Chapter 49
{ Bossရဲ့သား - ၁ }
လူတွေက ကိုယ့်ရုပ်ရည်နဲ့ပတ်သက်ပြီး အမြင်မကျယ်ကြပါလေ... ကိုယ့်ကိုယ်ကို တစ်စုံတစ်ယောက်နှင့်တူလိုက်တာ ဆင်လိုက်တာဟု ပြောခံရချိန်တွင် သိပ်လက်မခံတတ်ကြချေ... ကျန်းမင်ယွမ်သည်လည်း ထိုသို့ပင်...
သူက ဖုန်းမျက်နှာပြင်ပေါ်တွင် ရှိနေသောကလေးလေးကို သူနှင့်တူသည်ဟု တစ်စွန်းတစ်စလေးပင် မထင်မိပေ... သူ့လက်ထောက်ဟာ တွေ့သမျှကလေးကို ဓါတ်ပုံလိုက်ရိုက်နိုင်လောက်သည်အထိ အားယားနေသည်ဟုသာ တွေးလို့နေသည်...
ကျန်းမင်ယွမ် : " မင်း အရမ်းအားယားနေလား..."
လီကျောင်းရီ Bossဖြစ်သူ ပြန်ပို့သောမက်ဆေ့စ်ကို ဖတ်ပြီးချိန်၌ ချက်ချင်းပင် တောင့်တင်းသွားခဲ့၏... သူ့မျက်လုံးထဲတွင်လည်း bossကျန်း၏ကြောက်စရာကောင်းလှသောဒေါသမျက်ဝန်းတို့ကို မြင်ယောင်လာခဲ့သည်...
တကယ်လို့ သူ့Bossက ဒီကလေးလေးဟာ သူ(ကျန်းမင်ယွမ်)နှင့်မတူဘူးဟု ထင်ပါက သူ(လီကျောင်းရီ)ဟာ ဆက်ပြီး အထွန့်တက်ရဲလောက်သည်အထိ သတ္တိမရှိပါလေ...
Bossကျန်း၏ဒေါသမျက်ဝန်းနှင့် တစ်ချက်အကြည့်ခံရပါလျှင် သူ့ရဲ့မရှိမဲ့ ရှိမဲ့အသက်လေးသည် ချက်ချင်းပင် အငွေ့ပျံသွားနိုင်လောက်၏... ကျောင်းရီဟာ ကလေးလေးကို ကြည့်ပြီးနောက် လှပသောဆိုင်ရှင်အမျိုးသမီးလေးကို လှမ်းကြည့်လိုက်မိသည်..
ကလေးလေးရဲ့ပုံစံကို ကြည့်ရသည်မှာ အနည်းဆုံး၃ ၄နှစ်လောက်သာရှိပေလိမ့်မည်... ထိုသို့သာဆိုလျှင် ကိုယ်ဝန်ဆောင်ကာလကိုပါ ထည့်စဥ်းစားကြည့်ပါက bossဖြစ်သူ အာဏာအတည်အတန့်ခိုင်မာလာသည်အချိန်နှင့် မတိမ်းမယမ်းပင်... Bossတစ်ယောက် တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သတိလက်လွတ်ဖြစ်သွားခဲ့ဖူးသည်လား... လီကျောင်းရီတစ်ယောက် ပိုစဥ်းစားလေ ပိုခက်ခဲလေဖြစ်လို့နေသည်...
သူကြားထားရသလောက်ဆိုပါလျှင် bossကျန်းအား သူ့မိခင်ဖြစ်သူက တစ်စုံတစ်ယောက်နှင့်အတည်တကျဖြစ်ကာ သူမအတွက် မြေးတစ်ယောက်မွေးပေးရန် မျှော်လင့်နေပြီဖြစ်သည်... အကယ်၍သာ သူမတွင် မြေးတစ်ယောက်ရှိနေပြီဟု သိရပါက အတော်လေးပျော်ရွှင်သွားလောက်ပေတယ်...
