အပိုင်း ၉၁-၉၂
Viewers 20k

Chapter 91

{ ကလေးကို မတွေ့အောင် ဖွက်ထားလို့ ရမည်မဟုတ် - ၂ }


ချန်းဟွမ် ကျန်းမင်ယွမ်၏စကားကြောင့် ထိုအမျိုးသား၏စိတ်သဘောထားကို  ဆက်လက်ခန့်မှန်ကြည့်ရန် ခက်ခဲသွားခဲ့ရသည်... သူမ ဦးနှောက်ထဲတွင်လည်း မူလဇာတ်ကြောင်းမှအကြောင်းအရာတို့ ဖြတ်ပြေးလို့နေဆဲပင်... နောက်ဆုံးတွင်တော့ သူမဟာ အတွေးတို့ကို ခေတ္တရပ်လိုက်ကာ " ရှင် ဘာလိုချင်နေတာလဲဆိုတာကို ပြော " ဟု​ ထပ်မေးလိုက်ပြန်သည်..


" ကိုယ် လိုချင်တာက ရှင်းရှင်းလေးပါ... ကိုယ့်ကို ကလေးက အဖေအဖြစ် သိသွားတာကို လိုချင်တာ... အခုလည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ် မင်းနဲ့ ဆွေးနွေးချင်တာပါ... " 


ကျန်းမင်ယွမ်သည် သူ့ရှေ့မှအမျိုးသမီးလေး၏မျက်နှာအမူအရာပြောင်းသွားသည်ကို တွေ့လိုက်ရသောကြောင့် စကားဆက်လိုက်၏...


 " မင်းဆီကနေ ကလေးကို ဆွဲလုသွားမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး... ကလေးက မင်းနဲ့အတူနေရမှာပါ... ကလေးကို သူ့ဆီမှာ အဖေ ရှိတယ်ဆိုတာ သိစေချင်ရုံပါ... "


ထိုနောက် ကျန်းမင်ယွမ် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလိုက်သည်


" ပြီးတော့လည်း မင်းလည်း ကလေးကို သူ့အဖေက စူပါမင်းလို့ တစ်သက်လုံးအယုံသွင်းထားလို့ ရမှာ မဟုတ်ဘူးလေ " 


ကျန်းမင်ယွမ်၏နောက်ဆုံးစကား​က ချန်းဟွမ်အတွက် အတော်လေး နာကျင်စရာကောင်းလှပေသည်


ရှင်းရှင်းလေးသည် ယခုတွင် အသက်လေးနှစ်သာရှိသေးတာကြောင့် ထိုအလိမ်အညာစကားကို ယုံကြည်နေဆဲဖြစ်သော်ငြား အရွယ်ရောက်လာတစ်နေ့တွင် ထိုအ​လိမ်အညာစကားကို မျက်စိစုံမှိတ်ယုံတော့မည် မဟုတ်...


မိဘမစုံလင်သောမိသားစုမှကလေးများသည် ကျောင်းတွင် အနိုင်ကျင့်ခံရနိုင်သည့်အခြေအနေ များပြားလွန်းလေသည်... ချန်းဟွမ် ထိုအကြောင်းနှင့်ပတ်သက်ပြီး စဉ်းစားဖူး၏... အိပ်ယာပေါ်တွင် လှဲနေရင်း  အိမ်ထောင်ပြုသင့် မပြုသင့် စဥ်းစားနေခဲ့သည်မှာ ကြာပြီပင်... မိသားစုအစုံအလင်ရှိသောမိသားစုတစ်စု ထူထောင်လိုက်သင့်လားဟု သူမကိုယ်သူမ ပြန်မေးနေမိသည်... သို့သော် နောက်ဆုံးတွင်တော့ သူမဟာ ထိုအတွေးကို အမြတမ်းဖယ်ချန်ထားခဲ့၏...


သူမ ယောက်ျားတို့အား သိပ်စိတ်မဝင်စားလှပါပေ... လူ့ဘောင်လောကထဲတွင်  တည်ငြိမ်သောမိသားစုတစ်စု ထူထောင်နိုင်မှ သာ ရှင်သန်နိုင်မည်ဟု သူမ မယုံကြည်ပါလေ...


