အပိုင်း ၈
Viewers 420

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၈




နောက်တစ်နေ့ မနက်အစောပိုင်းတွင် ကျန်းလော့ကျစ်သည် အချင်းချင်းရိုက်ခတ်မိသော ပန်းကန်သံတွေနှင့် အစားအသောက်အနံ့တို့ကြောင့် နိုးလာခဲ့သည်။



သူ ရေမြန်မြန်ချိုးပြီး အခန်းတံခါးဖွင့်ကာ ဧည့်ခန်းဆီ လျှောက်သွားမိသည်။ 



ချစ်ဖို့ကောင်းတဲ့ ကာတွန်းရုပ်အေပရွန်ကို ဝတ်ထားသော ချောင်းမိုသည် မွှေးကြိုင်သော ဟင်းပွဲတွေကို ကိုင်ထားပြီး စားပွဲပေါ်သို့ တစ်ခုချင်း နေရာချနေခဲ့သည်။ ပန်းကန်က ပူသေးသောကြောင့်ထင် ချောင်းမိုသည် ချပြီးသည်နှင့် သူမလက်ကိုခါလိုက်ပြီး ထိုနေရာမှာပင် လှည့်ပတ်နေတော့သည်။



ကျန်းလော့ကျစ်၏ အကြည့်ကို သတိထားမိသွားသောကြောင့် သူမလက်ချောင်းကို ပါးစပ်ထဲငုံထားရင်း လှည့်ကြည့်လာကာ ပြုံးပြရင်း " မစ္စတာ ကျန်း၊ ရှင် နိုးပြီပဲ "



သေချာ ဖြီးသင်မထားသော သူမ၏ဆံပင်များကို ဆံညှပ်တခုဖြင့် စည်းနှောင်ထားကာ အလုပ်လုပ်ထားမှုကြောင့် သူမ၏ပါးများသည် နီမြန်းနေသည့်အပြင် ချစ်စဖွယ်ဝက်ဝံ အေပရွန်ကို ဝတ်ဆင်ထားကာ လုံးဝန်းတောက်ပသော မျက်လုံးတို့ဖြင့် လက်ကိုဆုပ်ထားရင်း ခေါင်းစောင်းကာ သူ့ကို ချိုမြိန်စွာ ပြုံးပြနေသည်။



အပြုံးက ပျားရည်ကဲ့သို့ ချိုမြိန်လွန်းသဖြင့် ကျန်းလော့ကျစ်၏ လျစ်လျှူရှုမှုအပြည့်နှင့် အေးခဲနေသော နှလုံးသားကို နူးညံ့လာစေခဲ့သည်။



အစကတော့ မနေ့က ဓါတ်ပုံနဲ့ အထင်လွဲမှုတို့ကြောင့် ကျန်းလော့ကျစ်မျက်နှာက ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။ သူသည် ချောင်းမိုကို မနက်အစောထဲက သင်ခန်းစာပေးရန် ခေါ်ချင်ခဲ့သည်။



ဒါပေမယ့် အခု နွေးထွေးလွန်းတဲ့ လေထုကြောင့် မသိလိုက်ပဲ ကျန်းလော့ကျစ်၏ မပြောင်းလဲတဲ့ မျက်နှာထားက အရည်ပျော်ကျသွားရကာ နူးညံ့မှုတချို့ကပ်ငြိလာရသည်။



" မစ္စတာ ကျန်း၊ ထိုင်ပြီး ကျွန်မချက်ထားတာကို မြည်းကြည့်ပါဦး "



ချောင်းမိုသည် ရှက်မနေပဲ ကျန်းလော့ကျစ်ကို ရက်ရက်ရောရော ဆွဲခေါ်လာကာ အစားအသောက်များ သေချာ ပြင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် မျက်တောင် တဖြတ်ဖြတ်ခတ်ကာ ကျန်းလော့ကျစ်၏ အကဲဖြတ်မှုကို စောင့်နေခဲ့သည်။



