အပိုင်း ၄
Viewers 413

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၄




ကျန်းလော့ကျစ် တံခါးဝတွင်ရပ်နေသေးသည်ကိုမြင်လျှင် ချောင်းမိုသည် အပြေးအလွှားသွားကာ ကျန်းလော့ကျစ်ကို ထိုင်ခိုင်းပြီး “  မစ္စတာ ကျန်း၊ ထိုင်ပါဦး။"



"မစ္စတာ ကျန်း၊  ရှင်ဘာစားချင်လဲ "



" မစ္စတာ ကျန်း၊ ရှင်ရော ဘာကြည့်ချင်တာလဲ။ ကျွန်မက ခုလေးတင် ရှိုးပွဲကြည့်နေတာ "



ကျန်းလော့ကျစ်သည် ၎င်းကို တချက် စိုက်ကြည့်လိုက်ရင်း သူ့ရှေ့ ကော်ဖီ စားပွဲပေါ်တွင် အဆာပြေမုန့် မျိုးစုံ ရှိနေသည်ကို တွေ့လိုက်ရသည်။ အချို့မှာ သူ တစ်ခါမှ မမြင်ဖူးသော မုန့်များပင်ဖြစ်သော်လည်း 

သူသိသလောက်ကတော့  အိမ်ထဲတွင်  ထိုကဲ့သို့ သရေစာများသိမ်းဆည်းထားလေ့ မရှိပေ။ ဒီလို အချိန်တိုလေးအတွင်းမှာ  သူမ ဘယ်ကနေ  ဒီလောက် အဆာပြေ မုန့်တွေ အများကြီး ရလာတာလဲ။ 



သူဘာမှ အတိအကျမသိရသေး သော်လည်း၊ သူ အစက တွေးထားခဲ့တာက  သူပြန်လာသည်နှင့် ချောင်းမို၏ ငိုသံကို ကြားရလိမ့်မည်။ သို့တည်းမဟုတ်  အဆက်မပြတ် စုံစမ်းမေးမြန်းတာတို့ ပြုလုပ်လိမ့်မည်ဟုပင်။  ဒါပေမယ့်  သူ့ကို အံ့သြသွားစေတာက တခြားသူသည် ဘာမှမဖြစ်ခဲ့သလို ပြုမူနေခြင်းသာဖြစ်၏။



"  စကားပြောရအောင်၊ ဒီတစ်ခေါက်ရော  မင်း ဘာတွေတောင်းဆိုမှာလဲ "



ကျန်းလော့ကျစ်သည်  ချောင်းမို၏ မျက်နှာချိုသွေးမှု အပေါ် လှုပ်လှုပ်ရှားရှား ဖြစ်မသွားပဲ  ချောင်းမိုကို ဒီအတိုင်းပဲ ကြည့်လိုက်သည်။



သူ့မျက်လုံးများသည် နက်ရှိုင်းသော ရေကန်ကဲ့သို့ မည်းနက်နေကာ ရေသေလို တည်ငြိမ်လှ သဖြင့် လူများက ၎င်းတို့ထဲတွင် မည်သည့်ခံစားချက်ကိုမျှ မမြင်နိုင်သည့်အပြင် သူ့ကိုကြည့်မိသော သူများကိုလည်း  တိတ်ဆိတ်သောချောက်နက်ထဲသို့ ကျရောက်သွားသလို  ဖမ်းစားခံရမည်ပင်။ ဘယ်သူမဆို သူ့ရှေ့ရောက်တာနဲ့  မသိစိတ်ကနေ သေးသိမ်သွားသလို ခံစားရမည်သာဖြစ်၏။



အနည်းငယ်ရှက်ရွံ့သွားသလို  ချောင်းမိုက  " ကျွန်မ ဘာမှ မလိုပါဘူး၊  ရှင်စားဖို့ တခုခုပဲ ပေးချင်ရုံပါ "