လီကျောင်းရီဟာ လှပပြီး နူးညံ့သိမ်မွေ့လှသောဆိုင်ရှင်အမျိုးသမီးလေးအား ကြည့်ရင်း အကြံတစ်ခုရလိုက်သည်... တကယ်လို့သာ သူဟာ ကလေးလေးအား ကျန်းတို့ဆီသို့ ပြန်လည်ခေါ်ပေးနိုင်ခဲ့ပါက သူ့အတွက် အကျိုးအမြတ်များနိုင်လောက်သည်ကိုပေါ့...
မထင်မှတ်ဘဲ ရာထူးတိုးနိုင်မည့်နည်းလမ်းဆိုလည်း မမှားပါပေ... ကြားရသလောက်တော့ ကုမ္မဏီ၏ အခွဲတစ်ခုတွင် ကုမ္မဏီဒါရိုက်တာနေရာအတွက် လူလိုနေသည်လေ...
ကလေးလေးသည် ချန်းဟွမ်နှင့်အတူရှိချင်တာကြောင့်သာ လိုက်လာခဲ့ခြင်းဖြစ်သည်... ခေတ္တအကြာတွင် အိမ်သို့ ပြန်ချင်လာသော်လည်း သူကသိတတ်လိမ္မာသောကလေးလေးဖြစ်တာကြောင့် အမေဖြစ်သူအား ဘာမျှမပြောပဲ သူတစ်ယောက်တည်း ပျော်အောင်နေနေလေသည်...
သူတို့သားအမိ ညစျေးသို့ စစရောက်ချင်းတွင် အလုပ်သိပ်မရှုပ်သောကြောင့် အမေဖြစ်သူနားတွင်နေနေခဲ့သော်လည်း အချိန်အနည်းငယ်အကြာပြီးနောက်တွင် အလုပ်ရှုပ်လာသည်ကို သတိထားမိတာကြောင့် သူတစ်ယောက်တည်း အေးအေးဆေးဆေးထိုင်နေလို့ရမည့်နေရာတွင် ဉာဏ်စမ်းကုဗတုံးလေးကို လှည့်ဆော့နေတော့တယ်...
သူတစ်ယောက်တည်းဆော့နေစဥ်တွင် ကလေးလေးနားသို့ တစ်စုံတစ်ယောက်ရောက်လာခဲ့ချေ၏...
" Hi ချာတိတ်လေး... မင်းလက်ထဲက ကုဗတုံးကို ဘယ်လိုဆော့ရလဲ သိရဲ့လား.. "
" သိတာပေါ့... "
ပေါက်စီလုံးလေးသည် ပါးဖောင်းဖောင်းလေးရှိသောမျက်နှာလေးဖြင့် သူ့ဘေးတွင် လာထိုင်သောဦးလေးကြီးအား မော့ကြည့်ပြီးနောက် ခေါင်းညိမ့်ပြရင်း ပြန်ဖြေလိုက်သည်... ပေါက်စီလုံးလေးဆော့နေသောကုဗတုံးလေးသည် အသေးစားကုဗတုံးလေး ဖြစ်သော်လည်း သူ့လက်သေးသေးလေးထဲတွင်တော့ ထိုကုဗတုံးလေးဟာ အနည်းငယ်ကြီးနေသလိုပင်...
ပေါက်စီလေးအား စကားလာပြောသောအမျိုးသားက ကလေးလေး၏အဖြစ်ကိုကြည့်ပြီးနောက် အနည်းငယ်ပြုံးလိုက်မိသည်... ကလေးလေးက ကုဗတုံးအား မည်သို့ဆော့ရမည်ကို သိပုံမပေါ်ချေ... ဒီတိုင်း လှပသောအရောင်ကြောင့်သာ ကုဗတုံးအား စိတ်ဝင်စားနေသည်ဟု တွေးလိုက်လေသည်... သို့သော်လူကြီးဖြစ်သောသူကတော့ အသေးစားကုဗတုံးလေးကို မည်သို့ဖြေရှင်းရမည်ကို သိပေ၏... ထို့ကြောင့် အနှီအမျိုးသားဟာ ကလေးလေးရှေ့တွင် သူရဲကောင်းဝင်လုပ်ရန် ဆုံးဖြတ်လိုက်လေ၏...