ချောင်းမို၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်များရှေ့တွင် ကျန်းလော့ကျစ်သည် ဘာမှ မငြင်းဆိုတော့ပဲ သူ့ရှေ့စားပွဲပေါ်ရှိ အစားအသောက်များကို ကြည့်ကာ ပန်းကန်နှင့် တူကို တိတ်တဆိတ် ကောက်ယူလိုက်တော့သည်။



ပြင်ဆင်ထားသူသည် အလွန်အမြော်အမြင် ရှိသည်ကို တွေ့မြင်နိုင်ပေသည်။ ပုံမှန် အစားအစာပင် ဖြစ်သော်လည်း  အရောင်တောက်တောက်နှင့် မျက်လုံးကို ဖမ်းစားနိုင်ရုံသာမက မျှတတဲ့အစားအသောက်ပင်(*)  ဖြစ်သေးသည်။ သူဘာကြိုက်လဲမသိသောကြောင့် အားလုံးကို နည်းနည်းစီ ပြင်ထားခဲ့ပုံပင်၊ ချဥ်တာနည်းနည်း၊ ချိုတဲ့ဟင်းပွဲအနည်းငယ်နှင့် အချို့ အစပ်ဟင်းပွဲများပါ ကြည့်ရသည်မှာ အရသာရှိလှပေသည်။


*(မျှတသည့် အစားအသောက် - အာဟာရတန်ဖိုး မျှတအောင်ချက်ထားသောအစားအသောက်များ)



ချောင်းမိုရဲ့ စိတ်အားထက်သန်သော အကြည့်များအောက်တွင် ကျန်းလော့ကျစ် မငြင်းတော့ပဲ နှစ်လုပ်လောက်စားလိုက်သည်။



" ကောင်းတယ် "



ကျန်းလော့ကျစ် ကောင်းတယ်လို့ပြောမှတော့ ဒီဟင်းပွဲတွေက တကယ်ကောင်းလို့ပင်။ တကယ်တမ်းဆို ကျန်းလော့ကျစ် အနည်းငယ်တောင် အံ့အားသင့်သွားရသည်။ ချောင်းမိုမှာ ဒီလို အရည်အချင်းရှိကြောင်း သူမထင်ထားခဲ့ပေ။



သူ ချောင်းမိုနဲ့ စာချုပ်ချုပ်ပြီးနောက် ချောင်းမို အများဆုံးပြောတာက အဝတ်အစား၊ ကား၊ ကျောက်မျက်တွေနှင့် သူမတောင်းဆိုသမျှက ငွေနှင့်ပတ်သတ်သည်ချည်းပင်ဖြစ်၏။



ဒါပေမယ့် ဒါတွေအကုန်လုံးက စာချုပ်တွင်ပါသည့် အတိုင်းအတာထဲမှာပင်၊ သူက လူတွေရဲ့ မျက်စိတွေ နားတွေကိုဖုံးကွယ်ဖို့ ချောင်းမိုကို အသုံးချချင်သည့်အတွက် ဒီငွေပမာဏလောက်ကိုတော့ သူမျက်လုံးထဲမထည့်ပေ။



ချောင်းမိုက သူ၏ လိုက်လျော့မှုကို အလိုလိုက်သည်နှင့် အထင်မှားကာ အဲ့တာကြောင့်ပင် သူမသည် ပိုပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာကာ ဝန်တို၍ သူ့ဘေးကပ်လာသူမှန်သမျှကို နှင်ထုတ်ဖို့ ကြိုးစားခဲ့သည်။



ထို့ကြောင့် ချောင်းမိုသည် ပိုင်ယွဲ့ကွမ်းထံ ဓါတ်ပုံ ပို့ခဲ့သည်ကို ကြားသည်နှင့် သူ ချောင်းမိုကို သင်ခန်းစာပေးဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်၏။



