အပိုင်း ၆၇-၆၈
Viewers 20k

Chapter 67

{ သားအဖေနဲ့ ဦးနဲ့ ဘယ်သူက ပိုတော်လဲ - ၃ }


" ဟုတ်ကဲ့... " ရှင်းရှင်းလေးက ခေါင်းတညိမ့်ညိမ့်လုပ်ကာ လက်ခံလိုက်သည်... ထို့နောက်ကလေးလေးသည် ယနေ့ သူ အရမ်းချောမောသောဦးလေးကြီးတစ်ယောက်နှင့် တွေ့ခဲ့ကြောင်း၊ ထိုဦးလေးကြီးက သူရေးဆွဲထားသောပုံကို မလှဘူးဟု ပြောကြောင်း မိခင်ဖြစ်သူအား ပြန်ပြောပြလေ၏...


ထိုဦးလေးကြီးက သူဆွဲထားသောပုံလေးကို မလှဘူးဟု ထုတ်မပြောသော်လည်း သူ့ဘက်မှ သိနေ​ပြီးသားပင်...


ရှင်းရှင်းလေးသည် သူ့အမေလက်ကို ဆွဲရင်း ထိုချောမောသောဦးလေးကြီးက အလှအပအပေါ် အမြင်မရှိကြောင်းပါ ပြောရင်း မိခင်ဖြစ်သူကို သူ့ဘက်မှ ကူပြောပေးစေချင်သောပုံစံဖြင့် ပွစိပွစိပြောနေလေတယ်...


" မေမေ... ဆံပင်အစိမ်းရောင်က လှလားဟင်... "


ချန်းဟွမ်သည် ကျန်းမင်ယွမ်နှင့်မတူပါဘဲ သားဖြစ်သူရဲ့ထူးဆန်းသောနှစ်သက်မှုအပေါ် အမြင်ကွဲလွဲနေမှုမရှိပါချေ... ရှင်းရှင်းလေးသည် ပန်းချီဆွဲရခြင်းကို ဝါသနာပါတာကြောင့် မိခင်ဖြစ်သောသူမက သားဖြစ်သူရဲ့ဝါသနာကို အထောက်အပံ့ဖြစ်စေမည့်စိတ်ဓါတ်ရေးရာသာမက အရည်အချင်းပါ မြင့်တက်လာအောင် သင်ပေးရန်သာ ဆုံးဖြတ်ထားပေ၏...


" လှတာပေါ့... " 


ချန်းဟွမ်က ရှင်းရှင်းလေး ဆွဲထားသောပုံကို မမြင်ဖူးသော်ငြား သူမ စိတ်ထဲတွင် ဆံပင်အစိမ်းရောင်ရှိသောသူမပုံစံကို တွေးရင်းသာ ထောက်ခံလိုက်တော့သည်...


 " ကဲပါ... ညဥ့်နက်နေပြီ အိပ်ကြစို့... "


~~~~~~~


ရှင်းရှင်းလေးသည် မိခင်၏ချီးမွမ်းစကားကို ကြားရပြီးနောက်တွင် အတော်လေးယုံကြည်မှုရှိသွားခဲ့သည်... ဤသို့ဖြင့် နောက်တစ်နေ့၌ ကျန်းမင်ယွမ်နှင့်ထပ်တွေ့ချိန်မှာတော့ သူရဲ့ပန်းချီကားကြီးကို ထိုအမျိုးသားရှေ့သို့ ချပြလိုက်ကာ " မေမေက ပြောတယ် ဆံပင်အစိမ်းရောင်က အရမ်းလှတယ်တဲ့...  " 


တစ်ဖက်တွင်တော့ ယနေ့တွင်လည်း သားဖြစ်သူ ထပ်တွေ့ချင်နေမိသောကျန်းမင်ယွမ်သည် အနည်းငယ်ဆွံ့အသွားခဲ့ပေ၏...


