Chapter 41
{ Liveလွှင့်ခြင်း - ၂ }
ချန်းဟွမ်သည် အသားတချို့ကို လှန်ရန်သာ အာရုံစိုက်လိုက်၏... အနှီအမျိုးသားက ချန်းဟွမ်အား စကားထပ်ပြောတော့မည့်အချိန်၌ သူ့အား တစ်စုံတစ်ယောက်က စကားပြောလိုက်သည်ကို ကြားလိုက်ရချေသည်... " တစ်ဆိတ်လောက်... "
ထိုအမျိုးသား အံကြိတ်လိုက်ကာ မလှုပ်မယှက်ရပ်နေလိုက်သည်... ထို့နောက် တစ်စုံတစ်ယောက်က ချန်းဟွမ်အား အနောက်သို့ လှမ်းဆွဲလိုက်၏... ပြီးနောက်တွင်တော့ ပန်းကန်ပြားတစ်ချပ်ကိုင်ထားသောအမျိုးသမီးကြီးသည် သူမရဲ့ကြီးမားသောခန္ဓာကိုယ်ဖြင့် ချန်းဟွမ်အား ကာလိုက်ပြီး " ဟေး.. လူချောလေး၊ ဘာမှာမလဲ... မှာချင်တာကို ငါ့ဆီမှာ မှာလို့ရတယ်နော်... "
ထိုအမျိုးသားသည် ချန်းဟွမ်အား လိုက်ရန်သာ ဒီနေရာကို လာခြင်းဖြစ်ပြီး ဘာမျှမှာစားရန် စိတ်ကူးမရှိသူပင်... ထိုသူသည် အနောက်သို့ လှမ်းကြည့်ကာ ချန်းဟွမ်အား တစ်ခုခုပြောချင်သော်လည်း တခြားအမျိုးသမီးကြီးက သူ့ကို လုံးဝဝင်နှောင့်ယှက်နေတော့သည်...
" စိတ်မပူပါနဲ့ လူချောလေး... မင်းစားချင်တာကို မှာလို့ရသေးတယ်... ဘာဘီကျူးတွေ မကုန်သေးဘူး... မှာပြီး ခဏပဲစောင့်ပေးရမှာနော်... "
ရှန်းလီဆိုသောအမျိုးသမီးကြီးသည် ချန်းဟွမ်ကို လာပိုးပန်းသောအမျိုးသားတို့အား ရှင်းပြီးနောက်တွင် ချန်းဟွမ်နားသို့ ပြန်လာကာ ခပ်တိုးတိုးပြောလာခဲ့လေ၏... "
ဒီလူတွေက သမီးဆီကို နေ့တိုင်းလာနေကြတာ သမီး မကြောက်ဘူးလား... ဒီတိုင်းစကားပြောတာဆိုရင် ပြဿနာမရှိပေမယ့် တစ်နေ့မှာ မဖြစ်သင့်တာတွေဖြစ်လာမှာ စိုးရိမ်စရာပဲလေ... "
ချန်းဟွမ်သည် ရှန်းလီ၏စကားကြောင့် ခေတ္တမျှရပ်တန့်သွားခဲ့သည်...
သူမ ဆိုင်ဖွင့်ပြီးတည်းက သူမကို လာပိုးပန်းသောအမျိုးသားများစွာ နေ့တိုင်းရောက်လာကြစမြဲပင်... တစ်ချို့က သူမကို ဆိုင်ပြင်တွင်စောင့်နေကြပြီး ဆိုင်သိမ်းချိန်တွင် သူတို့နှင့် Dateရန် ချိန်းဆိုကြတတ်၏...
ချန်းဟွမ်သည် ထိုသို့လာပိုးပန်းသူများ၏ရန်ကို မကြောက်ဘူးဟု သူမကိုယ်သူမ လိမ်နေမိသော်လည်း တစ်နေ့နေ့တွင် မလိုလားအပ်သောကိစ္စများ အမှန်တကယ်ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်မှာအမှန်ပင်... ထို့ကြောင့်လည်း သူမ အဖော်ရရန် ရှန်းလီကို ငှားရမ်းထားခြင်းဖြစ်သည်...
ရှန်းလီသည် အသက်၃၀ ၄၀ကြားရှိပြီဖြစ်သာအမျိုးသမီးကြီးပင်... ထိုအမျိုးသမီးကြီးသည် ယခုကဲ့သို့လာပိုးပန်းသူများ၏ရန်ကို ရှင်းလင်းပေးရာတွင် ကျွမ်းကျင်လှပေသည်...