ထို့ပြင် အိမ်ထောင်ပြုလိုက်မည်ဆိုပါက ကလေးထပ်ယူခြင်း မယူခြင်းဆိုသည့်နောက်ထပ်အခက်အခဲတစ်ခုရှိလာအုံးမည်...


သူမလည်း နောက်ထပ် လက်ထပ်ရန်မလိုဘဲ ရှင်းရှင်းလေးအတွက် မိဘနှစ်ပါးစလုံး ရှိလာတာက မကောင်းသောကိစ္စတော့ မဟုတ်...


ထို့ကြောင့်လည်း ဇာတ်လိုက်သည် သူမ လိုအပ်နေသောအချက်တို့နှင့် ကွက်တိဖြစ်လို့နေသည်... 


လက်ရှိချန်းဟွမ်သည် ဝတ္ထုထဲသို့ ရောက်ရှိလာပြီးတည်းက ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ဝေးရာတွင် နေရန်သာ ဆုံးဖြတ်ခဲ့ဖူးသည်... တချို့ကတော့ ထိုဆုံးဖြတ်ချက်က မှားယွင်းနေသ

ည်ဟု ထင်ကောင်းထင်လောက်၏... ဝတ္ထုထဲရှိဇာတ်လိုက်သည် ငွေကြေးအမြောက်အများ ပိုင်ဆိုင်သည့်အပြင် အပိုဆုအနေဖြင့် ဆွဲဆောင်မှုရှိသောမျက်နှာပါ ရှိနေသေးသည်..


တခြားသူများ မည်သို့ပင် ထင်စေကာမူ မူလဇာတ်ကြောင်းကို သိနေသောချန်းဟွမ်ကတော့ ဇာတ်လိုက်အား ဂြိုလ်ဆိုးကို ရှောင်ရှားသလို ရှောင်ရှားလို့နေခဲ့သည်..


ထို့ကြောင့်လည်း သူမသည် ကျန်းမင်ယွမ်အား လက်ခံရန် ခက်ခဲလို့နေဆဲပင်... ခေတ္တအကြာတွင်တော့ ချန်းဟွမ် အတွေးတို့ကို တခဏရပ်လိုက်ပြီး ထိုအမျိုးသားအား မေးခွန်းပြန်ထုတ်လိုက်သည်...


 သူမသည် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ထားရင်း မျက်ခုံးတစ်ဖက်ပင့်ကာ " ကျွန်မတို့က သားအမိနှစ်ယောက်တည်း နေလာခဲ့တာ ကြာပြီဆိုတော့ ကလေးအတွက် အဖေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့အတွက် ဘာမှမခြားနားလောက်တော့ပါဘူး... ပြီးတော့ ကလေးက ကိစ္စတော်တော်များများကို သဘောပေါက်နေပြီ... အခုချိန်ကြမှ သားအဖေက ဘယ်သူပါဆိုပြီး ပြောလိုက်လည်း ကလေးဘက်က လက်ခံနိုင်မယ့်အလားအလာရှိမယ်မထင်ဘူး... "


ချန်းဟွမ်၏စကားတို့က ကျန်းမင်ယွမ်ရဲ့ရင်ဘတ်တွင်း၌ ဓါးသွားများ ဆိုက်ဝင်သွားသလို နာကျင်လွန်းလှပေ၏...


" ကိုယ်တို့ မကြိုးစားရင် ဘယ်လိုလို့ သိနိုင်မှာလဲ..." 


ကျန်းမင်ယွမ် မျက်လွှာချထားရင်း ထိုသို့ဆိုလိုက်သည်... ကျန်းမင်ယွမ်၏ထိုအမူအရာမှာ ရှင်းရှင်းလေး ဝမ်းနည်းနေချိန်တွင် မိခင်ဖြစ်သူနှင့် မျက်လုံးချင်း မစုံနိုင်သောအခါ ပြုလုပ်သောအမူအရာနှင့် ဆင်တူပေသည်...  အနှီအမျိုးသားသည် လေသံ မပြောင်းလဲပါဘဲ ဆက်ပြောလိုက်၏...


 " ကလေးကို ချက်ချင်းပြောပြလိုက်တာက ထူးဆန်းနေမယ်ဆိုတာ ကိုယ် နားလည်ပါတယ်... ကိုယ်တို့နှစ်ယောက်ကို အတူတူရှိနေဖို့ အချိန်တစ်ခုလောက်ထိ ပေးမယ်ဆိုရင် အဆင်ပြေမှာပါ..."