ဒီကလေးပေါက်စလေးဆီမှာ ထူးဆန်းတဲ့အလှအပအမြင်ရှိနေခြင်းက သူ့အမေကြောင့်ဖြစ်လိမ့်မည်ဟုပင် တွေးလိုက်သေးသည်...


နိုဝင်ဘာလ ရုံးပိတ်ရက်များဟာ အစိုးရဝန်ထမ်းများနှင့် သာမန်ဝန်ထမ်းများအတွက်သာဖြစ်ပြီး ကျန်းမင်ယွမ်လိုလူမျိုးအတွက်တော့ နေ့တိုင်း ရုံးတက်ရက်ပင်... သူ ယနေ့ နေ့လည်တစ်ချိန်လုံး အစည်းအဝေး(video conference)ထိုင်နေခဲ့ရသောကြောင့် စိတ်ရော လူပါ ပင်ပန်းလို့နေပြီပင်...


ပုံမှန်ဆိုလျှင် သူ အိမ်ကို ချက်ချင်းပြန်၊ လေ့ကျင့်ခန်းအနည်းငယ်လုပ်၊ ရေချိုးကန်တွင် ရေနွေးနွေးလေးထဲတွင် စိမ်ရင်း တစ်နေ့လုံးပင်ပန်းသမျှကို ဖြေလျှော့နေလောက်ပေပြီ

..


သို့သော်  သူ့ဆီ၌ သားတစ်ယောက်ရှိနေသည်ဟု သိရပြီးနောက်တွင် သားဖြစ်သူကို အချိန်အနည်းငယ်လောက်တော့ ပေးသင့်သည်ဟု စဥ်းစားမိ၏... ထို့ကြောင့် သူ ညနေပိုင်းလုပ်ရမည့်အလုပ်များကို နေ့လည်တည်းက ပြီးရန် အလျင်စလိုလုပ်ခဲ့ခြင်းပင်...


လက်ရှိ  သားဖြစ်သူနှင့်ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်၏... ယခုတစ်ခါတွင် ရှင်းရှင်းလေးက ပုံဆွဲနေခြင်း မဟုတ်ပါဘဲ ဉာဏ်စမ်းကုဗတုံးလေးကို လှည့်နေခြင်းဖြစ်သည်... ကလေးလေးသည် အရင်(2×2)ဉာဏ်စမ်းကုဗတုံးကို ဖြေရှင်းတတ်ပြီးနောက် ယခုတွင် အရင်ကုဗတုံးထက် ပိုကြီးသော(3×3)ကုဗတုံးကို ဖြေရှင်းရန် ကြိုးစားနေခြင်းဖြစ်ချေ၏... ပိုကြီးလာသည်နှင့်အမျှ ဖြေရှင်းဖို့ ပိုခက်လာခဲ့ပြီပင်...


အကြိမ်ကြိမ်ကြိုးစားကြည့်သော်လည်း မရတာကြောင့် အချိန်အနည်းငယ်အကြာတွင်တော့ ရှင်းရှင်းတစ်ယောက် စိတ်ရှုပ်လာတော့သည်... ထို့ကြောင့် ထိုဉာဏ်စမ်းကုဗတုံးလေးကို စိတ်ရှုပ်ရှုပ်ဖြင့် ပြန်ချထားလိုက်ပြန်၏...


ထိုအမူအရာကို သတိထားမိသွားသောကျန်းမင်ယွမ်ဟာ ကလေးလေးအား မေးလိုက်သည်။


"ဘာဖြစ်လို့လဲ..."


