နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၂၂
ဒါပေမယ့် တခြားသူတွေရဲ့အမြင်မှာတော့ ဒီမြင်ကွင်းက မတူတော့ပေ။ ပွဲမှာ ဖရဲသီးစားရတာကြိုက်တဲ့ အမျိုးသမီးတွေက ရုတ်တရက် သူတို့နှစ်ယောက်ကို ကြည့်ရင်း ဒီရာစုရဲ့ အကြီးမားဆုံး အတင်းအဖျင်းကို ကြည့်ရတော့မလိုမျိုး မျက်လုံးကျယ်ကျယ် ဖွင့်ထားပြီး တည့်တည့်ထိုင်လိုက်တော့သည်။
ပိုင်ယွဲ့ကွမ်းသည် ရိုးရှင်း၍ ချိုသာသော အပြုံးရှိသော ချောင်းမိုကို ကြည့်ကာ "မစ္စချောင်း၊ ကျွန်မ ရှင်နဲ့ စကားခဏထွက်ပြောဖို့ မေးလို့ရမလား?"
ချောင်းမိုက အဆင်သင့် သဘောတူလိုက်သည်။
သူမသည် အစထဲက ကျန်းလော့ကျစ်မှ လူများ၏ ပါးစပ်နှင့် မျက်လုံးများကို ပိတ်ဆို့ရန် စာချုပ်ချုပ်ဆိုထားသည့် အစားထိုးချစ်သူဖြစ်ပြီး သူမတွင်လည်း လိပ်ပြာလုံသော အသိစိတ်ရှိလေသည်။ ထို့ကြောင့် သူမသည် အမျိုးသမီးဇာတ်လိုက် မေးခွန်းထုတ်လာမည်ကို လည်း ပုံမှန်အတိုင်း မစိုးရိမ်ပေ။
ထို့အပြင် သူမပြောခဲ့သည့်အတိုင်း ချောင်းမိုသည် ကျန်းလော့ကျစ်၏ ရှောင်လွှဲမှုနှင့် ခံစားချက်များကို ဖုံးကွယ်ထားသည့်နည်းလမ်းကို အမှန်တကယ် သဘောမတူနိုင်ပေ။ သူမသည်လည်း အမျိုးသားနှင့် အမျိုးသမီး ဇာတ်လိုက်များကြား စိတ်ခံစားချက် စမ်းသပ်သည့်ကစားပွဲတွင် ရောယှက်ရန် မရည်ရွယ်ထားသောကြောင့် ပွဲပြီးသည်နှင့် သူမ ရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားသည်။ ထို့ကြောင့် သူမသည် ပိုင်ယွဲ့ကွမ်းနှင့် ဦးစွာရှင်းရှင်းလင်းလင်း လုပ်ထားရမည်။
ပိုင်ယွဲ့ကွမ်းသည် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက် ယခုလို ပွဲကြီးတွင် ရိုင်းစိုင်းသော သို့မဟုတ် အရှက်ရစေမည့် အပြုအမူမျိုးလုပ်လိမ့်မည်မဟုတ်ပဲ ချောင်းမိုကို စကားပြောရန် ဒုတိယထပ်ရှိ ရှုခင်းကြည့်သည့် လသာဆောင်သို့ သွားရန်သာ ယဉ်ကျေးစွာ ဖိတ်ကြားခဲ့သည်။
ဖရဲသီးကြီးကြီး မစားရဘူးဆိုတာကိုမြင်လိုက်သည်နှင့် အမျိုးသမီးများက စိတ်ပျက်လက်ပျက်နဲ့ ချက်ချင်းပင် အကြည့်များ ဆုတ်ခွာသွားပြီး အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေ အကြောင်းကိုသာ စကားစမြည်ပြောကြတော့သည်။
