အပိုင်း ၈၁-၈၂
Viewers 20k

Chapter 81

{ မေမေ ရောက်လာတော့မှာ -  ၃ }


မီနူးအား ဆုံးဖြတ်ပြီးနောက် ထပ်စဥ်းစားရမည့်ကိစ္စမှာ ဆိုင်အတွင်း  ပြုပြင်မွမ်းမံရေးပင်... ချန်းဟွမ်သည် ပြန်လည်မွမ်းမံပြင်ဆင်ရေးနယ်ပယ်တွင် သိပ်နားမလည်သောကြောင့် တစ်ယောက်ယောက်ကို အားကိုးရန် လိုအပ်လာတော့၏... သူမ ယုံကြည်ရလောက်သည့် ဆိုင်တွင်းပိုင်းဒီဇိုင်နာတစ်ဦးကို မသိတော့သည့်နောက်ဆုံးတွင် ဟူထန်းဟွာဆီသို့ ဆက်သွယ်မေးမြန်းလိုက်သည်..


သူမသ ဟူထန်းဟွာ အကြံပြုပေးသောလူနှင့် အမြန်တွေ့ဆုံခဲ့ပြီး အခြေခံဒီဇိုင်းတချို့ကို ဆွေးနွေးကာ သဘောတူခဲ့ကြ၏... ထို့နောက်တွင်တော့ ဒီဇိုင်နာ သူ့ရုံးခန်းသို့ ပြန်သွားကာ အကြမ်းထည်ဒီဇိုင်းအချို့ ပြသခဲ့သေးသည်...


အသေးစိတ်ပုံစံများသည် အလွန်ကောင်းမွန်ပြီး အပိုင်းတစ်ခုစီအတွက် ကုန်ကျစရိတ်များကို ရှင်းလင်းစွာဖော်ပြထားပေတယ်... ချန်းဟွမ်သည် ပုံကြမ်းဒီဇိုင်းများကို ကြည့်ရင်း အတော်လေး ကျေနပ်နေမိသည်... သူမပြုပြင်လိုသည့် နယ်ပယ်အချို့ကို ထောက်ပြခဲ့ပြီး ဒီဇိုင်းတို့ကို အတည်ပြုလိုက်သည်...


ဆိုင်ခန်း၏ ပြုပြင်မွမ်းမံခြင်းလုပ်ဆောင်မည့်အဖွဲ့ကိုလည်း ဒီဇိုင်နာမှ အကြံပြုခဲ့ခြင်းဖြစ်တာကြောင့် အားလုံးကို ခြုံပြောရလျှင် ချန်းဟွမ်ဟာ သိပ်ပါဝင်ခဲ့ရခြင်း မရှိပေ..


ချန်းဟွမ်သည် ပြုပြင်မွမ်းမံမှုပြီးမြောက်ရန် စောင့်ဆိုင်းနေစဥ်၌ ဘာမှမလုပ်ဘဲ ထိုင်နေခြင်းမရှိပါချေ... အလုပ်ခန့်ခြင်း၊ လေ့ကျင့်ခြင်းနှင့်ပါဝင်ပစ္စည်းများကို ရှာဖွေခြင်းလုပ်ငန်းကို စတင်လို့နေပြီပင်...  အရေးကြီးဆုံးကတော့သူမရဲ့လုပ်ငန်းလိုင်စင်ဖြစ်ပြီး ထိုလိုင်စင်မှာလည်း ဆိုင်ပြန်လည်မွမ်းမံခြင်း မပြီးမချင်း မရနိုင်သေးပေ...


သူမသည် ရရှိထားသမျှပိုက်ဆံများ၏တစ်ဝက်နီးပါးကို ပျော်ရွှင်စွာ အသုံးချလိုက်သည်... သို့သော် ယခုတလောတွင် ထွက်ငွေသာရှိပြီး ဝင်ငွေမရှိတာကြောင့် တဖြည်းဖြည်း စိတ်ပူစပြုလာလေ၏... သူမ ရင်းနှီးထားသလောက်သာ ပြန်မရပါက မည်သို့ဖြစ်သွားမည်ဟု စဥ်းစားလိုက်လျှင်ပင် သွေးတိုးသွားသလို ခံစားနေရချေ၏... 