သို့သော် ပေါက်စီလုံးလေးသည် သူ့ကို လျစ်လျူရှုထားရင်း သီချင်းတစ်ခုကို ညည်းနေပြန်သည်... ထိုသီချင်းလေးသည် ရှင်းရှင်းတစ်ယောက် မူကြိုတွင် သင်ခဲ့ရသောသီချင်းလေးဖြစ်ကာ စိတ်ထဲဆွဲချင်ဖွယ်တေးသွားလေးလည်းဖြစ်သည်... ပေါက်စီလုံးလေးက ထိုသီချင်းကို အကြိမ်အနည်းငယ်လောက်ညည်းနေခဲ့ပြီးနောက်တွင် ဘေးတွင်ရှိနေသောကျန်းမင်းယွမ်သည် သူ့စိတ်ထဲတွင်ပင် လိုက်ညည်းရသည်အထိ ဆွဲသွားခဲ့ရလေ၏...


ပေါက်စီလုံးလေးသည် အချိန်အနည်းငယ်မျှ သီချင်းညည်းနေခဲ့ပြီး ခေတ္တအကြာစိတ်ပြန်ကြည်ချိန်တွင် ဉာဏ်စမ်းကုဗတုံးလေးအား ပြန်ကောက်ကာ ​ဖြေရှင်းရန် ကြိုးစားကြည့်ပြန်သည်....


သို့သော် မိနစ်အနည်းငယ်အကြာတွင်တော့ စိတ်ရှုပ်လာပြန်သောကြောင့် ကုဗတုံးကို ဘေးချထားလိုက်ပြန်သည်... ထိုသို့ ပေါက်စီလုံးလေးက ကုဗတုံးလေးကို ၃ကြိမ်မြောက် ဘေးချထားလိုက်ချိန်တွင် ကျန်းမင်ယွမ်တစ်ယောက် အကြံတစ်ခုရသွားတော့၏...သူ ဘေးမှာ ချထားသည့် ကုဗတုံးကို ကောက်ယုလိုက်လေသည်... 


" ဦးလေးကြီး... အဲ့ဒါ သားရဲ့ကုဗတုံးလေ... "


ဒီကပ်စေးနဲလေး...


" သားရဲ့ကုဗတုံးလေးဆိုတာ ဦးသိပါတယ်... ဒီကုဗတုံးလေးကို ဘယ်လိုဖြေရှင်းရလဲဆိုတော့ သားက သိလား... ဦးက ဒီကုဗတုံးကို ဖြေရှင်းတတ်တယ်... ဦး ဖြေရှင်းတာကို ကြည့်မလား... "


 ကျန်းမင်ယွမ် အရဲစွန့်ကာ မေးလိုက်သည်...


 ပေါက်စီလုံးလေးသည် ခေတ္တမျှတွေးတောပြီးနောက် ခေါင်းတစ်ချက်ညိမ့်ပြလိုက်၏...


ရှင်းရှင်းလေးဘက်မှ လက်ခံလိုက်ချိန်မှသာ ကျန်းမင်ယွမ်တစ်ယောက် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်.. ထို့နောက်တ သူ့စိတ်ဝိညာဥ်ကို တည်ငြိမ်အောင် ပြင်ဆင်လိုက်ပြီးကာ ဉာဏ်စမ်းကုဗတုံးကို ဖြေရှင်းနည်းလမ်းအား သားဖြစ်သူကို ရှင်းပြလိုက်သည်..


ကျန်းမင်ယွမ်သည် အရင်တည်းက ကလေးများနှင့် ရင်းရင်းနှီးနှီးရှိသူ မဟုတ်တာကြောင့် ကလေးပေါက်စလေး နားလည်လွယ်စေမည့်​ရှင်းပြနည်းဖြင့် ရှင်းမပြတတ်ပေ... ထို့ကြောင့်လည်း ပေါက်စီလုံးလေးသည် သူပြောပြသောရှင်းလင်းချက်တချို့ကိုသာ နားလည်သည်...


