အပိုင်း ၇၉-၈၀
Viewers 20k

Chapter 79

{ မေမေ ရောက်လာတော့မှာ - ၁ }


ချန်းဟွမ် ရှင်းရှင်းလေးအား ကျောင်းပို့ပြီးနောက်တွင် အဝတ်အစားလဲလှယ်လိုက်ကာ ဟူထန်းဟွာနှင့်တွေ့ဆုံရန် ယုံချင်းပလာဇာသို့ ထွက်လာခဲ့လိုက်သည်...


သူမတို့ "ဟော့ပေါ့ဘုရင်"ဆိုင်တွင်တွေ့ဆုံရန် ချိန်းဆိုထားခြင်းဖြစ်ပြီး ချန်းဟွမ်တစ်ယောက် ထိုနေရာသို့ ရောက်ချိန်၌ ဟူထန်းဟွာသည် အရင်ရောက်နေနှင့်ပြီပင်...


ဟူထန်းဟွာသည် အသက်သုံးဆယ်ကျော်လူလတ်ပိုင်းဖြစ်ပြီး လေးထောင့်ပုံမျက်နှာရှိကာ စိတ်​ကောင်းဖြစ်မည့်လူကောင်းတစ်ယောက်၏အသွင်အပြင်ရှိသည်... ချန်းဟွမ်က ထိုသူဆီသို့ လျှောက်လာချိန်မှာပင် သူက(ဟူထန်းဟွာ)  သူမနားသို့ ခြေလှမ်းနှစ်လှမ်း လျှောက်လှမ်းလာလေသည်


" မစ္စချန်းလားခင်ဗျ " သူဟာ အပြုံးလေးဖြင့် ချိုသာစွာဆိုရင်း စကားဆက်ပေ၏... " မနက်စာရောစားပြီးပြီလား? မစားရသေးရင် မနက်စာကောင်းကောင်းရတဲ့နေရာကို ကျွန်တော် လိုက်ပို့ပေးမယ်လေ.. "


ချန်းဟွမ် ချိုမြိန်စွာပြုံးရင်း ပြန်ဖြေလိုက်လေသည်... " ရပါတယ် Bossဟူ... ကျွန်မ စားလာခဲ့ပြီးပြီ " 


" ကောင်းပြီလေ ဒါဆိုလည်း ကျွန်တော်တို့တွေ နေရာကို သွားကြည့်ကြရအောင်... " ဟူထန်းဟွာသည် စကားအလွန်ပြောတတ်သူ မဟုတ်ဘဲ အလုပ်ကိုသာ အာရုံစိုက်ထားတတ်သူပင်... သူ ထိုစကားကို ​ဆိုပြီးနောက် အိတ်ကပ်ထဲမှဆိုင်သော့ကို ဆွဲထုတ်ကာ "ဟော့ပေါ့ဘုရင်"ဆိုင်၏တံခါးကို ဆွဲဖွင့်လိုက်ရင်း " မစ္စချန်း အရင်ဝင်ပါ... 


ဟော့ပေါ့ဘုရင်သည် ရက်အတော်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်တာကြောင့် အတွင်းပိုင်းအနည်းငယ် ညစ်ပတ်နေမည်မှာ မလွဲဧကန်ပင်... ဟူထန်းဟွာက ဆိုင်ခန်းထဲရှိ မီးများကို ဖွင့်ပေးပြီးချိန်၌ ချန်းဟွမ်သည် ဆိုင်ခန်းနေရာအနှံ့ကို သေချာလှည့်ပတ်ကြည့်ရှုနေလိုက်၏.. 


ဟော့ပေါ့ဘုရင်သည် ခန့်မှန်းချေအရ ၂၅၀စတုရန်းမီတာ ကျယ်ဝန်းပေသည်... စားပွဲများနှင့်ကုလားထိုင်များမှာလည်း  စားသောက်ဆိုင်အတွင်း၌ အလွန်နီးကပ်လို့နေပေ၏... ချန်းဟွမ်သည် ဆိုင်ခန်းထဲသို့ အမြန်ကြည့်လိုက်ချိန်တွင် စားပွဲ ၅၀နီးပါးလောက်ရှိသည်ဟု တွေးဆလိုက်မိချေတယ်...


