Chapter 53
{ ချွတ်စွပ်နီးပါး တူလွန်းတယ် - ၂ }
ကျန်းမင်ယွမ် ချူးရန်နှင့် ဝိုင်ခွက်ချင်း မတိုက်ဘဲ အချိန်ခဏမျှ မထူးမခြားနားစွာ စိုက်ကြည့်နေလိုက်၏... ထို့နောက်
" ကျွန်တော်တို့အိမ်မှာ ကျွန်တော်ဘာစားချင်စားချင် ချက်ပေးမယ့်စားဖိုမှူးတွေရှိပြီးသား... မစ္စချူးက အိမ်ရဲ့ဧည့်သည်ပါ... ကျွန်တော်တို့အိမ်မှာ ဧည့်သည်ကို ဟင်းချက်ခိုင်းတယ်ဆိုတာကို တခြားသူသိသွားရင် ကျွန်တော်တို့အတွက် မကောင်းဘူး... "
ချူးရန် : " ••• "
ချူးရန်သည် Dateလုပ်ရသောညစာလေးမှာ ယခုလို အနေခက်သွားလောက်သည့်စကားမျိုး ကြားရလိမ့်မည် မျှော်လင့်မထားမိပေ... သူမရဲ့လက်တစ်ဖက်ဟာ ဝိုင်ခွက်ကို ကိုင်မြှောက်ထားရင်း သူမ အပြုံးတို့မှာလည်း တောင့်တင်းသွားခဲ့ရလေတယ်...
" သား... ဘယ်လိုတောင် ပြောလိုက်တာလဲ... သား ငါးကြိုက်တာကို သိလို့ ချူးရန်က သေချာချက်ပေးတာလေ... အိမ်က စားဖိုမှုးတွေနဲ့ လက်ရာချင်းဘယ်တူပါ့မလဲ... "
ဂူမုန့်လီသည် ကျန်းမင်ယွမ်ကို ဆူလိုက်သည်
" ချူးရန်ကို မြန်မြန်ပြန်တောင်းပန်လိုက်... "
" မဟုတ်တာ... ရပါတယ်... Bossကျန်းပြောတာလည်း မှန်တာပဲလေ... သမီးကိုက အဲ့ကိစ္စကို ထည့်မတွေးလိုက်မိတာ... "
ချူးရန် လက်ထဲမှ ဝိုင်ခွက်ကို စားပွဲပေါ်တင်လိုက်ကာ ကျန်းမင်ယွမ်ရှေ့တွင် သဘောထားပြည့်ဝသောအမျိုးသမီးလေးပုံစံနေပြလိုက်သည်..
" ကဲ ကြည့်စမ်း... ချူးရန်လေးက ဘယ်လောက်တောင် ကြင်နာတတ်လိုက်လဲ... "
ဂူမုန့်လီ ချူးရန်ဘက်မှ ဝင်ပြောပေးလိုက်၏...
" သူ့လို ကြင်နာတတ်တဲ့မိန်းကလေးကို မင်းက ဘယ်မှာသွားရှာနိုင်မှာလဲ... ချူးရန်လေးကို လက်လွှတ်လိုက်ရရင် မင်းနောင်တရလိမ့်မယ်နော်... "
ချူးရန်သည် ဂူမုန့်လီ၏ချီးကျူးမှုများကြောင့် ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်... သူမရဲ့ရှက်သွေးဖြာနေသောမျက်နှာလေးသည် ဘေးဘက်မှကြည့်လျှင် သိသိသာသာမြင်တွေ့နိုင်လောက်၏...
" မရဘူး... "
ကျန်းမင်ယွမ် သူ့ရှေ့မှစားပွဲကို စိုက်ကြည့်နေရင်း စိတ်ရှုပ်မှုတို့ ပိုမြင့်တက်လာသည်... သူ လက်ရှိအခြေအနေတွင် ဆက်ပြီးဟန်ဆောင်နေဖို့ ဆန္ဒမရှိတော့...
