အပိုင်း ၂၁
Viewers 431

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၂၁




ကျန်းလော့ကျစ်သည် ကျန်းမိသားစုအိမ်ကြီးရှိ ကပွဲထဲသို့ နတ်သမီးအမျှလှသော ချောင်းမိုကို ပွေ့ဖက်ရင်း ဝင်သွားသောအခါ များစွာသော စူးစမ်းလိုသည့်အကြည့်များနှင့် တီးတိုးသံများကိုဆွဲဆောင်သွားမိခဲ့သည်။



ရှိီးချန်ရှိ ကျန်းမိသားစု၏ အနေအထားမှာ သေချာပေါက် မေးခွန်းထုတ်နိုင်ဖွယ်မရှိသောကြောင့် ကျန်းမိသားစုသည် ပွဲအတွက် ဖိတ်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဝေငှလိုက်သောအခါ ရှိီးချန်ရှိ ချမ်းသာပြီး သြဇာကြီးသူများအားလုံး ထိုပွဲသို့ တက်ရောက်လာကြသည်။



ကျန်း မိသားစုက ရှင်းရှင်းလင်းလင်း ထုတ်မပြောပေမယ့် အတွင်းသတင်းကိုသိနိုင်လောက်သည်အထိ လူတိုင်း၏ လက်တံမှာ နက်ရှိုင်းလှသဖြင့် ဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကို အားလုံးက  သိနေခဲ့ကြသည်။



ကျန်းမိသားစု၏ အထူးချွန်ဆုံးနှင့် တိုက်ရိုက်မျိုးဆက်ဖြစ်သူ၊ ကျန်းတွေရဲ့ပြည့်စုံသော အမွေခံ၊ အသိုင်းအဝိုင်းရှိလူတိုင်း၏ မနာလိုမှုကို ခံရသော ကလေးဖြစ်သည့် ကျန်းလော့ကျစ်သည် ယခု အသက် နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်ပြီး အရေးကြီးသည်မှာ သူသည် တစ်ကိုယ်တည်းဖြစ်နေသေးခြင်းပင်။



အကယ်၍ အိုမီဂါတယောက်သာဖြစ်လျှင်၊ အသက် ၂၈ သို့မဟုတ် ၂၉ ထိ လက်မထပ်ရသေးပါက သူ သို့မဟုတ် သူမသည် အသက်ကြီးလွန်းသောကြောင့် လှောင်ပြောင်ခံရပေလိမ့်မည်။ လူ့အဖွဲ့အစည်းတွင် သည်းခံနိုင်စွမ်းရှိသော အယ်လ်ဖာတစ်ဦးဖြစ်လျှင်ပင်၊ အသက် ၂၈ နှစ်အထိ အိမ်ထောင်မပြုပါက၊ အိမ်ထောင်ပြုရန် မိသားစုမှ အမြဲတစေ တိုက်တွန်းခံရမည်သာဖြစ်သည်။



ကျန်းလော့ကျစ်ရဲ့ အိမ်ထောင်ရေးကို ဒီနှစ်တွေမှာ မစဥ်းစားပေးတာမျိုးမဟုတ်ပဲ သူတို့ဘယ်တော့မှ မအောင်မြင်ခဲ့ကြရုံသာ။ အခုအချိန်မှာ ကျန်းမိသားစုက ရုတ်တရက် ပါးစပ်ဖွင့်လာပြီး တွဲဖက်ရှာသည့်ပွဲကို ကျင်းပမည်ဟု ဆိုလာသောကြောင့် အသက်အရွယ်သင့်တော်သော အိုမီဂါရှိတဲ့ မိသားစုတိုင်းက စိတ်လှုပ်ရှားလာကြပြီး ပွဲအတွင်း အားလုံးရဲ့ တောက်ပမှုကို ခိုးယူရင်း ကျန်းလော့ကျစ်ထံမှ နှစ်သက်မှုကို ရရှိရန် သူတို့၏ အိုမီဂါသားသမီးများကို ခေါ်ဆောင်လာကြတော့သည်။