အရူး။



ဒါက အရင်ဘဝက သူမ မသေခင် တောင့်တခဲ့တဲ့ ဘဝမျိုးပဲ မဟုတ်လား။



ဘာမှ လုပ်စရာ မလိုတဲ့ ငါးဆားနယ် တစ်ကောင်လို။

ဘာတာဝန်  ဘာအလုပ်ကြိုးစားမှုမှလည်း မရှိဘူး။



သူမသည်  king size ကုတင်ပေါ်တွင် အိပ်ကာ ပိုးသား ညအိပ်ဝတ်စုံ ဝတ်နေရုံဖြင့် သူမသည် လေယာဉ်ဖြင့် ပို့ဆောင်ပေးသော ပင်လယ်စာ ညစာ စားရမယ့်အပြင်  လစဉ် လစာ ယွမ် ငါးသောင်း ရရှိပေမည်။



ဘုရားသခင်၊  ဘယ်လောက်တောင် မှော် ဆန်လိုက်တဲ့ အဖြစ်လဲ။



သူမ မသေခင် ရိုးသားမှုက ဘုရားသခင်ကို လှုံ့ဆော်ပေးလိုက်နိုင်တာပဲ ဖြစ်ရမယ်။



သိရမှာက သူမ မသေဆုံးမီအထိ ဓါတ်ခွဲခန်းထဲမှာ အလုပ်လုပ်နေခဲ့တဲ့အပြင်  သိပ္ပံ သုတေသန စမ်းသပ်ချက်မှာ အရေးပါတဲ့  ထိပ်တန်း ဦးနှောက်ပတ်လမ်း နှောင့်ယှက်ရေး ပစ္စည်းကိုတောင် ပြုလုပ်နိုင်ခဲ့သည်။  အဲ့တာတောင်မှပဲ  လစဥ်  ခုခေတ် ယွမ် တစ်သောင်းနဲ့ ညီမျှတဲ့ ကြယ်ဒင်္ဂါး လေးထောင်သာ ရရှိခဲ့သည်။



သူမ၏ ခရီးစရိတ်အားလုံးကို မဟာမိတ်က အကုန်ကျခံပေးသော်လည်း သူမသည် နည်းပညာထုတ်ကုန်မျိုးစုံကို ဝယ်ယူလေ့ရှိသောကြောင့် သူမ၏ ယွမ်တစ်သောင်းမှာ ခဏလေးနှင့် ကုန်သွားလေ့ရှိသည်။



ကျန်းလော့ကျစ်ပေးသော ထောက်ပံ့မှုနဲ့ ယှဥ်ရင် အဲ့တာက တအား သိတတ်လွန်းပြီး ကျန်းလော့ကျစ်ကို အသိစိတ်ရှိသော အရင်းရှင်ဟုပင် ခေါ်ဆိုချင်ခဲ့သည်။



လျှို့ဝှက်ချစ်သူ အဖြစ်နေဖို့ စာချုပ်ကိုတော့ ချောင်းမို ဂရုမစိုက်ပေ။ ကျန်းလော့ကျစ် ဆန္ဒရှိနေသရွေ့ ကမ္ဘာအဆုံးသတ်ထိ ဖြစ်ပစေ သူမဖက်က ဆက်လုပ်နိုင်ပေသည်။  ပိုင်ယွဲ့ကွမ်း တရုတ်ပြည်ပြန်လာလည်း သူမ ဇာတ်လိုက်မ အတွက် နေရာဖယ်ပေးလိုက်နိုင်တယ်။



အခု ကျန်းလော့ကျစ်က သူမရဲ့ သူဌေးဖြစ်နေပြီ။  ဒီလိုကောင်းမွန်တဲ့ သူဌေးအတွက် သူမဖက်ကလည်း ဝန်ထမ်းကောင်း ပီပီသသနဲ့ သူဌေး စိတ်ကျေနပ်ဖို့  ကြိုးစားရမယ်။



ကျန်းလော့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ချောင်းမိုရဲ့ စကားများမှ စစ်မှန်မှုကို သံသယဝင်နေမိသည်။