" အံကုဗတုံးကို ဘယ်လိုဖြေရှင်းရလည်း မသိရင် ဦးလေးကြီးက... " လီကျောင်းရီ၏စကားမဆုံးခင်တွင်ပင် ကလေးလေးဟာ ကုဗတုံး၏မျက်နှာတစ်ဖက်ကို တစ်ရောက်တည်းဖြစ်အောင် ဖြေရှင်းသွားနိုင်ခဲ့ပေတယ်... သူ့အရွက်ပုစိလေးဖြင့် ယခုလိုဖြေရှင်းနိုင်သည်မှာ အံ့သြဖို့ကောင်းလှ၏...
' ပုစိလေးက တကယ်ဉာဏ်လွန်းနေတာပဲ... '
ကလေးလေးသည် တစ်ရောင်ပြီးသွားခဲ့ပြီးနောက်တွင် သူ့ကိုယ်သူ ယုံကြည်မှုရှိသွားခဲ့ကာ နောက်တစ်ရောင်ကို တစ်မျက်နှာတည်းဖြစ်အောင် ကြိုးစားကြည့်နေလေသည်... နောက်ထပ်နာရီဝက်လောက်အကြာတွင်တော့ ကလေးလေးသည် နောက်တစ်မျက်နှာကိုပါ တစ်ရောင်တည်းဖြစ်သွားအောင် လုပ်နိုင်လိုက်သည်...
ရှင်းရှင်းလေးသည် ပထမဆုံးအကြိမ်အဖြစ် အသေးစားကုဗတုံးလေးကို ဖြေရှင်းလိုက်နိုင်ချိန်တွင် ကုဗတုံးလေးအား လေထဲမြှောက်ကိုင်ထားရင်း အမေဖြစ်သူဆီသို့ ပြေးထွက်သွားတော့၏...
" မေမေ! မေမေ! ဒီမှာကြည့်ပါအုံး... "
ကလေးလေးက အမေဖြစ်သူ၏အင်္ကျီစကို ဆွဲရင်း ကုဗတုံးကို ပြလိုက်လေ၏
" ဝါး... အမေ့ရှင်းရှင်းလေးက ကုဗတုံးကို ဖြေရှင်းနိုင်သွားပြီပေါ့လေ... "
မကြာသေးခင်ကပင် ကလေးက ထိုကုဗတုံးကို ဖြေရှင်းဖို့လုပ်နေခြင်းကို ချန်းဟွမ်တစ်ယောက်သတိထားမိပေသည်
ကလေးလေးက ငယ်ရွယ်သေးတာကြောင့် ပြထားသောပုံစံအတိုင်း လှည့်ခြင်းမပြုပါဘဲ သူကြိုက်သလိုလှည့်ကြည့်နေခဲ့လေသည်... သူကြိုက်သလိုပုံစံလှည်ပြီးနောက် ဖြေရှင်းလို့မရသည်အခါ စိတ်ဆုံးစွာဖြင့် ထိုကုဗတုံးကို ပစ်ထားတတ်ပြီး စိတ်ပြေသွားချိန်၌ ကုဗတုံးလေးအား ပြန်ယူလှည့်နေတတ်ပေ၏...