ဤအိုမီဂါများနှင့် သူတို့၏ မိသားစုများသည် အချင်းချင်း ပြိုင်ဆိုင်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။ ထိုပွဲ၌ ကြီးကျယ်ပြီးဆွဲဆောင်ဖွယ်ရှိသော ရနံ့သည် နေရာတိုင်းတွင် ပျံ့လွင့်နေပြီး လက်ဝတ်ရတနာများမှ အလင်းရောင်များသည်လည်း မျက်လုံးကျိန်းဖွယ် တဖျပ်ဖျပ်တောက်ပနေကာ လှပသောအဝတ်အစားများသည်လည်း လှုပ်ရှားမှုတိုင်းတွင် ယိမ်းနွဲ့နေတော့သည်။



သို့သော်၊ ကျန်းလော့ကျစ်သည် မရင်းနှီးသော အမျိုးသမီးအိုမီဂါတစ်ယောက်၏ လက်ကို ကိုင်ဆွဲကာ ပွဲသို့ တက်ရောက်လာမည်ဟု မထင်ထားသည့်အလျောက် အားလုံး အံ့အားသင့်သွားခဲ့ရသည်။ 



ပွဲရှိလူများသည် အစတွင် အံ့အားသင့်သွားခဲ့ကြပြီး အားလုံး၏ အကြည့်များက ချောင်းမိုအပေါ် ကျရောက်သွားခဲ့ကြသည်။



အမျိုးသမီး အိုမီဂါက ဘယ်သူလဲ။ ဘယ်လိုလုပ်  ရှီးချန်မြို့အသိုင်းအဝိုင်းမှာ မမြင်ဖူးတာလဲ၊ ပြီးတော့ သူမ ကျန်းလော့ကျစ်နဲ့ ဘယ်တုန်းထဲက သိကြတာလဲ။ 



ဝတ်စားဆင်ယင်ဖို့ကို ပိုခက်ခက်ခဲခဲ မပြင်ဆင်ခဲ့လို့ နောင်တရသူတွေ အများကြီးရှိခဲ့သည်။



ကျန်တာအသာထား၊ ကျန်းလော့ကျစ် ဖက်ထားတဲ့ အိုမီဂါရဲ့ မျက်နှာလှလှလေးကိုကြည့်ရုံဖြင့် သူတို့နှလုံးသားထဲ မနာလိုမှုအပြည့်ဖြစ်သွားစေသည်။ သို့သော် သူတို့နှစ်ဦးသားသည် ကောင်းကင်မှတွဲဖက်ပေးထားသော စုံတွဲကဲ့သို့ လိုက်ဖက်လှသည်ကိုတော့ ဝန်ခံရပေမည်။



အိုမီဂါ အမျိုးသမီး၏ မျက်နှာအစိတ်အပိုင်းများသည် ပေါ်လွင်ပြီး နူးညံ့လှပေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ကျက်သရေရှိလှပြီး အပြုံးမှာလည်း တလက်လက်တောက်ပနေသော စိန်ပွင့်ပမာ သန့်စင်လှသည်။



ခန်းမတံခါးပွင့်လာသောအခါ မျက်နှာကျက်ပေါ်ရှိ သလင်းကျောက်မီးအိမ်မှ အလင်းရောင်သည် သူမအပေါ်ဖြာကျနေလေရာ ပွဲတစ်ခုလုံးတွင် အတောက်ပဆုံးနဲ့ အလှပဆုံးရတနာသဖွယ် ဖြစ်နေစေခဲ့သည်။ 



ဤမြင်ကွင်းကို မြင်တွေ့ရလိုက်သူများသည် ပွဲသို့တက်ရောက်ရန် သူတို့၏မူလရည်ရွယ်ချက်ကို လုံးလုံးလျားလျား မေ့လျော့သွားကာ နေရာမှာပင် ရူးကြောင်ကြောင် ကြက်သေသေမိကြတော့သည်။



