အပိုင်း ၇၇-၇၈
Viewers 22k

Chapter 77

{ ကျောင်းတက်ချင်စိတ် - ၂ }


ချန်းဟွမ် သူမ၏ကြောက်ရွံ့မှုတို့ကို ထိန်းချုပ်လို့ထားသော်ငြား သူမ ရှေ့နားရှိ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောလမ်းမီးတိုင်ကြောင့် စိတ်အစဥ်တို့ မတည်ငြိမ်နိုင်ဖြစ်လို့နေမိသည်... 


 ထိုလမ်းမီးတိုင် လင်းလိုက် ပိတ်လိုက်ဖြစ်နေခြင်းက သူမရဲ့စိတ်တည်ငြိမ်မှုတို့ကို ဆွဲလှုပ်နေသလိုပင်...


ကြောက်စိတ်ကို တွန်းလှန်ဖို့ရာ တခြားသောအကြောင်းအရာတို့ကို စဥ်းစားကြည့်သော်လည်း မြင်တွေ့နေရသောမီးရောင်မှိတ်တုတ်မှိတ်တုတ်ကြောင့် စိုးထိတ်နေသေး၏... 


ချန်းဟွမ်တစ်ယောက် တဖြည်းဖြည်းလျှောက်လှမ်းလာရင်း ချို့ယွင်းနေသောမီးတိုင်အောက်သို့ ရောက်ချိန်တွင်တော့ လမ်းမီးတိုင်ဟာ အမှောင်ကျသွားလေသည်... သူမသည် ရုတ်တရက်မှောင်သွားသော​အခြေအနေကြောင့် လန့်သွားခဲ့ပြီး လမ်းဘေးရှိအမှောင်ယံတို့ဘက်သို့ လုံးဝလှည့်မကြည့်ရဲတော့ဘဲ နေရာတွင်ပင် အေးခဲတောင့်တင်းသွားခဲ့ချေ... 


သို့သော်လည်း ရှေ့နားဆီတွင် အလင်းရောင်တို့ဝေမျှပေးနေသောလမ်းမီးတိုင်နောက်တစ်ခုဆီသို့ အရဲစွန့်စွာ အမြန်လျှောက်လှမ်းသွားလိုက်သည်... အလင်းရောင်အောက်သို့ ရောက်ချိန်တွင် အနောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သောမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့်မီးတိုင်ရှိသို့ ပြန်လှည့်ကြည့်လိုက်ရင်း ရဲဌာနဆီသို့ ဒီမီးတိုင်နှင့်ပတ်သက်ပြီး သတင်းပေးသင့်သည်ဟု တွေးလိုက်မိ၏... 


သူမတစ်ယောက်တည်း လမ်းတစ်လျှောက်၌ လျှောက်နေခဲ့စဥ်၌ ရုတ်တရက်ဆိုသလိုခံစားချက်တစ်ခုကို သူမ ကျောပြင်မှ ခံစားလိုက်ချေသည်... တစ်စုံတစ်ယောက်က သူမအား တိတ်တဆိတ်စောင့်ကြည့်ရင်း အနားသို့ တဖြည်းဖြည်းကပ်လာသောခံစားမှုမျိုးပင်...


ထိုခံစားမှု​ကို ခံစားလိုက်ရသောချန်းဟွမ်တစ်ယောက် အနောက်သို့ လှည့်ကြည့်ရန် သတ္တိမွေးနေဆဲအချိန်၌ သူမတစ်ယောက်တည်းရှိနေသောလျှောက်လမ်းတွင် သူမအနောက်တွင်လူတစ်ယောက်ရှိနေသည့်အရိပ်ကို တွေ့လိုက်တာကြောင့် နှလုံးခုန်နှုန်းတို့ပင် ရပ်တန့်သွားတော့မလို့ တုန်လှုပ်သွားလေသည်..


သူမအနောက်လှည့်ကြည့်လိုက်လျှင်လည်း သရဲတစ္ဆေဇာတ်လမ်းတို့တွင် ပါဝင်တတ်သည့်ဇာတ်ဝင်ခန်းလို သရဲမျက်နှာကို ဝါးခနဲမြင်လိုက်ရမည်ကို ကြောက်နေမိသည်... သူမက ပြေးလိုက်မိလျှင်လည်း အနောက်ရှိသရဲက သူမ နောက်သို့ အသည်းအသန်လိုက်လာမည်ကို ကြောက်ရပြန်တယ်... ထိုကြောင့်လည်း သူမသည် မနှေးလွန်း မမြန်လွန်းအရှိန်ဖြင့် အမြန်လမ်းလျှောက်နေရတော့သည်...


မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ သူမ ရှေ့တွင်တခြားသောလမ်းသွားလမ်းလာများကို တစ်ယောက်စ နှစ်ယောက်စ တွေ့လာရတော့သည်... ထိုချိန်မှသာ သူမရဲ့စိုးထိတ်မှုတို့ လွှင့်ပျောက်သွားခဲ့ရလေတယ်... သူမသည် ယခုတွင်တော့ အနောက်သို့ ပြန်လှည့်ကြည့်ရဲခဲ့ချေပြီ... နောက်ဆုံး အနောက်လှည့်ကြည့်လိုက်ချိန်တွင် သူမ မြင်လိုက်ရသည်က... ရှင်းလင်းနေသောလျှောက်လမ်းတစ်ခုပင်... သူမ အနောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှရှိမနေခဲ့ပါလေ...


လူသူကင်းမဲ့နေသောလျှောက်လမ်းသို့ လှည်ကြည့်နေမိသောချန်းဟွမ်ဟာ သူမ တွေ့ခိုက်သောလူရိပ်သည် သူမရဲ့အကြောက်လွန်နေမှုကြောင့် ထင်ယောင်ထင်မှားဖြစ်သွားသည်ဟုသာ တွေးလိုက်ရင်း အိမ်ပြန်လမ်းကို ဆက်လျောက်ခဲ့လိုက်သည်...


ထိုနေရာနှင့်မနီးမဝေးတွင် ရပ်ထားသောကားနက်တစ်စီး၏နောက်ခုံရှိအမျိုးသားသည် ချန်းဟွမ်အား အချိန်တစ်ခုအထိ တိတ်တဆိတ် စောင့်ကြည့်ခဲ့ပြီးနောက် ထိုနေရာမှ ပြန်ရန် ဒါရိုက်ဘာအား အမိန့်ပေးလိုက်တော့၏...


💛💛💛💛💛💛💛


Chapter 78

{ ကျောင်းတက်ချင်စိတ် - ၃ }


ကျန်းမင်ယွမ်သည် နေ့လည်ပိုင်း အစည်းအဝေးပြီးနောက်တွင်ဘက် ရှင်းချီလမ်းအပိုင်းရှိအလုပ်တချို့ကို စစ်ဆေးရန်  ထိုလမ်းဆီသို့ ရောက်လာခဲ့လေတယ်... ရှင်းချီလမ်းသို့ အရောက်တွင် သူ ကားထဲမှ ဆင်းလိုက်ပြီး ထိုအနီးအနားဧရိယာတစ်ဝိုက်တွင် ဟိုဟိုဒီဒီလမ်းလျှောက်ရင်း အစီအစဥ်အသစ် အကြံဥာဏ်အသစ်တို့ကို တွေးဆနေမိ၏... ထိုသို့နေရင်း ခေတ္တအကြာတွင် သူ ရင်းနှီးနေသောပုံရိပ်လေးကို တွေ့လိုက်ရသည်...


အစပိုင်းတွင် ကျန်းမင်ယွမ် အမြင်မှားသည်ဟု ထင်နေမိသော်ငြား အသေအချာကြည့်လိုက်မိချိန်တွင် သားဖြစ်သူရဲ့မိခင်ဖြစ်နေသည်ကို အတည်ပြုလိုက်နိုင်သည်...  ထိုအမျိုးသမီးငယ်လေးက ဒီနေရာကို ဘာကြောင့်ရောက်နေသည်ကို တခဏမျှစဥ်းစားလိုက်ပြီးနောက် အဖြေကို ရှာတွေ့သွားခဲ့ချေ၏...


သူမက ဆိုင်ခန်းနေရာတစ်ခုကို ရှာဖွေနေမှန်းသိလိုက်ရသည်ကြောင့် သူဟာ သူ့လက်ထောက်အား တည်နေရာကောင်းကောင်းဖြစ်ကာ လူစည်မည့်နေရာရှာပေးလိုက်ရန် ​မှာထားခဲ့သည်​... ထိုအမျိုးသမီးငယ်လေးက စျေးချိုလွန်းပြီးရောင်းကောင်းမည့်ထိုဆိုင်ခန်းကို ချက်ချင်းမငှားရမ်းလိုက်ပါဘဲ ကိုယ်တိုင်လာကြည့်ပုံထောက်လျှင် သူမဟာ လွယ်လွယ်မယုံကြည်တတ်ဘဲ သေချာစဥ်းစားတွက်ချက်တတ်သူတစ်ဦးဆိုသည်ကို သိနိုင်ပေသည်..


