အပိုင်း ၅၉-၆၀
Viewers 22k

Chapter 59

{ လမုန့် - ၁ }


ချန်းဟွမ်တို့  အိမ်ပြန်ရောက်ချိန်၌ ပေါက်စီလုံးလေးက သူ့လက်ထဲမှအရုပ်မလေးကို ကုတင်ပေါ်တင်လိုက်ကာ စကားစပြောလိုက်၏...


" ဒီနေရာမှာပဲ ငြိမ်ငြိမ်ထိုင်နေနော်... လျှောက်မပြေးရဘူး... "


ချန်းဟွမ် ကလေးအား ကြည့်ရင်း အနည်းငယ်ရယ်မောလိုက်ပြီးနောက် အခန်းထဲသို့ ဝင်လာလိုက်သည်... 


ထို့နောက် ထိုအရုပ်မလေးအား ကြည့်ကာ ကလေးလေးကိုစနောက်လိုက်သည်


 " သူ့ကို ဒီနေရာမှာ ထားရင် မေမေက ဘယ်နားမှာ အိပ်ရမှာလဲ..."


ချန်းဟွမ်တို့နေသောတိုက်ခန်းတွင် ရှိနေပြီးသားဖြစ်သောကုတင်က ၅ပေ၁၀လက်မလောက်ထိ ရှိ၏... ထိုကုတင်ထက်တွင် ခေါင်းအုံးနှစ်လုံးသာရှိနေသည်


လက်ရှိတွင် အရုပ်မလေးအား ကုတင်အလယ်တွင် လှဲထားရုံသာမက ချန်းဟွမ်၏ခေါင်းဦးကိုလည်း ယူထားသေးသည်...


" သူ့ကို ဒီနေရာမှ ခဏအိပ်ခိုင်းထားမယ်လေ... မေမေ အိပ်တော့မယ်ဆိုတဲ့အခါကြရင် သားက သူ့ကို ကုတင်ပေါ်ကနေ ကန်ချလိုက်မှာပေါ့... "


ချန်းဟွမ် : " ••• " 

ဇာတ်လိုက်ရဲ့သားက ဘာလို့ အဲ့လောက်တောင်  ရက်စက်ရတာလဲ... '


သူမ၏ အတွေးတို့ကို မသိသော... ကလေးလေးက အရုပ်မလေးကို နေရာသေချာချပေးပြီးနောက်တွင် မိခင်လက်ကို ဆွဲကိုင်လိုက်ရင်း ပြောလိုက်သည်


 " မေမေ သားတို့တွေ လမုန့် လုပ်ကြမယ်လေ... "


ချန်းဟွမ် ကုတင်ပေါ်မှအရုပ်မလေးကို တစ်ချက်ကြည့်လိုက်ပြီး သနားစိတ်ပင် ဖြစ်မိသွားသည်... ထို့နောက် သူမ ပေါက်စီလုံးလေးကို ကြည့်လိုက်ကာ ပြန်ပြောလိုက်သည်


 " အရင်ဆုံးနေ့လည်စာ စားကြမယ်လေ... ပြီးမှ လမုန့် လုပ်ကြတာပေါ့... " 


" ဟုတ်ကဲ့ မေမေ... "


သူမတို့သားအမိ မနက်စာစားချိန် နောက်ကျခဲ့တာကြောင့် ယခုတွင် နေ့လည်စာ များများထပ်စားရန် မဖြစ်နိုင်သေးပေ... ထို့ကြောင့် ချန်းဟွမ်က နေ့လည်စာကို အရင်က ပုံမှန်စားနေကျတစ်ယောက်စာထက် ပိုနည်းအောင် ပြင်လိုက်လေသည်...