ဂူမုန့်လီသည် သားဖြစ်သူအား ဝေခွဲမရသောအကြည့်ဖြင့် လှည့်ကြည့်လိုက်ကာ မေးလိုက်လေတယ်... " ဘာ မရတာလဲ... "
" ကျွန်တော် နောင်တ မရဘူးလို့ ပြောတာ... "
ကျန်းမင်ယွမ်ဟာ ထိုစကားကို ပြောချလိုက်ပြီးနောက် တခဏမျှရပ်တန့်လိုက်ကာ ဝိုင်ခွက်ကို မြှောက်လိုက်ရင်း " Sorry "ဟု ချူးရန်ကို တောင်းပန်လိုက်လေသည်...
ထို့နောက်တွင်တော့ ဝိုင်ကို တစ်ကျိုက်တည်းမော့ချလိုက်၏...
ချူးရန် ကျန်းမင်ယွမ်၏လှုပ်ရှားသွားသောလည်စိကို တစ်ချက်ကြည့်လိုက်မိပြီး ရှက်သွေးဖြာသွားပြန်တယ်... သူမက ကျန်းမင်ယွမ်ရှေ့မှ ပန်းကန်ထဲသို့ ဟင်းတချို့ ခတ်ထည့်ပေးလိုက်ချိန်တွင် သူက ရုတ်တရက်မတ်တပ်ထရပ်လိုက်လေသည်...
" ကျွန်တော် စားလို့ပြီးပြီ... ခွင့်ပြုပါအုံး... "
သူ ထိုသို့ပြောကာ နောက်သို့ ပြန်မလှည့်ကြည့်ဘဲ စံအိမ်ထဲမှ ထွက်သွားလိုက်သည်...
" ဟေ ဟေး ဝိုင်လေး တစ်ခွက်ပဲ သောက်ရသေးတယ်လေ... ဘာမှလည်း မစားရသေး... "
ဂူမုန့်လီဟာ သားဖြစ်သူနောက်သို့ လိုက်သွားခဲ့သော်လည်း ကျန်းမင်ယွမ်က လျင်မြန်လွန်းတာကြောင့် မမှီလိုက်ပါဘဲ တံခါးမှထွက်သွားသောကျန်းမင်ယွမ်ရဲ့ကျောပြင်ကိုသာ တွေ့လိုက်ရ၏...
" အန်တီ... "
ချူးရန်သည် သူမတို့ ပထမဆုံးတစ်ကြိမ်တွေ့ဆုံမှုဟာ ယခုလိုအဆုံးသတ်သွားလိမ့်မည်ဟု မထင်မှတ်သောကြောင့် ကူကယ်ရာမဲ့စွာ ဂူမုန့်လီအား လှမ်းခေါ်မိလေသည်...
" စိတ်မပူပါနဲ့ အန်တီကို စိတ်ဆိုးသွားတာပါ... သမီးကို မဟုတ်ဘူး... "
ဂူမုန့်လီ သူမရဲ့ချွေးမအဖြစ်လျာထားသောအမျိုးသမီးငယ်လေးအား နူးညံ့ချိုသာစွာပြောဆိုဆက်ဆံလိုက်သည်... သူမ ချူးရန်၏ပန်းကန်ထဲသို့ ဟင်းအနည်းငယ် ထည့်ပေးလိုက်ရင်း " ဟင်းတွေ ချက်ထားရတာ ပင်ပန်းရောပေါ့... ဒါလေးတွေ စားကြည့်... " ဟုဆိုကာ နှစ်သိမ့်ပေးလေသည်...
ကျန်းမင်ယွမ်နှင့်အတူပါလာသော လက်ထောက်နှင့် ဒါရိုင်ဘာလည်း ညမစားရသေးပေ... အိမ်ထဲတွင် ကျန်းမင်ယွမ်တစ်ယောက် အမေဖြစ်သူနှင့် စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေစဥ်၌ သူတို့နှစ်ဦးကိုလည်း(လက်ထောက်နှင့် ဒါရိုင်ဘာ) စံအိမ်မှအစေခံများက ထမင်းစားရန် ခေါ်ကြ၏...
