အပိုင်း ၆၃-၆၄
Viewers 20k

Chapter 63

{ ပထမအကြိမ် တွေ့ဆုံမှု -  ၂ }


ကျန်းမင်ယွမ် ရှင်းရှင်းလေးနှင့် မနီးမဝေးတွင် ထိုင်လိုက်ကာ ကလေးလေးအား ကြည့်နေခဲ့မိသည်... သူနှင့်မနီးမဝေးတွင်ရှိနေသောကလေးပေါက်လေးကို မည်သို့စကားစရရင်ကောင်းမလဲဟု ခေါင်းမီးထတောက်မတတ်စဥ်းစားပြီးနောက်တွင်တော့ စကားစလိုက်လေသည်...


" ဘာပုံတွေ ဆွဲနေတာလဲ? "


လက်ရှိတွင် ရှင်းရှင်းလေးက လမင်းကြီးရဲ့ပုံကို အရောင်ခြယ်ပြီးခဲ့ပြီဖြကာ မြေပြင်အပိုင်းကို ရေးဆွဲလို့နေပေပြီ... ပထမဆုံးအနေနဲ့ စတုရန်းတစ်ခုကို ဆွဲလိုက်ပြီး ထို့နောက်တွင်တော့ ထိုစတုရန်းကို ခြေလေးချောင်းတပ်လေးလိုက်ချေတယ်... ကလေးလေးသည် စားပွဲခုံတစ်ခုကို ရေးဆွဲနေခြင်းပင်...


" မေမေနဲ့သားနဲ့ပုံကို ဆွဲနေတာလေ... " ရှင်းရှင်းလေးက သူနှင့်မနီးမဝေးမှ ချောမောပြီးအေးဆေးသောဦးလေးကြီးသည် သဘောကောင်းသည့်ပုံစံရှိတာကြောင့် ပြန်ဖြေလိုက်သည်... ပြောပြရုံတင်မကဘဲ သူဆွဲထားသောပုံလေးအား ကျန်းမင်ယွမ်နားသို့ တိုးပြလိုက်သေး၏... " ဒါက လမင်းကြီး၊ ဒါကတော့ စားပွဲခုံ၊ စားပွဲခုံပေါ်မှာက မေမေနဲ့ သားနဲ့ တူတူလုပ်ထားတဲ့လမုန့်လေးတွေလေ... "


" သား မေမေက အရမ်းလှတာ... မေမေ့ပုံကို သေချာမဆွဲရသေးဘူး... ခဏလေးစောင့်နော် ဦးလေးကြီး... " ပေါက်စီလုံးလေးသည် ထိုသို့ပြောပြီးနောက်တွင် ထိုင်ခုံတွင် သေချာပြန်ထိုင်လိုက်ကာ သူ့ရဲ့ဂန္တဝင်ပန်းချီကားကြီးကို ဆက်ဆွဲလို့နေပြန်သည်.


ကျန်းမင်ယွမ်သည် ပေါက်စီလုံးလေးအား တော်တော်လေးချစ်စရာကောင်းသည်ဟု တွေးလိုက်မိသော်လည်း အနည်းငယ် စိတ်မကောင်းဖြစ်မိနေသေးသည်... သူ့သားအရင်းက သူ့အား " ဦးလေးကြီး "ဟု ခေါ်နေသည်လေ... ဒီပေါက်စီလုံးလုံးလေးက အဖေအရင်းအား ဘာကြောင့်များ ဦးလေးကြီးလို့ ခေါ်ရက်သည်လဲ...


သို့သော်လည်း အရွယ်ရောက်ပြီးသားသူဖြစ်သောကျန်းမင်ယွမ်သည် ထိုကိစ္စအတွက်နှင့် ကြာကြာစိတ်မကောင်ဖြစ်မနေပါချေ... သူ ရှင်းရှင်းလေး နားသို့ တိုးကပ်ကာ ဆွဲနေသောပုံကို ကြည့်ရင်း ထပ်မံစကားပြောခွင့်ရမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်...