ပေါက်စီလုံးလေးသည် နေ့လည်စာကို စားနေရသော်လည်း သူ့စိတ်အာရုံအားလုံးဟာ လမုန့်ဆီတွင်သာ ရှိလို့နေတာကြောင့် နေ့လည်စာကို သေချာပင် မစားမိပေ... အချိန်အနည်းငယ်ကြာပြီး နောက်ဆုံးတစ်လုတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီးချိန်တွင် ထိုင်ခုံမှ ချက်ချင်းထရပ်လိုက်သည်


 " မေမေ... သား စားလို့ပြီးပြီ... "


" ပါးစပ်ထဲက စားလက်စကုန်သွားမှ စကားပြောရမယ်လေ... " 


ချန်းဟွမ် ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွဆွဲလိုက်ပြီး နူးညံ့စွာပြုံးရင်း ပြောလိုက်သည်...


ရှင်းရှင်းလေးတစ်ယောက် နောက်ဆုံးတစ်လုတ်ကို ဝါးနေစဥ်တွင် သူမ စားပွဲပေါ်မှရှင်းသင့်တာရှင်းကာ ဆေးသင့်တာဆေး သုတ်သင့်တာသုတ်လိုက်လေ၏... ပြီးနောက်တွင်တော့ စားပွဲပေါ်တွင် ဂျုံမှုန့်အနည်းငယ် ဖြူးလိုက်ပြီး လမုန့်လုပ်ခြင်း လုပ်ငန်းကို စတင်တော့သည်...


ချန်းဟွမ်ပြုလုပ်မည့်လမုန့်တွင် ကြွပ်ရွသောအလွှာနှင့် နူးညံ့သောအလွှာဟူ၍ နှစ်လွှာပါဝင်မည်ဖြစ်ကာ အလယ်တွင်တော့ အသားထည့်မည်ဖြစ်သည်...


ကြွပ်ရွသောအလွှာကို ပြုလုပ်ရာတွင် ရေမလိုအပ်ပါချေ... လိုအပ်သောဂျုံအမျိုးအစားအနည်းငယ်ရောပြီးနောက် ဝက်ဆီအနည်းငယ်မျှသာ လိုအပ်မည်ပင်... ဝက်ဆီအနည်းငယ်ကို လက်ကောက်ဝတ်တွင် သုတ်ထားကာ  ဂျုံလုံးကို လက်ကောက်ဝတ်ဖြင့် ဖိနယ်ရမည်ဖြစ်ပြီး နောက်ဆုံးတွင်တော့ ဂျုံလုံးအသေးလေးများ ပြန်လုံးရလေ၏...


ချန်းဟွမ်က ကြွပ်ရွသောအလွှာအတွက် ပြင်ဆင်ပြီးနောက်တွင်တော့ နူးညံ့သောအလွှာအတွက် ပြင်ဆင်လိုက်သည်... ထို့နောက်တွင်တော့ သူမသည် ဝယ်ယူထားသည့်အဆီပါဝင်မှုနည်းသောဝက်ခြေထောက်တချို့ကို ယူလိုက်သည်... ပြီးနောက် ထိုအသားအား ဆား၊သကြား၊ ပဲငံပြာရည် အနောက်၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့ဖြင့် နှပ်ထားလိုက်၏... ခေတ္တအကြာတွင် အသားနှင့်အတူ ကြက်သွန်မြိတ်၊ ဂျင်းတို့ကို ရေအနည်းငယ်တွင် ပြုတ်ထားရင်း ဖြည်းဖြည်းချင်းမွှေပေးရပြန်သည်...


ရေခမ်းသွားချိန်၌  လမုန့်ထဲတွင်အစာသွတ်အဖြစ်သုံးမည်ဖြစ်သည့်အသားတို့ကို ယူလိုက်ကာ လက်နှစ်ဖက်ကို သုံးပြီး စားပွဲပေါ်တွင် ထုထောင်းလိုက်သည်... 


ချန်းဟွမ်နားတွင် တစ်ချိန်လုံးရှိနေသောစပ်စုစိန်ပါကျဲပေါက်လေးသည် အမေဖြစ်သူ လုပ်နေသည်ကို ကြည့်နေခဲ့ပြီးနောက်ဆုံးတွင်တော့ သူလည်း လုပ်ကြည့်ချင်သည်ဟု တောင်းဆိုလာတော့သည်...


