အပိုင်း ၆
Viewers 417

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၆



 


ကျန်းလော့ကျစ်သည် စီးကရက်တိုကို ဖိချေလိုက်ပြီး ကုတ်အင်္ကျီကို ဝတ်ကာ တံခါးမှ လျှောက်ထွက်လာခဲ့သည်။ တံခါးဝသို့ရောက်သောအခါ အတွင်းရေးမှူးအား မပြောင်းလဲသောအမူအရာဖြင့် ပြန်ကြည့်လိုက်ပြီး  " ကျန်းယွဲ့ကျစ်ကိုပြောလိုက်၊  နောက်နှစ် အမှီ ထုတ်ကုန်အသစ်တွေ မရောင်းချနိုင်ရင် သူ ဒီနေရာမှာ ဆက်ရှိနေဖို့ မလိုတော့ဘူး။ " 



အတွင်းရေးမှူးက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။



ကျန်းလော့ကျစ်က ကုမ္ပဏီ၏ မြေအောက် ကားဂိုဒေါင်ဆီသို့ တိုက်ရိုက် ဓာတ်လှေကားဖြင့် ဆင်းသွားလိုက်သည်။ ကားပေါ်ရောက်တာနဲ့ သူ့ဘေးနားက ကားပေါ်ကနေ မောက်မာတဲ့ လေချွန်သံကို ကြားလိုက်ရသည်။



သူ ခေါင်းကို လှည့်ကြည့်လိုက်တော့  ကျန်းယွဲ့ကျစ်က လေကြောင့် လူးလွင့်နေသော ဆံပင်အနီရောင်ဖြင့် ပြိုင်ကားအနီပေါ်တွင် ထိုင်နေရင်း သူ့ကို လေချွန်ပြကာ " အစ်ကို၊ ကျွန်တော့ တောင်းဆိုချက်က အဆင်ပြေတယ်မလား "



ကျန်းလော့ကျစ်က သူ့ကို ပေါ့ပေါ့ပါးပါးပဲ  တချက်စိုက်ကြည့်လိုက်သည်။ ကျန်းလော့ကျစ်ကို ကြည့်ရင်း ကျန်းယွဲ့ကျစ် မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း မှိန်ဖျော့လာကာ သူစိုးရိမ်စ ပြုလာသည်၊



“ မင်းစီးပွားရေးကိစ္စတွေ မေးမယ်ဆို စည်းကမ်းချက် အတိုင်းလုပ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဆိုရင်တော့ စီးပွားရေးအကြောင်းတွေ ပါမလာနဲ့။ ကုမ္ပဏီမှာ မင်းနဲ့ ငါက လက်အောက်ငယ်သားတွေပဲ၊ ညီအကို မဟုတ်ဘူး။ ”



သူပြောပြီးတာနဲ့ ကားပြတင်းမှန်ကို တင်ပြီး မောင်းထွက်သွားလိုက်သည်။



ကျန်းလော့ကျစ်၏ အနက်ရောင် မေဘတ်ချ်ကား ထွက်သွားသည်ကို ကြည့်ရင်း ကျန်းယွဲ့ကျစ်က နှာရှုံ့ပြီး ခပ်ငေါ့ငေါ့ဖြင့်  " မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ။  နောက်ခံကောင်းတဲ့ တရားဝင်မိန်းမကနေ မွေးလာတဲ့ မင်းရဲ့ ကံကောင်းခြင်းသာ မရှိရင် အဲ့ဒီနေရာမှာ ထိုင်နေနိုင်ပါိ့လား။ "



**


ကော်ဖီဆိုင်မှာ ချောင်းမိုက ပိုင်ယွဲ့ကွမ်းကို ကြည့်လိုက်ကာ “ မစ္စပိုင် ကျွန်မဆီက တခုခု လိုအပ်တာရှိလို့လား? ”



သူမက ဇာတ်ရုပ်အကြောင်း သိချင်ရုံ သပ်သပ်သာဖြစ်ပြီး system ပြောသလို ဇာတ်လိုက်မကို မျက်နှာဖြတ်ရိုက်ပြီး နင်းချေဖို့ စိုးစင်းမျှ စိတ်ကူးမရှိပေ။