သူ တစ်ခါမှ ချောင်းမို၏ အခုလို အရည်အချင်းကို မတွေ့ခဲ့ဖူးပေ။ အိမ်တော်ထိန်းက တစ်နေ့အစားသုံးနပ်အတွက် တာဝန်ယူထားသည့်အပြင် ချောင်းမိုကလည်း သူ့အပေါ် ဂရုမစိုက်သောကြောင့်ဖြစ်သည်။ တကယ်လည်း သူမ အာရုံထားဖို့လည်း မလိုဘူးလေ။



ထို့ကြောင့် ယခုကဲ့သို့ စားပွဲအပြည့်ဟင်းပွဲတွေကို မြင်ပြီးနောက် ကျန်းလော့ကျစ်လည်း အံ့သြသွားခဲ့ရသည်။



ချောင်းမို စိတ်သက်သာရာရမှုဖြင့် သက်ပြင်းချလိုက်ပြီး မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ကျန်းလော့ကျစ်ရှေ့ ခေါင်းငုံ့ကာ " အဲ့တာဆို ကျေးဇူးပြု၍ စိတ်မဆိုးပါနဲ့ မစ္စတာကျန်း၊ မနေ့ညက တကယ် သူခိုးလို့ ထင်နေခဲ့တာ... မစ္စတာ ကျန်း ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ "



ချောင်းမိုဟာ မနေ့က ကျန်းလော့ကျစ်ကို မတော်တဆ နာကျင်စေခဲ့တဲ့အတွက် တကယ်ကို အပြစ်ရှိသလို ခံစားခဲ့ရတာကြောင့် သူမက စောစောထပြီး ကျန်းလော့ကျစ်နှင့် ပြေလည်ရာပြေလည်ကြောင်းလုပ်ဖို့  မနက်စာ စားပွဲကောင်းကောင်း ပြင်ဆင်လိုက်တာပင်။



ကျန်းလော့ကျစ်က ပြန်မဖြေဘဲ သူ့တူတွေကို ချလိုက်ပြီး ချောင်းမိုကို ကြည့်လိုက်သည်။



ချောင်းမိုက တကယ့်ကို အရင်ကထက် သိတတ်လာတာပဲ။ သူ့အမှားတွေကို ဘယ်လိုဝန်ခံရမယ်ဆိုတာနဲ့  ဘယ်လို ခေါင်းညွှတ်တောင်းပန်ရမယ်ဆိုတာကို သိလာတဲ့အပြင် သူ့ကို ပျော်ရွှင်အောင် လှည့်စားဖို့ နည်းလမ်းတွေတောင် သိလာသေးသည်။



ဒါပေမယ့် ချောင်းမိုက  တကယ်ကို သိတတ်လာတာလား၊ ဒါမှမဟုတ် သူ့ကို တခုခု ဖုံးကွယ်ထားလို့  သူ့ရှေ့မှာ ချစ်ဖို့ကောင်းပြီး အသိဉာဏ်ရှိတဲ့ ဟန်ဆောင်ပြီး အပြင်လူတွေရှေ့မှာ ခက်ထန်မာနကြီးတဲ့ သူလို လုပ်ပြနေတာလား။



ပြီးတော့ ချောင်းမိုရဲ့ ကျွမ်းကျင်မှု၊ ချောင်းမိုဆီမှာ ဘာလို့ ဒီလို သွက်လက်တဲ့ အရည်အချင်းမျိုးရှိနေတာလဲ။