 ရှင်းရှင်းလေးသည် အနှီအမျိုးသား၏ရှင်းလင်းချက်တို့ကို နားမလည်တော့သည့်အခါ ထိုအမျိုးသား လုပ်ပြသည့်ပုံစံကိုသာ အသေချာအာရုံစိုက်နေခဲ့တော့သည်... ခဏလေးတွင်ပင် ဉာဏ်စမ်းကုဗတုံး၏မျက်နှာပြင်တစ်ခုပြီးတစ်ခုအရောင်တူလာချိန်တွင် ရှင်းရှင်းက တအံ့တသြဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့၏...


ဤသို့ဖြင့် ကျန်းမင်ယွမ်မှ နောက်ဆုံးတစ်ချက်လှည့်လိုက်ပြီးနောက် ကုဗတုံး၏မျက်နှာပြင်ခြောက်ခုစလုံး အရောင်တူသွားချိန်တွင်တော့ ပေါက်စီလုံးလေးသည် ကုဗတုံးကို အံ့အားသင့်စွာကြည့်ရင်း ပြန်ယူလိုက်ကာ " ဦးလေးကြီးက တကယ်တော်တာပဲ! " ဟု ချီးကျူးလိုက်သည်...


 ကျန်းမင်ယွမ်၏နှုတ်ခမ်းပါးတို့ အပေါ်သို့ အနည်းငယ်ကွေးညွှတ်သွားခဲ့ရင်းရှင်းရှင်းလေးအား ကြည့်ကာ မေးလိုက်သည်... 


" သားအဖေနဲ့ ဦးနဲ့ ဘယ်သူက ပိုတော်လဲ.. "


" သားအဖေက ပိုတော်တယ်... " 


ကလေးလေးဟာ တွန့်ဆုတ်နေခြင်းမရှိပါဘဲ ချက်ချင်းပြန်ဖြေလိုက်ခြင်းဖြစ်သည်...


💙💙💙💙💙💙


Chapter 68

{ ယုံဖို့ရန် ခက်ခဲ - ၁ }


ကျန်းမင်ယွမ်သည် သားဖြစ်သူ၏အဖြေကြောင့် အနည်းငယ်ဆွံ့အသွားခဲ့ပြီးနောက် သားဖြစ်သူအား အမေးတစ်ခုမေးလိုက်သည်... 


" ဘာလို့လဲ "


ပေါက်စီလုံးလေး၏အမြင်တွင် သူ့ရှေ့မှဦးလေးကြီးက ချောမောပြီးသဘောကောင်းပုံပေါ်တာကြောင့် လျှို့ဝှက်ချက်တချို့ပြောပြလိုက်လို့ရသည်ဟု တွေးလိုက်လေ၏...


ပေါက်စီလုံးလေးသည် အရပ်လေးမျက်နှာကို သေချာလှည့်ကြည့်ပြီးနောက် ကျန်းမင်ယွမ်ရှိရာဘက်သို့ အသာလေး တိုးကပ်လိုက်ပြီး ထိုအမျိုးသား၏နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး ပြန်လေတယ်... အနှီအမျိုးသားဟာ ရှင်းရှင်းတစ်ယောက် သူ့နားကပ်လာချိန်တွင် မွှေးပျံ့သောကလေးLotionရနံ့လေးကို ရရှိလိုက်ပေသည်...


ရှင်းရှင်းလေးက သူ့နားကပ်လာပြီး ခပ်တိုးတိုးသာပြောလာသောကြောင့် ကျန်းမင်ယွမ် အတော်လေးအာရုံစိုက်ကာ နားစွင့်လိုက်ရသည်..


" သားဖေဖေက စူပါမင်းလေ " 


ကလေးလေးသည် ထိုစကားကို အလေးအနက်ပြောဆိုလို့နေသည်... ထို့နောက် သူ အနောက်သို့နည်းနည်းပြန်ဆုတ်လိုက်ကာ ကျန်းမင်ယွမ်အား မော့ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်...