ဒုတိယထပ်ရှိ မြင်ကွင်းလသာဆောင်တွင် ညနေခင်းလေသည် ဖြည်းညှင်းစွာ တိုက်ခတ်နေပြီး အောက်ထပ်မှ တင့်တယ်သော သံစုံတီးခတ်သံသည်လည်း တိုးတိုးလေး ထွက်ပေါ်နေသည်။ ချောင်းမိုသည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အောက်ထပ်ရှိ နှင်းဆီပန်းဥယျာဉ်သည် မီးကဲ့သို့ ပွင့်လန်းနေသည်ကို တွေ့နေရသည်။ ခံစားရခဲသော ဤစိတ်သက်သာရာရမှုမျိုးကို သူမနှစ်သက်သည်။
"ချောင်းမို"
သူမဘေးတွင်ထိုင်နေသော ပိုင်ယွဲ့ကွမ်းသည် ချောင်းမိုကို ရှုပ်ထွေးစွာကြည့်ကာ "ရှင်က အရမ်းထူးဆန်းတဲ့လူပဲ"
ချောင်းမိုက လက်ထဲရှိ ပိုက်တံကို ညှစ်လိုက်ပြီး ပိုင်ယွဲ့ကွမ်းကို ပြုံးပြကာ "ချီးကျူးမှုအတွက် မစ္စပိုင်ကို ကျေးဇူးတင်ပါတယ်"
ချောင်းမို၏ အကာအကွယ်မဲ့ အပြုံးကို မြင်လိုက်ရတော့ ပိုင်ယွဲ့ကွမ်းသည် သူမ၏ နှလုံးသားထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ " ချောင်းမို၊ ကျွန်မ ရှင့်လို လူမျိုးတွေကို အရမ်းသဘောကျတယ်။ ရှင့်လို လွတ်လပ်တဲ့လူလည်း ကျွန်မအမြဲဖြစ်ချင်နေတာ။ ကျွန်မပြောတာကို နားထောင်ပါ။ ရှင် ကျွန်မကို ကြောင်သူတော်တစ်ယောက်လို့ထင်လိမ့်မယ်၊ မဟုတ်လဲ ကျွန်မပြောမယ့်အရာက ကြမ်းတမ်းရက်စက်တယ်လို့ ထင်ကောင်းထင်နေမိလိမ့်မယ်၊ ဒါပေမယ့် ရှင်ကတကယ်ပဲ ရှီးချန် ရဲ့ ချမ်းသာတဲ့အသိုင်းအဝိုင်းအတွက် မသင့်တော်ဘူး၊ ကျန်းလော့ကျစ်ကို လက်ထပ်ပြီးရင် ယူရမယ့် တာဝန်တွေအတွက်လည်း ရှင်တွေးထားမိမှာ မဟုတ်ဘူး။ "
"ကျွန်မ သိတယ်"
ချောင်းမိုသည် သောက်လက်စကို ချလိုက်ပြီး အနည်းငယ်အေးသော လေနုအေးကို ခံစားရင်း ပိုင်ယွဲ့ကွမ်း၏ အံ့အားသင့်နေသော အမူအရာများကြားတွင် ပျင်းရိငြီးငွေ့စွာဖြင့် "မစ္စတာ ကျန်းကိုလည်း ကျွန်မဘလက်မထပ်ချင်ဘူး။ စိတ်မပူပါနဲ့ မစ္စပိုင်၊ ကျွန်မ မြန်မြန် ထွက်သွားမှာပါ"
“ဒါပေမယ့် မစ္စပိုင်၊ အချစ်ရေးမှာ တစ်ယောက်ယောက်ရဲ့ နောက်ခံ၊ အသက်ကွာဟမှု ဒါမှမဟုတ် တခြားအခက်အခဲ အသေးအမွှားလေးတွေအစား မင်းလျှောက်လမ်းမှာရှိတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ စိတ်ပိုင်းဖြတ်မှု ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ အားသာချက် အားနည်းချက်တွေကို ချိန်ဆပြီး ရှေ့တိုးမလား နောက်ဆုတ်မလားဆိုတာ ဆုံးဖြတ်သင့်တယ်။ အဲဒီလိုမှမဟုတ်ရင် မင်းရဲ့ ရိုးသားမှုက ဘယ်အသုံးဝင်ပါတော့မလဲ? ဟုတ်တယ်မလား မစ္စ ပိုင်?"
