Chapter 61
{ လမုန့် - ၃ }
ရှင်းရှင်းလေးက သူကိုယ်တိုင် လုပ်ထားသောလမုန့်လေးကို အသေအချာလိုက်ကြည့်လိုက်နေ၏...
" မေမေ... ဒါလေးက သား လုပ်ထားတဲ့လမုန့်လေး... "
" ဟုတ်တာပေါ့... မီးဖုတ်လို့ ပြီးသွားတဲ့အခါကြမှ သားကိုယ်တိုင် လုပ်ထားတဲ့လမုန့်ကို စားကြည့်နော် အခုတော့ ခဏလေးစောင့်အုံး... ဟုတ်ပြီလား... "
အမေဖြစ်သူ၏ထိုစကားကို ကြားလိုက်ချိန်တွင် ပေါက်စီလုံးလေးက သူ့ခေါင်းကို တခါခါလုပ်လိုက်ရင်း
" သား လုပ်ထားတာက မေမေအတွက်လေ... "
သားဖြစ်သူရဲ့စကားကြောင့် ချန်းဟွမ် စိတ်ကြည်နူးသွားမိသည်.. သူမ လက်ထဲမှလမုန့်ဗန်းကို အလုံပိတ်မီးဖို(oven)ထဲသို့ ထည့်လိုက်ကာ အပူချိန်နှင့် မီးဖုတ်မည့်အချိန်ကို သတ်မှတ်လိုက်ပြီးနောက်တွင် ရှင်းရှင်းလေးအား ငုံ့ကြည့်လိုက်ကာ...
" ဟုတ်ပါပြီရှင်... မေမေက သားလုပ်ထားတဲ့မုန့်ကို စားမယ်၊ သားက မေမေလုပ်ထားတဲ့မုန့်ကိုစား..."
~~~~~~
နာရီဝက်ခန့်ကြာပြီးသော်~~~
ရနံ့မွှေးပျံ့ကာ အရသာရှိသည့်လမုန့်လေး ရရှိသွားခဲ့ပေပြီ.
ရှင်းရှင်းလေးက လမုန့်ကို ကြိုက်လွန်းသောကြောင့် နောက်တစ်ခု ထပ်စားရန် တောင်းဆိုတော့၏....
" မေမေ... သား နောက်တစ်ခု ထပ်စားလို့ရလားဟင်... "
" သားက တစ်ခုစားပြီးပြီလေ... ပြီးတော့ နေ့လည်စာတွေလည်း အများကြီးစားထားတယ်မလား... ဗိုက်ထဲမှာ နေရာလွတ်ရော ရှိသေးရဲ့လား . ကိုယ့်ဗိုက်ကို ပြန်စမ်းကြည့်လိုက်ပါအုံး... "
ရှင်းရှင်းလေးတစ်ယောက် သူ့ဗိုက်သူ ပြန်စမ်းကြည့်လိုက်တဲ့အခါ လုံးဝိုင်းနေပြီဖြစ်သည်ကို သိလိုက်ရသည်..ပြီးနောက် အင်္ကျီကို ပြန်ဆွဲချလိုက်လေပြီး ဝမ်နည်းစွာ ပြန်ဖြေလိုက်သည်
. " သား ဗိုက်က လုံးလုံးလေးဖြစ်နေပြီ မေမေ..."
အသားသွတ်လမုန့်က ပြုလုပ်ပြီးချိန်တွင် အရသာအကောင်းဆုံးပင်... သူမသည် အသားသွတ်လမုန့် ရှစ်ခု လုပ်ခဲ့ခြင်းဖြစ်ကာ တစ်ဝက်ကို အိမ်နီးချင်းအိမ်အား ပေးလိုက်ပြီး သူမတို့ တစ်ခုစီစားကာ ကျန်ရှိသောနှစ်ခုကိုတော့ ရှင်းရှင်းလေးအတွက် ရေခဲသေတ္တာထဲထည့် သိမ်းထားလိုက်သည်...
ပြန်နွှေးထားသောလမုန့်တို့က ပြုလုပ်ပြီးချိန်ကလောက် အရသာမကောင်းတော့ချေ.... ထို့ကြောင့် ဒီတစ်ကြိမ်၌ ပေါက်စီလုံးလေးက တစ်ဝက်မျှသာ စားနိုင်တော့၏...