 " သားဖေဖေက အရမ်းတော်တာ... ဖေဖေက လူဆိုးတွေကို ဖမ်းတယ်... မိုးပေါ်မှာလည်း ပျံနိုင်သေးတယ်...  " 


ကလေးလေးဟာ ထိုစကားတို့ကို စိတ်လှုပ်ရှားစွာ ပြောပြလေ၏... " ဦးကလည်း တော်ပါတယ်... ဒါပေမယ့်... "


ထို့နောက်တွင်တော့ ကျန်းမင်ယွမ်သည် ကလေးလေးပြောချင်သည့်စကားကို သူ့ဘက်မှ အဆုံးသတ်ပေးလိုက်တော့သည်... " ဒါပေမယ့် သားဖေဖေလောက်တော့ မတော်ဘူးမလား... "


ထိုအခါ ရှင်းရှင်းလေးသည် ခေါင်းညိမ့်ပြရင်း ထောက်ခံလိုက်ချေတယ်... " Omm... ဟုတ်တယ်... ဖေဖေက ဦး ထက်ပိုတော်တယ်... " 


ကျန်းမင်ယွမ်သည် သားဖြစ်သူ၏ထောက်ခံမှုကို နားထောင်ပြီးနောက် အနည်းငယ်ဝမ်းနည်းမိသွားသော်ငြား ကလေးလေး၏စိတ်လှုပ်ရှားနေမှုကြောင့် ရယ်မောလိုက်မိသည်... ထို့နောက်တွင်တော့ " သားရဲ့အမေက တကယ်တော်တဲ့သူပဲ... " 


ကျန်းမင်ယွမ်သည် သားဖြစ်သူကို ငုံ့ကြည်ရင်း ဆိုလိုက်လေတယ်... ထိုအမျိုးသမီးလေးက ဖခင်ဖြစ်သူကို အပြစ်ဖို့ထားခြင်းမရှိဘဲ ယခုလို​သာ ပြောပြထားခြင်းဟာ ကျန်းမင်ယွမ်အတွက် အတော်လေးကံကောင်းလွန်းနေပြီဖြစ်၏... လက်ရှိတွင် သားဖြစ်သူက မမြင်ဖူးသေးပါသောဖခင်အား အပြစ်မမြင်ပေ...


ရှင်းရှင်းလေးသည် အနှီအမျိုးသားရဲ့စကားကို ကြားတဲ့အခါ ခေါင်းအကြိမ်ကြိမ်ညိမ့်ကာ ထောက်ခံရင်း " ဟုတ်တာပေါ့... မေမေက အကောင်းဆုံး၊ အတော်ဆုံး၊ အလှဆုံး ပြီးတော့... ပြီးတော့... " ပေါက်စီလုံးလေးသည် ထိုသို့ဆိုရင်း ခဏရပ်သွားပြီးနောက်တွင်တော့ ဆက်ပြောလာခဲ့၏... " ပြီးတော့... ဖေဖေ ထက်အများကြီးပိုပြီး တော်တယ်...  


" ဒါဆို သားရဲ့မေမေက တကယ်တော်တာပေါ့... " ကျန်းမင်ယွမ်သည် သားဖြစ်သူ၏စကားကို ထောက်ခံကြောင်း ပြန်ဖြေလိုက်လေသည်...


ရှင်းရှင်းလေးရဲ့မိခင်ပေါ်ထားသောအဆုံးမဲ့လေးစားချစ်ခင်မြတ်နိုးမှုကို ကျန်းမင်ယွမ်တစ်ယောက် နားလည်ပေ၏... ကလေးအများစုဟာ မိခင်ကိုသာ တွယ်ကပ်ကြမြဲပင်...


