Chapter 39
{ ယောက်ျားဖြစ်တဲ့သူ မရှိတော့ ခက်ခဲမှာပဲနော် - ၂ }
ချန်းဟွမ်ရဲ့ဆိုင်လေး မနေ့က မဖွင့်တာကြောင့် ကျိုးရှီ၏ဆိုင်က အတော်လေး စျေးရောင်းကောင်းခဲ့သည်..
ချန်းဟွမ်သည် သူမ ရောင်းချသောအစားအစာထဲတွင် တရားမဝင်ပါဝင်ပစ္စည်းများ ထည့်ခဲ့သောကြောင့် အစစ်ဆေးခံနေရသည်လားဟု ကျိုးရှီတစ်ယောက် စဥ်းစားနေမိလေသည်...
ထိုအမျိုးသားကြီးသည် ချန်းဟွမ်တစ်ယောာက် ထောင်ချခံရပြီး တစ်သက်လုံး ဆိုင်ပြန်မဖွင့်ပါစေနှင့်ဟုပင် ဆုတောင်းလို့နေသေး၏...
ကျိုးရှီ သူ့ဆိုင်ကို ပုံမှန်ဖွင့်နေကြအချိန်အတိုင်း ဖွင့်ပြီးသွားနောက်အထိ သူ့ဘေးမှချန်းဟွမ်၏ဆိုင်လေးမှာ အလင်းရောင်မှိန်မှိန်လေးပင် မပေါ်ထွက်လာခဲ့ပေ... ထိုအခြေအနေကြောင့် ကျိုးရှီ ကျေနပ်စွာ ပြုံးလိုက်မိလေ၏...
" ရှင် ဒီမှာ ဘာလုပ်နေတာလဲ? " ကျိုးရှီ၏ဇနီးဖြစ်တဲ့ပိုင်ကျန်းဟာ ဖောက်သည်တစ်ယောက်ရဲ့ထမင်းကြော်အမှာစာကို ယူလာရင်း ကျိုးရှီကို မေးလိုက်သည်...
သို့သော်လည်း ကျိုးရှီက ဘာမျှပြန်မဖြေသေးဘဲ ချန်းဟွမ်ဆိုင်ဘက်သို့ ကြည့်ကာ ကျေနပ်ပြုံး ပြုံးနေသောကြောင့် ပိုင်ကျန်းက သူ့ယောကျ်ားကို တစ်ချက်ရိုက်လိုက်ပြီး ဆူလိုက်ချေတယ်..." ဖောက်သည်တွေကိုဂရုမစိုက်ဘဲ ဒီမှာ ဘာလုပ်နေတာလဲ... "
ထိုအခါ ကျိုးရှီက ဇနီးဖြစ်သူအား ချန်းဝှမ်၏ဆိုင်လေးကို ပြလိုက်ပြီး " သူက ဆိုင်ဆက်မဖွင့်တော့ဘူးလားပဲ... "
" မဟုတ်လောက်ပါဘူး... သူ့ဆိုင်က အရမ်းရောင်းရတာလေ..." ပိုင်ကျန်းသည် သူမအမြင်ကို ပြန်ပြောပြလိုက်လေ၏...
" သူက အစားအသောက်တွေထဲမှာ တရားမဝင်ပစ္စည်းတွေ ထည့်လုပ်တာကို တစ်ယောက်ယောက်က သိပြီး တိုင်လိုက်လို့ ဆိုင်အပိတ်ခံလိုက်ရတာ နေမှာပေါ့... အဲ့လိုဖြစ်ပါစေလို့ ဆုတောင်းတယ်.!! "
ကျိုးရှီ ထိုသို့ပြောကာ အားရပါးရရယ်မောလိုက်ပေသည်... ထို့နောက်တွင် သူ သောက်လက်စ စီးကရက်ကို မြေပြင်ပေါ် သို့ ပစ်ချလိုက်ပြီး ချေလိုက်သည်...
ထိုစဥ်တွင် ညစျေးဆီသို့ လျှောက်လာသောလူအုပ်စုတစ်စုကို ကျိုးရှီတစ်ယောက် တွေ့လိုက်ရသည်... သူ ထိုလူအုပ်စုကို သူ့ဆိုင်တွင် လာစားစေရန် ဖိတ်ခေါ်ဖို့ ဆိုင်ပြင်သို့ ထွက်လာလိုက်သည်...