ချမ်းသာတဲ့ မိသားစုက အကြီးဆုံးသမီးတယောက်အနေနဲ့ အစားထိုးတယောက်ရှိထားသော ယောက်ျားတစ်ယောက်နှင့် အတူရှိဖို့ မလွယ်ကူသလို အဲ့ဒီ အစားထိုးဖြစ်တဲ့ သူမနဲ့ ဒီနေရာမှာ ရှိနေဖို့လည်း မလွယ်ကူပေ။



မျှမျှတတပြောရရင် ပိုင်ယွဲ့ကွမ်းက စိတ်ထားလည်းကောင်းသလို ရုပ်ရည်လည်းလှသည်။ သူမသည် ဉာဏ်ရည်ထက်မြတ်သော ကြင်နာရက်ရောတတ်တဲ့ နတ်ဘုရားမလိုပင်။ တစ်ချက်ကြည့်လိုက်တာနဲ့ လောဘကြီး ဂုဏ်မောက်တဲ့ မူလကိုယ်နှင့်မတူစွာ သူမသည် မြင့်မားတဲ့ လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသော အလွန်အရည်အချင်းရှိသူ တစ်ယောက်မှန်း မြင်နိုင်ပေသည်။



သူမသာ ဇာတ်လိုက်ဆိုရင်လည်း နောက်ခံတွေ အရဉ်အချင်းတွေအသာထား၊ သူနဲ့ ဘေးချင်းယှဉ်ရပ်နိုင်တဲ့ ပိုင်ယွဲ့ကွမ်းလို မိန်းကလေးကိုပဲ ကြိုက်မှာပင်။



ချောင်းမိုက ပိုင်ယွဲ့ကွမ်းကိုကြည့်နေစဉ် ပိုင်ယွဲ့ကွမ်းကလည်း ချောင်းမိုကို လေ့လာနေခဲ့သည်။



ပိုင်ယွဲ့ကွမ်းက ချောင်းမိုရဲ့ ကြွားလုံးထုတ်တဲ့ ပုံတွေစာတွေကလွဲလို့  ချောင်းမိုကို တစ်ခါမှ မမြင်ဖူးပေ။ သူမ အခြားသူများပေးသော အချက်အလက်များထဲမှ ချောင်းမို၏ ပုံများကိုသာ မြင်ဖူးသည်။



အခုလို ကိုယ်တိုင်တွေ့ရတဲ့အချိန် ပိုင်ယွဲ့ကွမ်းသည် မနေနိုင်ပဲ တိတ်တိတ်လေး နှိုင်ယှဉ်မိသည်။



ကျောင်းတုန်းက ပိုင်ယွဲ့ကွမ်းဆိုတာ အဖမ်းစားနိုင်ဆုံး အိုမီဂါ တစ်ယောက်ဖြစ်ခဲ့သည်။ မိသားစုနောက်ခံ၊ အရည်အချင်း၊ ပုံပန်းသွင်ပြင် ဘယ်ဟာနဲ့ပဲဖြစ်ဖြစ် သူမကို မယှဉ်ပြိုင်နိုင်ပေ။



အခုချောင်းမိုကို တွေ့လိုက်ရတော့ ကိုယ့်ဘာသာအမြဲဂုဏ်ယူနေတဲ့ ပိုင်ယွဲ့ကွမ်းတောင် မယှဉ်ကြည့်ပဲ မနေနိုင်ပေ။



သူမနဲ့ ဆန့်ကျင်စွာပဲ ချောင်းမိုရဲ့ ဘ၀ကတော့ သာသာယာယာပင်။



ပိုင်ယွဲ့ကွမ်းလို ကြွယ်၀မှုနဲ့ ပြီးပြည့်စုံတဲ့ အလှနဲ့မတူပဲ ချောင်းမို၏ အလှသည် ကြည်လင်ပြီး ၀ိဉာဉ်ရေးရာ အနှစ်သာရနှင့်ပြည့်စုံသည်။



အချုပ်အနှောင်ကင်းမဲ့တဲ့ သဘာ၀နတ်သူငယ်တွေလိုမျိုး လှပပြီး ကျက်သရေရှိတဲ့ ကောင်းကင်ယံက နတ်သမီးလေးလိုပင်။



မိသားစုနောက်ခံကောင်းမရှိတာတောင်မှ သူမရဲ့  လှုပ်ရှားမှုတိုင်းက ဖော်မပြနိုင်တဲ့ သဘာ၀အလှတရားနဲ့ ပြည့်နှက်နေသည်။