သို့သော် ချောင်းမို၏ မျက်နှာပေါ်ရှိ သွားဖြူဖြူ အပြုံးချိုချိုကို မြင်လိုက်ရတော့  ကျန်းလော့ကျစ်က သူ့ သံသယ များကို ဘေးဖယ်ထားလိုက်ပြီး ချောင်းမိုနှင့် ဆက်စကားပြောရန် ပြင်လိုက်တော့သည်။



သူ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

" ချောင်းမို မင်း မလုပ်သင့်တာကို ဘာမှမလုပ်နဲ့ "



" မင်းပိုင်ရမယ့် အရာဆို အဲ့ထက် နည်းနည်းလေးမှ မလျော့စေရဘူး၊ ဒါပေမယ့် မင်းမမေးသင့်တဲ့အရာတွေကိုတော့ လာပတ်သတ်ဖို့ မကြိုးစားနဲ့။ "



ချောင်းမိုက သူမ ကူးပြောင်းမလာခင်မှာ  ဘာတွေဖြစ်ခဲ့မှန်း  ကျန်းလော့ကျစ် မသိပေမယ့် အိမ်တော်ထိန်း ပြောတဲ့အထဲ ပိုင်ယွဲ့ကွမ်းအကြောင်းကြားလိုက်တာနဲ့ သူချက်ချင်း သဘောပေါက်သွားခဲ့သည်။



ပိုင်ယွဲ့ကွမ်းဆိုတာ အဓိကအမျိုးသမီး ဇာတ်ဆောင်ဖြစ်ပြီး အမျိုးသားဇာတ်လိုက် ကျန်းလော့ကျစ် ၏  အချစ်ဦးနှင့် နတ်ဘုရားမဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ချောင်းမိုသည် သူမ၏ လက်ရှိအနေအထားကို လုယက်ခံရမည်ကို ကြောက်သောကြောင့် ပိုင်ယွဲ့ကွမ်းအား နည်းအမျိုးမျိုးဖြင့် ပစ်မှတ်ထားလာခဲ့သည်။  အရင်ကလည်း ပိုင်ယွဲ့ကွမ်းကို  သူမနေရာအား ပြသရန် ဓာတ်ပုံတစ်ပုံတောင် ပေးပို့ခဲ့သည်။



အတိတ်က ချောင်းမိုသာဆိုရင် ကျန်းလော့ကျစ်က သူမကို နှိမ့်ချပြီး ပိုင်ယွဲ့ကွမ်း အတွက် သူမကို သတိပေးနေတာဟု တွေးကာ သေချာပေါက် မနာလို ဒေါသထွက်နေလောက်သည်။



သို့သော် အခု ချောင်းမို အသစ်ဖြစ်တဲ့  ပရော်ဖက်ဆာ ချောင်းမိုကတော့  အထပ်ထပ်အခါခါ ခေါင်းညိတ်နေလိုက်သည်။ သူမသည် ပြဿနာရှာရန် စိတ်မဝင်စားသလို  သူမရဲ့ တည်ရှိမှုကို ဇာတ်လိုက်မ ရှေ့သွားသွားပြပြီး ရန်စနေမှာလည်းမဟုတ်ပေ။



သူမ အရံအမျိုးသမီး ဇာတ်ကောင်ရဲ့ တန်ပြန်တိုက်စစ်ကိုလုပ်ရမှာထက်စာရင် ကျန်းလော့ကျစ်ဆီက လစာနဲ့ လျှောက်ထွက်လည်ပြီး စားသောက်ဖို့ပဲ ဆန္ဒရှိပေသည်။



System သည် ချောင်းမို၏ ခေါင်းထဲတွင် သူ၏တည်ရှိမှုကို  ဖော်ပြရန် အသည်းအသန်ကြိုးစားလိုက်ပြီး အလျင်စလို အော်လိုက်သည်။