" မေမေ... ဒီလမုန့်က နေလည်က လမုန့်လောက် အရသာမကောင်းတော့ဘူး... အဲ့ဒါ ဘာဖြစ်လို့လဲဟင်... "
" အစားအသောက်တွေက ချက်ပြီးစမှာ အရသာ အကောင်းဆုံးပဲလေ... အချိန်ကြာလေကြာလေ ပိုမကောင်းလေ ဖြစ်သွားရော... ဥပမာပြောရရင် နေလည်တုန်းက စားမကုန်တော့လို့ ကျန်နေတဲ့နေလည်စာတွေကို ညစာအဖြစ်ပြန်စားရင် မကောင်းဘူးမလား... အစားအသောက်တိုင်းက အဲ့လိုပဲ... "
ရှင်းရှင်းလေး အမေဖြစ်သူ၏စကားကို ထောက်ခံကြောင်း ခေါင်းတညိမ့်ညိမ့်လုပ်ပြလိုက်လေသည်... သူသည်လည်း နေလည်စာအကျန်တို့ကို စားဖူးတာကြောင့် အရသာဆိုးဝါးမှန်း သိပေသောကြောင့်ပင်...
" မေမေ... ဒါဆိုရင်လေ ဘယ်ချိန်ကြရင် လမုန့်ထပ်လုပ်ကြမှာလဲဟင်... "
ပေါက်စီလုံးလေးက မျှော်လင့်ချက်ပြည့်နေသောအကြည့်တို့ဖြင့် ကြည့်ရင်း မေးလိုက်၏...
သူ့အတွက်တော့ လမုန့်လုပ်ရခြင်းဟာ ပျော်ရွှင်မှုတစ်ခုပင်...
ချန်းဟွမ်သည် ရှင်းရှင်းလေးအား လက်တစ်ဖက်ဖြင့် ဖက်ထားကာ နောက်လက်တစ်ဖက်ဖြင့် TV remoteကိုင်ရင်း Tvချန်နယ်များကို ပြောင်းလိုက်သည်... ယခု ဆောင်းဦးရာသီပွဲတော်နေ့ဖြစ်တာကြောင့် TVတွင် နာမည်ကြီးအဆိုတော်များရဲ့ဖျော်ဖြေမှုများစွာ ပြသနေသည်...
ချန်းဟွမ်သည် သူမအား မျှော်လင့်တကြီးမော့ကြည့်နေသော သားဖြစ်သူကို ပြန်ငုံ့ကြည့်လိုက်ကာ ပြန်ဖြေလိုက်သည်..
" နောက်တစ်ခါလာမယ့်ဆောင်းဦးရာသီပွဲတော်ကြရင်ပေါ့... "
ရှင်းရှင်းလေးသည် နောက်လာမယ့်ဆောင်းဦးရာသီပွဲတော်ကဘယ်ချိန်ဆိုသည်ကို မသိသော်ငြား မိခင်ဖြစ်သူအား ခေါင်းတစ်ချက်ညိမ့်ပြလိုက်ရင်း နောက်လာမယ့်ပွဲတော်နေ့ မြန်မြန်ရောက်ရန် ကြိတ်ဆုတောင်းနေမိပေ၏...
~~~~~~
ချန်းဟွမ် နောက်တစ်နေ့တွင် ဆိုင်ပြန်ဖွင့်လိုက်သည်...
ထိုနေ့တွင် ရှင်းရှင်းလေးက ကျောင်းမတက်ရသည့်အပြင် အိမ်နီးချင်းမှမိသားစုမှာလည်း ခရီးထွက်သွားကြသောကြောင့် ပေါက်စီလုံးလေးအား အိမ်တွင် မထားခဲ့ပါဘဲ ဆိုင်သို့ ခေါ်လာလိုက်သည်...
ယနေ့သည် မြို့တော်Cတစ်ခုလုံး၏ရုံးပိတ်ရက်ဖြစ်ရုံသာမက ခရီးသွားများပြားလှသောအချိန်လည်းဖြစ်၏... ထို့ကြောင့်လည်း ခရီးသွားများ မျက်စိကျရာဖြစ်နေသည့် ညစျေးတွင် လူစည်လို့နေကာ ချန်းဟွမ်၏ဆိုင်လေးမှာလည်း လူမပြတ်ဖြစ်နေသည်...
လက်ရှိတွင် ချန်းဟွမ်၏ဆိုင်လေးသည် အရင် ဆိုင်စဖွင့်ချိန်ထက် ၂ဆပိုကျယ်လို့နေပြီပင်... အရင်က သူမ၏ဆိုင်ဘေးတွင် ဖွင့်ထားသောဆိုင်ဟာ အစားအသောက်အရသာသိပ်မကောင်းလှတာကြောင့် မကြာခင်ပင် ပိတ်သွားခဲ့ခြင်းဖြစ်သည်.
