင်းကို ပြန်ဆိုပြလေ၏... သူမက " ရှောင်ရှောင်လေးက တော်လိုက်တာ " ချီးမွမ်းလိုက်လျင် ကလေးလေးသည် အိမ်ထဲတွင် ပတ်ပြေးရင်း ပျော်ရွှင်နေတော့သည်...
ချန်းဟွမ် ဒီနေ့အတွက်ညစာကို ပြင်ဆင်ပေးပြီးသောအခါတွင် ပေါက်စီလုံးလေးကကိုလှမ်းခေါ်လိုက်သည်..
ကလေးလေးက ညစာစားနေချိန်တွင်ပင် အေးအေးဆေးဆေးမစားပါလေ... ကျောင်းတွင်ရှိသောအစားအသောက်များက မေမေ ချက်တာလောက် မကောင်းဘူးဟုဆိုကာ ညည်းညူနေသေးသည်...
" သားက မေမေချက်တာကိုပဲ စားချင်တာ... "
ချန်းဟွမ်သည် သူမရဲ့ပေါက်စီလုံးလေးအတွက် ထမင်းဘူး ထည့်ပေးလိုက်ချင်ပေမယ့် သူလေး တင်နေသောကျောင်း၌ ကျောင်းသားတိုင်းအတွက် အစားအသောက်ကျွေးမွေးပြီး အပြင်စာများ ယူလာခြင်းကို ခွင့်မပြုထားချေ... ကလေးအတွက် ထမင်းဘူး ထည့်ပေး၍မရတာကြောင့် သူမ ကလေးလေးကို နှစ်သိမ့်ရုံသာတတ်နိုင်ပေသည်...
ကလေးလေးက အမေဖြစ်သူ ထည့်ပေးထမင်းဘူးကို ယူခွင့်မရသောကြောင့် ဝမ်းနည်းနေလေရာ.. ချန်းဟွမ်က သားဖြစ်သူ စိတ်ချမ်းသာစေရန် တစ်နာရီလောက် အတူဆော့ပေးခဲ့ရသေး၏... ထိုကြောင့်လည်း သူမသည် ညစျေးတွင် ဆိုင်ဖွင့်ရန် တစ်နာရီလောက် နောက်ကျသွားခဲ့လေသည်...
တစ်နာရီနောက်ကျသွားမှုက သူမ ဆိုင်လေးအတွက် အခွင့်အရေးတချို့ ဆုံးရှုံးသွားခဲ့သည်ကိုတော့ ချန်းဟွမ်တစ်ယောက် မသိခဲ့ပါလေ...
ချန်နန်ဟာ အရင်နေ့က ဘာဘီကျူးဆိုင် ကို တွေ့ခဲ့ရတာကြောင့် နောက်တစ်နေ့ ထပ်လာခဲ့ပြန်၏...ဒါပေမယ့်လည်း တခြားဆိုင်များအားလုံး ဖွင့်နေပြီဖြစ်သော်ငြား ထောင့်တစ်နေရာမှဘာဘီကျူးဆိုင်လေးမှာ တိတ်ဆိတ်ခြောက်ကပ်နေဆဲပင်...
ဤသို့ဖြင့် နောက်ဆုံးတွင်တော့ ချန်နန်သည် ကျိုးရှီး ပြောသမျှကို ယုံကြည်လိုက်ရသည့်အတွက် အနည်းငယ်တော့ စိတ်ပျက်သွားခဲ့ကာ တခြားသောလမ်းဘေးအစားအစာဆိုင်များကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အငှားကားတစ်စီးကို တားလိုက်လေတော့တယ်...
ချန်နန်တစ်ယောက် အငှားကားပေါ်သို့ တက်လိုက်သည့်အချိန်တွင် ချန်းဟွမ်သည်လည်း သူမရဲ့သုံးဘီးဆိုင်ကယ်လေးနှင့်အတူ ရောက်လာခဲ့ပေသည်... သူမသည် မိုးကာကိုဖွင့်ပြီးနောက် မီးထွန်းဆိုင်းဘုတ်ကိုဆွဲထုတ်ကာ ပစ္စည်းများကို တဲအတွင်းသို့ရွှေ့လိုက်လေ၏... ထို့နောက်တွင်တော့ သူမဟာ ချက်ချင်းရောက်လာကြသောဖောက်သည်များအား
" နှစ်သက်ရာကို ရွေးချယ်မှာယူလို့ရပါပြီရှင့်... " ဟု ချိုသာစွာ ပြောလိုက်လေသည်...
🥓🥓🥓🥓🥓🥓🥓