ရှန်းလီက သူမနှင့်အတူနေထိုင်သူ မဟုတ်သည်မှလွှဲ၍ အလုပ်တွင် မလိုလားအပ်သောကိစ္စမှန်စမျှကို ဖြေရှင်းပေးတတ်သည်... သို့သော် ရှန်းလီ အလုပ်ဆင်းပြီးသွားချိန်နောက်ပိုင်းကိစ္စများကို လိုက်လံဖြေရှင်းမပေးနိုင်ချေ... သူမ ပြောခဲ့သလို ချန်းဟွမ်အား လာရောက်ပိုးပန်းသူများထဲတွင် မဆင်မခြင်လက်ရဲဇက်ရဲလုပ်တတ်သူရှိနေလျှင် တစ်ချိန်ချိန်၌ ဒုက္ခတွေ့နိုင်ပေ၏...
ချန်းဟွမ်သည် ထိုအကြောင်းတို့ကို တွေးဆရင်း သက်ပြင်းတစ်ချက်ချလိုက်ရင်း ထိုကိစ္စတို့ကို ကာကွယ်နိုင်မည့်အစီအစဥ်ကို စဉ်းစားနေမိသည်..
လက်ရှိချန်းဟွမ်သည် သူမမူလဘဝတွင် ယခုကဲ့သို့အခြေအနေမျိုးကို မကြုံတွေ့ဖူးပေ... သူမ မူလဘဝ၌ သူမတွင် ဆိုင်ငယ်လေးတစ်ခုရှိခဲ့ပြီး ထိုဆိုင်မှာ သူမအထက်တန်းကျောင်းနားတွင်ဖြစ်တာကြောင့် ဖောက်သည်အများစုမှာ သူမအတန်းဖော်များသာဖြစ်ပြီး လိုက်နှောင့်ယှက်သည့်သူ မရှိချေ... ကောလိပ်တက်ချိန်တွင် နေရာတစ်ခု ငှားရမ်းထားပြီး အိမ်လက်ရာဟင်းလျာများ ချက်ပြုတ်ရောင်းချခဲ့လေသည်... ထိုစဥ်ကလည်း သူမဆိုင်တွင် လာစားသူများက အမျိုးသမီးများကို အနှောင့်အယှက်မပေးတတ်ကြပါလေ...
ချန်းဟွမ်တစ်ယောက် သူမမူလဘဝအကြောင်း အတွေးနယ်လွန်နေချိန်၌ ရှန်းလီ၏စကားကို ကြားလိုက်ချိန်တွင် အသိရောသတိပါ ချက်ချင်းပြန်ကပ်သွားတော့၏... " သမီးရဲ့ယောကျ်ားကို အကြိုအပို့လုပ်ပေးဖို့ ပြောလိုက်ပါလား.... အဲ့လိုဆိုရင် သမီးအတွက် ပိုလုံခြုံတာပေါ့... "
ရှန်းလီသည် ချန်းဟွမ်ဆီတွင် မူကြိုတက်နေပြီးဖြစ်သောအသက်၄နှစ်အရွယ်သားတစ်ယောက်ရှိသည်ကို သိထားပြီးသားပင်... သူမဆီတွင် ကလေးရှိနေပြီးဖြစ်တာကြောင့် ကလေးအဖေလည်း ရှိလိမ့်မည်ဟု တွေးလိုက်မိပြီး ထိုသို့အကြံပေးလိုက်ခြင်းသာ...
ချန်းဟွမ် : " ••• "
ချန်းဟွမ်သည် အချိန်ခဏမျှတိတ်ဆိတ်နေခဲ့ပြီးနောက် " ကျွန်မ စဥ်းစားကြည့်ပါအုံးမယ်... " ဟုသာ ပြန်ဖြေလိုက်တော့သည်...
" ကောင်းပြီလေ... အခုဖြစ်နေတဲ့ကိစ္စတွေကို ယောကျ်ားကို သေချာရှင်းပြလိုက်ပေါ့ကွယ်...တကယ်လို သမီးယောကျ်ားက အကြိုအပို့လုပ်ပေးဖို့ အဆင်မပြေရင် အန်တီလိုက်ပို့ပေးမယ် သမီးအိမ်နဲ့အန်တီနေတဲ့နေရာနဲ့က သိပ်မဝေးဘူးလေ... "
" ကျေးဇူးတင်ပါတယ်... "
ထို့နောက်တွင်တော့ ရှန်းလီက ဘာဘီကျူးအော်ဒါလိုက်ကောက်ပေးပြီး ချန်းဟွမ်ကတော့ မီးဖိုနားတွင် မရပ်မနားဆက်အလုပ်လုပ်နေတော့သည်...