ရှင်းရှင်းလေးက ပုံဆွဲနေစဥ်၌ ဘေးပတ်ဝန်းကျင်ကို အာရုံမစိုက်ပေ... ထို့ကြောင့် သူ့ဘေးတွင် ဘာဖြစ်နေဖြစ်နေ မသိတော့ချေ... ပေါက်စီလုံးလေးသည် ပုံဆွဲနေချိန်တွင် တခြားသောကလေးငယ်များလို စားပွဲပေါ်တွင် ခါးကုန်းရင်း ပုံဆွဲခြင်းမျိုး မလုပ်ပါဘဲ ထိုင်ခုံပေါ်တွင် ခါးဆန့်ကာ ထိုင်နေလေ၏...


ထိုအခြေအနေကို ကျန်းမင်ယွမ်တစ်​ယောက် ကြည့်နေရင်း သူ့သားဖြစ်သူရဲ့မိခင်သည် အမှန်တကယ် စည်းစနစ်ကျသူဖြစ်သည်ဟုပင် တွေးလိုက်မိသေးသည်...


ကျန်းမင်ယွမ်သည် အစပိုင်းတွင်တော့ လွန်ခဲ့သော၅နှစ်လောက်တုန်းက ပိုက်ဆံယူကာ သူနှင့်တစ်ညတာနေခဲ့သောမိန်းကလေးကို အထင်မကြီးမိသည်မှာ အမှန်ပင်... အနှီအမျိုးသားဟာ ချန်းဟွမ်၏အတိတ်တချို့ကို စုံစမ်းကြည့်ပြီးနောက် သူမရဲ့ရှုပ်ထွေးလှသောဆက်ဆံရေးတို့ကို သိလိုက်ရကာ အထင်ကြီးစရာ တစ်ကွက်မျှမရှိဟုပင် စဥ်းစားခဲ့မိသည်..


အစတွင်တော့ ကျန်းမင်ယွမ်သည် ချန်းဟွမ်သည် သူ့သွေးသားကို မွေးခဲ့သည်မှာ တစ်နေ့တွင် သူ့အား ခြိမ်းခြောက်ရန်အတွက်ဟု ရူးသွပ်စွာ တွေးလိုက်မိသေးသည်...


သို့သော် ယခုတွင်တော့ သူက သူ့သား၏မိခင်အား အထင်လွဲခဲ့မိပြီဟု တွေးလိုက်တော့၏... သူမ ငယ်စဥ်က ရူးနှံ့နှံ့ကိစ္စများ လုပ်ခဲ့သော်လည်း လက်ရှိတွင် သားဖြစ်သူအား စည်းစနစ်ကျအောင် သင်ကြားထားပေသည်... 


အမှန်တိုင်းဆိုရပါလျှင် ယခုတွင်ဆိုရင်တောင် ချန်းဟွမ်ဟာ ၂၄နှစ်သာ ရှိသေးသည်ကြောင့် ငယ်ရွယ်သေးသည်ဟု ဆိုနိုင်၏... လွန်ခဲ့သောနှစ်များတုန်းက ဘယ်လိုကိစ္စတွေပဲ ရှိခဲ့ရှိခဲ့ သူမသည် လက်ရှိတွင် စီးပွားရေးအသေးစားလေးတစ်ခုနှင့် အခြေချနေခဲ့ပြီပင်... ကျန်းမင်ယွမ်သည် ထိုသို့တွေးရင်း ချန်းဟွမ်၏မ,ကြီးလွန်း မ,သေးလွန်းသောဆိုင်လေးကို သေချာကြည့်လိုက်မိသည်...


သူမရဲ့ဆိုင်လေးက ညစျေးရှိတခြားဆိုင်များထက် အနည်းငယ်ပိုကြီးသည့်အပြင် စားသုံးသူများမှာလည်း ဆိုင်အပြင်အထိပင် တန်းစီလို့နေချေသည်...ထို့နောက် ဆိုင်မှအစားအစာများကို စားရင်း ကျေနပ်နေကြသောစားသုံးသူများအား ကြည့်လိုက်ကာ သူမက အတော်ဟင်းချက်ကောင်းလိမ့်မည်ဟု တွေးလိုက်သေး၏...