" Host ဒါက ဇာတ်လိုက် ကျန်းလော့ကျစ်နော်၊ ရှီးချန်က ကျန်းမိသားစုရဲ့ ဆက်ခံသူပဲ၊  အခု မြန်မြန် သူရှေ့မှာ host ရဲ့ တည်ရှိမှုကို သေချာပြသလိုက်တော့၊ host အပေါ်နှစ်လိုမှုတွေ တိုးလာအောင် လုပ်ပြီး သူ့ဆီက အရင်းအမြစ်တွေရအောင် လုပ်ရမယ်။ ဒီမှာ လက်စွဲစာအုပ်တွေအများကြီးရှိတယ်။  ' အစားထိုးလေးရဲ့ လေ့ကျင့်မှု ' ၊ ' ကိုယ်ပိုင်တိုးတက်လာသော အစားထိုးလေးရဲ့ မှတ်တမ်း ' ကျေးဇူးပြု၍ မြန်မြန်လုပ်ပါတော့ host ရေ "



" ရည်မှန်းချက် ပန်းတိုင် ရှိတဲ့ အမျိုးသမီး ဇာတ်ပို့တယောက်ဖြစ်လာအောင် လုပ်ကြစို့  "



ချောင်းမိုသည် System ဆီသို့ နားကန်းနေသလိုပြုမူပြီး  ကျန်းလေယ့ကျစ်အား ချိုသာစွာ ပြုံးပြကာ 

 “ မစ္စတာ ကျန်း၊ ရှင့်မှာ တခြား လိုအပ်ချက်တွေ ရှိသေးလား။ "



ကျန်းလော့ကျစ်က ခဏလောက် ရပ်သွားကာ  "  ငါ အနားယူတော့မယ်၊ မင်း တီဗီ ပိတ်လိုက်တော့။ "



“ အိုခေ  "



ချောင်းမိုက တီဗီကို နာခံစွာ ပိတ်လိုက်သည်။



ကျန်းလော့ကျစ်သည် ချောင်းမို၏ နာခံမှုကြောင့် ထိတ်လန့်သွားပြီး မသိလိုက်ပဲ မျက်မှောင်ကြုတ်သွားကာ ချောင်းမိုကို အကြိမ်ပေါင်းများစွာ ကြည့်မိလိုက်သည်။



ချောင်းမိုက ချစ်စရာကောင်းစွာ ခေါင်းငုံ့ထားတာကိုပဲ သူမြင်လိုက်ရသည်။



မိန်းမငယ်ရဲ့ ရှည်လျားပြီး ကော့ညွှတ်နေတဲ့ မျက်တောင်တွေဟာ တံမြက်စည်းငယ်ကဲ့သိူ့ ထူထဲပြီး ဖြေးဖြေးချင်း တုန်ရီနေသည်မှာ လက်ဖဝါးပေါ်တွင် ထို နူးညံ့ကော့ညွှတ်ရှည်လျားသော မျက်တောင်တွေရဲ့ အထိအတွေ့ကို  စိတ်ကူးကြည့်နိုင်သည် အထိပင်။



တောက်ပ နူးညံ့တဲ့ အဲ့ဒီ မျက်လုံး တစ်စုံက ကြည့်မိသူတိုင်း၏ ရင်ထဲတွင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းကဲ့သို့ စီးဆင်းသွားစေသည်။



မျိုးကွဲ လိင်အမျိုးအစား တူနေတဲ့ သူတို့နှစ်ယောက်ကြား ဘာမှဖြစ်မလာနိုင်ဘူး ဆိုတာ သိနေတာတောင်မှပဲ ကျန်းလော့ကျစ်သည် ချောင်းမိုရဲ့ မျက်နှာလှလှလေးအောက်မှာ ဆွဲဆောင်ခံလိုက်ရသေးသည်။


* ( မျိုးကွဲလိင်တူတယ် ဆိုတာ  နှစ်ယောက်လုံးက omega တွေပဲလို့ ထင်နေတာပါ ) *



သူ့ရင်ထဲမှာ နောင်တ အရိပ်အမြွက်လေးတောင် ရှိနေမိသည်။



ဒါပေမယ့် ဝမ်းနည်းစရာက  ငါက တကယ့် အယ်လ်ဖာတစ်ယောက် မဟုတ်ဘူးလေ။



" မစ္စတာ ကျန်း " 