ချန်းဟွမ်ဆိုင်သည် ညဘက်မှပိုရောင်းကောင်းတာကြောင့် အနည်းငယ်နောက်ကျမှ ဆိုင်သိမ်းရပေတယ်... သို့သော် နောက်ကျမှ ဆိုင်သိမ်းခြင်းက အန္တရာယ်များလှပြန်၏... သူမက ရှန်းလီနှင့်အတူရှိနေသော်လည်း 100% လုံခြုံနေသည်တော့ မဟုတ်... ချန်းဟွမ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ သူမကိုယ်ပိုင်မျက်နှာစာဆိုင်ခန်းတစ်ခန်း ငှားနိုင်ဖို့ရာ ပိုက်ဆံစုရန်နှင့် အသားကင်ပြုလုပ်သည့်နေရာတွင် လူငှားရမ်းဖို့ဆိုသည်တို့ကို ပြန်လည် တွေးဆနေမိသည်...
ဆိုင်ခန်းတစ်ခုငှားနိုင်လျှင် သူမသည် ညဘက်တွင်အပြင်ထွက်စရာ မလိုတော့သလို အနှောင့်အယှက်များလည်း ကင်းသွားနိုင်၏...
သူမရဲ့ဘာဘီကျူးလုပ်ငန်းလေးသည် ကောင်းမွန်စွာ လည်ပတ်နေပြီး သူမသည် တစ်ရက်လျှင် ယွမ်၂၀၀၀ခန့်ကို အသားတင်ရရှိနေပြီး တစ်လလျှင် ပျှမ်းမျှယွမ်၆၀၀၀၀ခန့်တော့ ဝင်ငွေရှိပေသည်... ဒီနားပတ်ဝန်းကျင်ရှိဆိုင်ခန်းများငှားရမ်းခမှာ တစ်လလျှင် ယွမ်၂၀၀၀၀မှ၃၀၀၀၀လောက်ထိ ရှိပြီး အခန်းပြန်လည်ပြုပြင်ခြင်းနှင့် လူငှားရမ်းခြင်းတို့ကို ထည့်တွက်ရပေအုံးမည်...
ထိုကုန်ကျငွေတို့ကိုပါ ထည့်တွက်လိုက်ပါက သူမ စုဆောင်းထားသည်ထက် ပိုကုန်ကျနေသေး၏...
ချန်းဟွမ် အားလုံးကို အသေအချာ တွက်ချက်ကြည့်လေသည်... သူမက ပုံမှန်အသုံးစရိတ်အားလုံးကို နုတ်လိုက် တတ်နိုင်သလောက်ချွေတာစုဆောင်းမည်ဆိုပါလျှင် အနည်းဆုံး သုံးလခန့်ကြာအောင် ထပ်စုဆောင်းရပေအုံးမည်ဖြစ်လေတယ်....
သုံးလဆိုသည်မှာ ကြာလွန်းလှ၏...
သူမခန္ဓာကိုယ်ကို တစ်ကြိမ်လောက်အသုံးပြုလိုက်သင့်လားဟု စဥ်းစားလိုက်မိသေးသည်...
သို့သော် ချန်းဟွမ် သူမခေါင်းကို တစ်ချက်လောက် ပြန်ထုလိုက်ပြီး ရူးနှမ်းသည့်အတွေးကို ချက်ချင်းဖျောက်ပစ်လိုက်သည်...
💜💜💜💜💜💜💜💜💜💜
Chapter 42
{ Liveလွှင့်ခြင်း - ၃ }
တစ်ဖက်တွင်တော့ ရှုချူသည် သူ့အား စကားလာပြောသောအမျိုးသား၏ကျရှုံးမှုကို ကြည့်လိုက်ရင်း ခေါင်းတစ်ချက်ခါလိုက်ကာ သူ့စိတ်ဆန္ဒတို့ကို ပြန်ထိန်းချုပ်ပြီးနောက် သူ့သူငယ်ချင်းဆီသို့ စာတစ်စောင် ပို့လိုက်လေ၏...