ပိုင်ယွဲ့ကွမ်း အံ့အားသင့်သွားသည်။ နှစ် ၂၀ကျော် အထက်တန်းစားပညာရေးအရ ချောင်းမို၏ ပြောဆိုချက်ကို အလိုလိုငြင်းဆန်ချင်ခဲ့သော်လည်း ငြင်းဆိုဖို့ အကြောင်းရင်းကို ခဏတာမျှ မစဥ်းစားနိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် အောက်ထပ်မှ ကျယ်လောင်သော ဝုန်းခနဲ အသံတစ်ခုထွက်ပေါ်လာပြီးနောက် အကြီးဆုံးဇနီးဖြစ်သူ၏ ဒေါသူပုန်ထနေသော စူးရှသောအသံနှင့်အတူ "ကျန်းယွဲ့ကျစ် နင်သေချင်နေတာလား။ နင်နဲ့ နင့်ရဲ့ အရှက်မဲ့တဲ့အမေက တစ်နေ့လုံး ပျင်းရိနေတာပဲ။ နင် နည်းနည်းလေးလေးနက်နက်နေရင် နင်သိလိမ့်မယ်။ ငါ့မိသားစုကို ဒုက္ခပေးရဲရင် နင့်ကိုငါ လည်ပင်းညှစ်သတ်မိလိမ့်မယ် အယုတ်တမာကောင်။ "
ထိုအခါ မာနကြီးပြီး သိမ်ဖျင်းသောအသံ ထွက်ပေါ်လာပြီး တောက်လောင်နေသော မီးထဲဆီဆီထပ်ထည့်ဟန်ပင်။ “အကြီးဆုံးဇနီး အော်ကြီးဟစ်ကျယ်ဖြစ်တာကိုမြင်ရသလောက်တော့ ခင်ဗျားဘာကိုကြောက်နေလို့လဲ? ကျန်းလော့ကျစ် အိုမီဂါ ဖြစ်နေကြောင်း လျှို့ဝှက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်မှာကို ကြောက်နေလို့လား? အိုမီဂါတယောက်က လူတိုင်းကို ဒီလောက်ကြာအောင် လှည့်စားရဲလိမ့်မယ်လို့ မထင်ထားဘူး။ နှစ်များစွာကြာတဲ့အထိ သူက ချွမ်းရှီလုပ်ငန်းစုရဲ့ မြင့်မားသောရာထူးမှာ ထိုင်နေခဲ့သေးတယ် "
“မဒမ်က အစ်ကိုကြီးအတွက် ဒီပွဲကို ကျင်းပပေးတာမဟုတ်လား။ သူ့အတွက် အိုမီဂါဇနီးရှာပေးမလို့လား၊ ဒါမှမဟုတ် အယ်လ်ဖာဇနီးတယောက်ရှာပြီး သူ၊ သူမကို ကျန်း မိသားစုထဲဝင်ခိုင်းဖို့ စီစဉ်နေတာလား။ ဟားဟားဟား၊ ငါရယ်ရလွန်းလို့ သေတော့မယ်။ "
“ငါ့ကို အရူးလို့ခေါ်ဖို့မလိုသလို ငါ တစ်ယောက်ယောက်ကို အသရေဖျက်တယ်လို့လည်း ပြောစရာမလိုဘူး။ ငါ ခုနက ထုတ်လိုက်တာက လူတွေရဲ့ ဖယ်ရိုမုန်းကို လုံးဝ လှုံ့ဆော်ပေးနိုင်တဲ့အိုမီဂါ ဖယ်ရိုမုန်း လှုံ့ဆော်တဲ့အရာပဲ။ တစ်စုံတစ်ယောက်က A လား၊ O လားဆိုတာ စမ်းသပ်ပေးနိုင်တယ်။ ကျန်းလော့ကျစ်ရဲ့ လိင်အမျိုးအစားကဘာလဲဆိုတာ အားလုံးကိုကြည့်ခိုင်းလိုက်လေ။ သူက အယ်လ်ဖာတစ်ယောက်ဆိုရင် ငါသူ့ကို ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်မယ်၊ သူ့ကို အဖိုးလို့တောင် ခေါ်နိုင်သေးတယ်။"
ကျန်းယွဲ့ကျစ်ဖန်တီးသော ပရမ်းပတာပြဿနာသည် အပေါ်ထပ်သို့ပင် ပြန့်နှံ့လာသည့်အတွက် ချောင်းမိုနှင့် ပိုင်ယွဲ့ကွမ်း သည် တစ်ချိန်တည်းတွင် လသာဆောင်မှ ထွက်လာခဲ့သည်။
"ဘာဖြစ်တာလဲ၊ ကျန်းလော့ကျစ် တိုက်ခိုက်ခံရတာလား?"
ချောင်းမို၏ မျက်နှာပေါ်ရှိ နူးညံ့သည့် ချစ်စဖွယ် အပြုံးက ပျောက်ကွယ်သွားပြီး အောက်ထပ်သို့ အေးစက်စွာ ကြည့်လိုက်မိသည်။
သူမဘေးတွင်ရှိသော ပိုင်ယွဲ့ကွမ်းက ကျန်းယွဲ့ကျစ်၏ စကားကြောင့် အံ့ဩသွားခဲ့သည်။
အိုမီဂါလား?
ကျန်းလော့ကျစ်က တကယ်ကြီး အိုမီဂါတစ်ယောက်လား!!