အစားအသောက်အားလုံးမှာ စားဖိုမှူးများက သေချာချက်ပြုတ်ပြင်ဆင်ထားသည်ကြောင့် အလွန်အရသာရှိလှပေတယ်... သို့သော်လည်း ကံမကောင်းစွာနဲ့ပဲ ၎င်းတို့နှစ်ဦး အနည်းငယ်လောက်ပဲ စားရသေးချိန်တွင် Bossကျန်းက စံအိမ်မှ ပြန်တော့မည်ဟု အိမ်အကူက ပြောလာသည်...
လက်ထောက်နှင့်ဒါရိုင်ဘာတို့ရဲ့မျက်နှာဟာ ချက်ချင်းပြောင်းလဲသွားတော့၏...
၎င်းတို့Bossနှင့် သူ့အမေတို့နောက်တစ်ကြိမ် ရန်ဖြစ်ကြပြန်ပြီ..
ယခုနှစ်အပိုင်းအခြားတွင် သားအမိနှစ်ယောက်ကြားမှ ဆက်ဆံရေးက ပိုလို့ ပိုလို့ ဆိုးဝါးခဲ့သည်... အမေကျန်းက သားဖြစ်သူကို သူမ အလိုကျ ထိန်းချုပ်ချင်နေပြီး စီးပွားရေးတွင်လည်း ထူးချွန်အောင်မြင်လာသောသားဖြစ်တဲ့Bossကျန်းဟာ သူ့အား သူတစ်ပါးက ထိန်းချုပ်လွှမ်းမိုးခြင်းကို လက်သင့်မခံပေ... ထိုသို့ဖြင့် သားအမိကြားဆက်ဆံရေးဟာ အက်ကွဲရာထင်လာခဲ့လေသည်...
ဒါရိုင်ဘာက ကားနောက်ခန်းမှကားတံခါးပိတ်သံကြားတဲ့အခါ မေးလိုက်သည်
" ဘယ်ကို မောင်းရမလဲ Boss... "
" ငါ့နေရာကို... " ကျန်းမင်ယွမ်ဟာ လက်တစ်ဖက်ဖြင့် မျက်ရိုးကို ဖိထားရင်း ပြောလိုက်၏...
ကျန်းမင်ယွမ်တို့ ကား စံအိမ်ကြီးထဲမှ တဖြည်းဖြည်းထွက်လာခဲ့ပြီးနောက် တခဏမျှအကြာတွင် ကားနောက်ခန်းမှအမျိုးသားက ကားမှန်ကို ချလိုက်ကာ တိုးဝင်လာသောလေတို့ကို ခံစားလိုက်ရင်း လက်ထောက်ဖြစ်သူအား လှမ်းမေးလိုက်သည်...
" ငါက မင်းတို့ ညစာစားနေတာကို နှောင့်ယှက်မိသွားလား... "
" မ..မဖြစ်ပါဘူး Boss... ကျွန်တော်နဲ့ လုကြီးတို့ ရုံးနားက အမဲစွပ်ပြုတ်စားရင် ကောင်းမလားလို့တောင် တိုင်ပင်နေတာ... အခုBossက ရုံးဘက်ကို သွားမှာဆိုတော့ လမ်းတောင်သင့်နေသေးတယ်... ဟားဟား..."
လက်ထောက်ဖြစ်သူဟာ အနေခက်စွာ ရယ်မောလိုက်ရင်း ပြာပြာသလဲ ရှင်းပြလိုက်သည်...
လက်ထောက်က ရုတ်တရက် သူ့နှုတ်ခမ်းကို သုတ်လိုက်တဲ့အခါ ဟင်းရွက်အပိုင်းအစသေးသေးလေး ပါလာတာကြောင့် အနည်းငယ်ရှက်သွားခဲ့သည်... သူ့အလိမ်မပိရိခဲ့ပါပေ...