ထိုဆိုင်ခန်းနေရာသည် နေရာအဆင်ပြေလှသည်ဟု ဆိုနိုင်သော်ငြား တစ်ခါတစ်ရံတွင် အန္တရာယ်များလွန်းလှ၏... ယခုလို အမှောင်ယံတို့ကြီးစိုးနေသောအချိန်တွင် လျှောက်လမ်းထက်တွင် သူမတစ်ယောက်တည်း လမ်းလျှောက်သွားနေသည်ကိုကြည့်ရင်း သူမအတွက် စိုးရိမ်ပေမယ့်လည်း သူ့ကားနှင့်အတူလိုက်ခဲ့ရန် ပြောဖို့ရာလည်း သူနှင့်သူမက သူစိမ်းအဆင့်သာသာပင်... ဤသို့ဖြင့် နောက်ဆုံးတွင် သူ ချန်းဝှမ်နောက်သို့ ခပ်ဖြည်းဖြည်းလိုက်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်...


ထိုကဲ့သို့ သူမ အနောက်သို့ လိုက်လာခြင်းက သူမ ကို ပိုထိတ်လန့်စေမှန်း ကျန်းမင်ယွမ်တစ်ယောက် သတိမထားလိုက်မိပါချေ...


ချန်းဟွမ်တစ်ယောက် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောလမ်းမီးတိုင်ကို လှည့်ကြည့်လိုက်ချိန်တွင် ကျန်းမင်ယွမ်သည်လည်း ထိုလမ်းမီးတိုင်ကို ကျိန်ဆဲနေမိပေသည်... ထိုမီးတိုင်​ကို လှည့်ကြည့်ရင်း သူ့ကိုပါ မြင်တွေ့သွားလျှင် မည်သို့တုံ့ပြန်ရမည်ကို သူ လုံးဝမသိသောကြောင့်ပင်... သို့သော် နောက်စက္ကန့်အနည်းငယ်အကြာတွင်တော့ ကျန်းမင်ယွမ်သည် ထိုအမျိုးသမီးငယ်လေးဟာ အနောက်မှကျားလိုက်ခံနေရသလို အရူးအမူး အသည်းအသန် မြန်ဆန်စွာလမ်းလျှောက်သွားနေသိကို သတိပြုလိုက်မိသည်...


ချန်းဟွမ်၏ထိုအပြုအမူကြောင့် ကျန်းမင်ယွမ်သည် သူမ နောက်သို့ ဆက်မလိုက်ရဲတော့ပေ... ထိုကြောင့် သူ့ကားထဲသို့ ပြန်ဝင်လိုက်ပြီး ကားဖြင့်သာ ဖြည်းဖြည်းချင်း လိုက်လာခဲ့မိသည်... သူ ထိုအမျိုးသမီးငယ်လေးကို နောက်တစ်ကြိမ်ထိတ်လန့်သွားအောင် ခြောက်လန့်ချင်စိတ်မရှိတာကြောင့် တိတ်တဆိတ်သာ စောင့်ကြည့်နေလိုက်သည်...


နောက်ဆုံးတွင်တော့ သူမသည် လမ်း၏လူအစည်ကားဆုံးအပိုင်းသို့ ရောက်သွားခဲ့လေပြီ... ချန်းဟွမ်သည် ထိုအချိန်မှသာ အနောက်သို့ လှည့်ကြည့်လာခဲ့ပြီး တစ်စုံတစ်ခုကို စိုးထိတ်နေပုံပင်... ကျန်းမင်ယွမ်သည် သူ့လုပ်ရပ်ကြောင့် သူမ စိုးထိတ်သွားခဲ့ရသည်ကို တွေးမိရင်း အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့မိ၏... သူ သူမက်ု အပြည့်အဝကူညီချင်သော်လည်း လက်ရှိအခြေအနေတွင် သူသည်လည်း ဘာမျှမတတ်နိုင်ပေ...


ချန်းဟွမ် ကျန်းမင်ယွမ်ကဲ့သို့ အိမ်ပြန်လမ်းမှကိစ္စကို ပြန်တွေးဆမနေဘဲ... လုံးဝမေ့ပျောက်သွားပုံရသည်...