ချန်းဟွမ်တစ်ယောက် သေချာလှည့်ပတ်ကြည့်နေချိန်တွင် ဟူထန်းဟွာမှစကားစလာ၏..


." ဒီမှာရှိတဲ့ အရာအားလုံးက အသစ်တွေချည်းပါပဲ...  မစ္စချန်းက ဟော့ပေါ့ဆိုင်ဖွင့်ဖို့ စိတ်ကူးထားရင် ဒီက ပစ္စည်းတွေကို ပေးလို့ရတယ်...ပစ္စည်းတွေအတွက် ငွေအပိုကုန်စရာမလိုဘူးပေါ့...  "


ချန်းဟွမ် သူ၏စေတနာကို ကျေးဇူးတင်မိပေမယ့်လည်း စိတ်မကောင်းစွာဖြင့်သာ ငြင်းပယ်လိုက်ရလေသည်...​


" ဒါပေမယ့် ကျွန်မက ဟော့ပေါ့ဆိုင်ဖွင့်ဖို့ စီစဉ်ထားတာ မဟုတ်ဘူး "


" ဒါဆိုလည်း ထားပါတော့လေ... " ဟူထန်းဟွာသည် ငွေရှာရန် အခွင့်အရေးကို ဆုံးရှုံးသွားပြီဟု တွေးရင်းအနည်းငယ်စိတ်ပျက်သွားမိပေ၏..


. " ဒီနေရာကို ဘယ်လိုမြင်လဲ မစ္စချန်း.. "


"မဆိုးပါဘူး... "


ဟူထန်းဟွာသည် ထိုစကားကို ကြားပြီးနောက်တွင်မှ စိတ်ခံစားချက်အနည်းငယ်ပြန်ကောင်းလာခဲ့တော့သည်... ခေတ္တအကြာတွင် သူ စားပွဲတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးကို သန့်ရှင်းရေးလုပ်ကာ အ၀တ်စုတ်တစ်ထည်ဖြင့် သေချာသုတ်လိုက်ပြီး " ကျွန်တော်တို့တွေ အေးဆေးထိုင်ပြီးပြောကြတာပေါ့... "ဟုဆိုလိုက်သည်...


ကြိုတင်ပြင်ဆင်မှုအား ကောင်းလှသောဟူထန်းဟွာသည် ချန်းဟွမ်တစ်ယောက် ထိုင်လိုက်သည်နှင့် သူမ လက်ထဲသို့စာရွက်စာတမ်းတချို့ကို ပေးလိုက်လေ၏...


သူမသည် စာရွက်စာတမ်းတို့ကို အသေအချာဖတ်ရှုပြီးနောက် သူမ သေချာနားမလည်သောအကြောင်းအရင်းတချို့ကို ပွင့်ပွင့်လင်းလင်းမေးမြန်းပြီး ဟူထန်းဟွာမှာလည်း ​မေးသမျှကို စိတ်ရှည်ရှည်ဖြင့် အမှန်အတိုင်း​ပြန်ဖြေကြားသည်.


စာရွက်စာတမ်းများနှင့် စာချုပ်စာတမ်းအားလုံးကို ချန်းဟွမ်တစ်ယောက် ဖတ်ပြီးနောက် သူမတို့သားအမိအတွက် အတော်လေးအဆင်ပြေနိုင်ကြောင်းခံစားလိုက်မိသည်... 


" ကျေးဇူးအများကြီးတင်ပါတယ်! "


 ချန်းဟွမ် ဝမ်းသာလွန်းတာကြောင့် စိတ်လှုပ်ရှားလွန်းစွာ ဆိုလိုက်သည်...


" ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး... ဒါဆို ကျွန်တော်တို့တွေ စာချုပ်​ချုပ်​ကြတော့မလား... " 


" ကောင်းပြီလေ စာချုပ်ချုပ်ကြတာပေါ့... " ချန်းဟွမ်ဟာလည်းပဲ စာချုပ်ကိစ္စကို အမြန်အပြီးသတ်ချင်နေပုံပင်... 


နောက်ဆုံးတွင်တော့ တူညီသော စာချုပ်သုံးစုံပါရှိသည့်စာရွက်စာတမ်းတို့သည် ဟူထန်းဟွာ၊ ချန်းဟွမ်နှင့် အိမ်ခြံမြေပိုင်ရှင်ထံသို့ အသီးသီးကိုင်ဆောင်ထားရမည်ပင်...