ကျန မိသားစုနဲ့ စီးပွားရေးစကားပြောချင်ကြတဲ့ အယ်လ်ဖာများတောင် သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသပြီး ထိုမျှ လှပသောအိုမီဂါကို ခေါ်ထူတ်သွားနိုင်ရန် ချက်ချင်း တုံ့ပြန်လာကြတော့သည်။



ထိုကဲ့သို့သော အတွေးများသည် လူတိုင်း၏ နှလုံးသားထဲ လင်းလက်သွားခဲ့သည်။ ကျန်းလော့ကျစ်နဲ့ နီးစပ်ချင်တယ်ဆိုရင်တော့ သင်တို့ အိုမီဂါက  တစ်ခြားသူရဲ့အိုမီဂါအပေါ် လွှမ်းမိုးနိုင်ပါ့မလားဆိုတာကိုလည်း တွေးထားရပေမည်။



သူတို့သည် ပရိသတ်အားလုံး၏ အာရုံစူးစိုက်မှုကို ခံနေရသော်လည်း ကျန်းလော့ကျစ်သည် ဘေးဘီကိုပင် မကြည့်ဘဲ ချောင်းမိုကို တည်ငြိမ်စွာဖြင့် ပွဲလယ်ခေါင်သို့ ဦးဆောင်ခေါ်လာခဲ့သည်။



တစ်ဖက်တွင်၊ ချောင်းမိုသည် သူမပတ်ဝန်းကျင်ရှိ လူများ၏ အမူအရာပြောင်းလဲမှုအားလုံးကို မြင်ခဲ့ရသည်။ သူမသည် ကျန်းလော့ကျစ်အနီးသို့ ချဉ်းကပ်လာစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်ပြီး သူ့နားထဲသိူ့ တိုးတိုးလေးပြောခဲ့သည်။ “မစ္စတာ ကျန်း၊ ဒါ ငါ့ရဲ့တကယ့်ရည်ရွယ်ချက်လား?"



ချောင်းမိုသည် မနေနိုင်ပဲ သူမ၏ပါးကို တိတ်တဆိတ် ညှစ်ပြကာ "ငါ့မျက်နှာက အရမ်းအသုံးဝင်တယ် မဟုတ်လား?"



ကျန်းလော့ကျစ်က သူ့မျက်လုံးတွေကို မော့ပြီး ချောင်းမိုကို ကြည့်လိုက်သည်။ ဒီကလေးမက များသောအားဖြင့် ချစ်ဖို့ကောင်းပြီး မိုက်မဲပေမယ့် သူ့အသွင်အပြင်ကိုတော့ ကောင်းကောင်းသိသားပဲ။



ကျန်းလော့ကျစ် သူမကို ပြန်မဖြေသည်ကိုမြင်တော့ ချောင်းမိုက “ဟေး ဒီလိုပွဲမျိုးမှာ ရှင့်မိဘတွေက ရှင့်အတွက် ဇနီးမယားရှာချင်နေတာ သေချာတယ်။ အခုရှင် ကျွန်မကို ဒီလိုခေါ်လာတော့ ရှင့်မိဘတွေက.... "



"သူတို့ကို ဂရုစိုက်စရာမလိုဘူး"



ကျန်းလော့ကျစ်၏ တိုတိုနှင့် အားကောင်းသော စကားတစ်ခွန်းသည် ချောင်းမို၏ သံသယများကို ရပ်တန့်စေသည်။ တခြားတစ်ယောက်က ဒီလိုစကားမျိုးပြောရင် ပေါ့ပျက်ပျက်နှင့် ရိုင်းစိုင်းသည်ဟုသာ ထင်မိစေမည်။ ဒါပေမယ့် ကျန်းလော့ကျစ်က တည်တည်ငြိမ်ငြိမ်ပြောမှတော့ ဘယ်လိုဝေဖန်မှုမျိုးပဲလာလာ ကျန်းလော့ကျစ်သည် ချောင်းမိုရှေ့တွင်ရပ်ပြီး အရာအားလုံးကို ဖြေရှင်းပေးလိမ့်မည်။