" အဲ့ဘက်ဆိုင်က ဆက်မဖွင့်တော့ဘူး...! "
ကျိုးရှီသည် ထိုစကားကို ကျယ်လောင်စွာပြောလိုက်လေ၏... သူက ထိုသို့ပြောလိုက်ပါက သူ့ဆိုင်တွင် လာရောက်စားသောက်ကြလိမ့်မည်ဟု တွေးဆလိုက်ပုံပင်....
သို့သော် ကျိုးရှီတစ်ယောက် စကားဆုံးသွားချိန်တွင်ပင် ချန်းဟွမ်သည် သူမ၏သုံးဘီးဆိုင်ကယ်လေးနှင့် ရောက်လာတော့သည်...
ကျိုးရှီ ချန်းဟွမ်ကို တွေ့လိုက်ချိန်၌ သူ့ဆန္ဒတို့ ပြည့်ဝလုနီးပါးတွင် ရိုက်ချခံလိုက်ရသလို ခံစားလိုက်ရ၏... သူ ချန်းဟွမ်ဆီသို့လာသောဖောက်သည်များကို ခိုးယူနိုင်သည့်နည်းလမ်းမရှိတော့ပြီဟု သိလိုက်ရချိန်တွင် ချန်းဟွမ်အား တခဏမျှစိုက်ကြည့်နေလိုက်လေသည်... ထို့နောက်တွင်တော့ မိန်းမဖြစ်သူ ပိုင်ကျန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ကာ ဒေါသတကြီးဖြင့် လှမ်းအော်လိုက်လေတယ်... " ဘာတွေ ကြောင်ကြည့်နေတာလဲ...? မြန်မြန် အလုပ်လုပ်တော့!! "
....
တစ်ဖက်တွင်တော့ ချန်နန်တစ်ယောက် တခြားဆိုင်တစ်ဆိုင်တွင် ထိုင်ကာ ရေညှိခေါက်ဆွဲပူပူလေးကို မှာစားနေစဥ်တွင် သူ့သူငယ်ချင်းက ဖုန်းခေါ်လာလေ၏...
" မင်းချန်နယ်မှာ ဘာဘီကျူးဆိုင်အကြောင်း ရိုက်မယ်ဆို... အခုဘယ်လိုဖြစ်တာလဲကွ... မင်း ငါပြောတဲ့ဆိုင်ကို မသွားရသေးဘူးဆိုရင် ဒီနေ့ ငါနဲ့တူတူသွားမလား... ငါလည်း ဒီနေ့ အဲ့ဆိုင်ကို ထပ်သွားမလို့... "
ချန်နန်၏သူငယ်ချင်းဖြစ်သူက ချန်းဟွမ်ဆိုင်မှဘာဘီကျူးကို တစ်ကြိမ်လောက် စားပြီးတည်းက ဘာဘီကျူးအရသာကို မေ့မရဖြစ်နေသူပင်... ထို့ကြောင့်လည်း ဒီနေ့ ထိုဆိုင်သို့ ထပ်သွားရန်အချိန်ရလာသည်နှင့် ချန်နန်နှင့်အတူ သွားရန် အဖော်ညှိနေခြင်းဖြစ်လေသည်... ဘာဘီကျူးဆိုသည်မျိုးက သူငယ်ချင်းတစ်ယောက်နှင့်တူတူ (လု)စားရသည်က ပိုကောင်းသည်လေ...
ချန်နန်က သူမှာထားသောခေါက်ဆွဲကို ရောမွှေလိုက်ရင်း " ငါ ဒီနေ့ အဲ့ဆိုင်ကို သွားခဲ့ပြီးပြီ... ဒါပေမယ့် မရိုက်ဖြစ်လိုက်ဘူး..."
" ဘာလို့လဲကွ... " သူ့သူငယ်ချင်းကို မေးလိုက်လေ၏...
ချန်နန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး " ငါ အဲ့ဆိုင်ကို နှစ်ရက်ဆက်တိုက် ရောက်ခဲ့တယ်... ဒါပေမယ့် ဆိုင်က ပိတ်ထားတယ်လေ... အဲ့ဆိုင်နားကတစ်ယောက်ပြောတာတော့ အဲ့ဆိုင်က ဆက်မဖွင့်တော့ဘူးတဲ့... " ထိုသို့ ပြောပြီးနောက်တွင် ခဏရပ်လိုက်ပြီး စကားဆက်ပြန်သည်... " အဲ့ဆိုင်က ဘာဘီကျူးက မင်းပြောသလို တကယ်ကောင်းတာ သေချာရဲ့လား... " .
" တကယ်ကောင်းတာ... ငါကမင်းကိုဘာလို့လိမ်ရမှာလဲ..."