ထိုစကားတို့ပြောပြီးနောက်တွင်တော့ ကျန်းမင်ယွမ်သည် ချန်းဟွမ်အား မော့ကြည့်လာခဲ့ပြီး "ကလေးက ကိုယ့်ကို သဘောကျလာမယ်လို့ ကိုယ် အာမခံ​နိုင်ပါတယ်... ကိုယ်တို့၂ယောက်အတွက် အချိန်နည်းနည်းသာ ပေးမယ်ဆိုရင် အဆင်ပြေလာမယ်လို့ ကိုယ်ယုံကြည်တယ်... "


ဇာတ်လိုက်၏စကားသည် မမှားပါလေ... ရှင်းရှင်းလေးသည် ချောမောပြီးဉာဏ်ကောင်းသည့်ကျန်းမင်ယွမ်အား အတော်လေး သဘောကျပုံပင်...


သွေးချင်းနီးနေသောကြောင့်လား မသိ... ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်အား အတော်လေး ခင်မင်သွားခဲ့သည်... ထို့ကြောင့်သာ မဟုတ်ပါလျှင် တစ်ခါမျှ မတွေ့ဖူးသောသူစိမ်းတစ်ယောက်နဲ့ အချိန်ကြာကြာ စကားပြောမည် မဟုတ်သလို၊ အချိန်တစ်လခွဲကျော် ကုန်ဆုံးခဲ့တာတောင် မှတ်မိနေအုံးမယ် မဟုတ်ချေ...


💓💓💓💓💓💓💓


Chapter 92

{ ကလေးကို မတွေ့အောင် ဖွက်ထားလို့ ရမည်မဟုတ် - ၃ }


ချန်းဟွမ်သည် ခေါင်းငုံ့ထားရင်း ကျန်းမင်ယွမ်၏စကားတို့ကို တိတ်တဆိတ်သာ ဆက်နားထောင်နေခဲ့လေသည်... ထိုအမျိုးသားဆီမှ ထွက်လာသောစကားမှန်သမျှဟာ သူ့အား ကလေး၏ဖခင်အဖြစ် လက်ခံလိုက်ပါက ဘယ်လိုကောင်းကျိုးများရနိုင်ကြောင်းနှင့်ပတ်သက်သောအကြောင်းအရာများပင်... 


ကျန်းမင်ယွမ်သည် အောင်မြင်သောစီးပွားရေးသမားတစ်ယောက်ပီပီ သူ့စကားတိုင်းဟာ အကျိုးအကြောင်းသင့်လွန်းတာကြောင့် နားထောင်နေရသောသူမပင် ထိုအမျိုးသား၏တောင်းဆိုမှုကို လက်ခံရန် စိတ်ယိုင်လာတော့၏...


ခေါင်းညိမ့်လက်ခံလုနီးပါးတွင်ပင် ချန်းဟွမ် မူလဇာတ်ကြောင်းမှကိစ္စတချို့ကို ရုတ်တရက် သတိရသွားသည်... ထို့နောက်တွင် သူမသည် ထုတ်မေးလိုက်လေသည်...


 " ရှင့်ကို ကလေးရဲ့အဖေအဖြစ် အသိအမှတ်ပြုစေချင်တာကတော့ ဟုတ်ပါပြီ... ဒါပေမယ့် ရှင့်မိသားစုကရော?? "


ချန်းဟွမ်သည် ထိုအမေးကို ဆိုပြီးနောက် စကားဆက်ချေ၏... " ကျွန်မသားကို သူတို့က လာလုကြရင် ဘယ်လိုလုပ်မလဲ? "


မူလဇာတ်ကြောင်းအရ ဇာတ်လိုက်၏အမေဖြစ်တဲ့အမေကျန်း(ကုမင်လီ)သည် ရှင်းရှင်းလေးအား မူလချန်းဟွမ်ဆီမှ လုယူခဲ့ပေသည်.. သူမအား အမေကျန်းမှ အဝေးနှင်ချင်မှန်း ခန့်မှန်းမိပါသောမူလချန်းဟွမ်သည် သားဖြစ်သူအား အမေကျန်းဆီမှ ပြန်လုခဲ့ရသေးသည်..


ချန်းဟွမ်၏အမေးကြောင့် ကျန်းမင်ယွမ် ခေတ္တမျှတိတ်ဆိတ်သွားသည်.


