Chapter 87
{ မစ္စချန်း... ကျွန်တော်တို့ အေးဆေးစကားပြောလို့ ရမလား - ၁ }
လက်ရှိချန်းဟွမ်သည် မူလဇာတ်ကြောင်းအတိုင်း နေရန်ဆန္ဒမရှိတာကြောင့် မူလဇာတ်ကြောင်းကို မေ့ပစ်ထားခဲ့သည်မှာ ကြာပြီပင်...
လက်ရှိလောကက ဝတ္ထုဟုတ်သည်ဖြစ်စေ၊ ဝတ္ထုမဟုတ်သည်ဖြစ်စေ သူမနှင့်ရှင်းရှင်းလေးတို့၂ဦးသည် ဒီလောကတွင် လူသားဟူသောဖြစ်တည်မှုဖြစ်သည်... ထို့ကြောင့် သူမသည် သူမတို့သားအမိ၂ယောက်၏ဘဝကို တစ်စုံတစ်ယောက်အတွက် ဇာတ်ရံအဖြစ်ခံမည်မဟုတ်ချေ... သူမဟာ သားဖြစ်သူအား ကြိုးစားပမ်းစားကျွေးမွေးပြုစုပျိုးထောင်ပေးရင်း သာမန်ဘဝတွင်သာ ရှိနေချင်မိ၏...
ယခုတွင်တော့ မထင်မှတ်ထားပါပဲ သူမ ပြေးရှောင်လိုက်သောကံကြမ္မာဟာ သူမရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီဖြစ်လေတယ်... မူလဇာတ်ကြောင်းမှ အဖြစ်အပျက်များသည် ဖြစ်ရမည့်ချိန်ထက် ၂နှစ်စောကာ ဖြစ်လာခဲ့ပြီဖြစ်လေသည်...
ဒီလိုသာ ဆက်ဖြစ်နေပါက သူမရော ရှင်းရှင်းလေးပါ မူလဇာတ်ကြောင်းထဲမှလို သေခြင်းကံကြမ္မာထဲ ပြန်လည် ရောက်နေပေလိမ့်မည်...
ချန်းဟွမ်သည် ထိုအကြောင်းတို့ကို ပိုတွေးလေ ပိုစိတ်ရှုပ်ရလေ အသက်ရှုရခက်သလို ခံစားရလေပင်...
ချန်းဟွမ်သည် တစ်ဝက်ကျိုးသွားသောဘောပင်ကို လွှင့်ပစ်လိုက်ကာ မတ်တပ်ထရပ်ပြီးထိုနေရာတွင်ပင် အကြိမ်ပေါင်းများစွာ လှည့်ပတ်လျှောက်ခဲ့လေသည်... လေပြေအေးလေးများက ပေါက်ကွဲတော့မယ့်သူမရဲ့ဦးနှောက်အပူချိန်ကို လျှော့ချပေးလို့နေ၏...
" စိတ်အေးအေးထားရမယ် ဒေါသဖြစ်ရင် သေခြင်းတရားနဲ့ ပိုနီးသွားလိမ့်မယ်... " ချန်းဟွမ်သည် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်၏... သူမရဲ့ပါးပြင်နှစ်ဖက်ကို ပြင်းပြင်းရိုက်လိုက်ကာ ကုတင်ပေါ် ပြန်ထိုင်ရင်း ဖြေရှင်းဖို့နည်းလမ်းကို ဆက်စဥ်းစားနေပြန်သည်...
ပထမဆုံးအနေနဲ့ ဇာတ်လိုက်က တခြားတစ်ယောက်ဆီကတစ်ဆင့် နည်းလမ်းသုံးကာ သူမတို့သားအမိဆီ ပို့ထားသောငွေများ ရှိလို့နေသည်...
ထိုငွေများအားလုံးကို ဇာတ်လိုက်ဆီသို့ ပြန်ပို့ပေးရန် လိုအပ်ပေ၏... အနာဂတ်တွင် သူမဟာ ဇာတ်လိုက်နှင့် ထိပ်တိုက်တွေ့ရမည်ဆိုပါက ထိုငွေတို့ကြောင့် အရေးမနိမ့်ချင်ပေ... သို့သော် ဒီလောက၏ငွေကြေးလွှဲခြင်းဟာ သူမအတွက် ပြဿနာဖြစ်လို့နေသည်...