အောက်ထပ်တွင် ပရမ်းပတာဖြစ်နေလေသည်။ အကြီးဆုံးဇနီးနှင့် ကျန်းယွဲ့ကျစ်သည် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြပြီး ပွဲရှိ ဧည့်သည်များသည်လည်း ကျန်းမိသားစုအား ညွှန်ပြရင်း တီးတိုးပြောနေကြသည်။ မစ္စတာ ကျန်း၏ အမူအရာသည် ဆိုးရွားလာပြီး ကျန်းလော့ကျစ်ကိုကြည့်ကာ "လော့ကျစ်၊ ယွဲ့ကျစ်ပြောတာ အမှန်ပဲလား။ "
မစ္စတာ ကျန်းက ကျန်းလော့ကျစ်ကို အလွန်တန်ဖိုးထားသည်။ ချွမ်းရှီ အုပ်စုတွင် ကျန်းလော့ကျစ် ကဲ့သို့ အမွေဆက်ခံသူ တစ်ဦးရှိနေခြင်းက မစ္စတာ ကျန်းအား သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ ချီးမွမ်းခြင်းများအကြားတွင် ဝံ့ကြွားနေစေခဲ့သည်။
ယခု၊ ကျန်းယွဲ့ကျစ် ဖော်ထုတ်လိုက်မှုက မစ္စတာ ကျန်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်မည်မှာ အသေအချာပင်။
ကျန်းလော့ကျစ်၏ အနက်ရောင်မျက်လုံးများသည် မူလအတိုင်း ချောက်နောက်ပမာ နက်မှောင်နေကာ သူ့မျက်နှာပေါ်တွင်လည်း မည်သည့် ထိတ်လန့်မှုအရိပ်အမြွက်မျှ မရှိပေ။ ဒီလိုအခြေအနေမျိုးမှာတောင် သူသည် ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး " အဖေ ဘယ်လိုထင်လဲ?"
သူ့စိတ်နေစိတ်ထားက နက်နဲပြီး မှန်းဆ၍မရပေ။ အဲဒီမှာ ငြိမ်ငြိမ်လေးရပ်နေရုံနဲ့ အထူးသဖြင့် သူတကိုယ်လုံးက ထုတ်လွှတ်ထားတဲ့ အေးစက်စက် အရောင်အဝါက ဖိနှိပ်ချုပ်ချယ်ထားသလိုဖြစ်နေစေကာ လူများကို သူထံချဥ်းကပ်ရန် ခက်ခဲစေသည်။ သူ့မျက်လုံးထဲက အေးစက်တဲ့ အလင်းရောင်က သူနှင့် နီးကပ်လာသူတိုင်းကို တောင့်တင်းသွားစေသည်။
မစ္စတာ ကျန်းသည် မေးခွန်းထုတ်မှုကြောင့် သိသိသာသာ တုန်လှုပ်သွားပြီး ကျန်းလော့ကျစ်၏ အမူအရာကြောင့် အနီးနားရှိ လူများသည်လည်း အံ့သြသွားကြသည်။
ကျန်းလော့ကျစ်လို လူမျိုးက အိုမီဂါဖြစ်နိုင်ပါ့မလား?
ကျန်းလော့ကျစ်သာ အိုမီဂါတစ်ယောက်ဆို ကမ္ဘာပေါ်ရှိ ကျန်ရှိသော အယ်လ်ဖာများကို အယ်လ်ဖာဟု ခေါ်ရန်ပင် မထိုက်တန်တော့ပေ။
ဤကမ္ဘာပေါ်တွင် ကျန်းလော့ကျစ်ကဲ့သို့သော အိုမီဂါ ရှိနိုင်လို့လား?
ကျန်း မိသားစု၏ ဒုတိယမြောက်သားသည် မယုံနိုင်စရာ ကောလာဟလများ ဖန်တီးရလောက်သည့်အထိပင် အာဏာကို အသဲအသန် သိမ်းပိုက်လိုပုံရပေသည်။
ကျန်းလော့ကျစ်သည် ကျန်းယွဲ့ကျစ် အလင်းတန်းပေါ်တွင် ခုန်ပေါက်ပြနေသော လူ့ပြက်တစ်ယောက်ပမာ အေးစက်စွာ ကြည့်နေလေသည်။ သူလုပ်နေသမျှသည် စင်ပေါ်သို့တက်နိုင်စွမ်းတောင်မရှိသည့် ရယ်စရာကောင်းသော ဟာသအလားဖြစ်သည်။
သားရေဖိနပ်ထိပ်က ကြမ်းပြင်ပေါ်သို့ ထိခတ်နေသံဖြင့် လျှောက်လာသော ကျန်းလော့ကျစ်၏ ခြေသံသည် ကျန်းယွဲ့ကျစ် နှလုံးသားပေါ်တွင် နင်းချေသွားသယောင်ပင်။
"ငါကသာ အိုမီဂါတစ်ယောက်ဆို မင်းလို အယ်လ်ဖာကဘာလဲ? အမှိုက်လား၊ စွန့်ပစ်ပစ္စည်းသာသာလား?"