ချန်းဟွမ် သူမ ဆိုင်ဆီသို့ ရှန်းလီကို အလည်ပင် ခေါ်လိုက်သေးသည်...


ချန်းဟွမ်က ဘာဘီကျူးဆိုင်ကို ပိတ်လိုက်ပြီးချိန်မှစကာ ရှန်းလီသည် သူမ၏၀င်ငွေတချို့ကို စွန့်လွှတ်လိုက်ရခြင်းပင်... ချန်းဟွမ်သည် ရှန်းလီအပေါ် စေတနာကောင်းလွန်းသူဖြစ်တာကြောင့် သူမ(ရှန်းလီ)ရဲ့ဝင်ငွေတော်တော်များများကို ချန်းဟွမ်၏ညစျေးဆိုင်လေးတွင် ရှာဖွေနိုင်ခဲ့ချေသည်... သို့သော် ချန်းဟွမ်က ညစျေးရှိဆိုင်လေးကို ပိတ်ထားတာကြောင့် ရှန်းလီမှာ အတော်လေး ခက်ခဲလို့နေသည်.


ရှန်းလီသည် ချန်းဟွမ်၏ဆိုင်တွေ ကူညီပေးရင်း ဘာဘီကျူး ကင်ပုံကင်နည်းကို နားလည်သဘောပေါက်ခဲ့ပြီးသားပင်... အနှီအမျိုးသမီးကြီးသည် သူမ ထောက်ပံ့နေရသောအိမ်စရိတ်ကို ကာမိစေဖို့ရာ လစာတစ်ခုတည်းကို မှီခို၍မရတော့ဟု ကောင်းကောင်းသဘောပေါက်ပေသည်... ထို့ကြောင့် သူမသည် နှစ်ရက်လောက် အသေအချာစဉ်းစားခဲ့ပြီးနောက် သူမကိုယ်ပိုင်လမ်းဘေးဆိုင်လေး ဖွင့်ဖို့ စဥ်းစားလိုက်မိသည်... သူမသည် မိသားစုနှင့် ဆွေးနွေးကြည့်ခဲ့ပြီး ၎င်းတို့အားလုံးကလည်း သူမ ဆုံးဖြတ်ချက်ကို ထောက်ခံချေ၏...


ညစျေးတွင် လမ်းဘေးဆိုင်လေး ဖွင့်မည်ဆိုသောအတွေးက အပြောလွယ်ကူလှသော်ငြား လက်တွေ့အကောင်အထည်ဖော်ဖို့ရာ ခက်ခဲလှသည်... ညဈေးတွင် ဘာဘီကျူးဆိုင်များစွာ ရှိနေသောလည်း ချန်းဟွမ်၏ဆိုင်တစ်ဆိုင်တည်းတွင် လူများအမြဲပြည့်နေခြင်းကို သူမ သတိထားမိခဲ့ပြီးသားပင်... ချန်းဟွမ်ဆိုင်မှ အသားကင်များနှင့်ဘာဘီကျူးများက လွန်စွာအရသာရှိနေခြင်းကြောင့်ဖြစ်လေသည်...


ထိုသို့ အရသာရှိနေလွန်းခြင်းမှာ ချန်းဟွမ်၏ အသားနှပ်ခြင်းနည်းလမ်းကြောင့်ဟု ရှန်းလီတစ်ယောက် တွေးမိပေသည်...ထိုအဆင့်သာမရှိပါလျှင် ဘာဘီကျူးများက တခြားသောဆိုင်များလို သာမန်အရသာကိုသာ ရရှိလိမ့်မည်ဖြစ်၏...


ယခုတွင် ချန်းဟွမ်က ဘာဘီကျုူးကင် မရောင်းတော့ဘဲ တခြားတစ်ခုပြောင်းလဲရောင်းချမည်ဟု သိလိုက်ရချိန်၌ ရှန်းလီ၏စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု တိုးဝင်လာလေတော့၏... ချန်းဟွမ်ကသာ သူမအား အသားနှပ်သည့်နည်းလမ်းကို ပြောပြပါလျှင် သူမသည် ရက်အနည်းငယ်လောက် သေချာလေ့ကျင့်ပြီးနောက် ညစျေးတွင် ဆိုင်ဖွင့်နိုင်မည်ပင်...