💓💓💝💝💝💝💝💝💝
Chapter 50
{ Bossရဲ့သား - ၂ }
ဉာဏ်စမ်းကုဗတုံးလေးကို ရက်အတော်ကြာကြိုးစားဖြေရှင်းပြီး နောက်ဆုံးဖြေရှင်းနိုင်ခဲ့ပါသော ပေါက်စီလုံးလေးသည် ချီးကျူးမှု ခံယူရန် ထိုက်တန်လှ၏... ချန်းဟွမ်က သူမ လုပ်လက်စအလုပ်ကို ရှန်းလီအား ခေတ္တလွှဲထားပေးခဲ့ပြီး သားဖြစ်သူရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း သူမရဲ့ချီးကျူးမှုကို တောင်းတနေသောပေါက်စီလုံးလေးကို ကြည့်လိုက်သည်..
သူမ ပေါက်စီလုံးလေး၏ပါးဖောင်းဖောင်းလေးအား ခပ်ဖွဖွနမ်းလိုက်ပြီး ချီးကျူးစကားဆိုလိုက်လေသည်...
" အမေ့သားလေးက တော်လိုက်တာ... "
" ဟီးဟီး... မေမေကလည်း တော်ပါတယ်... "
ကလေးလေးသည် အမေဖြစ်သူရဲ့ပါးပြင်တစ်ဖက်ကို ပြန်လည်နမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်..
~~~~~
ည၇နာရီခွဲအချိန်~~
လက်ရှိအချိန်သည် ညဥ့်နက်သည်ဟု မဆိုနိုင်သေးသော်ငြား ယခုချိန်က ရှင်းရှင်းလေး၏အိပ်ချိန်ပင်... နေဝင်သွားပြီးနောက် မှောင်စပြုလာသည်နှင့် အပူချိန် အတော်လေးထိုးကျလာခဲ့သည်မှာ သိသာလှ၏...
ချန်းဟွမ်တစ်ယောက် ပေါက်စီလုံးလေး၏လက်လေးများကို ကိုင်လိုက်မိစဥ်တွင် အေးစက်မှုအနည်းငယ်ကို ခံစားမိတာကြောင့် ကလေးအား ဂျက်ကင်လေးခြုံထားပေးလိုက်ပြီး ရေသောက်ချင်သေးလားဟု မေးလိုက်သည်...
ကလေးလည်း ရေဆာနေသောကြောင့် အမေဖြစ်သူ ယူလာသောရေခွက်၏တစ်ဝက်လောက်အထိ ကုန်အောင်သောက်လိုက်၏... ထို့နောက် ကလေးလေးလေးက ချန်းဝှမ်အား လက်ကာပြလိုက်ရင်း " မေမေ... အလုပ်သွားလုပ်လို့ရပါပြီ... ဒီနားမှာ သားတစ်ယောက်တည်း အဆင်ပြေပါတယ်... "
ယနေ့ညတွင် ဝယ်သူအရမ်းကျနေတာကြောင့် ရှန်းလီမှာ ချန်းဝှမ်းနေရာကို အစားဝင်ရ၊ သူမ အလုပ်ကိုလည်း ပြာပြာသလဲလုပ်ရဖြစ်နေလေသည်... ထို့ကြောင့်လည်း ချန်းဟွမ်က သားဖြစ်သူအား ဘာမျှပြန်မပြောတော့ဘဲ အလုပ်ဆက်လုပ်ရန်သာ ဆုံးဖြတ်လိုက်သည်..
လာရောက်စားသုံးသူများပြားလွန်းတာကြောင့် ချန်းဟွမ်ရဲ့ဆိုင်အောက်ရှိ ထိုင်ခုံနေရာအားလုံး ပြည့်နှက်လို့နေ၏... ထို့သို့သောအခြေအနေကြောင့် ချန်းဟွမ်က ကလေး ထိုင်ရန် ခွေးခြေခုံပုလေးတစ်ခုကို ထုတ်ပေးလိုက်သည်...