ပတ်ဝန်းကျင်က လူတွေက ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး ကျန်းယွဲ့ကျစ်ကို ပို၍ပင် မထီမဲ့မြင် ကြည့်နေကြသည်။
ကျန်းခော့ကျစ်၏ ယုံကြည်မှုပြည့်ဝနေသောအမူအရာသည် ကျန်းယွဲ့ကျစ် ကို စူးစူးဝါးဝါးအော်ဟစ်စေပြီး သူ့မျက်လုံးများပင် နီရဲလာကာ "ကျန်းလော့ကျစ်၊ ငါမင်းကို ပြောမယ်၊ ထပ်ဟန်ဆောင်မနေနဲ့တော့၊ မင်းက အယ်လ်ဖာယောင်ဆောင်ထားတဲ့ အိုမီဂါတစ်ယောက်သာသာပဲ၊ အိမ်မှာတောင် ကလေးမွေးစက်လိုလူနဲ့ လက်ထပ်ချင်နေသေးတယ်!”
ကျန်းယွဲ့ကျစ်၏ စကားကြောင့် ခန်းမအတွင်းရှိ အိုမီဂါများကို ရွံရှာမုန်းတီးမှု အပြည့် ဖြစ်စေခဲ့သည်။ လက်ရှိအနေအထားထိ ဖွံ့ဖြိုးလာသော လူမှူပတ်ဝန်းကျင်တွင် လိင်မျိုးရိုးအလိုက် ခွဲခြားဆက်ဆံမှုအချို့ ရှိသေးသော်လည်း ကျန်းယွဲ့ကျစ်လောက် ဦးနှောက်မဲ့ပြီး ရွံရှာဖွယ်ရာမျိုး မရှိပေ။
ကျန်းယွဲ့ကျစ်ကိုကြည့်နေသော ကျန်းလော့ကျစ်အကြည့်သည် ဘာမှတန်ဖိုးမရှိသော ပုရွက်ဆိတ်တစ်ကောင်ကိုကြည့်နေသလို ထေ့ငေါ့မှုများရှိနေသည်။
သူ့အကြည့်က ကျန်းယွဲ့ကျစ်ကို လုံးဝ ဒေါသထွက်စေပြီး သူ့ဖယ်ရိုမုန်းများက ကျန်းလော့ကျစ်ဆီ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
ကျန်းယွဲ့ကျစ်သည် ဒေါသတကြီး လှောင်ပြောင်ပြောဆိုရင်း စိတ်မထိန်းနိူင်တော့ပေ။ သူ ဒီနေ့ ကျန်းလော့ကျစ်ကို သူ့ မျက်နှာအစစ်ပေါ်လာအောင် ဖိအားမပေးနိုင်ဘူးလို့ မယုံဘူး။ ဒီနေတော့ သူ ကျန်းလော့ကျစ်ကို စက်ဆုပ်ရွံရှာစရာ အကောင်းဆုံးအဖြစ် မြင်အောင် လုပ်ပြီး လူတိုင်းကို ဒီ မြင့်မြတ် သန့်စင်တဲ့ အကြီးဆုံးသခင်လေး ကျန်းက ဈေးပေါတဲ့ မိန်းမပျက်လိုလူဆိုသည်ကို ပြသချင်သည်။
သူ့ဖယ်ရိုမုန်းတွေကို ထုတ်လွှတ်လိုက်တာနဲ့ ခန်းမထဲရှိသူများ အော်ဟစ်လိုက်ကြပြီး အိုမီဂါတွေ တဟ်ယောက်ပြီး တစ်ယောက် နောက်ပြန်ဆုတ်သွားချိန်တွင် ကျန်းလော့ကျစ်ကတော့ အေးစက်စွာ နှာမှုတ်လိုက်ပြီး တစ်နေရာတည်းမှာပဲ ရပ်နေခဲ့သည်။
နောက်တစ်စက္ကန့်တွင်၊ ပိုမိုအားကောင်းသော အယ်လ်ဖာဖယ်ရိုမုန်းက ကျန်းယွဲ့ကျစ်ကို ပြန်တွန်းကန်လိုက်သဖြင့် အရှက်တကွဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။