ထိုပိတ်သွားခဲ့သောဆိုင်၏ပိုင်ရှင်မှာ ချန်းဟွမ်ဆိုင်မှအစားအသောက်များတွင် တားမြစ်ဆေးများ ပါဝင်နေသည်ဟု စွပ်စွဲခဲ့သော်ငြား FDAမှစစ်ဆေးသည့်အခါတွင် ချန်းဟွမ်၏ဆိုင်မှအစားအသောက်တို့တွင် တားမြစ်ဆေးမပါကြောင်း သိလိုက်ရပြီး ထိုသို့စွပ်စွဲသောဆိုင်ပိုင်ရှင်၏အစားအသောက်များကသာ မကောင်းသောအရာတချို့ပါဝင်နေမှန်း ပေါ်သွားခဲ့ကာ ဆိုင်ပိတ်လိုက်ရခြင်းဖြစ်သည်
ချန်းဟွမ်သည် သူမ ဘေးမှဆိုင် ပိတ်လိုက်ပြီးနောက်တွင် ထိုနေရာကို ငှားလိုက်ပြီး အကူတချို့ ထပ်ခေါ်ကာ သူမ ဆိုင်ကို တိုးချဲ့လိုက်သည်... ထို့ကြောင့် ယခုဆိုလျှင် သူမအပါအဝင် အကူလေးယောက်ပါဆိုပါက ၅ယောက်ရှိလို့နေပြီ...
ညစျေးဆိုသည့်အတိုင်း ချန်းဟွမ်သည် ညပိုင်းတွင် ပိုအလုပ်ရှုပ်လွန်းတာကြောင့် ရှင်းရှင်းလေးနှင့် တစ်ချိန်လုံး တူတူနေဖို့ မအားလပ်ပါလေ... သို့သော် အလိုက်သိသောပေါက်စီလုံးလေးသည် သူတစ်ယောက်တည်း ပျော်အောင်နေနေပေသည်...
ကလေးလေးသည် တံခါးနားမှခုံတွင် ထိုင်နေရင်း ကောင်းကင်ပေါ်ရှိ လမင်းကြီးကို မော့ကြည့်လိုက် ပုံဆွဲလိုက်လုပ်နေ၏...
ကလေးလေးသည် ယခုဆိုလျှင် ယခုကထက် ပိုလို့ပင် ပုံဆွဲတော်လာခဲ့ပြီပင်... သူဟာ လမင်းကြီး၏ပုံကို ယခင်ကထက် ပိုလုံးဝိုင်းအောင် ဆွဲတတ်နေပေပြီ...
ရှင်းလေးတစ်ယောက် ပုံဆွဲပြီးနောက် အရောင်ခြယ်နေချိန်၌ တစ်စုံတစ်ယောက်ရဲ့အရိပ်ဟာ ကလေးလေး အရောင်ခြယ်နေသောနေရာသို့ ကျလာတော့၏...
ပေါက်စီလုံးလေးသည် ရုတ်တရုက်အလင်းအကွယ်ခံလိုက်ရသောကြောင့် မကျေနပ်စွာ မော့ကြည့်လိုက်မိပေသည်... သို့သော် အလင်းကို ကွယ်ထားသောတစ်စုံတစ်ယောက်ဟာ ထိုနေရာတွင်သာ ကျောက်ရုပ်သဖွယ် ဆက်ရပ်လို့နေဆဲပင်...
နောက်ဆုံးတွင်တော့ ရှင်းရှင်းလေးသည် ထိုတစ်စုံတစ်ယောက်အား နှုတ်ခမ်းဆူလျက် မော့ကြည့်လိုက်ပြီး စကားစလိုက်သည်...
" ဦးလေးကြီး... ဦးလေးကြီးကြောင့် သား နေရာမှာ အလင်းကွယ်သွားပြီ... "
🎨🎨🎨🎨🎨🎨🎨
Chapter 62
{ ပထမအကြိမ် တွေ့ဆုံမှု - ၁ }
ကျန်းမင်ယွမ် သူ့အား မော့ကြည့်နေသောကလေးပေါက်စလေးကို ငုံ့ကြည့်နေရင်း ထိုကလေးလေးရဲ့ပါးကို ဆွဲကြည့်ချင်မိသွားသည်..