ချန်နန်၏သူငယ်ချင်းသည် အစားအသောက်တစ်ခု၏အရသာနှင့်ပတ်သက်ပြီး ဘယ်သောအခါကမှ မလိမ်ဖူးပေ...
" အဲ့ဆိုင် ဆက်မဖွင့်တော့ဘူးဆိုတာ သေချာရဲ့လားကွာ... "
ထိုချိန် ချန်နန်သည် ခေါက်ဆွဲတစ်လုတ်စားလိုက်ပြီး တကယ်ကောင်းသည်ဟု ခံစားလိုက်ရသည်ကြောင့် " ဒီနေရာက ခေါက်ဆွဲပူပူလေးက တော်တော်စားကောင်းတာပဲ... ငါက ဒုံဟွာလမ်းမှာ စားနေတာ မင်းရော လာအုံးမလား... "
" မင်းပဲ စား... ငါကတော့ ဘာဘီကျုးဆိုင်ကို တစ်ခေါက်လောက် သေချာသွားကြည့်လိုက်အုံးမယ်... "
ချန်နန်၏သူငယ်ချင်းက ချန်းဟွမ်၏ဘာဘီကျူးကို တော်တော်လေး စွဲလမ်းနေပုံရသည်...
🍖🍖🍖🍖🍖🍖🍖
Chapter 40
{ Liveလွှင့်ခြင်း - ၁ }
ရှုချူသည် ချန်နန်နှင့် ဖုန်းပြောခဲ့ပြီးနောက် မည်သူ့ကိုမှ မခေါ်တော့ပဲ သူကိုယ်တိုင်ပင် ညစျေးသို့ လျှောက်လာလိုက်သည်..
ညဈေးတွင် အစားအသောက်မျိုးစုံတို့၏မွှေးရနံ့များက လာရောက်လည်ပတ်သူများရဲ့အစား စားချင်စိတ်ကို လှုပ်နိုးလို့နေချေ၏...
သို့သော် ရှုချူတစ်ယောက်ကတော့ တခြားသောအစားအသောက်များရဲ့သွေးဆောင်ဖြားယောင်မှုအားလုံးကို လျစ်လျူရှုထားခဲ့ကာ ညဈေးရှိထောင့်ပိုင်းတစ်နေရာသို့သာ ဦးတည်လျှောက်လှမ်းလို့နေပေသည်...
ညစျေးရှိ အလယ်ပိုင်းနေရာအများစုတွင် အသားကင်ဆိုင်နှင့် ထမင်းကြော်ဆိုင်များနှင့် ပြည့်နှက်လို့နေလေ၏...
ရှုချူတစ်ယောက် ထိုနေရာသို့ လျှောက်လာချိန်တွင် လူများပြည့်နေသောနေရာသို့ နီးကပ်လာလေသည်..
ထိုစဥ် အဝေးတစ်နေရာတွင် မီးထွန်းထားသောဆိုင်းဘုတ်လေးကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးများ တောက်ပလာခဲ့ကာ ခြေလှမ်းတို့လည်း အရှိန်မြင့်လာလေတော့သည်...
ကြီးကြီးမားမားမဟုတ်လှပါသောမိုးကာထိုးဆိုင်လေးထဲ၌ လူများပြည့်နှက်လို့နေတာကြောင့် အိတ်ဇောတပ်ပန်ကာငယ်လေးမှာ အပြင်းအထန် အလုပ်လုပ်နေရချေသည်...
ထိုစဥ် ပူပြင်းလှသောမီးဖိုရှေ့တွင် အမျိုးသမီးငယ်တစ်ဦးဟာ ဘာဘီကျူးများပေါ်တွင် ဆီအနည်းငယ်လိုက်သုတ်နေလေ၏...သူမက ဟင်းခတ်အမွှေးအကြိုင်များကို ကျွမ်းကျင်စွာ ဖြန်းပေးပြီးနောက်တွင် သူမ ဘေးနားရှိ ပန်းကန်ပြားတစ်ချပ်ထဲသို့ ဘာဘီကျူးများကို ထည့်ပေးလိုက်ကာ စားပွဲထိုးကို ပေးလိုက်လေသည်..
ရှုချူ သူမကို အရင်က မြင်ဖူးခဲ့ပေမယ့် လည်း သူမကို မြင်လိုက်ရလေတိုင်း သူ့နှလုံးသားလေး အခုန်မြန်သွားတတ်ဆဲပင်...