အထူးသဖြင့် သူမစိတ်ထဲရှိတဲ့ အတိုင်း ပြောဆိုပြုမူပြီး ဘယ်သူကိုမှ ဂရုမစိုက်ပေ။ ဤသည်မှာ ပိုင်ယွဲ့ကွမ်းမရနိုင်သော ပေါ့ပေါ့ပါးပါး ဘ၀မျိုးပင်။ အဲ့တာမလို့ ကျန်းလော့ကျစ်က သူမကို အလိုလိုက်ပြီး ဗီလာမှာ သိမ်းထားတာ မအံ့သြတော့ဘူး။



သို့သော် ချောင်းမို၏ ချို့ယွင်းချက်ကလည်း ထိုအလှတရားနှင့် အထိန်းအကွပ်မရှိသော စိတ်နေစိတ်ထားပင်။



အမှန်တော့၊ ရှီးချန်မှာရှိတဲ့ ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းက အရမ်းကြီးသည်။ အများအားဖြင့် လူတိုင်းက မင်းကို ကြည့်လိုက်တာနဲ့ ယဥ်ယဥ်ကျေးကျေးပြုမူကြသည်။ ဒါပေမယ့် အဲဒါက အပေါ်ယံပဲ။ လူတိုင်း၏ မျက်လုံးတွေက  မင်းအပေါ်မှာပဲ ရှိနေလိမ့်မည်။



ချောင်းမိုက ဒီလိုအသိုင်းအဝိုင်းမျိုးတွင် ကြာကြာ မရှင်သန်နိုင်ပေ။



ကျန်းမိသားစုကလည်း ချောင်းမိုလိူ လူမျိုးကို မစ္စ ကျန်း ဖြစ်စေချင်မည် မဟုတ်ပေ။



သူမ၏ နှလုံးသားထဲတွင် နှိုင်းယှဥ်မှု အချို့ ပြုလုပ် ပြီးနောက်  ပိုင်ယွဲ့ကွမ်းက ဆုံးဖြတ်ချက် ချလိုက်သည်။ ချောင်းမိုက သူမအတွက် စိုးရိမ်စရာ မလိုတဲ့သူတစ်ယောက်လို့ ခံစားမိပေမယ့် ပိုင် မိသားစုရဲ့ လက်ရှိအခြေအနေက သူမကို အလေးအနက်ထားဖို့ တွန်းအားပေးနေသည်။



နောင်မှ နောင်တရတာထက် အခုသေချာလုပ်ထားတာက ပိုကောင်းတာပဲလေ။



ကျန်းလော့ကျစ်ဆိုတာ ငယ်ငယ်ထဲက ခေါင်းမာတဲ့ သူမျိုး၊  အကယ်၍ ချောင်းမိုကသာ ကျန်းလော့ကျစ်ရဲ့ နှလုံးသားကို ရရှိပြီး သူမကို ဂုဏ်ပုဒ်တခုပေးဖို့ တောင်းဆိုလာမယ်ဆို ကျန်းလော့ကျစ်ကလည်း အခက်အခဲမှန်သမျှ ရင်ဆိုင်ပြီး ချောင်းမိုကို ထောက်ပံ့ပေးလိမ့်မည်။



ဒါကိုတွေးမိပြီး ပိုင်ယွဲ့ကွမ်းက အနည်းငယ် ပြုံးပြီး ရက်ရောစွာပြောလိုက်သည်။ "  ဘာမှတော့မဟူတ်ပါဘူး၊  အရင်ရက်တုန်းက ရှင် ကျွန်မကို ပို့ခဲ့တဲ့ ပုံနဲ့ ပတ်သတ်ပြီး ရှင်းပြချင်လို့ပါ "



" တကယ်တော့၊  အားလော့နဲ့ ကျွန်မက ဘာမှမပတ်သတ်ပါဘူး။ ကျောင်းတုန်းက အားလုံးက ငယ်ရွယ်ပြီး အချင်းချင်း စနောက်ကြရုံတင်ပါ။ တရုတ်ကိုပြန်ရောက်တာကြာပြီဆိုတော့ ငယ်ငယ်ထဲကသိလာတဲ့ သူငယ်ချင်းတွေက ကျွန်မတို့ကိုခေါ်ပြီး မိတ်ဆုံစားပွဲလုပ်ကြတာ၊ စားသောက်ပြီးတာနဲ့ လမ်းခွဲလိုက်ကြတာပဲ။ ပြောရမယ်ဆို ကျွန်မက အားလော့ကို တလျှောက်လုံး မောင်လေးတယောက်လိုပဲ သဘောထားခဲ့တာ။ ဒီကောလဟာလတွေကြောင့် ရှင် သူ့ကို အထင်မလွဲဖို့ ကျွန်မမျှော်လင့်ပါတယ်။ "