" ကောင်းပြီလေ... လာလုပ်ကြည့်... " 


ယခုလုပ်နေသည့်လမုန့်များသည် သူမတို့သားအမိနှစ်ယောက်အတွက်သာဖြစ်သောကြောင့် ရှင်းရှင်းလေးက မတော်တဆ တလွဲလုပ်လိုက်မည်ကို  မစိုးရိမ်ပါပေ... 


သူမ ကလေးလေးအား အရင်ဆုံးလက်ဆေးပေးပြီး မီးဖိုခုံကို မှီရန်အတွက် နေရာလုပ်ပေးလိုက်ပြီးနောက်တွင် အသားနှင့်လုပ်ထားသောအစာသွတ်အနည်းငယ်ကို ပေးလိုက်သည်...


ပေါက်စီလုံးလေးသည် ငယ်ရွယ်ပြီး အင်အားနည်းသေးတာကြောင့် စားပွဲပေါ်တွင် အသားကို ထုရာတွင် အားသိပ်မပါချေ... ချန်းဝှမ်တစ်ယောက် သူမ လက်ထဲမှ အသားအစာသွတ်အားလုံးကို လုပ်လို့ပြီးသွားခဲ့သော်ငြား ကလေးလေးမှာ သူ့လက်ထဲမှအသားအစာသွတ်အနည်းငယ်ကို ထုလို့မပြီးသေးပေ... တချို့ဆိုလျှင် စားပွဲပေါ်တွင် ကျန်နေခဲ့သည်များလည်း ရှိသေးသည်...


ကလေးလေးသည် စားပွဲပေါ်တွင် ကျန်နေခဲ့သောအစာသွတ်အနည်းငယ်ကို ပြန်ကောက်ရင်း အားလုံးလုပ်လို့​ပြီးသွားသောမိခင်ဖြစ်သူအား မော့ကြည့်လိုက်ကာ စကားစလိုက်ချေ၏...


" မေမေ... သားကို ခဏစောင့်အုံးနော်... "


" ဟုတ်ပါပြီရှင်... ဖြည်းဖြည်းချင်းလုပ်... မေမေ စောင့်နေပေးမယ်..."


🥟🥟🥟🥟🥟🥟


Chapter 60

{ လမုန့် - ၂ }


ချန်းဟွမ်က ကြွပ်ရွသောအလွှာအတွက်ပြင်ထားသောဂျုံကို နူးညံ့သောအလွှာအတွက် ပြင်ထားသောဂျုံတို့ပေါ်တွင် ထပ်လိုက်ပြီးနောက် အသားအစာသွတ်ကို အအေးခံထားလိုက်သည်...


အလွှာနှစ်လွှာကို ထပ်ရာတွင် ပမာဏမျှတနေရန်လည်း လိုအပ်သေး၏... အလွှာနှစ်လွှာကို သေချာထပ်ပြီးနောက်တွင်တော့ ဒလိမ့်တုံးဖြင့် လိမ့်ပေးရသည်... ထို့နောက် သုံးခေါက်,ခေါက်လိုက်ကာ နောက်တစ်ကြိမ် ထပ်လိမ့်ပေးရပြန်သည်...


ချန်းဟွမ် ဒလိမ့်တုံး လိမ့်ရချိန်တွင် အားသုံးရသည်သာမက ခန္ဓာကိုယ်လည်း လှုပ်ရသောကြောင့်  တခဏမျှအကြာတွင် ချွေးများ ထွက်လာလေသည်... သူမ အားကုန်သွားတဲ့အခါ ခဏနားလိုက်ရင်း သူမအား ကြည့်နေသောသားဖြစ်သူကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်


" ပင်ပန်းလိုက်တာ သားသားရယ်..."