" ငါ့ကို ပို့ပြီးရင် မင်းတို့လည်း ညစာသွားစားကြတော့... ဒါနဲ့ရှင်းလိုက်... "
ကျန်းမင်ယွမ် ဘဏ်ကတ်လေးတစ်ခုကို လက်ထောက်အား ပေးလိုက်သည်...
" ကျေးဇူးပါ Boss..."
💝💝💝💝💝💝💝💝💝
Chapter 54
{ ချွတ်စွပ်နီးပါး တူလွန်းတယ် - ၃ }
သွားလာရေး လွယ်ကူအဆင်ပြေစေရန်အတွက် ကျန်းမင်ယွမ်သည် ကုမ္မဏီသို့ ၅မိနစ်မျှလမ်းလျှောက်သွားနိုင်သော တိုက်ခန်းတစ်ခုတွင်သာ နေထိုင်သည်... သူ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ဓါတ်လှေကား၌ ဝင်ခွင့်ကတ်ကို ဖြတ်လိုက်ကာ အထဲသို့ ဝင်လိုက်၏...
ယခုတိုက်ခန်းသည် ကျန်းကော်ပိုရေးရှင်း၏ ပရောဂျက်များထဲမှတစ်ခုပင်... အထူးသဖြင့် ငွေကြေးအများအပြားသုံးစွဲနိုင်သောသူဌေးများအတွက် ပြုလုပ်ထားခြင်းဖြစ်လေသည်...
တိုက်ခန်းတည်ရှိရာနေရာသည် အချက်အချာကျတာကြောင့် လူဦးထူထည်သော်လည်း ပတ်ဝန်းကျင်တွင် အပင်စိုက်ပျိုးထားခြင်းများစွာရှိသည်... ထိုတိုက်ခန်းတို့မှာ ပုံမှန်တိုက်ခန်းများထက် ၃ ၄ဆလောက် ပိုကျယ်ဝန်းလှ၏... တစ်ယောက်အိပ်ခန်း၊ နှစ်ယောက်အိပ်ခန်းများမှာလည်း ကျဥ်းကျဥ်းလေး မဟုတ်ဘဲ ပုံမှန်အိပ်ခန်းတစ်ခန်း၏၂ဆနီးပါးပင်...
ထိုတိုက်ခန်းများရဲ့ပိုင်ရှင်ဖြစ်သောကျန်းမင်ယွမ်က အပေါ်ဆုံး ၃လွှာတွင် နေထိုင်၏... ပထမအလွှာကို သူ့အတွက်ရုံးခန်း၊ ဒုတိယအလွှာကိုတော့ Gymအဖြစ်အသုံးပြုပြီး အပေါ်ဆုံးအလွှာကို သူနေထိုင်ရာအခန်းအဖြစ် အသုံးပြုပေသည်...
အိမ်ရာက မြို့တော်C၏ ကန်ရေပြင်ကျယ်ကြီးတစ်ခု၏ဘေးတွင် တည်ရှိခြင်းဖြစ်၏... ကျန်းမင်ယွမ်ဟာ ပြတင်းပေါက်ဘေးတွင် တခဏမျှရပ်နေရင်း ကန်ရေပြင်ကျယ်ကြီး၏တခြားတစ်ဖက်ဆီမှမီးရောင်စုံတို့ကို ငေးကြည့်နေချေသည်...
ခေတ္တအကြာတွင်တော့ သူ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် အပေါ်အင်္ကျီကို ချွတ်လိုက်သည်... ထို့နောက်တွင် နက်ကတိုင်ကို ဖြေလျှော့လိုက်ကာ ရှပ်အင်္ကျီ၏ကြယ်သီးသုံးလုံးကို ဖြုတ်လိုက်ချိန်တွင် သူ၏တောင့်တင်းလှသောကြွက်သားတို့နှင့် ဆွဲဆောင်မှုရှိသော ရင်ဘတ်ကြွက်သားတို့ ပေါ်ထွက်လာခဲ့တော့သည်...