ချောင်းမို - " ? "



ဘာလို့ ပိုင်ယွဲ့ကွမ်းက သူမနဲ့ ကျန်းလော့ကျစ်တို့လုပ်ခဲ့တာတွေကို အကုန်လာရှင်းပြနေတာလဲ။ သူမက ပိုက်ဆံနဲ့ငှားထားတဲ့ အစားထိုးလေးတစ်ယောက်ပဲလေ။



System က ခုန်ပေါက်ပြီး ချောင်းမို ခေါင်းထဲကရေတွေကို စစ်ထုတ်ဖို့ အပေါက်ပင် ဖောက်ပေးချင်လာကာ "  Host ရူးသွားပြီလား၊ သူမက မင်းကို လှောင်နေတာလေ၊ နားလည်လား။ ပြန်စဥ်းစားကြည့်စမ်းပါ၊  ကျန်းလော့ကျစ်နဲ့ အခု တရားဝင် ဆက်ဆံရေးရှိနေတာက host လေ၊ အဲ့တာကို သူမက ကျန်းလော့ကျစ်နဲ့ အပြင်မှာ ဘာတွေလုပ်ခဲ့တယ် ဆိုတာပြောပြနေတာက host ကို မထိတထိ လာစနေတာပဲမဟုတ်ဘူးလား? "



"ဇာတ်လိုက်မက အကြံသမား လက်ဖက်စိမ်းမပဲ ( * )၊ host မြန်မြန်ပြန် တုံ့ပြန်လိုက်တော့။ မင်းမှာ ကျန်းလော့ကျစ်ဆီက ဘယ်နေရာမှာမဆို ပွတ်ဆွဲလိုက်ရုံနဲ့ဖြုန်းလို့ရတဲ့  အကန့်အသတ်မဲ့တဲ့ black card ရှိတယ်ဆိုတာ ပြောပြလိုက် "



ချောင်းမို -  ကောင်းပြီ၊ ဒါပေမယ့် အဲ့တာက ငါက ပိုက်ဆံအတွက် လုပ်နေလို့လေ၊ ကျန်းလော့ကျစ်နဲ့ ငါက စာချုပ်ချုပ်ထားတော့ ငါကောင်းကောင်းနေအောင် သူက ပိုက်ဆံပေးထားတာလေ။



အကယ်၍ ဇာတ်လိုက်မ ပြန်လာလို့ ငါ့ကို နှင်ထုတ်စေချင်ရင် ငါကချက်ချင်း အထုတ်ဆွဲပြီး သွားမှာပဲ။



System က သူ့ host ရဲ့ နာခံမှုနဲ့ စည်းကမ်းလိုက်နာနေပုံကြောင့် စိတ်ညစ်ကာ " host၊ မင်း ငါးဆားနယ် မဖြစ်ချင်ဘူးလား၊ ဘာလို့ ဒီလို ထွက်သွားချင်နေရတာလဲ။ မင်း ကျန်းလော့ကျစ်ဆီက ထွက်သွားရင် ဒီလို လှဲနေရုံနဲ့ လစဥ် ယွမ် ငါးသောင်းလောက် ရမယ့် အလုပ်ကို ဘယ်နေရာက သွားရှာမလဲ။ "



ချောင်းမို - နင်ပြောတာအမှန်ပဲ၊ ဒါမယ့် မနေ့ကတင် ငါ မူလပိုင်ရှင်ရဲ့ အကောင့်ကို စစ်ကြည့်လိုက်တာ ယွမ် ငါးသိန်း ကျန်သေးတယ်။ ဇာတ်လိုက်မ ပြန်မလာခင် ငါ ပိုက်ဆံစုဖို့ အကောင်းဆုံးလုပ်မယ်။ ငါ့ရဲ့ အသုံးစရိတ်က အဲ့လောက်မရှိဘူး။ ဒီငွေပမာဏလောက်နဲ့သာဆို  ကျေးလက်မှာ အိမ်ခြံမြေ တခုလောက်ဝယ်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်တာပဲလေ။



System -  "..."