သူမ ဝန်ခံမချင်သော်လည်း အခုချိန်တွင်တော့ သူမသည် ဇာတ်လိုက်အား ရရှိထားသောငွေအားလုံး ပြန်ပေးရန် မဖြစ်နိုင်သေးချေ...
သူမ ဆိုင်ခန်း ငှားရမ်းခပေးထားရသည့်အပြင် ဆိုင်အတွက် လိုအပ်သည့် အရာအားလုံးကို ဝယ်ယူခဲ့ရသောကြောင့် ရရှိထားသောယွမ်၃သန်းထဲမှ ယွမ်၅သိန်းသာ ကျန်ရှိတော့သည်... တစ်ညတည်းဖြင့် ယွမ်၃သန်းပြည့်အောင် ပြန်ရှာရန်လည်းဟမဖြစ်နိုင်... ဆိုင်ခန်းပြုပြင်မွမ်းမံရေးကိုလည်း လုပ်နေရသေးတာကြောင့် သူမ လက်ထဲ ငွေမရှိ၍ မဖြစ်သေး...
ထို့ပြင် ထိုသို့ငွေအားလုံးချက်ချင်းပြန်ပေးလိုက်ခြင်းသည် မိုက်မဲရာကျလွန်း၏...
ချန်းဝှမ်သည် အစီအစဉ်ကို ရေးထားသောစာရွက်ပေါ်မှ မျဥ်းများစွာကို ငေးကြည့်ရင်း ခေါင်းမီးတောက်မတတ် စဥ်းစားနေမိပေတယ်...
နောက်ဆုံးတွင်တော့ သူမဟာ အကြံကောင်းတစ်ခုကို ရရှိသွားခဲ့လေတယ်... သူမသည် ဘဏ်၏စံအတိုးအတိုင်းကို အရစ်ကျဖြင့် ပြန်ဆပ်ရန် ဆုံးဖြတ်လိုက်မိ၏... သူမကိုယ်ပိုင်လည်း သူမရဲ့အရည်အချင်းကို ယုံကြည်တာကြောင့် သူမသည် ထိုငွေအားလုံးကို ၁နှစ် ၂နှစ်အတွင်း အကြေပြန်ဆပ်နိုင်မည်ဟု ယုံကြည်ပေသည်...
သူမရဲ့အစီအစဥ်ကို ဇာတ်လိုက်ဘက်မှ လက်ခံခြင်း ရှိမရှိ မသေချာပေ... သူမ စိတ်ပူသည်က ဇာတ်လိုက်ဟာ ထိုငွေအားလုံးကို ချက်ချင်းပြန်ဆပ်ခိုင်းမည်ကိုပင်...
အကယ်၍ ဇာတ်လိုက်ဘက်က ချက်ချင်းပြန်မဆပ်လျှင် သားဖြစ်သူကို လုယူမည်ဟု ပြောလာပါက သူမသည် တခြားအရာအားလုံးကို စွန့်လွှတ်ကာ သားဖြစ်သူကိုသာ ရွေးချယ်မည်ဖြစ်သည်...
တစ်နည်းမဟုတ်တစ်နည်းဖြင့် သူမ၏သားကို လက်မလျှော့တမ်း ကာကွယ်နေအုံးမည်... ပြီးခဲ့သောလအနည်းငယ်အတွင်း သူမသည် သားကို သံယောဇဥ်ရှိမိနေပြီသော်ကြောင့်ပင်... ထိုသို့မဟုတ်ပါဘဲ ယခုစတွေ့သည့်ကလေးလေး ဖြစ်နေပါလျှင်တောင် ငွေပုံပေးလိုက်သည်နှင့် ကလေးကို တွန်းထုတ်ပစ်မည့်အလုပ်မျိုး လုပ်မည်မဟုတ်...