သူ ယနေ့တွင်ပင် ထိုကလေးပုစိလေးက သူ့သားအရင်းဖြစ်ကြောင်း စစ်ဆေးချက်ကို ရရှိခဲ့ခြင်းဖြစ်သည်... ယခုနေရာသို့ လာနေစဥ် လမ်းတစ်လျှောက် အတွေးမျိုးစုံ စဥ်းစားခဲ့ပါသော်ငြား လက်တွေ့တွင်တော့ ဘာကို စပြောရမှန်း မသိပေ..
သူ့မှာ သားတစ်ယောက်ရှိနေပြီ... သားဖြစ်သူဟာလည်း သူ မသိခဲ့သောနေရာတစ်ခုတွင် ကြီးပြင်းလို့နေလေပြီ... ထိုကလေးလေးသည် သူ့တွင် အဖေရှိမှန်း သိနေလား မသိနေဘူးလားပင် မသေချာလှပေ...
ကျန်းမင်ယွမ် ကလေးလေး ရေးဆွဲနေသောပုံကို တစ်ချက်ကြည့်လိုက်မိချိန်၌ ထိုပုံတွင် သားအမိနှစ်ယောက်ပုံသာရှိပြီး အဖေဖြစ်သူ၏နေရာမှာ လစ်ဟင်းနေမှန်း တွေ့လိုက်ရတော့၏... အဖေဖြစ်သောသူက(ကျန်းမင်ယွမ်) ထိုပန်းချီလေးတွင် ပါဝင်မနေပေ...
ကျန်းမင်ယွမ်သည် ညစျေးသို့ လာသောလမ်းတစ်လျှောက်လုံးတွင် အနည်းငယ်တုံ့ဆိုင်းလို့နေမိသည်
... ကလေးဆီသို့ ရောက်ပြီးလျှင် သူ့ဘက်က ဘာစပြောရမည်လဲ?
ကလေးအမေဖြစ်သောချန်းဟွမ်အား ချက်ချင်းသွားတွေ့ကာ ကျန်းရှင်းချန်က ငါ့သားပဲ ငါ့သားကို ခေါ်သွားမယ်လို့ ပြောရမည်လား? ဒါမှမဟုတ် ရှင်းချန်က ငါ့သားဖြစ်နေလို့ ငါ မင်းကို လက်ထပ်မယ်လို့ ပြောလိုက်ရမည်လား..
မည်သို့ပင်ဆိုစေကာမူ ထိုစကားနှစ်ခုလုံးတွင် ကောင်းသောရွေးချယ်စရာတစ်ခု မပါဝင်နေပေ...
ပထမဆုံးအနေနဲ့ သူက သားအမိနှစ်ယောက်လုံးဘဝတွင် နှစ်ပေါင်းများစွာ တာဝန်လစ်ဟင်းနေခဲ့မိပေ၏... ထို့ပြင် ကလေးအား ငါ့က မင်းအဖေဟု ချက်ချင်းပြောချလိုက်ဖို့ရန်လည်း သူဟာ ယခုမှစတွေ့မည့်သူစိမ်းဖြစ်နေသည်... သူ၏သားဖြစ်သူရဲ့အမေအတွက်ဆိုပါလျှင်လည်း သူဟာ သုတ်ပိုးအလှူရှင်သာသာအဆင့်တွင်သာ ရှိလို့နေပြန်သည်... ထို့ကြောင့် သူ့ဆီ၌ ကလေးအား ဆွဲခေါ်သွားနိုင်ရန် ခိုင်လုံသောအကြောင်းပြချက် မရှိချေ...
ထို့ပြင် ကျန်းမင်ယွမ်သည် သူ့သားဖြစ်သူ မိစုံဖစုံနှင့်နေနိုင်ကာ ပြီးပြည့်စုံသောမိသားစုလေးဘဝကို ဖန်တီးပေးချင်သောသူ့ဆန္ဒတစ်ခုတည်းနှင့် ဆုံးဖြတ်ချက်မချလိုက်ချင်ပေ... သူ့ဘက်က လက်ထပ်ဖို့ ဆန္ဒရှိနေလျှင်တောင် တစ်ဖက်ရှိသားအမိနှစ်ယောက်က လက်ခံချင်မှလက်ခံမည်လေ...
ကျန်းမင်ယွမ်သည် ညစျေးသို့ လာရာလမ်းတွင် ကားကို အိမ်သို့ပြန်လှည့်ရန် အကြိမ်ကြိမ်တွေးနေခဲ့မိသည်... ဒါပေမယ့်လည်း နောက်ဆုံးတွင်တော့ တုံ့ဆိုင်းနေမည့်အစား ရင်ဆိုင်လိုက်တာဟာ အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်..