ချန်နန် ခေါက်ဆွဲစားရင်းလမ်းလျှောက်နေစဥ်၌ သူ့သူငယ်ချင်းဆီမှ မက်ဆေ့စ်ကို ရလိုက်တာကြောင့် အနည်းအံ့သြသွားမိလေသည်... သူငယ်ချင်းဖြစ်တဲ့ရှုချူက သူ့အာ စနောက်နေခြင်း မဟုတ်ကြောင်း သေချာသွားတဲ့အခါ ထိုဆိုင်မှ ဘာဘီကျူးကို မြည်းစမ်းကြည့်ချင်မိတော့၏...
သူ ရှုချူဆီမှမက်ဆေ့စ်ရပြီးနောက်တွင် ညစျေးတန်းဆီသို့ ပြန်ထွက်လာခဲ့လေသည်... သူ ကားထဲမှ ဆင်းလိုက်ချိန်၌ ခေါက်လို့ရတဲ့ဆယ်လ်ဖီတုတ်ချောင်းကို ဆွဲထုတ်လိုက်ကာ စတင်liveလွှင့်လေ၏...
သူ့ချန်နယ်မှာ ပရိသတ်များစွာက သူ့အား စောင့်နေကြပြီဖြစ်လေသည်... ချန်နန် Liveစလွှင့်ချိန်တွင် ပရိသတ်တို့အား နှုတ်ဆက်လိုက်ပြီးနောက် လိုရင်းကို ဆက်လိုက်သည်...
" ကျွန်တော့်သူငယ်ချင်းတစ်ယောက် အကြံပေးထားတဲ့အသားကင်ဆိုင်မှာ ဘာဘီကျူး စားကြည့်ဖို့ မနေ့က သွားခဲ့ပေမယ့် အဲ့နေ့က ဆိုင်ပိတ်နေတာ မှတ်မိကြတယ်မလား... ဒါပေမယ့် ခင်ဗျားတို့တွေ သိတဲ့အတိုင်း ကျွန်တော်က အစားအသောက်ကောင်းတွေကို လွယ်လွယ်လေးနဲ့ လက်လွှတ်ပေးလေ့မရှိဘူးဗျ... ဒါကြောင့်လည်း ဒီနေ့ထပ်လာခဲ့တာ ဒီနေ့တော့ ဆိုင်ဖွင့်တယ်ဗျ... အခု ဒီဆိုင်ရဲ့လက်ရာကို မြည်းစမ်းကြည့်လိုက်အုံးမယ်နော်... "
ထိုသို့ဖြင့် ချန်နန်သည် ကင်မရာကို ကြည့်ရင်း ဆက်တိုက်စကားပြောနေခဲ့လေ၏...
" မြန်မြန်သွားမှ ကုန်သွားရင် ဒီနေ့လည်း လှည့်ပြန်နေမှာ ပရိသတ်တို့... "
ဆိုင်နှင့်နီးလာတဲ့အခါ ဆိုင်ထဲမှအသားကင်နံ့က်ုရသွားခဲ့ချိန်တွင်လည်း " Woww... အနံ့က မွှေးနေတာပဲ... " ဟု ပြောပြန်သည်...
ချန်နန်သည် မိုးကာအောက်သို့ ဝင်လာပြီးနောက်တွင် ဆိုင်ထဲရှိနေရာများကို သေချာရိုက်ပြပြီးနောက် ပါဝင်ပစ္စည်းများကို ရိုက်ပြလေသည်... ပါဝင်ပစ္စည်းများဟာ အတော်လေးလတ်ဆတ်ကြောင်းကိုလည်း ချီးကျူးနေမိသေး၏...
ပြီးနောက်တွင် ကင်ထားပြီးသားဘာဘီကျူးများကို အနီးကပ်သေချာရိုက်ပြကာ ပရိသတ်များ သရေကျအောင် ဖန်တီးနေပြန်သည်..
အရသာလှသောဘာဘီကျူးကို ကြည့်ပြီးနောက်၌ စခရင်ပေါ်တွင် သူ့ပရိသတ်တွေရဲ့ မှတ်ချက်တွေ အများအပြားရှိလို့နေတော့သည်...
အရမ်းအရသာရှိတဲ့ သင်းပျံ့တဲ့ရနံ့ကို အနံ့ခံနေရသော ချန်နန်သည်လည်း ဘာဘီကျူးကို အလွန်ကို မြည်းစမ်းကြည့်ချင်နေပြီဖြစ်ချေတယ်...