ပိုင်ယွဲ့ကွမ်းက ချောင်းမို စကားမပြောတာကိုလည်း မြင်ရော သက်ပြင်းချလိုက်ပြီး " မစ္စချောင်း၊ ရှင် ကျွန်မနဲ့ အားလော့ကို အထင်လွဲနေသေးတာကိုသိတယ်။ အခုတော့ သွားကြရအောင်။ ကျွန်မ ကျန်းမိသားစုပွဲအတွက် အပ်ထားတဲ့ သီးသန့်ပွဲတက်ဝတ်စုံမှာထားခဲ့တယ်။ အခု ကျွန်မ ဒီဝတ်စုံကို မစ္စချောင်းကို တောင်းပန်တဲ့အနေနဲ့ ပေးမယ်။ "



" အာ? " ချောင်းမို အသိပြန်ဝင်လာပြီး ပိုင်ယွဲ့ကွမ်း၏ စကားကြားတော့ လက်ဝှေ့ယမ်းကာ " မလို၊ မလိုပါဘူး။ ကျွန်မ ဘယ်ပွဲမှ မတက်ဘူး။ ရှင် ဝတ်စုံကို ကိုယ့်ဘာသာ သိမ်းထားလို့ရတယ်။ စိတ်မပူပါနဲ့၊ ရှင်နဲ့ မစ္စတာ ကျန်းတို့ကြားထဲ ကျွန်မ ဝင် မနှောင့်ယှက်ပါဘူး။ "



ချောင်းမိုက ပိုင်ယွဲ့ကွမ်းကို ချိုသာစွာပြုံးပြပြီး ထရပ်ကာ " မစ္စပိုင်၊ ကျွန်မတောင်းပန်ပါတယ်။ မစ္စတာ ကျန်းက စောစောပြန်လာဖို့ ပြောထားတဲ့အတွက် ကျွန်မ ရှင်နဲ့ စကားထပ်ပြောလို့ မရတော့ဘူး။ ရှင် အေးဆေး ကော်ဖီဆက်သောက်ပါ။ တာ့တာ "



ပိုင်ယွဲ့ကွမ်း၏ မျက်နှာက ချက်ချင်း ရှုံ့တွသွားတော့သည်။



ချောင်းမိုက သူမ လွယ်အိတ်ကို ကိုင်ပြီး ကော်ဖီဆိုင်မှ မြန်မြန်ထွက်လာခဲ့သည်။



ကော်ဖီဆိုင်မှ ထွက်လာပြီးနောက် system မှ သူမကို တိတိတဆိတ် လက်မထောင်ပြကာ “  host အဲ့လိုလုပ်မယ်လို့ မထင်ထားဘူး၊ တကယ့်ချက်ကောင်းကိုမှ ထိတာပဲ။ မင်းးက နာမည်ကြီးတဲ့ ပရော်ဖက်ဆာချောင်း ဖြစ်ထိုက်ပါပေတယ်။ မင်းထွက်မလာခင် ဇာတ်လိုက်မ မျက်နှာက တကယ်ဖြတ်ရိုက်ခံလိုက်ရသလိုပဲ။ နမူနာနည်းလမ်း စာအုပ်ထဲကလို မျက်နှာဖြတ်ရိုက်တာမျိုးပဲ “



ချောင်းမို - “ ? “



“ ငါ တခုခု လုပ်ခဲ့လို့လား။ ငါနှုတ်ထွက်မယ်ပြောတုန်းက ရိုးရိုးသားသား ပြောခဲ့တာပဲကို ပိုင်ယွဲ့ကွမ်းက မယုံဘူးလား? ”



System မှာ တခဏမျှ တန့်သွားပြီး ဒါက လက်ဖက်စိမ်းမကို နိုင်တဲ့ ဖြောင့်မတ်သူမိန်းကလေးတယောက်ရဲ့ စွမ်းအားလား၊ ဒါမှမဟုတ် ပိုင်ယွဲ့ကွမ်းရဲ့ ကံမကောင်းမှုကြောင့်ပဲလား။



" ရတယ်၊ ရတယ်၊ လုပ်နေကြအတိုင်းပဲ ဆက်လုပ်ပါ host "



