အပိုင်း ၅
Viewers 416

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၅




ဤနေရာသည် ဇာ့ဂ် ကျူးကျော်မှုမတိုင်မီက ကမ္ဘာနှင့် အလွန်ဆင်တူသည်။  ချောင်းမို၏ ဟိုးအရင်က မှတ်ဉာဏ်များထဲတွင် သူမသည်လည်း  ကျောင်းသားအဖော်များနှင့်ပူးတွဲကာ  ဒီလို ရှုပ်ထွေး ဆူညံနေသော ကုန်သွယ်ရေးလမ်းတလျှောက် ရယ်မော စားသောက်ကာ ပျော်ပျော်ရွှင်ရွှင် လည်ပတ်ခဲ့ဖူးသည်။ 



သူမသည် ကမ္ဘာ၏လူသားတို့ခေတ်တွင်  ပြန်လည်မွေးဖွားလာပုံရသည်။  ဒီတကြိမ်တော့ ဇာ့ဂ်ကျူးကျော်မှု ရှိမရှိ သူမလည်း မသိပေ။ လက်ရှိ ရက်စွဲနှင့် နှစ်ကို ကြည့်ရန် ပြက္ခဒိန်ကို လှန်ကြည့်ရန် သူမ သတိရနေလိမ့်မည်။



ချောင်းမိုက လမ်းလျှောက်ရင်း စဉ်းစားရင်း လမ်းထောင့်မှာ မိန်းကလေး ကျောင်းသားကို မနာလိုစွာ နှောင့်ယှက်နေတဲ့ ယောက်ျားလို လူဆိုးလူမိုက် အနည်းငယ်ကို တွေ့လိုက်ရသည်။



ချောင်းမိုသည် ချက်ချင်း အေးစက်သော မျက်နှာဖြင့် လျှောက်သွားပြီး သူမ စိတ်ထဲ သူတို့ကို ကြိမ်းမောင်းလိုက်သည်။ ဒီလိုအနိုင်ကျင့်တဲ့ အမျိုးသမီးတွေကို အမုန်းဆုံးပဲ။



သူမသည် မူလက တစ်ဖက်လူကို တွန်းလှန်ရန် အင်အားသုံးရမည်ဟု သူမထင်ခဲ့သော်လည်း သူမစိတ်ထဲတွင် စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် ထိုအမျိုးသားများ၏ မျက်နှာများသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။



ချောင်းမို မျက်တောင်တချက် ခတ်လိုက်မိသည်။ သူမ ဤနေရာမှာ ဒီတိုင်း ရပ်နေရုံဖြင့် ထိုလူဆိုးများကို ခြောက်လှန့် နိုင်သည်အထိ သူမ စိတ်စွမ်းအားတွေက အရမ်းအားကောင်းလာတာလား။



ချောင်းမို သည် သူမ၏ စိတ်စွမ်းအားကို မစစ်ဆေးမီ  ထိုကျောင်းသူမိန်းကလေးသည် နီမြန်းသောမျက်နှာဖြင့် ရောက်လာပြီး “ ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မနာမည်က  စုရှု ပါ "



"ရပါတယ်။"



ချောင်းမို၏ စကားကိုကြားပြီး  စုရှု၏ မျက်နှာသည်  ပို၍ပင် နီမြန်း သွားတော့သည်။



ချောင်းမို တွေးလိုက်မိသည်။ ဒီမိန်းကလေးက တော်တော်လေးကိုမှ ရှက်တတ်ပြီး လူကြောက်တတ်မယ့်ပုံပဲ၊ အဲ့တာကြောင့် လွယ်လွယ်နဲ့ အနိုင်ကျင့်ခံရတာကို မအံ့သြတော့ဘူး။



ချောင်းမိုက ဒီလောကကိုပထမဆူံးရောက်လာတာ ဖြစ်တဲ့အပြင် သူမ လျှောက်လည်ပတ်ဖို့အတွက် သူငယ်ချင်းကောင်းတစ်ယောက်လည်း လိုချင်သည့်အတွက်  ပါးပေါ်က ပါးချိုင့်ချိုချိုလေးတွေ ပေါ်နေအာင် ပြုံးပြကာ "  ချောင်းမိုပါ၊ တွေ့ရတာ ဝမ်းသာပါတယ်။ ငါ ကုန်တိုက်လမ်းထဲမှာ ဝယ်စရာ နည်းနည်းရှိလို့လေ။ နင်ရော ငါနဲ့တူတူ ဈေးဝယ်ထွက်ချင်လား။ " 



" ဟမ်? "