ချန်းဟွမ်သည် ထိုအကြောင်းတို့ကို အသေအချာတွေးတောပြီးနောက် ဖြစ်လာနိုင်သည့် ပြဿနာအားလုံးကို အဖက်ဖက်မှစဥ်းစားကြည့်ခဲ့၏... သူမသည် ဇာတ်လိုက်နှင့်တွေ့သောအခါ ဖြစ်လာနိုင်သည့်ဖြစ်နိုင်ချေမျိုးစုံကိုလည်း ထည့်သွင်းစဥ်းစားထားပေသည်..
ယခုချိန်ထိ သူမတွင် ဇာတ်လိုက်ဆီသို့ ဆက်သွယ်ဖို့နည်းလမ်းမှလွဲလျှင် ကျန်ကိစ္စများအားလုံးကို စဥ်းစားကြည့်ခဲ့ပြီးသားပင်...
ချန်းဟွမ်သည် သူမဟာ ဇာတ်လိုက်က မည်သို့ဆက်သွယ်ရမည်လဲဟု စဥ်းစားလိုက်ချိန်တွင် အတော်လေး တိုင်ပတ်ရသည်...
သူမသည် ခြေထောက်ချိတ်ထိုင်ရင်း ထိုကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်ထပ်စဉ်းစားလို့နေမိသည်.. သူမသည် ဟူထန်းဟွာဆီမှ ဆိုင်ကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ထိုအမျိုးသားဆီ၌ ဇာတ်လိုက်ဆီသို့ ဆက်သွယ်ရန်အချက်အလက်များ ရှိကောင်းရှိပေမည်ဟု ယူဆမိ၏... ထိုအတွေးနှင့်အတူ သူမသည် ဟူထန်းဟွာ၏ဖုန်းနံပါတ်ကို ရှာပြီး ဖုန်းခေါ်ကြည့်လိုက်သည်... သို့သော် ဖုန်းအကြိမ်ကြိမ်ဝင်သွားသော်လည်း တစ်ဖက်မှ မည်သူမျှ ဖုန်းမကိုင်ပါလေ...
ချန်းဟွမ် ထိုအခြေအနေကြောင့် မျက်မှောင်ကြုတ်လိုက်မိပြီး ဖုန်းသာ အကြိမ်အနည်းငယ် ထပ်ဆက်ကြည့်လိုက်သည်... သူမဆီတွင် ရှိသမျှဆက်သွယ်နည်းလမ်းအမျိုးမျိုးကို သုံးခဲ့သော်လည်း အားလုံးနီးပါးဟာ ပြန်ဖြေကြားသူ မရှိပါပေ
Xxxxx
Chapter 88
{ မစ္စချန်း... ကျွန်တော်တို့ အေးဆေးစကားပြောလို့ ရမလား - ၂ }
ချန်းဟွမ်သည် ဆိုင်ခန်းငှားရမ်းရေးနှင့်ပတ်သက်ပြီး ဟန်ထန်းဟွာတစ်ယောက်တည်းနှင့်သာ အဆက်အသွယ်ရှိခြင်းဖြစ်လေသည်... ချန်းဟွမ်တစ်ယောက် ဖုန်းအကြိမ်ကြိမ်ကို ခေါ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က ဖုန်းကိုင်လာခဲ့၏... သို့သော်လည်း ထိုတစ်စုံတစ်ယောက်မှာ သူမကို ကူညီပေးခဲ့သောဝန်ထမ်း မဟုတ်ဟု ပြောလေသည်...
ချန်းဟွမ် " ••• "
ထိုသိုဖြင့် နေ့တစ်ဝက်ကြာလာခဲ့ပြီးနောက် သူမသည် စိတ်ရောလူပါ ပင်ပန်းလို့နေချေပြီ... လက်ရှိ သူမ တုန်လှုပ်မိသည်က မသိခြင်းတရားကြောင့်ပင်... သူမ လည်ပင်းတွင် ဓါးထောက်ခံထားရပြီး ထိုဓါးကို ဘယ်သူက ဘာကြောင့်ထောက်ထားမှန်းမသိရှိရသောဘဝမျိုးပင်...
တစ်ဖက်တွင်တော့ ပေါက်စီလုံးလေးသည် မိခင်ဖြစ်သူရဲ့စိတ်အခြေအနေကို လုံးဝမရိပ်စားမိချေ...