ကလေးလေးသည် သူမရှိရာသို့ အသည်းအသန်လျှောက်လာခဲ့ပြီး " မေမေ ပင်ပန်းနေရင် ခဏနားလိုက်တော့နော်... "


" မေမေက နားဖို့ မလိုပါဘူး... " 


သူမ ပြန်ဖြေရင်း ကလေး၏နှာဖျားလေးကို တို့လိုက်တာကြောင့် ကလေးလေး၏နှာဖျားလေးတွင် ဂျုံမှုန့်ဖြူတို့ပေသွားခဲ့လေသည်... 


 " မေမေ့ရဲ့သားလေးဆီက အာဘွားတစ်ချက်ပဲ လိုတာ " 


 နှာဖျားဖြူနေသော ပါကျဲပေါက်လုံးလုံးလေးသည် တုံ့ဆိုင်းမနေပါဘဲ ခေါင်းအကြိမ်ကြိမ်ညိမ့်ပြလာသည်

..

" မေမေ... ခေါင်းနည်းနည်းငုံ့ပေးလေ... "


သူမ ခေါင်းငုံ့ပေးလိုက်သည်နှင့် ကလေးက ခြေဖျားလေး ထောက်ကာ ပါးကို အာဘွားပေးလိုက်ရာ ကလေးလေး၏နှာဖျားမှ ဂျုံမှုန့်တို့က ချန်းဟွမ်၏ပါးပြင်တွင် ပေသွားပြန်သည်...


ချန်းဟွမ်သည် သူမ ပြင်ဆင်နေသောဂျုံဟာ လိုအပ်သောအနေအထားသို့ ရောက်သွားချိန်တွင် လက်သုံးလုံးစာ အလုံးလေးများအဖြစ် ပြန်လုံးလိုက်ပြီးနောက် အနည်းငယ် ပြန်လိမ့်ကာ အလယ်တွင် အစာသွတ်ခြင်းကို စတင်လိုက်သည်...


စပ်စုစိန်ပေါက်စီလုံးသည် ဒီတစ်ကြိမ်တွင်လည်း သူမ လုပ်နေသည်ကို စိတ်ဝင်တစားကြည့်နေခဲ့ပြီးနောက်တွင် " မေမေ... သားရော လုပ်ကြည့်လို့ရလားဟင်...  "ဟု ခွင့်တောင်းလာလေ၏...


" ကောင်းပြီလေ... လာလုပ်ကြည့်... အရင်ဆုံး ဂျုံလုံးလေးကို ပြားသွားအောင်လုပ်လိုက် ပြီးရင်အထဲကို အစာနည်းနည်းထည့်ရမယ် ဟုတ်ပြီလား...  "


" ဟုတ် မေမေ... သား မှတ်မိပါတယ်..." 


ရှင်းရှင်းလေးက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်၏... သို့သော် လက်တွေ့လုပ်ချိန်တွင်တော့ အပြောထက် အလုပ်က အဆပေါင်းများစွာ ပိုခက်လေသည်..


ကလေးလေးသည် အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပြီး မရတော့သည့်အခါ မိခင်ဖြစ်သူအား လှည့်ကြည့်လိုက်သည်... သို့သော် ချန်းဟွမ်က သူမ လုပ်လက်စ အစာသွတ်ခြင်းကိုသာ အာရုံစိုက်နေခဲ့သောကြောင့် ပေါက်စီလုံလေးအား သတိမထားမိလိုက်ပေ... 


ကလေးပေါက်လေးသည် နှုတ်ခမ်းလေး ဆူလိုက်ရင်း သူ့အလုပ်ကိုသာ ဆက်လုပ်ရတော့၏... ဤတခဏအကြာတွင် ကလေးလေးက ဂျုံလုံးလေးကို အားပြင်းပြင်းဖြင့် ထုပစ်လိုက်တဲ့အခါ ပြားသွားလေသည်...