ထိုစဥ်တစ်ဖက်တွင် ချန်းဟွမ်သည် သူမရဲ့ဖုန်းနံပါတ်ကို အတင်းတောင်းနေသောသူတစ်ယောက်ဆီမှ ရှောင်ထွက်လာခဲ့ရလေ၏...
ယခုတွင်လည်း သူမဘေးနားသို့ တိုးကပ်လာသောအမျိုးသားတစ်ယောက်ကြောင့် အနည်းငယ် စိတ်မရှည်သလိုခံစားလာရပြီး ထိုအမျိုးသားကို လျစ်လျူရှုချင်မိပေမယ့်လည်း ထိုအမျိုးသားက သူမနားသို့ ပိုပိုနီးကပ်လာနေသောကြောင့် ဒေါသထွက်လာလေချေသည်...
နောက်ဆုံးတွင်တော့ သူမသည် ထိုအမျိုးသားအား အော်ထုတ်တော့မည်ဟု တွေးကာ လှည့်ကြည့်လိုက်လေသည်... ထိုစဥ်တွင် သူမ တွေ့လိုက်ရသည်က ထိုအမျိုးသားရဲ့အာရုံအားလုံးဟာ သူမအပေါ် တွင် လုံးဝရှိမနေဘဲ မီးဖိုပေါ်ရှိ ဘာဘီကျူးကင်များဆီတွင်သာ ရှိနေခြင်းကိုပင်...
ချန်းဟွမ် အတွေးလွန်သွားသည့်အတွက် အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရတာကြောင့် သူမနှုတ်ခမ်းကို အသာအယာကိုက်လိုက်ရင်း ချန်နန်အား ကြည့်လိုက်ပေသည်... ထိုချိန်၌ ချန်နန်ကလည်း သူမကို မော့ကြည့်လိုက်တာကြောင့် မျက်လုံးချင်းဆုံမိသွားတော့၏...
" တောင်းပန်ပါတယ်ဗျာ... ကျွန်တော်က... " သူတို့နှစ်ဦးမျက်လုံးချင်းဆုံသွားချိန်တွင် ချန်နန်သည် အနှီမိန်းကလေး၏အလှတွင် ခေတ္တမျှ နစ်မြောသွားခဲ့သည်...
သူသည် မိန်းကလေးတစ်ယောက် ကြာကြာစိုက်ကြည့်နေခြင်းက မသင့်တော်တာကြောင့် ချက်ချင်းအကြည့်လွှဲလိုက်ကာ သူပြောမည့်စကားကို ဆက်လိုက်ချေသည်...
" ... ဒီအသားတွေက အရမ်းအရသာမယ့်ပုံပဲလို့ ပြောမလို့ပါ... "
ချန်းဝှမ်သည် ယခုလိုပြောပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးနောက် အသားဆက်ကင်ရန် ပြင်ဆင်လေတော့၏...
ထိုချိန်တွင် ချန်နန်သည် သူ့ဖုန်း၏ဆက်တိုက်တုန်ခါနေမှုကြောင့် ဖုန်းစခရင်ကို ပြန်ကြည့်တဲ့အခါတွင်တော့ သူရိုက်ကူးမိလိုက်သောလှပသည့်ပုံရိပ်လေး၏အလှကို စိတ်ဝင်စားကြသောပရိသတ်များ ရေးသားထားသောမှတ်ချက်များနှင့် မက်ဆေ့များစွာကို တွေ့လိုက်ရလေသည်...
[ သားကြီးတို့ရေ သူက တကယ်လှတယ်ဟ... ]
[ သူ့လို မိန်းမလှလေးက ညစျေးမှာ ဘာလို့ အစားအသောက်ရောင်းနေရတာလဲ..နှာမြောစရာပဲ... ]
[ ငါ မင်းကို ၃ မိနစ်လောက် အချိန်ပေးမယ် ချန်နယ်မာစတာ(ချန်နန်)... အဲ့အလှလေးရဲ့အကြောင်းကို စုံစမ်းပေးပါ... ]
[ သားကြီးတို့... မင်းတို့တွေ မပြစ်မှားကြနဲ့ သူက ငါ့မိန်းမကွ... မကြာခင် လက်ထပ်မှတ်ပုံတင်တော့မှာ... ]
[ မင်း အေးဆေးနေစမ်း... သူက ငါ့မိန်းမကွ...! ]
💜💜💜💜💜💜💜💜