ကျန်းလော့ကျစ်က သူ့ကိုယ်သူ အားနည်းတဲ့ အိုမီဂါ တစ်ယောက်လို မဟုတ်ကြောင်း သတ်မှတ်ထားခဲ့သည်။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုအပေါ်  ကန့်သတ်ထားခံရရင်တောင် သူ့ရဲ့ ကာယကြံ့ခိုင်မှုကို မြှင့်တင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် အယ်လ်ဖာနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သာမန် အမျိုးသား ဘီတာလောက် ကိုတော့ အလွယ်တကူ အနိုင်ယူနိုင်သည်။ သို့သော် မနေ့က သူ့ကို ဖိနှိပ်ဖို့ ချောင်းမိုအတွက် အလွန်လွယ်ကူနေသယောင်ပင်။ သူသည်  ကြမ်းပြင်ပေါ် ဖိထားခြင်းခံရပြီး အနည်းငယ်မျှတောင် မတွန်းလှန်နိုင်ပေ။



ချောင်းမိုက သူ့ကို နောက်ထပ် အံ့အားသင့်စရာ ဘယ်လောက်များများ ယူလာပေးနိုင်လဲ ဒါမှမဟုတ် တခြားသူက အမြဲတမ်း ဟန်ဆောင်နေခဲ့တာလား။



"မစ္စတာ ကျန်း? "



ကျန်းလော့ကျစ်  စကားမပြောတာကို မြင်လိုက်ရတော့ ချောင်းမိုက သူ့ကို တိတ်တဆိတ် စိုက်ကြည့်ရင်း စိတ်ထဲ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိတာကြောင့် သူမ သတိထားပြီး မေးလိုက်သည်။



"မစ္စတာ ကျန်း၊ ကျွန်မ မနေ့က…”



ချောင်းမိုက ဆက်ရှင်းပြချင်ပေမယ့် သူမရဲ့ မျက်လုံးတွေက ရွေ့သွားပြီး ကျန်းလော့ကျစ်ရဲ့ လက်ကောက်ဝတ်ပေါ် ကြည့်မိသွားခဲ့သည်။ 



ယခုအချိန်တွင် ကျန်းလော့ကျစ်သည် သူ၏ ရုံးတက်အနောက်တိုင်းဝတ်စုံကို မဝတ်ထားဘဲ ပေါ့ပေါ့ပါးပါးရှပ်အင်္ကျီကို ၀တ်ဆင်ထားကာ  ရှပ်အင်္ကျီလက်များကို လိပ်ထားသည်။ ပန်းကန်လုံးပေါ် အသာတင်ထားသောကြောင့် သူ၏ဖြူဖွေးသွယ်လျသော လက်ကောက်ဝတ်ကို ပေါ်လွင်နေစေသည်။



ကျန်းလော့ကျစ်၏ လက်များသည် လှပသောအနုပညာလက်ရာတစ်ခုကဲ့သို့ ဖြစ်သည့်အပြင်သူ၏လက်ကောက်ဝတ်များသည်ပင် ချောမွေ့သောကျောက်စိမ်းနှင့်တူသော်လည်း ယခုအခါတွင် ထို သေးသွယ် ဖြူဝင်းသောလက်ကောက်ဝတ်များတွင် သူမ လက်ချောင်းများ၏ အတိအကျဆိုဒ်အတိုင်း အညိုမဲများ ရှိနေခဲ့သည်။



"မစ္စတာ ကျန်း! "



ချောင်းမိုသည် အံ့အားသင့်စွာ မတ်တပ်ထရပ်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။



သူမ တကယ့်ကို ကျန်းလော့ကျစ်ကို နာကျင်စေဖို့ မရည်ရွယ်ခဲ့ဘူး။ သူမ အားအများကြီး မသုံးခဲ့တာ သေချာရဲ့နဲ့ ဘယ်လိုလုပ် ကျန်းလော့ကျစ်ရဲ့ လက်ကောက်ဝတ်က ခုလိုဖြစ်သွားတာလဲ?