ဒီနေရာရှိညစျေးတွင် ဆိုင်ဖွင့်ကြသူများသည် အနည်းဆုံးအသက်၃၀နှင့်အထက်များဖြစ်ကြလေသည်... သူမကဲ့သို့ ငယ်ရွယ်သောအမျိုးသမီးမျိုး ဒီနေရာတွင် ဆိုင်ဖွင့်သည်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပေတယ်...
သူမသည် ငယ်ရွယ်ရုံတင်မက လှပလွန်းလှ၏...
ပန်ကာငယ်လေးက အရူးတစ်ယောက်လို ချာချာလည်နေသော်လည်း နွေရာသီလိုပူပြင်းလှပါသောမီးဖိုဘေးတွင် အသားကင်နေရသောသူမလေးမှာတော့ ချွေးများ ရွှဲရွှဲစိုလို့နေရ၏...
သူမလေးရဲ့နဖူးပြင်တစ်ဝိုက်တွင် ချွေးများ တစ်စက်ပြီးတစ်စက် စီးကျလို့လေသည်... နဖူးပြင်မှချွေးစက်တို့ဟာ နှာဖျားလေးအထိ စီးကျလာပြီးနောက်တွင် မြေပြင်ပေါ်သို့ ကျဆင်းသွားချေတယ်...
ရှုချူသည် ထိုချွေးစက်လေးကို စိုက်ကြည့်ရင်း အာခေါင်ခြောက်လာ သလိုပင် ခံစားလာရ၏...
သူမရဲ့ပုံပန်းသွင်ပြင်မှာ နှစ်သက်ဖွယ်ပင်... သူမရဲ့ဖြူဖျော့ဖျော့အသားအရေ၊ ဖြောင့်စင်းနေသောနှာတံလေးနှင့် နီနီရဲရဲနှုတ်ခမ်းပါးလေးတို့က သူမကို တစ်ကြိမ်လောက်ပင် တွေ့လိုက်မိသူတိုင်းကို ဆွဲဆောင်လို့နေလေသည်...
အပူချိန်မြင့်တက်လာသည်နှင့်အမျှ သူမရဲ့လည်ပင်းတွင် ချွေးများ စိုရွှဲလို့လာတော့၏... ချွေးစက်များက ညှပ်ရိုးများကြားထိ စိုရွှဲနေသောကြောင့် ရှပ်အင်္ကျီတွင်လည်း ရွှဲစိုနေပြန်သည်...
ရှုချူ ထိုမြင်ကွင်းကို ကြည့်ရင်း သူ့ခန္ဓာကိုယ်အပူချိန်သည် ယခင်ထက်ပင် ပိုလို့ပင် ပူပြင်းလာသလို ခံစားလာရချေ၏... ထိုအခြေအနေကြောင့် သူ ပန်းကန်တစ်ချပ်ကို ယူလိုက်ကာ ချက်ချင်း အကြည့်လွှဲလိုက်လေတော့၏... သို့သော် ဘာဘီကျူးနှစ်ချောင်းလောက် ကောက်ယူပြီးနောက် သူ့အကြည့်တို့ကို ထိန်းချုပ်မရတော့ပေ...
သူမက အနောက်က ကြည့်လိုက်မိရင်တောင် အတော်လေး ဆွဲဆောင်မှုရှိလှပေသည်... သူမရဲ့သွယ်လျလှသောခါးလေးဟာ လက်တစ်ဖက်တည်းဖြင့်ပင် ပွေ့ဖက်ထားလို့ရနိုင်လောက်၏... သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းမှာ သဲနာရီပုံစံရှိနေကာ ရှည်လျားသွယ်လျသောခြေတံလေးများက ဆွဲဆောင်မှုပြင်းလှလေသည်... ရှုချူသည် သူမလေး ခန္ဓာကိုယ်ရှိနေရာတိုင်းကို အနမ်းခြွေလိုက်ချင်နေမိတော့သည်...
ထိုချိန်ခဏ၌ ကျယ်လောင်သောရယ်မောသံများကြောင့် ရှုချူတစ်ယောက် သတိပြန်ကပ်သွားချေသည်... ရှုချူတစ်ယောက် အကြည့်လွှဲလိုက်ချိန်တွင် သူ့ဘေးနားမှအမျိုးသားကလည်း အသားကင်မီးဖိုရှေ့ရှိသူမကို ကြည့်နေမှန်း တွေ့လိုက်ရလေတယ်... ထိုအမျိုးသားက ရုတ်တရက်ဆိုသလို ရှုချူအား တစ်ချက်လှည့်ကြည့်ပြီးနောက်တွင် " အတော်ဆုံးသူက အနိုင်ရမှာပဲ ငါ့ညီ (အတော်ဆုံးသူက ချန်းဟွမ်အား ရရှိလိမ့်မည်ဟု ဆိုလို) "
ရှုချူကတော့ ချောင်းတစ်ချက်ဟန့်လိုက်ကာ လည်ချောင်း ရှင်းလိုက်ပြီးနောက် ထိုအမျိုးသားအား ဘာမျှပြန်မပြောဘဲ နလိုက်လေ၏...