ချောင်းမိုရဲ့ အသံကလည်း သူမရုပ်ရည်လို  နူးညံ့ဖြူစင်ပြီး လိမ္မာရေးခြားရှိလွန်းတဲ့ ယုန်လေးလို ချိုမြိန်ကာ  "  ဒါဆို ကျွန်မ ဈေးဝယ်ထွက်လို့ရော ရလားဟင် "



စိတ်သစ်လူသစ်နဲ့ သူမစိတ်ကူးအိပ်မက်ထဲက ဘဝမှာ နေထိုင်နေရပြီ ဆိုတာကို သတိပြုမိတာနဲ့ ချောင်းမို၏ နှစ်ပေါင်းများစွာ ခြောက်သွေ့သေဆုံး သွားခဲ့တဲ့ မိန်းမငယ် နှလုံးသားလေးမှာ တဖန်ပြန်ရှင်သန်လာခဲ့တော့သည်။ အပြင်ဖက် ရှုခင်းလှလှလေးတွေကြည့်ရင်း  ဈေးဝယ်ထွက်၊ လျှောက်ပတ် စားသောက်ဖို့ မစောင့်နိုင်တော့ဘူး။



သူမ လုပ်ချင်ပေမယ့် မလုပ်နိုင်ခဲ့တဲ့ အရာတွေလုပ်ပစ်တော့မယ်။



တကယ့် မိန်းမငယ်လေးတယောက်လိုပေါ့။



ကျန်းလော့ကျစ်က သဘောပေါက်သွားပြီး အိတ်ထဲက black card ကိုအေးအေးဆေးဆေးပဲ ထုတ်ပေးလိုက်ကာ "  သွား၊  စောစောသွားပြီး စောစောပြန်ခဲ့  "



ချောင်းမို သူ့ကို ဒီမှာစောင့်နေတာ သူမ လိုချင်တာ တခုခုရှိလို့ပဲ ဖြစ်ရမယ်၊ အဲ့လိုမှ မဟုတ်ရင် သူမ အဲ့လောက် ကောင်းကောင်းမွန်မွန် ပြုမူနေစရာအကြောင်းမရှိဘူး။  ကြည့်ရတာ ချောင်းမိုသည် အခု အဖြစ်အပျက်ကို အခွင့်ကောင်းယူပြီး သူမ မုန့်ဖိုးတောင်းဖို့ အသုံးချချင်တာပဲ ဖြစ်ရမည်။



ကျန်းလော့ကျစ်သည် ပိုက်ဆံဖြင့် ဖြေရှင်းနိုင်သည့် ကိစ္စမှန်သမျှကို အဲ့လောက်  ဂရုမစိုက်ပေ။



ပိုင်ယွဲ့ကွမ်း ကိစ္စကြောင့် ချောင်းမို သူ့ကို ပြဿနာရှာတာမျိုးမလုပ်တော့ပဲ သူမ စိတ်ကျေနပ်သွားဖို့အတွက်ဆိုရင် ကျန်းလော့ကျစ်သည် ငြိမ်းချမ်းရေးကိုတောင် ပိုက်ဆံနှင့် ပေးဝယ်ဖို့ ဆန္ဒရှိပေသည်။



ချောင်းမို လန့်သွားပြီး " ကျွန်မ အတွက်လား? "



ခဏလောက် ထွက်လည်ဖို့အတွက်တောင် ကျန်းလော့ကျစ်က သူမကို black card ပေးတယ်ပေါ့။



"  ပွတ်ဆွဲလိုက်ရုံပဲလား "



ချောင်းမို မယုံကြည်နိုင်ဖြစ်ပြီး နောက်တခါ ထပ်မေးလိုက်မိသည်။



ကျန်းလော့ကျစ်က ဘယ်လောက်တောင် နတ်သားဆန်တဲ့ သူဌေးလဲ။  သူမ သူ့ကို ကျန်း ဗောဓိသဗ္ဗ ဟုပင် ခေါ်ဆိုချင်တော့သည်။