ချန်းဟွမ်သည် ရှန်းလီ၏တောင်းဆိုမှုကိုနားထောင်ပြီးနောက် အချိန်တစ်ခုအထိ တိတ်ဆိတ်လို့နေခဲ့၏...


ဘာဘီကျူးနည်းလမ်းကို ပေးလိုက်ရခြင်းက ချန်းဟွမ်အတွက် ပြဿနာမရှိပါချေ... သူမသည် ထိုနည်းလမ်းကို ရှန်းလီအား ပြောပြရန်ပင် စဉ်းစားခဲ့ဖူးသည်လေ...


သူမ အခုရက်ပိုင်း အလုပ်များလွန်းနေခဲ့သောကြောင့် ထိုကိစ္စအား မေ့နေခဲ့မိခြင်းသာ... ယခု ရှန်းလီက ထိုသို့ ​မေးလာသည့်အခါ အတော်လေး အဆင်ပြေသွားခဲ့သည်


ချန်းဟွမ်၏တိတ်ဆိတ်နေမှုက ရှန်းလီအား စိတ်မသက်မသာဖြစ်စေသည်... " မစ္စချန်းဆီကနေ အခွင့်ကောင်းမယူချင်ဘူး... ဒီလိိုဆို ဘယ်လိုလဲ... အခု ဖွင့်မယ့်ဆိုင်လေးသာ အဆင်ပြေလာခဲ့ရင် ဝင်ငွေရဲ့တစ်ဝက်ကို မစ္စချန်းကို ပေးမယ်လေ... တကယ်လို့ မယုံဘူးဆိုလည်း စာချုပ် ချုပ်ဆို ချုပ်ထားပေးပါ့မယ်... "


Xxxxxx


Chapter 82

{ မေမေ ရောက်လာတော့မှာ -  ၄ }


" မဟုတ်တာ အဲ့လောက်ထိ လုပ်ပေးဖို့ မလိုပါဘူး... " 


ချန်းဟွမ်တစ်ယောက် သတိပြန်ကပ်သွားချိန်တွင် သူမရဲ့လက်နှစ်ဖက်ကို ခါယမ်းပြရင်း ထိုသို့ဆိုလိုက်၏...


 " ကျွန်မရဲ့အသားနုပ်တဲ့နည်းလမ်းက ကြီးကြီးမားမားကိစ္စမှ မဟုတ်တာ... မစ္စရှန်းဘက်က အဲ့လောက်ထိ လုပ်ပေးစရာ မလိုဘူး... အရင်တုန်းက မစ္စရှန်း  ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးခဲ့အတွက် ကျွန်မဘက်ကနေ ကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်ပါ... "


" မဖြစ်သေးပါဘူး... အဲ့လိုဆိုရင် အဆင်မပြေဘူးလေ... မစ္စချန်းဆီကနေ ဒီတိုင်းမလိုချင်ပါဘူး... "


 အမျိုးသမီးကြီးက ချန်းဟွမ်၏စကားကို ကြားလိုက်ပြီးနောက် ပို၍ပင်စိတ်ဓာတ်ခိုင်မာလာတော့သည်...


 " အိမ်ကို လိုက်ပို့ပေးတာက ကြီးကြီးမားမားကိစ္စမှမဟုတ်တာ... မစ္စချန်းရဲ့အသားနုပ်နည်းလမ်းနဲ့ ယှဥ်စရာမလိုပါဘူးကွယ်... အသားနုပ်နည်းတွေကို ဒီအတိုင်းယူလိုက်လို့ မဖြစ်ဘူးလေ..."


" ဒါပေမယ့်လည်း မစ္စရှန်းရယ်... ကျွန်မရဲ့အသားနနှပ်နည်းတွေက တကယ်ကို ရိုးရှင်းလွန်းတာပါ... "


" မစ္စချန်းအတွက် လွယ်ပေမယ့်လည်းလောက် တခြားသူတွေအတွက်ကြတော့ အဲ့လိုဟုတ်ချင်မှဟုတ်မှာပေါ့... မစ္စချန်းဘက်ကနေ ကျွန်မရဲ့ကမ်းလှမ်းမှုကို လက်မခံရင် မစ္စချန်းရဲ့အသားနုပ်နည်းကို ကျွန်မ ယူမသုံးဘူး..."