သူ သူ့မိခင်ဖြစ်သူ၏စိတ်ထားကို ကောင်းကောင်းသဘောပေါက်ပေ၏... အမေကျန်းသည် ရှင်းရှင်းလေး၏တည်ရှိမှု သိရှိသွားပါကကလေးအား သူမ(အမေကျန်း)နားသို့ အတင်းဆွဲလုထားမည့်သူမျိုးပင်... 


အချိန်တစ်ခုထိ တွေးတောပြီးနောက်တွင်တော့ ကျန်းမင်ယွမ်က " ဘယ်သူကမှ ကလေးကို မထိစေရဘူးလို့ ကိုယ် ကတိပေးနိုင်တယ် " ဟု ဖြည်းညှင်းစွာ ​ပြန်ဖြေလာခဲ့၏...


ကျန်းမင်ယွမ်၏အာမခံချက်တွင် လေးနက်မှုတို့ ပြည့်နှက်လို့နေပေသည်... မူလဇာတ်ကြောင်းတွင် မူလချန်းဟွမ်က ကလေးနှင့်အတူထွက်ပြေးသွားစဥ် အမေကျန်းက လိုက်လံလုယူရန်လုပ်ချိန်၌ ကျန်းမင်ယွမ်က အမေကျန်းအား တားမြစ်ခဲ့ချေသည်... မူလချန်းဟွမ်ကသာ ကလေးကို လက်ရှိအရွယ်အထိ စောင့်ရှောက်ခဲ့တာဖြစ်သောကြောင့် ကလေးဟာ သူမ(မူလချန်းဟွမ်)နှင့်သာ အတူနေထိုင်သင့်သည်ဟုပင် ပြောခဲ့လေသည်.


ကျန်းမင်ယွမ် ထိုသို့ဆုံးဖြတ်ချက်ချပြီးသည်နှင့် အမေကျန်းသည် ကလေးအား လိုက်လံလုယူခြင်းမျိုး မရှိတော့ပါလေ... ထိုကြောင့် မူလချန်းဟွမ်သည် ကလေးအား ကြိုက်သလိုလုပ်ခွင့်ရသွားခဲ့ပြီး နောက်ဆုံးတွင်တော့ ကလေးလေးဟာ အပြင်းစားအဖျားရောဂါဖြင့်  သေဆုံးသွားခဲ့ရသည်... ဇာတ်လိုက်က သားဖြစ်သူ၏သေဆုံးမှုကြောင့် နောင်တကြီးစွာရခဲ့ကာ သားဖြစ်သူရဲ့သေဆုံးမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု ခံစားသွားခဲ့ရလေသည်...


ထိုသို့သောအချိန်တွင် ဇာတ်လိုက်မ အချိန်ကိုက် ပြန်ပေါ်လာခဲ့ပြီး ဇာတ်လိုက်၏နာကျင်မှုတို့ကို နှစ်သိမ့်ကုစားပေးရင်း နောက်ဆုံးတွင်တော့ ဇာတ်လိုက်၂ဦးဟာ ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားခဲ့တော့တယ်...


အရာအားလုံးကို ခြုံငုံစဉ်းစားကြည့်ပါက မူလဇာတ်ကြောင်းတွင် အပြစ်အကင်းဆုံးမှာဇာတ်လိုက်သည်ကျန်းမင်ယွမ်ပင်... ကျန်းမင်ယွမ်သည် အလုပ်အများဆုံးအချိန်များတွင်တောင် သားဖြစ်သူဆီသို့ သွားလည်ပြီး သားဘေးတွင် အတူရှိပေး၏... အလုပ်ကိစ္စနဲ့ ခရီးသွားပြီး ပြန်လာချိန်တိုင်းတွင်လည်းလက်ဆောင်များစွာ ဝယ်ယူလာပေးတတ်သည်... ကလေး နေမကောင်းမှန်းသိသိချင်းတွင်လည်း ကလေးအား ဆေးရုံသို့ချက်ချင်းခေါ်သွားပေတယ်... မူလချန်းဟွမ်သည် ဇာတ်လိုက်၏ဖခင်ကောင်းစိတ်ဓါတ်ကို သူမရဲ့ဆိုးဝါးသောအကြံအစည်အတွက် အသုံးချပြီး ကလေးအား ညဘက်တိုင်းအအေးမိအောင် လုပ်ကာ အဖျားရောဂါကို ပြန်ပြန်ဆွပေးနေခဲ့သည်... 