ဟူထန်းဟွာတစ်ယောက် ဖုန်းဆက်လိုက်ပြီး ခေတ္တအကြာတွင် အိမ်ခြံမြေပိုင်ရှင်လည်း အမြန်ဆုံးရောက်လာခဲ့လေသည်... ထိုလူက အသက်၃၀လောက်ရှိပြီဖြစ်ကာ ခန္ဓာကိုယ်မှာ ပိန်ပိန်ရှည်ရှည်နှင့်ပင်...သူ့ဝတ်စုံကို စေ့စေ့စပ်စပ် ၀တ်ဆင်ထားပြီး အထက်တန်းလွှာတစ်ဦးနှင့် လွန်စွာတူပေ၏...


ထိုအမျိုးသားသည်လည်း စကားများများဆိုသူ မဟုတ်ပေ...သူသည် ချန်းဟွမ်အား ဆိုင်ခန်း၏ပိုင်ဆိုင်မှုပိုင်းဆိုင်ရာအထောက်အထားများကို အမြန်ပြသခဲ့ပြီး ၎င်းတို့သုံးဦးသည် စာချုပ်များတွင်အတူတကွ လက်မှတ်ရေးထိုးလိုက်ကြတော့သည်...


ထိုစာချုပ်ကို ကြည့်ရင်း ကျေနပ်မှုတို့ ပြည့်နေသူမှာ ဟူထန်းဟွာပင်... ထိုအမျိုးသားသည် နေ့လည်စာတူတူစားဖို့ အကြံပြုလာသေး၏... ချန်းဟွမ်သည်လည်း အနည်းငယ်စဉ်းစားပြီးနောက် သဘောတူလိုက်ချေတယ်...တစ်ဖက်မှအိမ်ခြံမြေပိုင်ရှင်မှာလည်း ခေတ္တမျှ စဉ်းစားပြီးသဘောတူလိုက်ပေသည်...


၎င်းတို့ဟာ ဟူထန်းဟွာအကြံပြုပေးသည့် ဟူနန်စတိုင်စားသောက်ဆိုင်ဆီသို့သာ ထွက်လာခဲ့လိုက်၏...


Xxxxxx


Chapter 80

{ မေမေ ရောက်လာတော့မှာ -  ၂ }


ဟူထန်းယွာသည်  စကားပြောကောင်းသူဖြစ်ပြီး ရှင်းချန်မှာလည်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်၏... ၎င်းတို့နှစ်ဦးသည် အကြောင်းအရာအမျိုးမျိုးကို ​ပြောဆိုနေကြပြီး ချန်းဟွမ်မှာတော့ သူမ နားမလည်သောကိစ္စများကို ပြောချိန်တွင် တိတ်တဆိတ်သာ နားထောင်နေလိုက်သည်.


နေ့လယ်စာစားပြီးနောက် ဟူထန်းဟွာနှင့်ချန်းဟွမ်တို့သည် အပြောင်းအရွှေ့လုပ်ငန်းကို ပြီး​ပြတ်အောင် ဆောင်ရွက်ကြပြီး လမ်းခွဲလိုက်ကြသည်


ထိုစဥ်ရှင်းချန်မှာတော့ ရုံးခန်းတစ်ခုရှိရာသို့လျှောက်လှမ်းလို့နေ၏... ထိုရုံးခန်းတံခါးကို ခေါက်ပြီးဝင်လိုက်ချိန်တွင် ရုံးခန်းအတွင်းတွင် စာရွက်စာတမ်းများနှင့်အလုပ်ရှုပ်နေသောအမျိုးသားတစ်ဦးရှိလို့နေ၏.. ရှင်းချန်သည် ချန်းဟွမ်နှင့် ချုပ်ဆိုထားသောစာချုပ်အား ထိုအမျိုးသား၏စားပွဲပေါ်သို့ တင်ပေးလိုက် " Boss... ခိုင်းထားတဲ့ကိစ္စကို အပြီးသတ်ခဲ့ပါပြီ.. " 


စာရွက်စာတမ်းတို့နှင့် အလုပ်ရှုပ်နေသောကျန်းမင်ယွမ်သည် အနှီအမျိုးသားပေးသောစာချုပ်ကို တစ်ချက်ကြည့်ကာ စာချုပ်စာမျက်နှာအောက်ခြေရှိလက်မှတ်အား အသေအချာ စိုက်ကြည့်နေလိုက်မိသည်.. ထို့နောက် စာချုပ်ကို ယူလိုက်ပြီး သူ့လက်ထောက်အား နောက်ထပ်တာဝန်တစ်ခု ပေးလိုက်ပြန်သည်...