ချောင်းမို မျက်မှောင်ကုတ်ကာ " ဇာတ်လိုက်မ ဘာကိုမှ နားလည်မှုမလွဲတာကောင်းတယ်။ သူတို့ရဲ့ လက်ထပ်ပွဲပျက်တဲ့ထိဖြစ်ရင်ကောင်းမှာ မဟုတ်ဘူး။ ငါ အဲ့တာကို မစ္စ ပိုင်ထံ သေချာရှင်းပြရမယ်။ "



System က  " ငါကြောက်တာက မင်းအဲ့လိုလုပ်ရင် မစ္စပိုင်က မင်း တမင် ဟန်ဆောင်နေတာပဲလို့ထင်မှာ " ဟုတွေးရင်း  စိတ်ထဲကနေရယ်မောလိုက်မိသည်။ 



ချောင်းမိုက system နဲ့ပြောရင်း ဗီလာကို ပြန်ရောက်လာခဲ့သည်။ အချိန်နောက်ကျနေတာတောင် ဗီလာက မီးတွေ မထွန်းထားသေးပေ။ အမှောင်ရိပ်က ဗီလာရဲ့ နေရာတိုင်း ပျံ့နှံ့နေခဲ့သည်။



ချောင်းမိုက တွေးရင်း ကျန်းလော့ကျစ်က သူမကို အိမ်ပြန်ဖို့ မက်ဆေ့ချ်ပို့တာမဟုတ်ဘူးလား။ ဘာလို့ ခုထိ ဗီလာမှ မီးတချောင်းတောင် မဖွင့်ထားတာလဲ။ တခုခုဖြစ်သွားခဲ့တာများလား။



ဒါကို စဉ်းစားရင်း၊ ရှောင်မိုသည် ယနေ့မွန်းလွဲပိုင်းက သူမဝယ်ခဲ့သော ရှေးဟောင်းဆံပင်ညှပ်ကို ကိုင်ဆောင်ကာ ဗီလာဆီသို့ သတိထားပြီး ဂရုတစိုက် လျှောက်သွားခဲ့သည်။



သူမက အခုနေနေရသလို သောက်လိုက်စားလိုက် ပုံမှန်ဘဝမျိုးနဲ့ လှပတဲ့ ငါးဆားနယ်လေးပဲ ဖြစ်ချင်သော်လည်း တကယ်တမ်းမှာ သူမက ဇာ့ဂ်ကျူးကျော်မှုနဲ့ ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုရော လူသားမျိုးနွယ်ရဲ့ အပြင်းအထန် ရုန်းကန်တိုက်ခိုက်မှုတွေ ခေတ်သတ်တခု ဖန်တီးခဲ့တာတွေကို တွေ့ကြုံခဲ့ဖူးတဲ့ ပရော်ဖက်ဆာချောင်းလည်း ဖြစ်နေသေးသည်။



သူမရဲ့ အန္တရာယ် အတွက် ကြိုတင် သတိထားမှုက သာမန်လူတိုင်းထက် သာလွန်နေခဲ့သည်။



ချောင်းမိုက တံခါးပေါက်က မဝင်ပဲ ပြတင်းပေါက်ကို တိတ်တိတ်လေး ဖွင့်လိုက်သည်။ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် ကြောင်လေးတကောင်လို ခုန်ဝင်လိုက်သည်။



ထို့နောက် ချက်ချင်းပင် သူမသည် ပျော့ပျောင်းသော အရာတစ်ခုကို တိုက်မိ၍  အရေပြားနွေးနွေးကို ထိလိုက်မိသည်။



ချောင်းမို၏ နှလုံးမှာ အေးခဲသွားကာ သူမသည် ပြိုင်ဘက်၏လက်ကို ချက်ချင်းဆွဲလိုက်ပြီး သူ့နောက်ကျောဖက်သို့ လိမ်ချိုးလိုက်မိသည်။



ထို့နောက် ဒေါသနဲ့ ရှက်ရွံ့မှုတို့ ပြည့်နေသော အသံတခုက "  ချောင်းမို၊ လွှတ်စမ်း! "



.........


T/N (*) လက်ဖက်စိမ်းမဆိုတာ အပေါ်ယံတော့ ဖြူစင် ရိုးသား ကြင်နာတတ်ပုံနဲ့ တကယ်တမ်း စိတ်ထဲကနေ အကွက်ချပြီး တခြားသူတွေကို သူတို့အပေါ်အကောင်းမြင်အောင်လုပ်ပြီး အမြတ်ထုတ် အသုံးချတက်တာမျိုးပါ။