ကလေးလေးသည် ခေတ္တမျှဆော့ကစားပြီးနောက် ဗိုက်ဆာလာသောကြောင့် နေရာမှထကာ နောက်ဖေးဘေစင်နားသို့ ခွေးခြေခုံလေးကို ရွေ့လိုက်လေသည်... ထို့နောက်တွင်တော့ ခွေးခြေခုံလေးပေါ်သို့ တက်လိုက်ပြီး လက်နှစ်ဖက်လုံးကို ဆေးကြောလိုက်ပြီးနောက် ထမင်းစားပွဲတွင် ထိုင်နေလိုက်၏...
အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်ငြား မိခင်ဖြစ်သူ၏အရိပ်အယောင်ကို မတွေ့ရပေ... ကလေးလေးသည် တဂွိဂွီမြည်နေသောဗိုက်လုံးလုံးကို ပွတ်လိုက်ပြီးနောက် မိခင်ဖြစ်သူရှိနေသည့်ဧည့်ခန်းရှိရာဘက်သို့ လှမ်းကြည်ကာ မိခင်အား လှမ်းခေါ်လိုက်တော့သည်...
ချန်းဟွမ်သည် သားဖြစ်သူ၏ခေါ်သံကြောင့် လှည့်ကြည့်လိုက်ချိန်တွင် ရှင်းရှင်းလေးသည် သူ့နေရာလေးတွင် သူမအား ထိုင်စောင့်နေသည်ကို တွေ့လိုက်ရ၏... ကလေးလေးသည် မိခင်က သူအား လှည့်ကြည့်လာချိန်၌ “ မေမေ... သား ဗိုက်ဆာနေပြီ ” ဟု ဆိုလာ၏...
ချန်းဟွမ် ' သေစမ်း!! ထမင်းချက်ဖို့ မေ့သွားတယ် '
သူမသည် ထမင်းချက်ဖို့ ကိစ္စကို လုံးဝမေ့လျှော့သွားခဲ့မိသည်...
ထို့နောက်တွင်တော့ သူမသည် ပေါက်စီလုံးအား ပြုံးပြပြီး စကားတစ်ခွန်းမှ မဆိုတော့ပါဘဲ မီးဖိုချောင်ထဲသို့ဝင်သွားခဲ့ပြိး ချက်ပြုတ်ပြင်ဆင်လေတော့သည်
သူမ အတွေးများနေခဲ့တာကြောင့် အချိန်များကို ဖြုန်းတီးခဲ့ပြီး ကလေး ဗိုက်ဆာလာချိန်တွင် ကျွေးဖို့ ဘာမျှမပြင်ဆင်ထားမိပေ... ချန်းဟွမ်ဟာ ညစာအတွက်ရိုးရှင်းသောအစားအစာတစ်ခုကိုသာ ပြုလုပ်ခဲ့ချေ၏... သူမသည် အိုးတစ်ဝက်စာလောက်ရှိသည့်ယာဂုနှင့် ကြက်ဥပန်ကိတ်နှစ်ခုကို ပြုလုပ်ခဲ့လေသည်...
ယာဂုထဲတွင် ပုစွန်၊ မှိုနဲ့ပဲတီစိမ်းတို့ ထည့်သွင်းချက်ပြုတ်ထားသောကြောင့် အဖြူရောင်ယာဂုအတွင်းတွင် ပန်းရောင်ပုစွန် ပြုလုပ်ထားသည် အဖြူရောင်ယာဂုအတွင်းတွင်ပန်းရောင်ပုစွန်လေးနှင့် ပဲတီစိမ်းတို့ ရောယှက်နေကာ အညိုရောင်မှိုလေးများဖြင့် ပေါင်းလိုက်ချိန်တွင်တော့ လွန်စွာအရသာရှိလှပေသည်...
ယာဂုကို စတင်ချက်ပြုတ်ပြီး မကြာမီတွင်ပင် မွှေးပျံ့သောရနံ့သည် မီးဖိုချောင်တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့တော့၏... ထိုရနံ့ကို ရရှိသွားသောပါကျဲပေါက်လေးသည် မိခင်အနားသို့ တရွေ့ရွေ့ချဥ်းကပ်ခဲ့ပြီးနောက် 2မိနစ်တစ်ခါ " စားလို့ရတော့မှာလား မေမေ " ဟု မေးနေတော့သည်...