စုရှုသည် ကြက်သေသေ သွားမိပြီး ပါးနပ်ပြီး သတိထားသည့်အမူအရာလုပ်လိုက်သည်။ ချောင်းမိုကို အပေါ်အောက် သေချာကြည့်လိုက်မိပြီး တွေ့လိုက်တာက ဆံပင်ကို အဖြူရောင် အမွှေးလုံး သရေကြိုးနှင့် စည်းထားကာ သူမကို အပြစ်ကင်းစွာ ပြုံးပြနေသော ချောင်းမို ရဲ့ ဖြူစင်တဲ့ အပြုံးကိုပင်။ သူမ၏ စိတ်ထဲ မြန်မြန် အကဲဖြတ်လိုက်ပြီး ခေါင်းညှိတ်လိုက်ကာ

" ကောင်းပြီလေ " 



ချောင်းမိုက လက်ချင်းတွဲချင်ပေမယ့် တဖက်သူက ကြားထဲ အကွာအဝေး ထားထားပုံပင်။ သူမရှက်နေသေးလို့ နေမှာဟုပင် တွေးကာ ငြိမ်နေလိုက်ပြီး ဈေးဝယ်ထွက်ဖို့ ဆက်လျှောက်နေလိုက်သည်။



စုရှု၏ အမြင်အာရုံက ကောင်းမွန်လှကာ သူမရွေးသမျှ ခေါင်းစည်း အဆင်တန်ဆာ မှန်သမျှသည် ချောင်းမို၏ အကြိုက်နှင့် ကိုက်ညီနေသောကြောင့် ချောင်းမို၏ မိန်းကလေးဆန်ဆန် နှလုံးသားလေးကို ကျေနပ်စေခဲ့သည်။



သူတို့ နှစ်ယောက် လမ်းခွဲကာနီး စုရှုက " ငါ ကျောင်းပြန်သွားတော့မယ်၊  ငါက ရှိီးချန် တက္ကသိုလ်မှာ တက်နေတာလေ "



ချောင်းမို တချက်ပြန်တွေးလိုက်ပြီး မူလကိုယ်ခန္ဓာသည်လည်း  ရှီးချန် တက္ကသိုလ်တွင် တက်နေကြောင်းမှတ်မိလိုက်သည်။  သို့ရာတွင် သူမသည် သာမန်လူစုကြားထဲ  အဆင့်နိမ့် ကျောင်းသားသာသာပဲဖြစ်သည်။



နှစ်ယောက်သား  ဆက်သွယ်ရန် အချက်အလက်များ ဖလှယ်ကြပြီး နှုတ်ဆက်လိုက် ကြသည်။



စုရှု ထွက်သွားပြီးနောက်  ချောင်းမိုသည် ကော်ဖီသောက်ရန် တိတ်ဆိတ်ငြိမ်သက်သော ကော်ဖီဆိုင်ကို ရှာတွေ့ခဲ့သည်။  သူမ ဗီဒီယိုကို ကြည့်ချင်သော်လည်း ဖုန်းကိုင်လိုက်သည်နှင့်  ' ဒင် ဒေါင် ' ဟူသော စာဝင်သည့် အသံ ကြားလိုက်ရသည်။



' ချောင်းမို၊ မင်းက ခု ကောင်းကောင်းနေနေတာပဲ။  ချမ်းလည်းချမ်းသာသွားရော  ဒီက ငါတို့ ညီအကိုကောင်းတွေကို ညစာလေး ဖိတ်ကျွေးဖို့တောင် မေ့သွားပြီပေါ့ '



ချောင်းမို မျက်မှောင်ကြုတ်လိုက်ပြီး "  ရှင်က ဘယ်သူလဲ?  "



တဖက်သူက ချက်ချင်းစာပြန်လာတယ်  "  ဘာလဲ၊ အဖိုးကြီးဆီ တွယ်တက်ပြီး ချမ်းသာသွားတော့ ငါတို့လို သူငယ်ချင်းဟောင်းကြီးတွေကို အသိအမှတ် မပြုချင်တော့ဘူးပေါ့လေ။  မှန်တံခါးဖက်ကို တချက်လှည့်ကြည့်လိုက် " 



ချောင်းမိုသည် ခေါင်းကို သတိထားပြီး လှည့်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ စည်ကားနေသော လူအုပ်ကို ကြည့်လိုက်သည်။



ကြက်ဥလိပ်ဆိုင် ထောင့်ဖြတ်နားလောက်မှာ ရပ်နေတဲ့ စူးစူးဝါးဝါးအမူအရာဖြင့် ကြည့်နေသော သူတစ်ယောက်ကို သတိထားမိလိုက်သည်။