ထို့နောက်တွင် ကျန်းမင်ယွမ်ဟာ သူ့အင်္ကျီတို့ကို ချွတ်လိုက်ပြီး workoutလုပ်သည့်အင်္ကျီကို ကောက်ယူလိုက်ကာ Gymရှိသည့်အလွှာဆီသို့ သွားလိုက်သည်..
သွေးပူစေရန် အနှေးလမ်းလျှောက်ခြင်းကို ခဏမျှလုပ်ပြီးနောက်တွင်တော့ နေ့စဥ်လုပ်နေကြလေ့ကျင့်ခန်းတို့ကို စတင်လေ့ကျင့်လို့နေ၏... ကျန်းမင်ယွမ်ဟာ သူ့ရဲ့စိတ်ရှုပ်ထွေးမှု မပျောက်မချင်း Gymဆော့နေခဲ့သည်မှာ ၂နာရီနီးပါးလောက်ကြာခဲ့သည်...
လေ့ကျင့်ခန်းအားလုံးပြီးသွားတဲ့အခါ ရေချိုးလိုက်ပြီး ရေချိုးခန်းဝတ်အင်္ကျီကို ဝတ်ထားရင်း အလုပ်ဆက်လုပ်ရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်..
ကျန်းမင်ယွမ် အသက်၁၈နှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး ကျန်းကော်ပိုရေးရှင်းတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာခဲ့သော်လည်း အသက်ငယ်ရွယ်သေးကာ ကုမ္မဏီနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိတာကြောင့် မည်သူကမျှ သူ့အား မလေးစားခဲ့ကြချေ... ကုမ္မဏီရှိလူကြီးများက သူ့အား ရုပ်သေးရုပ်စီအီးအိုအဖြစ် ပြုလုပ်ရန် စဥ်းစားနေကြသေးသည်...
ကျန်းမင်ယွမ်ဟာ ညီအစ်ကိုမောင်နှမဟူ၍လည်း မရှိပါချေ... အိမ်တွင် အမေဖြစ်သောဂူမုန့်လီနှင့် သူသာရှိပေ၏... ဂူမုန့်လီမှာလည်း ချမ်းသာသောမိသားစုမှ ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်နေရသောမမလေးဖြစ်တာကြောင့် စီးပွားရေးနှင့်ပတ်သက်ပြီး ဖုန့်တစ်မှုန့်လောက်ပင် ဗဟုသုတ မရှိပေ... တစ်နေ့နှင့်တစ်နေ့ တခြားသောသူဌေးသမီးများနှင့် စျေးဝယ်ဝယ်လိုက် လက်ဖက်ရည်သောက်လိုက်ဖြင့်သာ အချိန်ကုန်ဆုံးနေတတ်သည်...
ထို့ကြောင့်လည်း ငယ်ရွယ်သေးသောကျန်းမင်ယွမ်တစ်ယောက် ကူကယ်ရာမဲ့ခဲ့သည်... ခက်ခဲလှသောအခြေအနေမျိုးစုံကို ကိုယ်တွေ့ရင်ဆိုင်ရင်း ကုမ္မဏီနှင့်ပတ်သက်သမျှကို သင်ယူခဲ့ရပေသည်...
ထိုသို့ရင်ဆိုင်ဖြတ်သန်းရင်း ၈နှစ်လောက်ကြာပြီးနောက်မှသာ ကျန်းမင်ယွမ်တစ်ယောက်ဟာ ကုမ္မဏီတွင် အာဏာတည်တံ့လာခဲ့ချေ၏... ဆယ်ကျော်သက် ၁၈နှစ်အရွယ်မှ ၂၆နှစ်အထိတိုင် ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ပြီးနောက်တွင် ဖခင်ဖြစ်သူ မျှော်လင့်ထားသည့်အတိုင်း ထူးချွန်အောင်မြင်စွာ နေထိုင်နိုင်ခဲ့ခြင်းဖြစ်လေတယ်...