ချောင်းမို၏ မျက်နှာပေါ်ရှိ အံ့အားသင့်ဖွယ်အမူအရာမှာ သိသာလွန်းသောကြောင့်ဖြစ်နိုင်သည်၊ ကျန်းလော့ကျစ်၏ ပါးစပ်ထောင့်များ ပင့်တက်သွားပြီး မနေနိုင်ပဲ ရယ်မိကာ  “ဟုတ်တယ်၊ အဲဒါ မင်းအတွက်ပဲ၊ အဲဒါကို ဒီတိုင်း ပွတ်ဆွဲလိုက်ရုံပဲ။ "



ခဏလောက် စဉ်းစားပြီးနောက် ကျန်းလော့ကျစ်က နောက်ထပ် စာကြောင်းတစ်ကြောင်း ထပ်ဖြည့်ပြောလိုက်သည်။



" ဘယ်လိုပဲဖြစ်ဖြစ်  ဒီတစ်ခါတော့ မင်းလည်း မှားခဲ့တာပဲလေ "



ချောင်းမို မှားခဲ့သည်ဟု သူပြောသောအခါတွင် သူ့အမူအရာမှာ အနည်းငယ် မှန်းဆ၍မရပေ။



ချောင်းမို မျက်တောင်တချက်ခတ်ပြီး  black card ကို ယူလိုက်သည်။ ကျန်းလော့ကျစ် ပြောတာကို  ခန့်မှန်းဖို့  သူမ စိတ်မ၀င်စားဘူး။ ဘာပဲဖြစ်ဖြစ်  black card က သူမ လက်ထဲ ရောက်နေပြီလေ။  ကျန်တာ ဘာမှအရေးမပါတော့ဘူး။



Black card ကို ထိလိုက်ပြီး  ချောင်းမို သူမ၏  နှလုံးသားထဲမှ ရွှင်မြူးသွားရကာ   "  ကျေးဇူးတင်ပါတယ် သူဌေး " ဟု  ရိုးသားစွာ ထပ်ပြောခဲ့သည်။



ကျန်းလော့ကျစ်က ပြုံးနေတာကို ရပ်လိုက်ပြီး ထူးမခြားနားပုံဖြင့် ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး အခန်းထဲသို့ ပြန်သွားခဲ့သည်။



သူက ချောင်းမိုရဲ့ မျက်နှာလေးနဲ့  သူမဘေးနားက လတ်ဆတ်တဲ့ လေထုကိုနှစ်သက်ပြီး သူမရဲ့  ဘွင်းဘွင်းရှင်းရှင်း စိတ်ထားကို ကျေကျေနပ်နပ် လိုက်လျောလိုသော်လည်း တဖက်လူက ဘောင်ကျော်လာမှာကိုတော့ သည်းမခံနိုင်ပေ။



သူသည် တဖက်သူ၏ စရိုက်ကြောင့် ပြုမူတာမှန်သမျှကို လျစ်လျူရှုထားပြီး  သူ့အပေါ်ပြဿနာဖြစ်စေမှာကိုတော့ ခွင့်မပြုနိုင်ပါ။



ဒီနေ့ ချောင်းမိုမှာ ယခင်ကထက် ဆင်ခြင်တုံတရားရှိလာပုံရပြီး သိပ်မဆိုးလှပေ။



ကျန်းလော့ကျစ်သည်  ရှိီးချန်ရဲ့ ဈေးအကြီးဆုံး ဗီလာဧရိယာထဲမှာနေတာဖြစ်သလို ပတ်ဝန်းကျင် အနေအထားကလည်း ကောင်းမွန်ပေသည်။ ဘယ်ဖက်ကွေ့လိုက်တာနဲ့ တမှတ်တိုင်အကွာမှာ အစည်ကားဆုံး စီးပွားရေးဇုန်ရှိပြီး  မနီးမဝေးတွင် ရှီးချန် တက္ကသိုလ်တည်ရှိသည်။



ချောင်းမိုသည် မိုးပြာရောင်စကတ်နှင့် အဖြူရောင်ရှူးဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး ကျောင်းလွယ်အိတ်ကို ကိုင်ထားကာ လှည့်ပတ်ကြည့်နေသည်။