လာရောက်စားသုံးသူများပြားလှသောချန်းဟွမ်၏ဆိုင်လေးအခြေအနေကို မျက်မြင်တွေ့ပြီးနောက်တွင်တော့ ကျန်းမင်ယွမ်သည် သူကိုယ်တိုင်လည်း ဆိုင်မှအရသာကို မြည်းစမ်းကြည့်ချင်လာခဲ့သည်... ထို့ကြောင့် ကားထဲတွင် သူ့အား စောင့်နေသောကားဒါရိုက်ဘာအား ဖုန်းခေါ်လိုက်ကာ သူ့(ကျန်းမင်ယွမ်)အတွက် အသားကင်တချို့ မှာခိုင်းလိုက်ပေသည်... 


ထို့နောက်တွင် ကျန်းမင်ယွမ်တစ်ယောက် ပေါက်စီလုံးလေး ဆွဲနေသောပုံကို ပြန်ငုံ့ကြည့်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက်၏ပုံ ပေါ်လာခဲ့ပြီဖြစ်သည်... သိုသော် ကလေးလေးဆွဲထားသောပုံမှာ ဘဲဥပုံအဝိုင်းများစွာ ပါလို့နေပေတယ်...


ကျန်းမင်ယွမ်သည် ထိုပုံလေးကို ကြည့်လိုက်ရင်း တစ်ချက်ပြုံးလိုက်မိလေသည်... ရှင်းရှင်းလေးဆွဲထားသောဘဲဥပုံအဝိုင်းများပါသည့် ပုံကို တွေ့လိုက်တဲ့အခါ သူငယ်ငယ်က ဆွဲခဲ့သောပုံတို့ကို ပြန်တွေးလိုက်ကာ နူးညံ့စွာပြုံးလိုက်၏... တခြားသောကလေးများက လေးထောင့်ပုံများကိုသာ သေသေချာချာ ဆွဲတတ်သေးချိန်တွင် သူကတော့ ဘဲဥပုံကို သေချာဆွဲတတ်နေခဲ့ပြီပင်...


ဒီကလေးလေးဟာ သူ၏သားဆိုသည်ကို DNAပင် စစ်စရာ မလိုလောက်အောင်ပင်...


💕💕💕💕💕💕


Chapter 64

{ ပထမအကြိမ် တွေ့ဆုံမှု -  ၃ }


ရှင်းရှင်းလေးတစ်ယောက် အမေဖြစ်သူ၏ပုံကို ဆွဲနေစဥ်တွင်ပင် ကျန်းမင်ယွမ်၏ဒါရိုက်ဘာသည် ဘာဘီကျူးကို သူ့Bossနားတွင် သွားချပေးရန် မှာလိုက်၏...


ကျန်းမင်ယွမ်အတွက်မှာထားသောဘာဘီကျူးအား ခပ်ပြည့်ပြည့်အမျိုးသမီးကြီးတစ်ယောက်က လာချပေးလေသည်...


အစားပုတ်လေးရှင်းရှင်းသည် သူ့အနီးအနားဆီမှ မွှေးကြိုင်သောဘာဘီကျူး၏ရနံ့ကို ရလိုက်ချိန်တွင် စားချင်စိတ်ဖြစ်သွာခဲ့သော်ငြား သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်.. ခေတ္တအကြာတွင်တော့ အနံ့ရသည့်နေရာဘက်သို့ လှည့်ကြည့်လိုက်တဲ့အခါ ဘာဘီကျူးများစွာကို ထည့်ထားသောပန်းကန်ကို ယူလာသည့်အမျိုးသမီးကြီးကို တွေ့လိုက်တော့၏...


" Hi အန်တီရှန်း "


" Hello... အလိမ္မာတုံးလေး... " ရှန်းလီသည် သူမ ယူလာသောပန်းကန်ကို ကျန်းမင်ယွမ်ရှေ့တွင် ချပေးလိုက်ကာ ရှောင်ရှောင်အား ပင်ပန်းနေပြီလား၊ ဗိုက်ဆာနေပြီလား စသဖြင့် မေးလိုက်လေသည်...