 ထိုစကားကို ပြောပြီးနောက် ရှန်းလီတစ်ယောက် ထထွက်သွားတာကြောင့် ချန်းဟွမ်သည် ရှန်းလီ အပြင်မရောက်သွားခင် အသည်းအသန် ဆွဲထားလိုက်ရသည်


သူမနှစ်ဦး အချိန်အတော်ကြာအောင် ညှိနှိုင်းခဲ့ကြပြီး နောက်ဆုံးတွင်တော့ အသားနုပ်နည်းအတွက်အခကြေးငွေအဖြစ် ရှန်းလီ ၀င်ငွေ၏၃၀%ကို ချန်းဟွမ်အား ပေးရန် ဆုံးဖြတ်ခဲ့ကြတော့၏...


ရှန်းလီဆိုသောအမျိုးသမီးကြီးသည် သူမ စကားကို တည်သောသူပင်... သူမသည် ချန်းဟွမ်ဆီသို့ နောက်တစ်ကြိမ် လာချိန်၌ စာချုပ်ကိုပါ ယူဆောင်လာခဲ့ပြီး စာချုပ်တွင် ယခင်သဘောတူထားသည့်စည်းကမ်းချက်များ၊ သူမမိသားစု၏လက်မှတ်နှင့်လက်ဗွေတို့ပါ ပါဝင်ချေသည်... ထိုအခါတွင်တော့ ချန်းဟွမ်ဟာ သူမနာမည်ကိုရေးထိုးပေးပြီး စာချုပ်အား ပြန်ပေးလိုက်၏... 


" အခုတော့ပြီးသွားခဲ့ပြီ! " ရှန်းလီသည် စာချုပ်ကို ဘေးဖယ်ထားလိုက်ပြီး ချန်းဟွမ်အား စကားဆိုလေတယ်... "စိတ်မပူပါနဲ့၊ နောက်ပိုင်းဝင်ငွေများတဲ့အခါ စာချုပ်ထဲက အတိုင်း လုပ်မှာပါ... ကျွန်မက ကျေးဇူးကန်းတတ်တဲ့လူမဟုတ်ပါဘူး "


ချန်းဟွမ်သည် ရှန်းလီ၏စကားကို နားထောင်ပြီးနောက် သူမက ရှန်းလီကို ယုံကြည်ကြောင်းပြောရင်း ပြုံးပြလိုက်သည်... ထို့နောက်တွင်တော့ သူမ၏အသားနုပ်နည်းလမ်းကို သင်ပြပေးလေ၏... 


ချန်းဟွမ်သည် မနက်တည်းက အသားများကို ဝယ်ထားခဲ့ကာ လှီးထားပြီးသားပင်... ထို့ကြောင့် ယခုတွင် လှီးထားပြီးသားအသားများကို ဇလုံတစ်လုံးထဲသို့ထည့်ကာ ဟင်းခတ်အမွှေးအကြိုင်တို့ ထည့်သည့်နည်းကို ရှင်းပြလို့နေသည်...


သူမ ရှင်းပြသည့်ပုံစံမှာ မနှေးလွန်း မမြန်လွန်းတာကြောင့် ရှန်းလီတစ်ယောက် အနောက်မှ သေချာလိုက်နားထောင်ဖို့ အဆင်ပြေလှ၏... ဒါတင်မကသေး ချန်းဟွမ်သည် ရှန်းလီ မေးသမျှမေးခွန်းတိုင်းကိုလည်း အသေးစိတ်ရှင်းပြပေးလေသည်... 


ရှန်းလီ ထွက်သွားသည့်အချိန်၌ ချန်းဟွမ်သည် သူမဟာ ရှင်းရှင်းလေးအား သွားကြိုရန် နောက်ကျနေပြီဖြစ်ကြောင်း သတိထားလိုက်မိတော့သည်... ထို့ကြောင့်လည်း သူမဟာ လက်ကို အမြန်ဆေးပြီးအိမ်ကနေ ထွက်လာခဲ့လိုက်၏...