ထိုလူသည် ချောင်းမို၏ အကြည့်ကို သတိထားမိကာ အံ့ကြိတ်ပြလိုက်ပြီး နောက်တစက္ကန့်အကြာ မီးစိမ်းတာနဲ့ လူအုပ်ကြားထဲ ပျောက်ကွယ်သွားခဲ့သည်။



ချောင်းမို၏ မိုဘိုင်းလ်ဖုန်းမှ စာသားမက်ဆေ့ချ်တစ်ခု ထပ်မံရရှိခဲ့ပြီး "  ယွမ် တစ်သိန်းကို ပြင်ထားလိုက်  အဲ့လိုမှ မလုပ်ရင် မင်းရဲ့ လျှို့ဝှက်ချက်ကို မင်းရဲ့ စပွန်ဆာဆီ ငါ ဖော်ထုတ်လိုက်မယ်  ဒီလို ဖြစ်တာကို မင်းမလိုချင်ချင်ဘူး ဟုတ်။ " 



ဘာ လျှို့ဝှက်ချက်လဲ?



တဖက်သူက စာပို့ပြီးတာနဲ့ သူမ ဘယ်လောက်မေးမေး ဘာမှပြန်မပြောတော့ပေ။



ကြည့်ရတာ အခွင့်ကြုံတာနဲ့ မူလကိုယ်ရဲ့ အဆက်အသွယ်တွေကို စစ်ကြည့်ရတော့မယ်။



System က စိတ်ရှုပ်ထွေးသွားပြီ " အာ? ဘာလျှို့ဝှက်ချက်လဲ။ မူလကိုယ်က  ကြမ်းကြုတ်တဲ့ အမျိုးသမီး ဇာတ်ပို့ဆိုတော့ ဇာတ်လိုက်အမျိုးသမီးကို အပုတ်ချဖို့ အစွမ်းကုန် လုပ်တာအပြင် တခြား ဘာလျှို့ဝှက်ချက်တွေ ရှိသေးလို့လဲ? "



ပုံစံကြည့်ရတာ  ဒီ system က မျှော်လင့်လို့မရတဲ့ အမှိုက်လိုပဲလား။ သူမဘာသာပဲ စုံစမ်းရတော့မယ်ထင်တယ်။



System က host ရဲ့  အတွေးတွေကို ကြားလိုက်ရပြီးနောက် လက်ကိုင်ပုဝါကိုက်ရင်း ထောင့်တထောင့်တွင် ပုံ့ပုံ့လေးထိုင်နေတော့သည်။



ဒီနေ့ကလည်း host က ရှောင်းထုံကို မနှစ်သက်တဲ့ နောက်ထပ် တစ်နေ့ပဲ။



ထိုအချိန်  ချောင်းမိုရှေ့သို့ လူတစ်ယောက် လာရပ်သည်။ ထိုသူမှာ ညကောင်းကင်တွင် တောက်ပနေသော လမင်းကဲ့သို့ စိတ်နေစိတ်ထားရှိသော ကျက်သရေရှိရှိ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်သည်။



တစ်ဖက်လူက ကုလားထိုင်ကို ဆွဲထုတ်ပြီး မျက်နှာတွင် အပြုံးဖျော့ဖျော့ ချိတ်ဆွဲလျက် ထိုင်ချလိုက်ကာ  "  မစ္စ ချောင်း၊ ခုန ကျွန်မ ဝင်လာထဲက ဒီမှာထိုင်နေတဲ့လူက နည်းနည်းရင်းနှီးတယ်လို့ ခံစားနေရတာ။ အဲ့တာနဲ့ ဒီဖက်လျှောက်လာလိုက်တော့  တကယ့်ကို ရှင်ဖြစ်နေတာပဲ။ ရှင်လည်း လမ်းလျှောက်ထွက်လာတာ တကယ့်ကို တိုက်ဆိုင်တာပဲ။ ရှင်ရော ကျန်း မိသားစုပါတီ အတွက် အဝတ်အစားတွေ ပြင်နေတာလား။ "