မနေ့ကထိ ကျန်းလော့ကျစ်က သူမထိလိုက်ရုံနဲ့ ငိုသွားလောက်တဲ့ထိ တကယ့်ကို ရှက်ရွံ့တတ်တာပဲဟု ထင်နေခဲ့တာဖြစ်သည်။ သူက အာဏာရှင်သူဌေးနှင့်တောင် မတူပေ။ ဒါပေမယ့် ဒီနေ့ ကျန်းလော့ကျစ် လက်ကောက်ဝတ်က အိမ်တွင်းအကြမ်းဖက်မှုလိုဖြစ်နေသော ဒါဏ်ရာတွေကို မြင်မှ သူမ မတန်တဆ လုပ်လိုက်မိတယ်ဆိုတာ သိခဲ့ရတော့သည်။ 



မနေ့က ကျန်းလော့ကျစ်ရဲ့အမူအရာက တစ်ခုခုမှားနေသလိုဖြစ်တာ အံ့သြစရာမရှိတော့ဘူး။  သူ့လက်ကောက်ဝတ်ကို အားနဲ့ ညှပ်ကိုင်ခံထားရတာ ဘယ်လောက်တောင် နာကျင်လိုက်မလဲ။ ကျန်းလော့ကျစ်က သူ့မျက်နှာကို ထိန်းသိမ်းချင်လို့ မအော်တာပဲဖြစ်ရမယ်။  နောက်ဆုံးတော့ သူမအားကို သူမဘာသာ လျော့တွက်ခဲ့မိတာပဲ။



သွားပြီ။ ဟင်းအပြည့်နဲ့ စားပွဲ တစ်ခုထဲနဲ့ သူမ အမှားကို ပြင်နိုင်တော့မယ် မထင်ဘူး။



ကျန်းလော့ကျစ်သည် ချောင်းမို၏ တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားပြီး ချောင်းမို၏ အကြည့်နောက်လိုက်ကာ သူ့လက်ကောက်ဝတ်ကို မြင်သွားခဲ့သည်။



သူ့အသားအရေက အရင်ထဲက ဖြူဖျော့နေသောကြောင့် အမှတ်အသားများ ချန်ထားရန် လွယ်ကူသည်။ ချောင်းမိုက အဲ့တာကို နားလည်မှုလွဲသွားတာ ဖြစ်ရမယ်။



ကျန်းလော့ကျစ်က မျက်လုံးတွေကို အောက်ငုံ့၍ လက်ကို မြှောက်လိုက်ပြီး အင်္ကျီလက်ကို ဖြည်ချလိုက်ကာ ပေါ့ပေါ့ပါးပါးနှင့်  “အဆင်ပြေပါတယ်” 



"ဘယ်လိုလုပ် အဆင်ပြေမှာလဲ မစ္စတာကျန်း။ ခဏလောက်စောင့်နော် "



ချောင်းမိုက ဘာမှအာရုံမထားတော့ဘူး မြန်မြန်ထရပ်လိုက်ပြီး အထဲဝင်ဖို့ လှည့်ထွက်သွားလိုက်သည်။ သို့သော် ရုတ်တရက် သူမ ပြန်ကြည့်လိုက်ပြီး " မစ္စတာကျန်း၊ ဆေးသေတ္တာက ဘယ်နားမှာလဲဆိုတာ မှတ်မိသေးလား? "



" ဘာမှမဖြစ်ပါဘူး  "



" ဘယ်လိုလုပ် ဘာမှမဖြစ်ရမှာလဲ " ချောင်းမိုက ကျန်းလော့ကျစ်ကို သဘောမတူစွာကြည့်လိုက်ပြီး " ဒဏ်ရာက ရှင့်လက်ကောက်ဝတ်ပေါ်မှာလေ။ ရှင် ဆေးမလိမ်းရင် ပျောက်ဖို့ တစ်လလောက်တောင်ကြာလိမ့်မယ်။ ရှင် တစ်လလုံးလုံး လက်ကောက်ဝတ်ကို ဖုံးထားဖို့လုပ်နေတာလား? "



ကျန်းလော့ကျစ် - " ... "