ကျန်းမင်ယွမ်ရဲ့ဖခင်ဟာ ချည်းကပ်ရန် ခက်ခဲလှသည်အထိ အလုပ်များလွန်းသူတစ်ယောက်ပင်... သို့သော် သူဟာ မည်သို့ပင် အလုပ်များစေကာမူ သားဖြစ်သူရဲ့ကျောင်းသားမိဘတွေ့ဆုံပွဲကိုတော့ မရ ရအောင် တက်ရောက်တတ်စမြဲဖြစ်ပေသည်...
ကျန်းမင်ယွမ် ဖခင်ဖြစ်သူအကြောင်းကို စဥ်းစားရင်း စားပွဲပေါ်ရှိ မိသားစုဓါတ်ပုံလေးအား ကြည့်လိုက်မိလေသည်... ထိုဓါတ်ပုံလေးထဲတွင် ကျန်းမင်ယွမ်က ၆နှစ်သားအရွယ်သာရှိသေးပြီး မိဘနှစ်ပါးမှာလည်း ငယ်ရွယ်နုပျိုဆဲပင်... သူ ဓါတ်ပုံထဲမှမိခင်ဖြစ်သူရဲ့ပုံကို ထိတွေ့လိုက်ရင်း တစ်ချက်ပြုံးလိုက်မိသည်... သူ့မိခင်က ဘယ်လောက်ပဲပွစိပွစိပြောပါစေ သူ့မိခင်ဖြစ်နေဆဲဖြစ်တာကြောင့် နောက်ပိုင်းတွင် သူမအား နူးနူးညံ့ညံ့စကားပြောမည်ဟု တွေးဆနေလေ၏...
ထို့နောက်တွင် ကျန်းမင်ယွမ် သူ့အတွေးတို့ကို အဆုံးသတ်လိုက်ကာ ဓါတ်ပုံဘောင်လေးကို ပြန်ချလိုက်ပြီး အလုပ်ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်... သို့သော် ထိုစဥ်၌ပင် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာခဲ့တာကြောင့် ဓါတ်ပုံဘောင်အား ပြန်ကောက်ယူကာ ၆နှစ်သားအရွယ်တုန်းက သူ့ပုံရိပ်လေးကို ပြန်ကြည့်လိုက်မိသည်..
ဘယ်လိုပဲကြည့်ကြည့် သူငယ်စဥ်က ပုံစံလေးက သူ့လက်ထောက်ပို့လိုက်သောဓါတ်ပုံထဲမှကလေးလေးနှင့် တော်တော်လေး တူလို့နေသည်...
သေချာစေရန်အတွက် လက်ထောက်ပို့ပေးလိုက်သောပုံကို ပြန်ဖွင့်ကာ သူ့ငယ်စဥ်ကပုံနှင့် ဓါတ်ပုံထဲမှကလေးလေး၏ပုံကို သေသေချာချာတိုက်ကြည့်လိုက်ပြန်တယ်...
ဓါတ်ပုံထဲမှကလေးလေးကို ပထမဆုံးတွေ့လိုက်ရချိန်က သူနှင့်တူသည်ဟု မထင်မိသော်ငြား ယခုလို ငယ်ဘဝက ဓါတ်ပုံနှင့် ယှဥ်ကြည့်လိုက်မိတဲ့အခါတွင်တော့ ချွတ်စွပ်နီးပါးတူလွန်းသည်ဟု ခံစားလိုက်၏...
သူ့လက်ထောက်က သူ့အား နောက်ပြောင်နေခဲ့ခြင်းမဟုတ်ဘဲ ဒီကလေးလေးက သူနှင့်ချွတ်စွပ်တူလွန်းနေသည်မှာ အမှန်ပင်...
" ဘယ်လိုဖြစ်ပြီး..."
💕💕💕💕💕💕💕