ထိုအကြောင်းအားလုံးက ညစျေးရှိသားဖြစ်သူထိုင်နေသောနေရာဘေးသို့ မရောက်ခင် ကျန်းမင်ယွမ်တစ်ယောက် ရင်ဆိုင်ခဲ့ရသောအတွေးစစ်ဆင်ရေးတို့ပင်...
ညစျေးတွင် အမျိုးမျိုးသောအစားအစာတို့၏ရနံ့တို့ ပျံ့လွင့်လို့နေ၏... ညစျေးဘေးမှအဖြူရောင်အငွေ့တချို့ဟာ ဖုန်မှုန့်လား ဂျုံမှုန့်မှုန့်လားပင် ခွဲရခက်လှသည်... ထိုသို့သောနေရာမျိုးသည် ကျန်းမင်ယွမ်တစ်ယောက် တစ်ခါမျှ ခြေ,မချချင်သောနေရာဆိုလည်း ဟုတ်သည်... သို့ပေမယ့်လည်း ယခုနေရာက သူ၏သား သူ၏သွေးသား နေထိုင်နေရသောပတ်ဝန်းကျင်ပင်...
ကျန်းမင်ယွမ် ကားပေါ်မှဆင်းပြီးနောက် ကလေးလေးနားသို့ လျှောက်လာခဲ့ပြီး တစ်ခုခုပြောရန် ကြိုးစားလိုက်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်၏.. သူ့ရဲ့ အေးစက်စက်မျက်နှာမျိုးကြောင့် ကလေးက သူ့အား ကြောက်သွားမည်ကို မလိုလားပေ
" ဦးလေးကြီး... ဦးလေးကြီးကြောင့် သား နေရာမှာ အလင်းကွယ်သွားပြီ... "
ရုတ်တရက်ဆိုသလို ကလေးလေးဆီမှ စကားသံကြားလိုက်ရတဲ့အခါ သူ့ အတွေးနယ်မြေမှာ ပြန်ထွက်လာနိုင်ခဲ့သည်...
ကျန်းမင်ယွမ်သည် သားဖြစ်သူအား ယခုချိန်မှသာ ပထမဆုံးအနေဖြင့် အနီးကပ်မြင်ဖူးခြင်းဖြစ်ပေသည်ယ... ကလေးလေး၏စကားသံကို ကြားလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသလိုခံစားရပြီး အနည်းငယ် ဝမ်းသားသွားခဲ့မိ၏...
" တောင်းပန်ပါတယ်... "
သူ ဘေးသို့ ဖယ်ပေးလိုက်သည်... ထိုစဥ် အလင်းရောင်က ရှင်းရှင်းလေးမျက်နှာပေါ် ကျရောက်သွားတဲ့အခါ ကလေးလေးမျက်နှာပေါ်မှ ဖုန်မှုန့်အနည််းငယ်ကိုပင် တွေ့လိုက်ရပြီး ရှင်းရှင်းလေးမှာလည်း သူ့ရှေ့တွင် ရပ်နေသောလူကြီး၏မျက်နှာကို သေချာ တွေ့လိုက်ရတော့သည်...
ကလေးလေးက ထိုဦးလေးကြီး တော်တော်လေး ရုပ်ချောတာပဲဟု တွေးလိုက်မိ၏...
ထိုဦးလေးကြီးသည် မေမေ ဝယ်ပေးသောအရုပ်များထက်ပင် ပိုကြည့်ကောင်းသေးသည်... ထို့နောက်တွင်တော့ ကလေးလေးသည် လမင်းကြီးအား ပြန်မော့ကြည့်လိုက်ပြီးနောက် အရောင်ခြယ်လုပ်ငန်းကို ဆက်လုပ်တော့သည်...
ကျန်းမင်ယွမ်မှာလည်း ဝေးဝေးသို့ မသွားပါဘဲ သားဖြစ်သူ ထိုင်နေသောစားပွဲနားတွင်သာ ဝင်ထိုင်နေလိုက်သည်... ကျန်းမင်ယွမ်၏ သန့်ရှင်းပြီး ခန့်ညားသောကုတ်အင်္ကျီ၊ ပြောင်လက်နေသောရှူးဖိနပ်၊ သပ်ရပ်နေသောဆံပင်ပုံစံနှင့် ဂဏန်း၆လုံးလောက်တန်သည့်လက်ပတ်နာရီတို့က ညစျေးနှင့် မလိုက်ဖက်လောက်အောင်ပင်...
👞👞👞👞👞👞