ပေါက်စီလုံးလေးသည် သူ့မိဘနှစ်ပါး၏အကြောင်းကို ပြောပြချိန်တွင် ဉာဏ်စမ်းကုဗတုံးလေးကို ပြန်ယူကာ လှည့်ကြည့်နေပြန်သည်... ကလေးလေးသည် ကျန်းမင်ယွမ်ရဲ့ဉာဏ်စမ်းကုဗတုံး ဖြေရှင်းနည်းကို သေချာကြည့်ထားခဲ့သော်ငြား နားမလည်လိုက်သောအပိုင်းတချို့ရှိနေသေးတာကြောင့် ဖြေရှင်းမရဖြစ်လို့နေပြန်သည်...


သူ အစွမ်းကုန်ကြိုးစားကြည့်သော်လည်း မရတော့သည့်အခါတွင်တော့ ကျန်းမင်ယွမ်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ကုဗတုံးလေးကို ပြရင်းဖြင့် စကားချီလိုက်သည်...

" ဦး... သား ဖြေရှင်းကြည့်တာ မရဘူးဖြစ်နေတယ်... "


ကျန်းမင်ယွမ်သည် သားဖြစ်သူက သူ့အပေါ် ရင်းနှီးခင်မင်မှုရောင်ခြည်လေး ပြလာသည်ကို ပျော်ရွှင်မိပေမယ့် တစ်ချိန်တည်းတွင်ပင် စိုးရိမ်စိတ်ဝင်သွားမိ၏... ရှင်းရှင်းလေးက ယခုလို အခင်အမင်လွယ်၊ အယုံအကြည်လွယ်နေပါက မကောင်းသောလူတချို့နှင့် တွေ့ချိန်တွင် ဒုက္ခရောက်နိုင်သည်လေ...


သူ ထိုအတွေးတို့ကို တွေးမိနေရင်း ရှင်းရှင်းလေး လက်ထဲမှကုဗတုံးလေးကို ယူလိုက်ကာ လုပ်ငန်းစလိုက်သည်... ဒီတစ်ကြိမ်တွင်တော့ ကျန်းမင်ယွမ်က ပထမတစ်ကြိမ်ထက်ပိုနှေးစွာ ​ရှင်းပြလေသည်... ရှင်းပြနေစဥ်တွင်လည်း သားဖြစ်သူ နားလည်ရဲ့လားဟူသော နူးညံ့သောအကြည့်တို့ဖြင့် လှည့်ကြည့်တတ်သေး၏... 


ရှင်းရှင်းလေးသည်လည်း ရှင်းလင်းချက်တို့ကို အချိန်တစ်ခုအထိ နားထောင်ပြီးနောက်တွင်တော့ ပို၍နားလည်သဘောပေါက်သွားခဲ့သည်...


ဦးလေးကြီးလက်ထဲမှ ကုဗတုံးလေးကို ပြန်ယူလိုက်ကာ သူကိုယ်တိုင် ဖြေရှင်းကြည့်ပြန်၏... ပေါက်စီလုံးလေးသည် ကျန်းမင်ယွမ်ပြောပြခဲ့သည်နည်းလမ်းအတိုင်း ဖြေရှင်းလိုက်တဲ့အခါ ကုဗတုံး၏မျက်နှာပြင်တစ်ခုပြီးတစ်ခုအရောင်တူညီသွားလေတော့သည်...


ကလေးလေးသည် သူ့ရဲ့အောင်မြင်မှုလေးကို မိခင်ဖြစ်သူအား ပြရန် ဆန္ဒစောသွားဖြင့် ပြေးထွက်သွားသည်...


နေရာတွင် ကျန်ခဲ့သောကျန်းမင်ယွမ်မှာတော့ ကူညီခဲ့ပေမယ့် အပြုံးလေးတစ်ပွင့်ပင် ပြန်မရခဲ့ပေ... သို့သော်လည်း သူ စိတ်မဆိုးပေ... ထို့နောက် ကျန်းမင်ယွမ်သည် ညစျေးရှိဘာဘီကျူးဆိုင်လေးထဲမှ ထွက်သွားလေတော့သည်...


💗💗💗💗💗💗💗