" သား... ဒီနားမှာပဲ ထိုင်ဆော့နေနော်... တစ်ခုခုလိုတာရှိရင် မေမေ့ကို လှမ်းခေါ်လိုက်၊ ဘယ်သူနဲ့မှ လိုက်မသွားရဘူးနော် ဟုတ်ပြီလား... "
" ဟုတ်ကဲ့ မေမေ... "
ချန်ဟွမ် ထွက်သွားတဲ့အခါ ရှောင်ရှောင်လေးက လက်ထဲမှ ဉာဏ်စမ်းကုဗတုံးလေးအား အရောင်များ တစ်ကွဲတစ်ပြားဖြစ်အောင် ပြန်လှည့်လိုက်လေသည်...
အခွင့်အရေးကောင်းကို ချောင်းနေသောလီကျောင်းရီက လက်ရှိတွင် ရရှိလိုက်သောအခွင့်အရေးအား အမိအရဖမ်းဆွဲရန် ဆုံးဖြတ်လိုက်ပေတယ်...
" Hello ချာတိတ်လေး... မင်းက တကယ်တော်တာပဲကွ... "
သူ့အား ချီးကျူးသည့်စကားကို ကြားလိုက်ရချိန်တွင် ရှင်းရှင်းလေးက သူ့နားသို့ရောက်လာပြန်သောလူကြီးအား မော့ကြည့်လိုက်ကာ တစ်ချက်ပြုံးပြလိုက်လေသည်...
အနှီအမျိုးသားဟာ သူ့အား ပြုံးပြလာသောကလေးပုစိလေးအား မတ်တပ်ရပ်ကြည့်ပြီးနောက်တွင် စကားဆက်လာခဲ့၏...
" ချာတိတ်လေး... မင်း ကျောင်းတက်နေရပြီလား... "
ရှင်းရှင်းလေးက ခေါင်းတစ်ချက်ညိမ့်ပြလိုက်ကာ " သားက မူကြိုတက်နေရပြီ... "
" ဒါဆို မင်းက ၄နှစ်ပြည့်နေပြီပေါ့? " အနှီအမျိုးသားက ထိုသို့မေးလိုက်ချိန်တွင် ရှောင်ရှောင်လေးတစ်ယောက် အနည်းငယ်အံ့သြသွားခဲ့ပြီး " အမ် ဘ..ဘယ်လိုသိတာလဲ "
လီကျောင်းရီသည် လွတ်သွားသောထိုင်ခုံတစ်ခု ဆွဲယူထိုင်လိုက်ရင်း ပေါက်စီလေး၏အမေးအား ပြန်ဖြေလိုက်သည်...
" ဒီလောက်ကတော့ ခန့်မှန်းလို့ရပါတယ်ကွာ... ဒါနဲ့ မင်းအခုလို တစ်ယောက်တည်း ဆော့နေရတာ မပျင်းဘူးလား "
" မပျင်းဘူး! "
ကလေးလေးသည် သူ့အား စကားအတင်းလာပြောနေသောလူကြီးမှာ စကားများလွန်းသည်ဟု ခံစားမိလာသည်. ထိုလူကြီးသည် မိခင်ဖြစ်သူ ပြောပြလေ့ရှိသောကလေးရောင်းစားသည့်လူဆိုးကြီးများလို စကားများလွန်းလှ၏... ထို့ကြောင့်လည်း သူက လီကျောင်းရီ၏အမေးတို့ကို တိုတိုတုတ်တုတ်သာ ပြန်ဖြေလေတော့သည်...
လီကျောင်းရီသည် ကလေးလေး၏ရုတ်တရက်ပြောင်းလဲသွားမှုကို နားမလည်ပါလေ... ထို့သို့ဖြင့် နောက်ဆုံးတွင်တော့ အနှီအမျိုးသားဟာ အရေးအကြီးဆုံး မေးခွန်းကို မေးရန် ဆုံးဖြတ်လိုက်ပေတယ်...