"အကုန်လုံးကို လျစ်လျူရှုထားလို့ရတယ်" အဲဒါကို တွေးပြီးတဲ့နောက် ကျန်းလော့ကျစ်က ထပ်ပြီး “ကိုယ့်ကြိုက်သလိုသာနေ "



ချောင်းမိုသည် ကျန်းလော့ကျစ်ကို နှလုံးသားထဲမှတိတ်တဆိတ် လက်မထောင်ပြလိုက်သည်။



ဒါက မစ္စတာ ဇာတ်လိုက်၊ အာ... မဟုတ်ဘူး၊ ဘယ်တော့မှ ချေမှုန်းလိူ့မရတဲ့ မစ္စတာကျန်းရဲ့ စိတ်ဝိဉာဥ်နဲ့ ဆွဲဆောင်မှုပဲ။



သူတို့နှစ်ဦးသည် အခြားသူများ၏အကြည့်အောက် သေးသေးမွှားမွှားလေးများကို အတူတူ တီးတိုးပြောနေခြင်းသည် သူတို့၏ ဆက်ဆံရေးအကြောင်း ခိုင်မာသောသက်သေတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အခြားသူများအပေါ် အမြဲအေးစက်ပြီး လျစ်လျူရှုတတ်သော ကျန်းလော့ကျစ်သည် သူမနဲ့ အလွန်နီးကပ်ပြီး စိတ်ရှည်စွာ နားထောင်ပေးနေခြင်းသာဖြစ်သည်။ 



အရင်က သူတို့မိသားစုနောက်ခံကို အားကိုးပြီး ကြိုးစားကြည့်ချင်သောသူများသည် အခုလို ခွေးစာပတ်ကျွေးနေသော မြင်ကွင်းကို မြင်လိုက်ရတော့ သူတိူ့စိတ်ထဲမှ အတွေးများ ချက်ချင်း ငြိမ်းသေသွားတော့သည်။



သူတို့ရဲ့ အကြံအစည်တွေကို လွှတ်ချပြီးတဲ့ နောက်မှာတော့ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းကလူ အနည်းငယ်စီက စုရုံးလိုက်ပြီး အဆာပြေစားရင်း ချောမောတဲ့ ယောက်ျားလေးတွေနဲ့ အလှလေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို တိတ်တဆိတ် အားကျနေကြတော့သည်မှာ ကျန်းလော့ကျစ်ကို သိသော ဆိုရှယ်ကျသူတစ်ယောက် စကားစလာသည်အထိပင်။ ထိုသူက "ဟေး မင်းတို့ကြားဖူးလား? ဥက္ကဌ ကျန်းရဲ့ အချစ်ဦးလို့ ကောလဟာလထွက်ထားတဲ့ ပိုင်ယွဲ့ကွမ်းလည်း ပြန်ရောက်နေပြီဆိုတာကို?"



အတင်းအဖျင်းပြောရန် စုရုံးနေသော အမျိုးသမီးများသည် ခဏတာ အံ့အားသင့်သွားပြီးနောက် စူးရှသောမျက်လုံးများနှင့် တစ်စုံတစ်ယောက်သည် ထောင့်စွန်းမှ လှေကားထစ်များနားကို လက်ညှိုးထိုးပြကာ “အဲ့ဒါ ပိုင်ယွဲ့ကွမ်းမဟုတ်ဘူးလား? သူမက ကျန်းလော့ကျစ်နဲ့ အစတုန်းကဖြစ်နိုင်ခြေအရှိဆုံးသူဆိုတော့ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန် သူမဘယ်လိုခံစားရမလဲဆိုတာ ငါတကယ်မသိတော့ဘူး။ ပိုင်ယွဲ့ကွမ်း တရုတ်ပြည်ကို ပြန်လာတာကလည်း အိမ်ထောင်ရေး အတွက်ပဲလို့ ကြားတယ်။ ပိုင်မိသားစုက သူတို့ရဲ့လုပ်ငန်းကို တည်ငြိမ်အောင်လုပ်ဖို့ သူ့မကို လက်ထပ်ပေးဖို့ လိုအပ်နေပုံရပြီး အခုချိန်အသိုင်းအဝိုင်းထဲက လူငယ်တွေထဲရှာကြည့်လိုက်ရင် ကျန်းလော့ကျစ်ထက် ပိုကောင်းတဲ့သူ တစ်ယောက်မှ မရှိပုံပဲ"