System လုပ်ထားတဲ့ စူးရှတဲ့ အနီရောင် အချက်ပေးသံက သူမ၏ စိတ်ထဲတွင်  မြည်နေခဲ့သည်။ “အမျိုးသမီး ဇာတ်လိုက် အမျိုးသမီး ဇာတ်လိုက်၊ အမျိုးသမီး ဇာတ်လိုက်က  ဒီမှာ ရောက်နေပြီ။  Host က စိတ်အားထက်သန်စွာနဲ့  အမျိုးသမီးဇာတ်လိုက်ကို တိုက်စစ်ဆင်ရမယ်၊ မျက်နှာဖြတ်ရိုက်ပြီး အမျိုးသမီး ဇာတ်လိုက်ကို သူ့နေရာ သူသိအောင် လုပ်လိုက်ပါ။ ကူးပြောင်းလာတဲ့ ဇာတ်ပို့အမျိုးသမီးဇာတ်ကောင်က အင်အားအကြီးဆုံးပါပဲ။ "



System ၏ တရစက်ပြောနေသံကြောင့် ချောင်းမို ခေါင်းပင် ကိုက်လာကာ လက်မြှောက်၍ သူမ နဖူးကိုပွတ်လိုက်ပြီး  " တိတ်တိတ်နေ ! "



ပိုင်ယွဲ့ကွမ်းက ချောင်းမို အဲ့လို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်မယ်လို့ မထင်မှတ်ထားသည့်အတွက် ကြက်သေသေသွားခဲ့သည်။



ထိုအချိန် မီးရောင်တဖြတ်လင်းသွားပြီး ထောင့်အကွယ်တွင် ထိုင်နေသော သူတစ်ယောက်က  ဤဖြစ်စဥ်ကို ဓါတ်ပုံရိုက်လိုက်သည်။



နောက် တစ်စက္ကန့်လောက်အကြာ  အဆောက်အဦး အပေါ်ဆုံးထပ်ရှိရုံးခန်းတွင်  ထိုင် အလုပ်လုပ်နေသော ကျန်းလော့ကျစ်တစ်ယောက် ထိုပုံကို လက်ခံရရှိပြီး ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်သွားခဲ့သည်။




“ ဟေး ဘရားသား၊ မင်းအိမ်နောက်ဖေး မီးလောင်နေတာကို ဘယ်လို ခံစားရလဲ။ ဒီလို မြင်ကွင်းကောင်းလေး  မှတ်တမ်းတင်လာပေးတဲ့ ငါ့ကို ကျေးဇူးမတင်ချင်ဘူးလား? “ အိုးရန်မင်က စလိုက်သည်။



ကျန်းလော့ကျစ်က မျက်မှောင် ကြုတ်ကာ ချက်ချင်းပြန်ဖြေလိုက်သည် - ပျင်းစရာကောင်းတယ်။



ပြီးတာနဲ့ ချက်ချင်း အိုးရန်မင်ဆီက ဖုန်း၀င်လာကာ “ ငါပြောမယ် မင်းကသာ ပျင်းဖို့ကောင်းတာ၊ ငါ မင်းကို ဒီလောက် စိတ်၀င်စားဖို့ကောင်းတဲ့ ပုံပို့ပေးတာတောင် ငါ့ကို ငြီးငွေ့စရာပဲလို့ ပြောနေတာလား? ”



“ မင်းဘာလီု့ အဲ့မှာ ရှိနေတာလဲ? ”



အိုးရန်မင်က ပြုံးလိုက်ပြီး “ ငါ့မိသားစုက ငါ့ကို မကြာခင်ကမှ ဘလိုင်းဒိတ်် တွေ့ဖို့ တောင်းဆိုခဲ့တာမလား၊ ခုလေးတင် ဒီမှာ တွေ့ပြီးသွားရုံရှိသေး၊ အဲ့လောက်တိုက်တိုက်ဆိုင်ဆိုင် ပိုင်ယွဲ့ကွမ်းနဲ့ မင်းချစ်သူလေးတို့ ကော်ဖီတူတူ သောက်နေကြတာကို တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်ိမလဲ? ငါ့ကို ဆက်ပြီး မင်းအတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လုပ်စေချင်လား? “



“ လောင်ကျန်း၊ မင်းချစ်သူလေးက ဘယ်ဆိုးလို့လဲ၊ မစ္စ ပိုင်ရဲ့ အမူအရာက သိပ်ကြည့်ကောင်းမနေဘူး။ ”



“ အဲ့တာက ငါနဲ့ ဘာမှမဆိုင်ဘူး။ ”



ကျန်းလော့ကျစ်သည် ဖန်သားပြင်ပေါ်ရှိ ဘဏ္ဍာရေးရှင်းတမ်းကို အေးစက်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။



“ လုပ်စမ်းပါ၊ မင်းကတော်တော် ရက်စက်တာပဲ။ တိုက်ရိုက်ထုတ်လွှင့်ဖို့ ငါ့ကို မလိုတော့ဘူး ဆိုရင်လည်း ငါ သွားတော့မယ်။ ”