ပေါက်စီလုံးလေးသည် ထိုအချိန်မှသာ သူ့တာဝန်တစ်ဝက်ပြီးဆုံးသွားခဲ့ပြီးဟု တွေးရင်း သက်ပြင်းတစ်ချက်ချနိုင်တော့သည်... ထို့နောက် အမေဖြစ်သူကို လှည့်ကြည့်လိုက်သော်လည်း ချန်းဟွမ်ကသူမ လုပ်လက်စအလုပ်ကိုသာ အာရုံစိုက်နေဆဲပင်...


တကယ်တမ်းတွင် ချန်းဟွမ်က ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏... သူမသည် အစာသွတ်ခြင်းကို အာရုံစိုက်နေပုံပေါက်သော်ငြား အမှန်တွင်တော့ ကလေးပေါက်လေး၏လုပ်ရပ်တိုင်းကို သတိထားမိပြီးသားဖြစ်သည်... 


ရှင်းရှင်းလေးသည် အလုပ်ကိုသာ အာရုံရောက်နေတာကြောင့် သူ့အား ချီးကျူးရန် သတိမမူမိပါသောမိခင်ဖြစ်သူအား အချိန်တစ်ခုထိ လှည့်ကြည့်နေခဲ့ပြီးနောက်တွင် အနည်းငယ် ဝမ်းနည်းသွားမိသည်... သို့သော် ချက်ချင်းပင် ထိုဝမ်းနည်းစိတ်ကို ​မြောင်းထဲပစ်ထည့်လိုက်ပြီး အလုပ်ဆက်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်... မိခင်ဖြစ်သူက လမုန့်တစ်ခုကို လုပ်ပြီးသွားတဲ့အခါ ကလေးလေးသည် အစာသွတ် ခပ်ထည့်ရသည့်ဇွန်းကို အမြန်ယူလိုက်ပြီး ဂျုံထဲသို့ ထည့်ရန် ပြင်လိုက်တော့သည်...


သို့သော်လည်းပဲ လမုန့်တစ်ခုအတွက် အစာသွတ်မည်မျှ ထည့်ရမည်ကို မသိပါချေ... ကလေးလေးသည် အစာသွတ်ကို သူ့စိတ်ကြိုက်ထည့်ပြီးတဲ့အခါ အမေဖြစ်သူက ဂျုံလုံးကို ပြန်ပိတ်သည့်ပုံစံအတိုင်း ပြန်ပိတ်ကြည့်လိုက်သည်... သို့သော် ပေါက်စီလုံးလေး ထည့်ထားသောအစာသွတ်ပမာဏဟာ များလွန်းနေတာကြောင့် အစာသွတ်တချို့ဟာ ဂျုံလုံးထဲမှ ပြန်ထွက်ကျလာသည်...


ဘေးတွင် သားဖြစ်သူရဲ့ချစ်စရာပုံစံလေးကို ကြိတ်ရယ်မောနေမိသောချန်းဟွမ်က ကလေးလေးအား ကူညီလိုက်သည်


... " ကဲပါ... မေမေ့ကို ပေး... "


သူမ ဂျုံလုံးထဲမှအစာသွတ်အနည်းငယ်ကို ပြန်ထုတ်လိုက်ပြီးနောက် ဂျုံလုံးအား သေချာပိတ်လိုက်သည်...


 " ဒီမှာ ပြီးသွားပြီ... "


ပေါက်စီလုံးလေး သူမ ပြန်ပေးသောအစာသွတ်ပြီးသားလမုန့်လေးကို သေချာကြည့်ပြီးနောက် မေးလိုက်သည်။


 " မေမေ... ဒါက စားလို့ရပြီလားဟင် " 


" စားလို့မရသေးဘူး... အခုမှအစိမ်းပဲ ရှိသေးတယ်လေ... ဒါတွေကို အရင်ဆုံး မီးဖုတ်ပေးရအုံးမယ်... " 


ချန်းဟွမ်  ကလေး လက်ထဲမှလမုန့်ကိုပါ ယူလိုက်ပြီး မီးဖုတ်မည့်ဗန်းထဲသို့ ထည့်လိုက်လေသည်...


🥮🥮🥮🥮🥮🥮🥮