" အတွင်းပိုင်းပြုပြင်ပြင်ဆင်ရေးကုမ္မဏီတစ်ခုကို ရှာလာခဲ့...."


 ရှင်းချန် : " ဟုတ်ကဲ့ Boss "


ကျန်းမင်ယွမ်၏ညာလက်ရုံးဖြစ်သောရှင်းချန်သည် သူ့အထက်လူကြီးက ထိုသားအမိနှစ်ယောက်ကို ဘာကြောင့် လွန်စွာဂရုစိုက်နေသည်ကို သိသော်လည်း သူ နားမလည်သည်က ထိုကလေးလေးက Bossသားအရင်းမှန်း သိနေပါလျက် ပွင့်ပွင့်လင်းလင်းပေါ်တင်မကူညီဘဲ နောက်ကွယ်မှတိတ်တဆိတ်ကူညီပေးနေသည့်အကြောင်းအရင်းကိုပင်...


ရှင်းချန်သည် အလုပ်ပြန်လုပ်နေသောBossအား ကြည့်ရင်း ခေါင်းယမ်းလိုက်ပြီးနောက် ရုံးခန်းထဲမှထွက်သွားလေတော့သည်...


ချန်းဟွမ် ဟူထန်းဟွာနှင့်အတူ ဘဏ်မှ ပြန်ထွက်လာပြီးနောက်တွင် ဘဏ်အကောင့်ထဲရှိ ငွေပမာဏထက်ဝက်နီးပါးလည်း ပျောက်ကွယ်သွားခဲ့၏... သို့သော်လည်း သူမသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ဝမ်းနည်းနေခြင်းမရှိပေ... ထိုပိုက်ဆံများအား လွယ်လွယ်ကူကူရထားခဲ့ခြင်းကြောင့်ဖြစ်နိုင်သည်... 


သူမ သည် စာချုပ်ချုပ်ဆိုပြီးနောက်၌ တခြားသောအာရုံစိုက်ရမယ့်ကိစ္စများစွာရှိလာခဲ့တော့သည်... ပထမဦးစွာ သူမသည် အနာဂတ်လုပ်ငန်းကို ရှာဖွေရန် လိုအပ်ပေသည်...


သူမရဲ့ညစျေးမှဆိုင်းလေးကို စတင်ခဲ့စဥ်မှ စကာ သူမရဲ့မူလအစီအစဉ်ဆီသို့ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းနေဖို့ပင်... ငွေအနည်းငယ်စုဆောင်းပြီးသည်နှင့် သူမသည် ဆိုင်ခန်းတစ်ခုငှားရမ်းပြီး ဘာဘီကျူးရောင်းချမှုကို ဆက်လက်လုပ်ဆောင်ရင်း သူမရဲဲ့ကိုယ်ပိုင်အိမ်ချက်ဟင်းလျာကို စတင်ရန် တိတ်ဆိတ်အေးချမ်းသွားနေရာတစ်ခုကို ငှားရမ်းဖို့ ငွေပြန်လည်စုဆောင်းမည်ပင်...


သို့သော်လက်ရှိအခြေအနေဟာ သူမ မျှော်မှန်းထားသည်နှင့် အနည်းငယ် ကွာခြားလို့နေသည်...