ပွဲ၏ထောင့်ရှိ လှေကားထစ်များတွင် လရောင်ဖြူရေသူမဂါဝန်ကို ၀တ်ဆင်ထားသည့် ပိုင်ယွဲ့ကွမ်း၏ မျက်နှာပေါ်တွင် ရုပ်ဆိုးသော အမူအရာရှိနေပြီး ဘေးရှိ လက်ရန်းကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားသည်မှာ သူမ လက်ဆစ်များဖြူဖျော့လာသည်အထိ ဖြစ်၏။



ထိုနေ့က ကျန်းလော့ကျစ် စာပြန်သည်ကို မြင်ပြီးနောက် သူမ အမြဲလိုလို စိတ်မသက်မသာဖြစ်နေကာ ကျန်းလော့ကျစ်နှင့် ၎င်းကိုဖြေရှင်းရန်အတွက် အခွင့်အရေးရှာချင်နေခဲ့သည်။



အထက်တန်းကျောင်းမှာ သူမ ကျန်းလော့ကျစ်ကို မောက်မာစွာငြင်းဆိုခဲ့တယ်ဆိုရင်တောင် မိသားစုပြဿနာတွေကြောင့် တရုတ်ကို ပြန်လာပြီးတဲ့နောက် ပိုင် မိသားစုရဲ့ လက်ရှိအခြေအနေကို တည်ငြိမ်စေချင်ရင် ကျန်းလော့ကျစ်လို့ခေါ်တဲ့ ဒီလှေပေါ်ကို တက်ရမှာပဲဆိုတာ သူမ သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူမသည် ကျန်းလော့ကျစ်ကို သူမ၏ အဆက်အသွယ်များမှတစ်ဆင့် ပြန်လည်ဆက်သွယ်ခဲ့ခြင်းပင်။ ယခုမူ ကျန်းလော့ကျစ်နှင့် ချောင်းမိုကိုကြည့်ရင်း သူမ၏နောင်တနှင့်ခံစားချက်များက သူမကို နစ်မွန်းလုနီးပါးဖြစ်နေတော့သည်။



လူတွေက တကယ့်ကိုထူးဆန်းတဲ့ သတ္တဝါတွေဖြစ်သည်။ သူတို့မှာ ရှိတဲ့ အရာတွေကို ဘယ်လို မြတ်နိုးရမလဲ ဆိုတာ သေချာပေါက် မသိပေမယ့် ဆုံးရှုံးသွားမှန်း သိလာတဲ့အခါ၊ အထူးသဖြင့် ပေါင်းသင်းဆက်ဆံရေးကိစ္စတွေမှာတော့ နောင်တရကြပေလိမ့်မည်။ ပိုင်ယွဲ့ကွမ်းသည် ယခုအချိန်တွင် ထိုသို့သော ခံစားမှုမျိုး ဖြစ်ပေါ်နေမိသည်။



ယခုတော့ ပွဲ၌ အခြားသော အိုမီဂါများ ဆုတ်ခွာသွားခဲ့လေပြီ၊ အခြား တောက်ပသောပုလဲတစ်လုံးဖြစ်သည့် ပိုင်ယွဲ့ကွမ်းသာလျှင် သူမ၏  စိတ်ကိုရှင်းလိုက်ပြီး နှုတ်ခမ်းကိုက်ကာ လျှောက်လာခဲ့သည်။