သူမသည် အိမ်နီးနားချင်းအိမ်တွင် ရှိနေသောရှင်းရှင်းလေးကို ဝင်ခေါ်လိုက်ပြီး ညစာချက်ရန် စတင်လိုက်သည်... ရှင်းရှင်းလေးရဲ့အတင်းတောင်းဆိုမှုကြောင့် သူမသည် ရှင်းရှင်းလေး ရေဆေးပေးထားသည့်ဟင်းရွက်တို့ကို ချက်ပြုတ်ရန်သာ ဆုံးဖြတ်ခဲ့ရလေ၏...


သားအမိနှစ်ယောက် ညစာစားပြီးချိန်တွင် အနည်းငယ် ညဥ့်နက်နေပြီဖြစ်တာကြောင့် သူမသည် ဆိုင်ခန်းကိစ္စနှင့်ပတ်သက်ပြီး အိမ်ခြံမြေကုမ္မဏီသို့ မနက်ဖြန်မှသာ ဖုန်းဆက်ရန် စဥ်းစားလိုက်တော့သည်...


နောက်တစ်နေ့တွင်တော့ သူမသည် အိမ်ခြံမြေကုမ္မဏီသို့ ဖုန်းဆက်လိုက်သည်... ဒီတစ်ကြိမ်တွင်လည်း အရင်တစ်ကြိမ်လိုပင် ဖုန်းစဖြေသောဝန်ထမ်းသည် အဓိကတာဝန်ရှိသူဆီသို့ ဖုန်းလွှဲပေးချေသည်... တာဝန်ရှိသူမှာ သူ၏ကိုယ်ပိုင်ဖုန်းနံပါတ်ကို ချန်းဟွမ်အား စိတ်အားထက်သန်စွာပြောပြလိုက်ပြီး သူမနှင့် တွေ့ဆုံရန် အချိန်နှင့်နေရာကို ချက်ချင်းသတ်မှတ်ပေးလိုက်၏...


ချန်းဟွမ်သည် ဖုန်းချလိုက်ပြီးနောက်တွင် ခေါင်းညိတ်ကာ မနက်စာစားနေသောပေါက်စီလုံးလေးကို ပြုံးပြလိုက်ကာ စကားစလိုက်သည်..


. " သား... မေမေတို့ဆိုင်အသစ်ကိုပြောင်းတော့မယ်... မေမေတို့နောက်ဆုံးသွားခဲ့ဖူးတဲ့ စျေးဝယ်ပလာဇာကြီးကို မှတ်မိသေးတယ်မလား... မေမေတို့ရဲ့ဆိုင်အသစ်က အဲ့မှာဖွင့်မှာလေ... "


" ဝါးးးး...တကယ်လား? " ပေါက်စီလုံးလေးသည် ကြက်ဥအနှစ်ကို ပလုတ်ပလောင်းစားရင်း တအံ့တသြပြန်ပြောလေသည်... ထို့နောက် ကလေးလေးသည် မနက်စာပန်းကန်ကို ရှေ့သို့ ချက်ချင်းတွန်းဖယ်လိုက်ပြီး ထိုင်ခုံကနေ ခုန်ဆင်းလိုက်ကာ " မေမေ... သားလည်း လိုက်ချင်တယ်... "


ထိုစျေးဝယ်စင်တာတွင် အရသာရှိလွန်းသောကိတ်မုန့်များ ရှိနေသည်ကို လူလည်လေးရှင်းရှင်းက မှတ်မိနေသေးသည်...


" သား လိုက်လို့ မရဘူး " ချန်းဟွမ် ကလေးလေး၏တောင်းဆိုမှုအား ချက်ချင်း ငြင်းပယ်လိုက်သည်... 


" ဒီနေ့ တနင်္လာနေ့လေ... ရှင်းရှင်းက ကျောင်းသွားရမှာပေါ့... "


ထိုစကားတို့ကို ပြောပြီးနောက်တွင် ချန်းဟွမ်သည် ပေါက်စီလုံးလေး၏ပါးစပ်ကိုလက်သုတ်ပဝါနဲ့ သေချာသုတ်ပေးလိုက်ပြီးကလေးလေး၏ကျောပိုးအိတ်ကို ကောက်ယူလိုက်ကာပြောလိုက်သည်


 " ကဲ..ကျောင်းသွားကြစို့..." 


 ရှင်းရှင်းလေး ခေါင်းငုံ့ကာ ညည်းတွားလိုက်မိသည်... ယခုတွင် ကျောင်းစတက်တည်းက ပထမဆုံးအကြိမ်အဖြစ် ကျောင်းတက်ချင်မရှိခြင်းကို ခံစားမိလိုက်ချေသည်...


Xxxx