ရှန်းလီသည် အကြိမ်အနည်းမျှသာ တွေ့ဖူးသေးသော သူမBoss၏သားလေးကို အတော်လေး ချစ်ခင်မိသည်... ကလေးလေးသည် ချစ်ဖို့ကောင်းလှသည့်အပြင် ပြောစရာနားထောင်ပြီး လိမ္မာယဥ်ကျေးသေးသည်... တစ်ခါတစ်ရံ၌ သူမတွင် ဘာလို့များ သူမbossရဲ့သားကဲ့သို့သောကလေးမျိုး မရှိရသည်လဲဟု တွေးဆမိချေသည်...


" သား မပင်ပန်းပါဘူး အန်တီ... " ပေါက်စီလုံးလေးသည် ဆွဲလက်စ ရောင်စုံကို ခဏဘေးချထားလိုက်ကာ ရှန်းလီအား ပြန်ဖြေလိုက်လေ၏...


ထို့ပြင် ကလေးပေါက်လေးသည် ရှန်းလီအား အလုပ်မအားဖြစ်နေခဲ့ရင်တောင် ရေများများသောက်သင့်ကြောင်း၊ သူ့မိခင်ကိုလည်း အလုပ်လျှော့လုပ်ဖို့ ပြောပေးရန် မှာလိုက်သေးသည်...


ရှန်းလီသည် စကားတတ်လွန်းသောကလေးလေးအား နူးညံ့စွာပြုံးလျက် ကြည့်နေခဲ့မိသည်.. ထို့နောက် ကလေးလေး၏ပါးပြင်ကို အာဘွားတစ်ချက်ပေးလိုက်ပြီးကာ သူမ အလုပ်ရှိရာသို့ ပြန်သွားတော့၏... 


တစ်ဖက်တွင်တော့ ထိုချစ်စရာကောင်းသောမြင်ကွင်းလေးအား ကြည့်နေခဲ့ရသည့်ကျန်းမင်ယွမ်သည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မနာလိုမှုဟုသော ခံစားချက်ကို ခံစားလိုက်ရချေသည်...


ဒီကလေးပေါက်လေးက သူ့အမေအပေါ်နူးနူးညံ့ညံ့ပြောဆိုရုံတင်မက လူတိုင်းအပေါ်လည်း ချိုချိုသာသာပြောဆိုဆက်ဆံပေ၏... စောနက ဘာဘီကျူးချပေးသောအမျိုးသမီးကို ခေါ်လိုက်သော ' အန်တီ ' ဆိုသောခေါ်သံလေးမှာ ချိုမြိန်လှပြီး အဖေရင်းဖြစ်သောသူ့အား ခေါ်လိုက်သော ' ဦးလေးကြီး ' ဆိုသောအသံမှာ သူစိမ်းဆန်လွန်းလှသည်...


သူက အလင်းကွယ်မိသွားချိန်တုန်းကတော့ စိတ်ဆိုးပြီး စောနက အမျိုးသမီးက အလင်းကွယ်လိုက်ချိန်တွင်တော့ စိတ်မဆိုးသည့်အပြင် နူးညံ့စွာ ပြုံးပြလို့နေသေး၏...


ကျန်းမင်ယွမ်သည် မနာလိုမှုတို့ကို မြိုသိပ်လိုက်ပြီးနောက် နူးညံ့စွာ ပြန်ပြုံးလိုက်ရင်း မေးလိုက်သည်


" နည်းနည်း စားအုံးမလား.. " 


ပေါက်စီလုံးလေးသည် အသားကင်တို့ကို တခဏမျှငေးကြည့်လိုက်ပြီးနောက်တွင်တော့ ခေါင်းတခါခါလုပ်လိုက်ကာ " မစားတော့ဘူး ရပါတယ်... "ဟုသာ ပြန်ဖြေလိုက်လေတယ်...


မေမေက ပြောဖူးတယ်... သူစိမ်းတွေ ကျွေးတာကို မစားရဘူးတဲ့လေ... စားလိုက်မိရင် အဲ့သူစိမ်းတွေက သူ့အား ခေါ်သွားလိမ့်မည်...