အကြီးဆုံးဇနီး၏ အမူအရာသည်လည်း အကျည်းတန်နေပေသည်။ ဒီနေ့မှာတော့ သူမသည် အနီရောင်ဂါဝန်ရှည်ကို ၀တ်ဆင်ထားသည့်အတွက် ထက်မြတ် ဝံ့ကြွားပြီး တောက်ပြောင်နေသည်။ ကျန်းလော့ကျစ်က ချောင်းမိုရဲ့လက်ကိုကိုင်ပြီး လျှောက်လာတာကိုတွေ့တော့ အကြီးဆုံးဇနီးဖြစ်သူရဲ့မျက်နှာက အိုးအောက်ခြေလိုပဲ ချက်ချင်းမည်းနက်သွားခဲ့သည်။



ဒါပေမယ့် သူမမျက်နှာကို အနည်းနဲ့အများ ဂရုစိုက်သောကြောင့် ပွဲအတွင်းတွင်တော့ ပေါက်ကွဲပြတာမျိုး မလုပ်ခဲ့ပေ။



အကြီးဆုံးဇနီး၏ အမြင်တွင်၊ ကျန်းလော့ကျစ်နှင့်ထိုက်တန်သောတန်ဖိုးအကြီးဆုံးအရာသည်သူမ၏ အဆင့်အတန်းကိုလည်းပြသသော်လည်း ယင်းသည် ချောင်းမိုနှင့်တော့နှင့် မထိုက်တန်ပါ။



မစ္စတာကျန်းသည် လေးနက်အကြည့်ဖြင့်  သက်လတ်ပိုင်းတစ်ဦးဖြစ်သည်။ သူသည် အငယ်အနှောင်း သုံးလေးယောက် ထောက်ပံ့ထားသော သူနှင့် စိုးစင်းမျှမတူပေ။ သူသည် အာဏာအနည်းငယ်ရှိသော လူလတ်ပိုင်းတစ်ဦးသာဖြစ်သည်။



ကျန်းလော့ကျစ်က ချောင်းမိုကို ဦးဆောင်နေတာတွေ့တော့ သူသည် ချောင်းမိုဘက်သို့ ယဉ်ကျေးစွာ ခေါင်းလှည့်ပြီး ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုနှစ်ခု မေးပြီးသည်နှင့် ကျန်းလော့ကျစ်နဲ့ သူမကို တခြားမိသားစုက စီးပွားရေးသမားတွေထံ ဧည့်ခံခွင့်ပြုလိုက်သည်။



ကျန်းလော့ကျစ်သည် ချောင်းမိုငြီးငွေ့လာသည်ကိုမြင်တော့ သူက သူမလက်ကိုလွှတ်လိုက်ပြီး သူမဘာသာ စားသောက်လည်ပတ်ဖို့ ပြောလိုက်သည်။



ချောင်းမိုသည် ယခုလို စီးပွားရေးနှင့် ကြင်ဖက်တွေ့ပွဲများတွင် ပထမဆုံးအကြိမ် ပါဝင်ဖူးခြင်းဖြစ်သည်။



ထို့ကြောင့် လမ်းတစ်ဝက်တွင် သူမကို ရင်းနှီးသူတစ်ဦးက ဟန့်တားလိုက်သည်။ ချောင်းမိုက အနည်းငယ် အံ့သြသွားမိသည့်အပြင် ပျော်ရွှင်သွားရကာ "မစ္စ ပိုင်၊ ရှင်ပဲ "



ရှုပ်ယှက်ခတ်နေသော ဆက်ဆံရေးမှလွဲ၍ ချောင်းမိုသည် ပိုင်ယွဲ့ကွမ်းကို လုံးဝ စက်ဆုပ်ရွံရှာခြင်းမရှိသည့်အပြင် ပွဲ၌ သူမ သိသူနှင့်တွေ့ဆုံရသည့်အတွက် အနည်းငယ်ပင် ပျော်ရွှင်နေမိသည်။