" မင်း စိုးရိမ်တဲ့အကြောင်းအရင်းကို ကိုယ်နားလည်ပါတယ်... သူစိမ်းတစ်ယောက်က မင်းတို့သားအမိဘဝထဲကို ရုတ်တရက် ၀င်လာတာမျိုးကို လက်ခံပေးဖို့ ခက်ခဲမှန်း ကိုယ်သိပါတယ်... " 


သူ ထိုသို့ဆိုကာ ခေတ္တရပ်လိုက်ပြီးနောက်လစကားဆက်လိုက်၏... 


" ဒါပေမယ့် ကိုယ့်ဘက်ကိုလည်း တစ်ချက်ပြန်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်... ကိုယ်က အဖေတစ်ယောက်ဖြစ်ပြီး အခုချိန် ကလေးအတွက် ဘာဆိုဘာမှမလုပ်ပေးခဲ့ရသေးဘူးလေ... အခု ကိုယ့်ရဲ့သားမှန်း သိလိုက်ရချိန်မှာ သူ့အပေါ် အဖေတစ်ယောက်ရဲ့တာဝန်ကျေပွန်ချင်တယ်..."


ကျန်းမင်ယွမ်ရဲ့ပုံစံက လိမ်ညာနေပုံမရချေ... ထိုချိန်တွင် ချန်းဟွမ်သည် ခေါင်းငုံ့ထားရင်း အနှီအမျိုးသား၏စကားတို့ကို ပြန်တွေးဆနေလိုက်၏... ကျန်းမင်ယွမ်ကလည်း သူ့ရှေ့မှအမျိုးသမီးလေးအား အချိန်ယူစဥ်းစားစေသည်...


အခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တာကြောင့် ပအပ်ကျသံကိုပင် ကြားနိုင်လောက်သည်.. ချန်းဟွမ်၏စိတ်အစဥ်တို့မှာ မူလဇာတ်ကြောင်းနှင့်ပတ်သက်ပြီး သေချာပိုတွေးလေလေ၊ ဇာတ်လိုက်တို့သားအဖနှစ်ယောက်ကြားတွင် သူမက ကြားဝင်တားဆီးနေရမည့်အကြောင်းပြချက် နည်းပါးလာလေလေပင်...


မူလချန်းဟွမ်နှင့် ကလေးသည် ဇာတ်လိုက်နှစ်ယောက်ကြားတွင် အတားအဆီးတစ်ခုဖြစ်နေတာကြောင့် ဖယ်ရှားပစ်ခံခဲ့ရမည်ဟု သူမ(လက်ရှိချန်းဟွမ်)က ယူဆခဲ့ဖူးပေသည်..  ဒါပေမယ့်လည်း အနည်းငယ် ထပ်တွေးကြည့်ပါက မူလဇာတ်ကြောင်းတွင် မူလချန်းဟွမ် ဖယ်ရှားခံခဲ့ရခြင်းမှာ သူမဟာ မိမိသွေးသာကိုပင် ညှာတာမှုမရှိပါဘဲ သူမ တက်လမ်းအတွက် အသုံးချခြင်းကြောင့်ဖြစ်ကာ ကလေးမှာ သူ့မိခင်အရင်းဖြစ်သောမူလချန်းဟွမ်ကြောင့်သာ အသက်ဆုံးခဲ့ခြင်းဖြစ်သည်...


ထိုသို့သာဆိုပါလျှင် ဇာတ်လိုက်က ရှင်းရှင်းလေးအား သူ့သားဖြစ်ကြောင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လက်ရှိအခြေအနေတွင် ရှင်းရှင်းလေးအား သေဆုံးစရာအကြောင်းမရှိပါလေ...


ဇာတ်လိုက်၏ပင်ကိုယ်စရိုက်ကို ကြည့်ပါက အနှီအမျိုးသားသည် သူ့ကန့်သတ်ချက်ကို မကျော်သရွေ့သူမကို အန္တရာယ်ပြုမည် မဟုတ်သလို သားဖြစ်သူကိုလည်း ဆိုးဆိုးဝါးဝါးဆက်ဆံမည်မဟုတ်ပေ...


Xxxxx