ကလေးလေးသည် သူ့အမေရဲ့အဝေးကို လိုက်မသွားချင်သောကြောင့် ထိုအစားအစာကို ဘယ်လောက်ပဲ စားချင်စားချင် သည်းခံကာ ထိန်းထားလေ၏...


ကျန်းမင်ယွမ်တစ်ယောက် သားဖြစ်သူဆီမှအငြင်းခံလိုက်ရတဲ့အခါ ဘာဘီကျူးအား သူတစ်ယောက်တည်းသာ စတင်စားတော့သည်...


ဘာဘီကျူးလို အစပ်ပြင်းပြင်းပါတတ်သည့်အစားအစာမျိုးဟာ ကျန်းမင်ယွမ် စားနေကြညစာနှင့် ဆန့်ကျင်ဘက်ပင်... အစပ်များများမစားနိုင်သော သူက ဘာဘီကျူးတစ်ချောင်း စားပြီးနောက်တွင် ထပ်မစားနိုင်သောကြောင့် လက်လျှော့လိုက်ရပေသည်...


ကျန်းမင်ယွမ်သည် ကျန်ရှိနေသေးသောဘာဘီကျူးများကို သူ့ရှေ့ရှိပန်းကန်ထဲတွင်သာ ထားထားသော်လည်း အသားကင်၏ရနံ့မှာ မွှေးကြိုင်လို့နေဆဲပင်...


တစ်ဖက်တွင် ပါကျဲပေါက်လေးရှင်းရှင်းဟာ ဘာဘီကျူး၏ရနံ့ကို ရလေ ဗိုက်ပိုဆာလေဖြစ်နေတော့တယ်... နောက်ဆုံးသည်းမခံနိုင်တော့ချိန်တွင်တော့ သူ့ရှေ့မှအမျိုးသားအား စကားစလိုက်ချေ၏...


" ဦးလေးကြီး... တခြားနေရာမှာ သွားစားလို့မရဘူးလား... ? "


ကလေးလေး၏စကားကြောင့် ကျန်းမင်ယွမ်တစ်ယောက် အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့လေတယ်... " ဘာဖြစ်လို့လဲ??? "


ထိုအခါ ရှင်းရှင်းလေးသည် လူကြီးလေးတစ်ယောက်လို သက်ပြင်းတစ်ချက်ချလိုက်ပြီး " ဦးလေးကြီးက သားရှေ့မှာ စားပြနေရင် သားက ပုံဆက်ဆွဲလို့မရတော့ဘူး... "


ပေါက်စီလုံးလေးသည် ထိုသို့ဆိုရင်း ကျန်းမင်ယွမ်ရှေ့မှဘာဘီကျူးချောင်းများကို ငေးကြည့်မိပြန်၏...


ကျန်းမင်ယွမ်သည် ထိုအချိန်တွင်မှ ပါကျဲပေါက်လေး ပြောချင်သည်ကို ချက်ချင်းသဘောပေါက်သွားတော့သည်... ဒီကလေးပုစီလေးသည် စောနကတော့ ငြင်းချင်တိုင်းငြင်းခဲ့ပြီးမှ ယခုကြတော့ စားချင်နေပြန်ပြီ...


ဘာဘီကျူးပန်းကန်ကို ငေးကြည့်နေသောသားဖြစ်သူရဲ့ပုံစံလေးဟာ ချစ်စရာကောင်းသလို သနားစရာလည်းကောင်းလှသည်... သို့သော် ယခုလိုစပ်လွန်းသည့်အစားအစာမျိုးဟာ ကျန်းမာရေးအတွက် မကောင်းတာကြောင့် သားဖြစ်သူအား မစားစေချင်ပေ... သို့သော် ဒီတိုင်းပစ်လိုက်ရန်ကလည်း ဖြန်းတီးရာကြလွန်း၏...


ထို့ကြောင့်  သူ့ဒါရိုက်ဘာကို ခေါ်ကာ ထိုဘာဘီကျူးအားလုံးကို ပေးလိုက်သည်...