ကျန်းလော့ကျစ်က ပြန်မဖြေတော့ပဲ ဖုန်းချလိုက်သည်။



"မစ္စတာ ကျန်း " အတွင်းရေးမှူးက တံခါးတွန်းဖွင့်ပြီး သူ့လက်ထဲမှာရှိတဲ့ ပရောဂျက်ဆိုင်ရာ အချက်အလက်တွေကို  ကျန်းလော့ကျစ်ဆီ တင်ပြလိုက်သည်။ “ဒါက စျေးကွက်ရှာဖွေရေးဌာနက ပေးပို့လိုက်တဲ့ နောက်နှစ်အတွက် အစီအစဉ်ပါ။  ဥက္ကဌ ကျန်းနဲ့ ဒုတိယသခင်လေး တို့က ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ရန်ပုံငွေက မလုံလောက်ကြောင်း ပြောခဲ့ပါတယ်။ ရန်ပုံငွေတွေကို ဖြစ်နိုင်သမျှ မြန်မြန် ခွဲဝေမပေးနိုင်ရင် ဖွံ့ဖြိုးတိုးတက်ရေးဌာနက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးရဲ့ နောက်တဆင့်ကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ အဲ့လိုသာဆို  ထုတ်ကုန်စတင်ရောင်းချမှုကို နှောင့်နှေးစေမည်ဖြစ်ပြီး ချွမ်းရှီ လုပ်ငန်းစုရဲ့ နောက်နှစ် ဈေးကွက်ရှယ်ယာရရှိရေး အစီအစဥ်ကို ထိခိုက်စေပါလိမ့်မယ်။ "



ကျန်းလော့ကျစ်၏ မျက်လုံးများ နက်ရှိုင်းသွားခဲ့ပြီး  "မိသားစုက သူ့ကို အသုံးမကျတဲ့ သခင်လေးတစ်ယောက်အဖြစ် ပျိုးထောင်ခဲ့တာ မဟုတ်ဘူး။ သူ မလုပ်နိုင်ရင် အိမ်ပဲ ပြန်လိုက်သင့်တယ်။ သူ့အစား နေရာယူနိုင်တဲ့သူတွေအများကြီးပဲ။ ဖွံ့ဖြိုးရေးဌာနအတွက် ရန်ပုံငွေကို မနှစ်ထဲက အတည်ပြုထားပြီးသား။ အခု သူက ငါ့ကို ရန်ပုံငွေ ထပ်တောင်းနေသေးတယ်။ ပြီးတော့ အဲ့တာက ဖွံ့ဖြိုးရေးအတွက်?  ဌာနက ပိုက်ဆံမရှိတော့တာလား၊ ဒါမှမဟုတ် သူပဲ ပိုက်ဆံပြတ်နေတာလား? "



အတွင်းရေးမှူးသည် တခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး ကျန်းလော့ကျစ် စိတ်အခြေအနေကောင်းဘူး ဆိုတာကို သတိပြုမိသွားခဲ့သည်။



ဘယ်လိုပင်ဖြစ်ပါစေ ချမ်းသာသော မိသားစုမှ အကြောင်းအရာများသည် သူကဲ့သို့ အတွင်း‌ရေးမှူးလေးက ပြောနိုင်သော အရာမဟုတ်သောကြောင့် ခေါင်းငုံ့ပြီး အသံတိတ်နေလိုက်သည်။



ကျန်းလော့ကျစ်က ပြတင်းပေါက်ဆီ လျှောက်သွားလိုက်ပြီး ကြီးမားတဲ့ ပြင်သစ်စတိုင် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ အောက်ဖက်က ပုရွက်ဆိတ်များကဲ့သို့ ပျားပန်းတခတ် လှုပ်ရှားသွားလာနေကြသော လမ်းသွားလမ်းသာ များကို ကြည့်နေခဲ့သည်။ သူ ဆေးလိပ်တလိပ်ကို ထုတ်ပြီး မီးညှိလိုက်ကာ တငွေ့ငွေ့တောက်လောင်နေသော မီးအလင်းကို ငေးကြည့်နေမိသည်။



အချိန်အတော်ကြာပြီးနောက် “ အချို့လူတွေက မင်းနည်းနည်းလောက် မျက်နှာသာပေးမိတာနဲ့ သူတို့ရဲ့ လိုအင်က ကြီးလာပြီး သူတို့နေရာကို မေ့သွားလိမ့်မယ်။”