ကျန်းလော့ကျစ်သည် ချောင်းမိုကြောင့် ဘာမှမပြောနိုင်ပဲ ဖြစ်သွားရကာ လက်ကိုသာမြှောက်ပြီး ဆေးသေတ္တာရှိသည့်နေရာကို ညွှန်ပေးရုံသာ တတ်နိုင်တော့သည်။



ချောင်းမိုသည် ဆေးအဆီတွေ့ရှိပြီး အသုံးပြုရန် ညွှန်ကြားချက်များကို ဖတ်ကြည့်ပြီးနောက် အချိန်နှင့်နေရာ မတူညီသော်လည်း ဆေးဆီ၏ အာနိသင်မှာ အတူတူပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူမသည် ဆေးဆီယူကာ ကျန်းလော့ကျစ်ဆီ လျှောက်သွားပြီး “ မစ္စတာ ကျန်း၊ ရှင့်အင်္ကျီလက်ကို လိပ်တင်ဖို့ နှောင့်ယှက်ရတော့မယ် "



ကျန်းလော့ကျစ်က ချောင်းမို ကို မော့ကြည့်လိုက်တော့ သူမရဲ့ အာရုံစိုက်မှုက သူ့လက်ကောက်ဝတ်မှာပဲ ရှိနေကြောင်း တွေ့လိုက်ရပြီး သူမရဲ့ မျက်နှာမှာလည်း စိုးရိမ်စိတ် အပြည့်နှင့်ပင်။



သူ တိတ်တဆိတ် အင်္ကျီလက်စများကို လိပ်တင်လိုက်ပြီး ချောင်းမို ရှေ့သို့ သူ့လက်ကို ဆန့်ထုတ်ပေးလိုက်သည်။



ချောင်းမိုက သူမလက်ဖဝါးပေါ် ဆေးဆီကို လောင်းချပြီး အချင်းချင်း ပွတ်လိုက်သည်။ ကျန်းလော့ကျစ်၏ လက်ကောက်ဝတ်ကို ကိုင်ထားပြီး သူ၏ လက်ကောက်ဝတ်ကို ညင်သာစွာ နှိပ်နယ်ရင်း "နာရင်ပြောနော်၊  မနေ့က ရှင့်ရဲ့ လက်ကောက်ဝတ် အရိုးကို မထိခိုက်လိုက်ဘူး။  ရှင် ပြီးရင် နည်းနည်း လက်ကိုလှည့်ကြည့်။ တစ်ခုခု မှားတာရှိမရှိ  ကျွန်မကို ကြည့်ခွင့်ပေးပါ။ "



ပြတင်းပေါက်မှ နွေးထွေးသောနေရောင်ခြည်သည် စားပွဲပေါ်ရှိ ဖန်ပန်းအိုးပေါ်တွင် ကျရောက်နေပြီး အလင်းပြန်ကာ အလင်းတန်းများသူ့ရှေ့ရှိ မိန်းကလေး၏ အေးချမ်းသော မျက်နှာကို အိပ်မက်ဆန်ဆန် ရွှေရောင်သန်းနေစေသည်။



သူမ မျက်လုံးတွေက အောက်စိုက်ကြည့်ရင်း သူ့လက်ကို နာမနာ အာရုံစိုက်ပြီး ပွတ်လိမ်းပေးနေသည့်အတွက် သူမ မျက်တောင်ရှည်တို့က နေရောင်အောင်တွင် ရွှေမှုန် ဖြန်းထားသကဲ့သို့ တောက်ပနေတော့သည်။



မိန်းကလေး၏ လက်ဖဝါးသည် သေးငယ်ပြီး နွေးထွေးသော်လည်း အားကောင်းပေသည်၊ သူမ၏ လက်ချောင်းများက သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် ထိုနွေးထွေးမှုက သူ့အရေပြားကို ထိုးဖောက်ဝင်ရောက်ကာ ကျန်းလော့ကျစ်၏ နှလုံးသားထဲထိတိုင် စီးဆင်းသွားပုံရသည်။