ခေတ္တအကြာတွင်တော့ ကလေးပေါက်လေးသည် ကျန်းမင်ယွမ်ရှေ့တွင် ဘာဘီကျူးပန်းကန်မရှိတော့သည်ကို သတိထားမိသွားတော့၏... သို့သော်လည်း ပေါက်စီလုံးလေးသည် ယခုထိတိုင် ဗိုက်ဆာနေသေးသည်ကြောင့် တစ်ခုခုစားရန် ဆုံးဖြတ်လိုက်ချေသည်... ထို့နောက်တွင်တော့ လက်ထဲမှရောင်စုံကို စားပွဲပေါ်ချလိုက်ကာ ချက်ချင်းမတ်တပ်ရပ်လိုက်တော့တယ်...


" ဘယ်သွားမလို့လဲ..." ကျန်းမင်ယွမ်သည် ရှင်းရှင်းလေးတစ်ယောက် ရုတ်တရက်မတ်တပ်ရပ်လိုက်ချိန်တွင် သူသည်လည်း ချက်ချင်းထရပ်လိုက်ကာ ထိုသို့မေးလိုက်လေ၏... အခုချိန်ဟာ ဆိုင်တွင် လူတအားရှုပ်လွန်းတာကြောင့် သားဖြစ်သူ ပျောက်သွားမည်ကို စိုးရိမ်နေမိပေသည်...


" သားအမေဆီ သွားမလို့... " 


ကလေးလေးက ပြန်ဖြေပြီးနောက် မိခင်ဖြစ်သူဆီသို့ ပြေးထွက်သွားသည်...


ကျန်းမင်ယွမ် ကလေးလေးနောက်သို့ ပြေးလိုက်သွားခဲ့ပြီး သားဖြစ်သူက ချန်းဟွမ်ဆီသို့ ရောက်သွားချိန်တွင် ရပ်နေလိုက်၏...


ရှင်းရှင်းလေးက သူ(ကျန်းမင်ယွမ်)နှင့် လွန်စွာတူလွန်းတာကြောင့် သူတို့သားအဖအတူတူရှိနေပါလျှင် ဘေးလူများက သတိထားမိသွားနိုင်ပေသည်...


သူက ယခုမှသာ သူ့တွင် သားတစ်ယောက်ရှိနေသည်ကို သိခွင့်ရစပင်ရှိသေးသည်ဖြစ်ကာ ဒီကလေးလေးနှင့်ပတ်သက်ပြီး မည်သို့စီစဥ်ရမည်ကိုလည်း သေချာမဆုံးဖြတ်ရသေးချေ... ထို့ကြောင့်လည်း သူဟာ လက်ရှိတွင် သားဖြစ်သူ၏မိခင်နှင့် တွေ့ရန် အဆင့်သင့်မဖြစ်သေးပေ...


ကျန်းမင်ယွမ်သည် ထိုအတွေးတို့ဖြင့် အနောက်သို့တစ်လှမ်းဆုတ်လိုက်ရင်း သူ့အနောက်မှလူတစ်ယောက်အား နေရာပေးလိုက်သည်...


တစ်ဖက်တွင်တော့ ချန်းဟွမ်သည် ရှင်းရှင်းလေးပြောသည့် " ရုပ်ချောတဲ့ဦးလေးကြီး "ဆိုသည့်အမျိုးသားကို လှည့်ကြည့်လိုက်သော်လည်း မတွေ့လိုက်ပေ... သို့သော် သူမသည် ထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်ထဲ သိပ်မထားလိုက်မိပေ... ထို့နောက်တွင်တော့ သူမဟာ မုန့်ဘူးလေးကို ယူလိုက်ပြီး ရှင်းရှင်းလေးအား ပေးလိုက်ရင်း


 " တစ်ခါတည်း အများကြီး မစားလိုက်ရဘူးနော် ရှင်းရှင်း... နှစ်ခုပဲ စားရမယ် ဟုတ်ပြီလား... "


🍪🍪🍪🍪🍪🍪