" ချာတိတ်... မင်းအဖေက ဘယ်မှာလဲ... သူက မင်းနဲ့တူတူ မဆော့ဘူးလား... " ကျောင်းရီက ထိုသို့မေးလိုက်ပြီး သူ့ဒူးတို့ကို လက်ဖြင့် ကျပ်ကျပ်ဆုပ်ထားလို့နေသည်... အကယ်၍ ဒီကလေးလေးကသာ သူ့bossရဲ့သားဆိုပါလျှင် သူ့အတွက် bossသေးသေးလေး တစ်နည်းဆိုရသော် သခင်လေးဖြစ်လာနိုင်သည်လေ...
ပေါက်စီလုံးလေးသည် သူ့ဘေးမှလူကြီးအား တစ်ချက်ကြည့်လိုက်ပြီးနောက် မိခင်ဖြစ်သူပြောပြသောလူဆိုးကြီးတစ်ယောက်လို့ မြင်လာလေတော့၏... အဖေဖြစ်သူအကြောင်း၊ မိသားစုအကြောင်း အတင်းမေးမြန်းလာသူများဟာ သူ့အား ဖမ်းခေါ်သွားနိုင်သည့်လူဆိုးကြီးများဟု သူ့အမေက ပြောခဲ့ဖူးသည်... သူ့ဘေးမှလူကြီးက မေမေပြောပြသောလူဆိုးပုံစံနှင့် ဆင်တူလွန်းလှလေသည်...
တစ်ဖက်တွင်တော့ ကလေးပုစိလေးက တစ်ချက်ကြည့်ပြီး တခြားတစ်ဖက်သို့ လှည့်သွားသည် လျစ်လျှူရှုခံလိုက်ရသောကျောင်းရီသည် ကလေးလေး၏အပြုအမူကို နားမလည်သေးချေ... သို့သော် သူ့အမေးကို ကြည့်ပြီးနောက် တခြားတစ်ဖက်သို့ လှည့်သွားလောက်သည့်အခြေအနေအရ သူ(လီကျောင်းရီ)ထင်နေတာ မမှားဟု ခံစားလာမိလေတယ်...
" မင်းမှာ အဖေ မရှိဘူးလား... "
ရှင်းရှင်းလေးသည် ထိုအမေးကို ကြားလိုက်ချိန်တွင်တော့ လက်ထဲမှကုဗတုံးလေးကို ဘေးချထားလိုက်ပြီး " မေမေ... ဒီဦးလေးကြီးက လူဆိုးကြီး!! " ဟု အမေဖြစ်သူအား အော်ပြောလိုက်သည်...
ချန်းဟွမ် သားဖြစ်သူ၏အသံကြောင့် ကလေးဘက်သို့ လှမ်းကြည့်လိုက်ကာ သားဖြစ်သူဘေးရှိအမျိုးသားအား မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်.. ထို့နောက် ပေါက်စီလေးဆီသို့ လျှောက်လာခဲ့လိုက်သည်...
လီကျောင်းရီ အလျင်အမြန်ပင် ရှင်းပြလိုက်သည်
" ကျွန်တော်က သူနဲ့စကားနည်းနည်း ပြောချင်ရုံပါ... "
ချန်းဟွမ် ထိုအမျိုးသားရဲ့စကားကို နားထောင်ပြီးနောက် ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး " ကျွန်မဘက်က တောင်းပန်ပါတယ်... သားက နည်းနည်းရှက်တတ်လို့ပါ... "
လီကျောင်းရီတစ်ယောက် ဘာမျှထပ်မပြောနိုင်ခင်တွင် ချန်းဟွမ်ဆီမှ ထပ်ကြားလိုက်ရသောစကားကြောင့် ဘာစကားမျှထပ်မပြောနိုင်ဖြစ်သွားခဲ့လေသည်...
" သားက ရှင့်ကို ကြောက်သွားလို့ထင်တယ်... အဆင်ပြေမယ်ဆိုရင် နောက်နေ့မှ ပြန်လာပေးပါလားရှင်..."
💞💞💞💞💞💞💞