ဆိုင်လေးထဲတွင် ထိုင်စရာနေရာမရှိတော့တာကြောင့် ရှုချူ မတ်တပ်ရပ်၍သာစောင့်နေရသည်... ခေတ္တအကြာတွင် ဝိုင်းတစ်ခုမှလူတစ်စု ငွေရှင်းပြီး ထွက်သွားတဲ့အခါ သူသည် ထိုနေရာလွတ်၌ အလျင်အမြန် နေရာယူလိုက်လေတော့တယ်...
ထိုချိန်တွင် စောနကအမျိုးသားသည် သူ့လက်ထဲရှိ ဘီယာတစ်ပုလင်းကို ဖောက်ကာ တစ်ငုံမော့သောက်လိုက်ပြီး ရှုချူအား မျက်ခုံးပင့်ပြရင်း " မင်းအရင်သွားမလား... ဒါမှမဟုတ် ငါအရင်သွားရမလား...(ချန်းဟွမ်အား လိုက်ရန်) "
ရှုချူ ထိုအမျိုးသားအား ဘာမျှပြန်မပြောဘဲ နှုတ်ဆိတ်နေလိုက်သည်... ရှုချူတစ်ယောက် ဒီဆိုင်သို့ နောက်ဆုံးရောက်ခဲ့ချိန်ကလည်း ဆိုင်ရှင်အမျိုးသမီး(ချန်းဟွမ်)အား အမျိုးသားငါးယောက်ထက်မနည်း စကားပြောဖို့ ကြိုးစားနေကြသည်ကို တွေ့ခဲ့ပြီး သူတို့အားလုံး စကားပြောဖို့ အငြင်းခံလိုက်ရသည်ကိုလည်း တွေ့ဖူးပေသည်... သူ(ရှုချူ)သည်လည်းပဲ အငြင်းခံရနိုင်ပေ၏...
တစ်ဖက်မှအမျိုးသားသည် ရှုချူဆီမှဘာစကားမှပြန်မကြားရသည်ကြောင့် စိတ်မရှည်သောပုံစံဖြင့် ထထွက်သွားတော့သည်... ထို့နောက်တွင်တော့ ထိုအမျိုးသားဟာ ချိုမြိန်သောအပြုံးတစ်ခု ပြုံးလျက် ချန်းဟွမ်ဆီသို့ လျှောက်သွားလေ၏... " Hey အလှလေး... ဒီနေရာမှာ နေရတာ မပူဘူးလား? "
သို့သော် ချန်းဝှမ်ဟာ အသားကင်ပြင်ဆင်ခြင်းကိုသာ အာရုံစိုက်နေခဲ့သည်... သူမ နားတွင် ဖွင့်ထားသောပန်ကာသံကြောင့် ထိုအမျိုးသားပြောသည့်စကားကို လုံးဝမကြားပါလေ...
လျစ်လျူရှုခံလိုက်ရသလိုဖြစ်သွားသောအမျိုးသားသည် ချန်းဟွမ်ရှေ့သို့ အနည်းငယ် တိုးလိုက်ကာ ကျယ်လောင်စွာ ထပ်မံမေးပြန်၏..
. " ဘယ်ချိန် ဆိုင်သိမ်းတာလဲ... ကိုယ်တို့တူတူ ကာရာအိုကေသွား ဆိုရအောင်လား... "
ထိုစကားကို ကြားလိုက်ချိန်တွင် ချန်းဝှမ်ဟာ ထိုအမျိုးသားအား တစ်ချက်ကြည့်လိုက်ပြီးနောက် အသားကင်နေခြင်းကို ပြန်ဂရုစိုက်လိုက်ရင်း
" သီချင်းဘယ်လိုဆိုရမှန်းမသိဘူး" ဟုပြန်ဖြေလိုက်သည်...
" ကိုယ်က မင်းကို သင်ပေးမှာပေါ့... သီချင်းတော်တော်များများကို ကိုယ်သိတယ်လေ..."
" စိတ်မဝင်စားဘူး... "
💓💓💓💓💓💓