ရှင်းရှင်းလေး၏ကျောင်းသည် သူမတို့တိုက်ခန်းမှ ၁၀မိနစ်လောက်သာ ဝေးသည်... ချန်းဟွမ်တစ်ယောက် ကျောင်းရှေ့သို့ ရောက်ခါနီးချိန်တွင် ကလေးအများစုသည် ၎င်းတို့မိဘများနှင့်အတူ အိမ်ပြန်နေကြပြီဖြစ်သည်...


ထိုစဥ် ကျောင်းရှေ့တွင် အနက်ရောင်ကားတစ်စီးမှလွဲ၍ မည်သူမှမရှိတော့သည်ကို တွေ့ရသောကြောင့် အနည်းငယ်ထိတ်လန့်သွားခဲ့ရလေတယ်... သူမသည် လုံခြုံရေးအစောင့်ထံ ပြေးသွားပြီး " အငယ်တန်းကျောင်းသား ကျန်းရှင်းချန် ဘယ်မှာလဲ သိလားရှင့် " ဟု မေးလိုက်မိသည်... 


အငယ်တန်းမှ ကျောင်းသားများလွန်းသော်လည်းပဲ  ပုံမှန်လာကြိုနေကြမိဘတချို့ကိုတော့ လုံခြုံရေးအစောင့်များက မှတ်မိကြသည်... အနှီအမျိုးသားဟာ ခဏလောက်စဉ်းစားပြီး နောက် “ ဆရာမက ကျောင်းထဲ ပြန်ခေါ်ထားတယ် ”ဟု ပြန်ဖြေလိုက်၏


"ကျေးဇူးတင်ပါတယ်..." ချန်းဟွမ်သည် ထိုလုံခြုံရေး၏ပြန်ဖြေစကားကို ကြားသောအခါမှသာ သက်ပြင်းတစ်ချက်ချလိုက်မိသည်... ထို့နောက်မှသာ သူမက ရှင်းရှင်းလေးအား  ဖုန်းခေါ်နိုင်တဲ့နာရီတစ်လုံးပေးထားသည်ကို သတိရသွားခဲ့၏... ရုတ်တရက် အစိုးရိမ်လွန်းသွားသောကြောင့် ထိုနာရီကိစ္စကိုပင် မေ့သွားခဲ့ရသည်...


သူမသည် လုံခြုံရေးအစောင့် ဖွင့်ပေးသည့်တံခါးငယ်လေးကနေ ကျောင်းထဲသို့ ၀င်သွားခဲ့ပြီး အချိန်တော်တော်ကြာသည်အထိ ရှာမတွေ့သောကြောင့် စိတ်ပူလာရပြန်သည်.. 


ဒီတစ်ကြိမ်တွင်တော့ သူမသည် ရှင်းရှင်း၏ဖုန်းနာရီလေးဆီသို့ ဖုန်းခေါ်လိုက်တော့၏... ဖုန်းဆီမှ အသံ၂ချက်မြည်ပြီးနောက် တစ်ဖက်မှ ရှင်းရှင်းလေး၏အသံထွက်လာခဲ့လေသည်...


"မေမေ... တခြားကလေးတွေအားလုံး အိမ်ပြန်သွားကြပြီ... သားကို ဘာလို့လာမကြိုသေးတာလဲ... "


" တောင်းပန်ပါတယ် သားရယ်... မေမေ နည်းနည်း အလုပ်ရှုပ်သွားလို့ပါ... မေမေ အခု ရောက်တော့မယ်နော်..." 


သူမသည် ထိုသို့ဆိုပြီးနောက် ကျောင်းအဆောက်အဦးထဲသို့ ဝင်ခဲ့လိုက်သည်...


တစ်ဖက်တွင်တော့ ရှင်းရှင်းလေးဟာ သူ့ဘေးမှအမျိုးသားတစ်ယောက်ကို မော့ကြည့်ရင်း "မေမေ ဒီကိုမကြာခင် ရောက်တော့မယ်တဲ့" ဟု ပြောလိုက်လေသည်


Xxxxxx