ချန်းဟွမ်သည် သူမဘေးတွင် ထိုသို့ဆက်တိုက်မေးမြန်းနေပါသောရှင်းရှင်းလေးအား ကြည့်ရင်း ဒေါသမထွက်နိုင်ပါချေ... သူမဟာ ကလေးအတွက် စားစရာချက်ပြုတ်ပေးဖို့တောင် မေ့နေတတ်သည့်မိခင်ပါလားဟု တွေးရင်း သူမကိုယ်သူမ အပြစ်တင်နေမိသည်...
သူမသည် ပန်ကိတ်ပေါ်၌ ကြက်သွန်နီစိမ်းအနည်းငယ်ကို ထည့်လိုက်ရင်း ရုတ်တရက်ပေါ်လာသောဇာတ်လိုက်အား စိတ်ထဲမှ ကျိန်ဆဲလိုက်ချေ၏... ထို့နောက်တွင်တော့ စားစရာများကို ထမင်းစားပွဲပေါ် တင်လိုက်တော့သည်...
လွန်စွာဗိုက်ဆာနေခဲ့သောပါကျဲပေါက်လေးသည် ထမင်းစားပွဲပေါ်သို့ စားစရာရောက်သည်နှင့် ဆွဲယူစားလိုက်လေသည်...
ချန်းဟွမ် သားဖြစ်သူ ပူသွားမည်ကို စိုးရိမ်တာကြောင့် ပန်ကိတ်လေးများကို အပိုင်းငယ်လေးများအဖြစ် ဖဲ့ပေးကာ အပူသက်သာစေရန် သေချာမှုတ်ပေးလိုက်၏...
ကလေးလေးသည် သူ့ပါးစပ်ထဲ ဝါးလို့ပြီးသည်နှင့် ချန်းဟွမ်သို့ ကြည့်နေပြန်သည်... "မေမေ... သား ထပ် စားချင်တယ် "
ချန်းဟွမ်က အပိုင်းငယ်လေးတစ်ခု ဖဲ့ပေးပြန်၏...
ဗိုက်အရမ်းဆာနေသောရှင်းရှင်းလေးသည် ယနေ့ အရမ်းစားကောင်းနေတာကြောင့် နောက်ထပ် နောက်ထပ် အကြိမ်ကြိမ်ထပ်တောင်းနေလေသည်... သို့သော် ချန်းဟွမ်ကတော့ ကလေးလေးအားလိုအပ်သည်ထပ်ပို မကျွေးပါလေ...
ရှင်းရှင်းလေးသည် အခုနောက်ပိုင်း ပိုလို့ပင် သတ္တိရှိလို့လာ၏... မိခင်ဖြစ်သူက ဆက်မစားတော့ရန် ပြောချိန်တွင် မသိမသာပုံစံဖြင့် ပန်းကန်ထဲမှပန်ကိတ်ကို လှမ်းနှိုက်နေတတ်ပြီပင်... ချန်းဟွမ်က ပန်ကိတ်ပန်းကန်ထဲသို့ လက်နှိုက်နေသောပါကျဲလေး၏လက်ကို ဖမ်းလိုက်ချိန်တွင် " မေမေက သားကို မချစ်တော့ဘူးလား " ဟုဆိုတော့သည်...
ထိုစကားကြောင့် ချန်းဟွမ် မျက်နှာပျက်သွားခဲ့သည်ကို ရှင်းရှင်းလေးက သတိထားလိုက်မိသည်... ခေတ္တအကြာတွင်တော့ ချန်းဟွမ်ဟာ သားဖြစ်သူကို နူးညံ့သောအကြည့်တို့ဖြင့် ကြည့်လိုက်ပြီး ပန်ကိတ်နည်းနည်းပေးလိုက်ပြန်သည်...
ပေါက်စီလုံးလေးသည် ကြက်ဥပန်ကိတ်တစ်ခုနှင့်တစ်ဝက်ကုန်အောင်စားပြီးနောက် ရပ်လိုက်ပြီး
" မေမေ... သားဗိုက်ပြည့်ပြီ ".
Xxxxx