ပထမဆုံးအနေနဲ့ ဆိုင်၏မျက်နှာစာဟာ မြို့တော်ရဲ့အလုပ်အရှုပ်ဆုံးနေရာတွင် တည်ရှိနေခြင်းဖြစ်ပြီး ထိုနေရာသည် သီးသန့်အိမ်ချက်ဟင်းလျာများ အေးချမ်းစွာ ရောင်းချရန်အတွက် မသင့်လျော်လှ... တစ်ဖက်တွင်လည်း ထိုတည်နေရာတွင် အသားကင်သာ ဆက်လက်ရောင်းချနေခြင်းဟာ ဆိုင်ခန်းငှားခများကို ဖြုန်းတီရာ ကျပြန်သည်... ချန်းဟွမ်သည် ဆိုင်ခန်းကို မငှားရမ်းခင်က ပလာဇာအတွင်း သေချာလှည့်ပတ်ကြည့်ရှုခဲ့စဥ်တွင် ပလာဇာထဲရှိ အထပ်နှစ်ထပ်တွင် စားသောက်ဆိုင်တစ်ရာနီးပါးရှိပြီး ဟင်းလျာအမျိုးအစားတိုင်းနီးပါး ပြီးပြည့်စုံစွာရှိလို့နေလေ၏... ထို့ကြောင့် သူမ ဆိုင်လေး ရောင်းအားကောင်းဖို့ရာအတွက် တစ်စုံတစ်ခုဖြင့် လူတိုင်း၏အာရုံကို ဆွဲဆောင်ရမည်ပင်...


အမှန်တွင်တော့ ထိုအချက်သည် သူမအတွက် မခက်ခဲလှ...


ချန်းဟွမ်သည် သူမ၏မူလဘဝတွင် အဖိုးဖြစ်သူထံမှ တော်ဝင်ဟင်းလျာများကို သင်ယူခဲ့ရသူပီပီ တော်ဝင်ဟင်းလျာနှင့်ပတ်သက်သော စည်းမျဉ်းများထဲမှတစ်ခုဖြစ်သည့် ပါဝင်ပစ္စည်းများ၏အရည်အသွေးကို မည်သို့ထိန်းရမည်ကို ကောင်းကောင်းသဘောပေါက်ပေသည်.. ချန်းဟွမ်သည် သူမ၏မူလဘဝတွင်  အကောင်းဆုံးသောပါဝင်ပစ္စည်းများကို ရှာဖွေရန်အတွက် နေရာအနှံ့သို့လျှောက်သွားခဲ့ပြီး အရသာရှိသော ဟင်းလျာများစွာကို မြည်းစမ်းခဲ့ချေ၏...


သိုးကောင်လုံးပွဲကြီးသည် ချင်မင်းဆက်မှ တော်ဝင်ဟင်းလျာတစ်ခုဖြစ်ပြီး လူသိများလှပေသည်... သိုးငယ်တစ်ကောင်ကို ဟင်းပွဲ ၈၀ကျော်အဖြစ် ပြောင်းလဲနိုင်လိုက်ပြီး ၎င်းတို့ထံမှ ရရှိသမျှခန္ဓာကိုယ်အစိတ်အပိုင်းများပေါ် မူတည်ကာ ဟင်းပွဲများစွာထပ်ဆင့်ပွားနိုင်ပေသည်...


သူမသည်မူလဘဝတုန်းက ထိုဟင်းပွဲကြီးကို ပထမဆုံးမြင်ဖူး စားဖူးစဥ်က အတော်လေးအံ့အားသင့်ခဲ့ရသည်... ထိုဟင်းပွဲကြီး မည်သို့ပြင်ဆင်သည်ကို အဖြေရှာဖို့ ကြိုးစားရင်းဖြင့် ထိုဒေသ၌ ခြောက်လကျော်ကြာအောင် နေထိုင်ခဲ့၏... ထို့ကြောင့်လည်း သူမသည် ထိုဟင်းပွဲကြီးကို ပြင်ဆင်ရန် ၉၀%နီးပါးလောက် ယုံကြည်မှုရှိနေသည်...


သူမ အစီအစဥ်မှာ သူမရဲ့စားသောက်ဆိုင်၌ သိုးသားကို အဓိကထား ရောင်းချရန်ပင်... ဟင်းပွဲ ၈၀လုံးကို ချက်ပြုတ်နေစရာ မလိုပေ... ထိုဟင်းပွဲ၈၀ထဲမှ တစ်ဝက်ကျော်လောက် ပြင်ဆင်ထားလျှင်ပင် လုံလောက်လို့နေပြီဖြစ်၏... 


 ထိုဟင်းပွဲအပြင်နောက်ထပ် သက်သတ်လွတ် ဟင်းပွဲ အနည်းငယ် ထပ်ထည့်လိုက်ပါက သူမ ဆိုင်အတွင် တော်တော်လေးအဆင်ပြေသည့်မီနူးတစ်ခုကို ရရှိသွားမည်ပင်...


💜💜💜💜💜💜💜💜💜💜