အပိုင်း (၇၈)
Viewers 31k

Part 78


"သားလေး မားမားနဲ့ ပါးပါးက ကွာရှင်းမှာမဟုတ်ဘူး ဒါကြောင့် သား စိတ်ပူစရာမလိုဘူး..."


" ပါးပါးနဲ့မားမားက မပျော်ကြဘူးလေ..."


 

"လူကြီးတွေ ကြားထဲက ကိစ္စတွေကို နားလည်ဖို့ သား ငယ်လွန်းသေးတယ် သားအသက်နည်းနည်းကြီးလာရင် မားမားက သားကို ရှင်းပြပေးမယ်နော် 

မားမား တစ်ခုတော့ပြောချင်တယ် သားစိတ်ထဲမှာသေချာမှတ်ထားနော် ပါးပါးနဲ့မာမားက သားကို သိပ်ချစ်တာ တစ်နေ့မှာ မားမားတို့မရှိရင်တောင် သားအပေါ်ထားတဲ့ မားမားတို့အချစ်က လျော့မှာမဟုတ်ဘူး..."


ဝမ်လေးက သူမ၏စကားကို အလုံးစုံ နားမလည်သော်လည်း ခေါင်းညိမ့်နေဆဲဖြစ်သည်။


 "သား နားလည်ပြီ မားမားနဲ့ပါးပါးကွာရှင်းမှာမဟုတ်ဘူး..."


ယွမ်ရှက ရယ်ရခက် ငိုရခက်ဖြစ်နေသည်။


"ဒါပေါ့"


"ဒါဆိူ မားမားတို့က ဘာလို့ အတူတူမအိပ်တာလဲ..."


ယွမ်ရှ ခဏမျှစဉ်းစားပြီး အကြံပေးလိုက်သည်။


 "သား ပါးပါးကို ဘာလို့ သွားမမေးရတာလဲ" 


ထိုမေးခွန်းကို သူမသည် အရင်က ဖြေဖူးသော်လည်း အရင်အဖြေက သားလေးကို လှည့်စား၍မရနိုင်တော့ကြောင်းထင်ရှားသည်။


ထို့ကြောင့် သူမ စုန့်ထင်ရှန်းဆီ ဘောလုံးပစ်ရန် ဆုံးဖြတ်လိုက်သည်။(ပြသနာကို ပုတ်ထုတ်လိုက်တာ)


"ဟုတ်" 


ဝမ်လေးက ပြန်လည်ရှင်သန်လာသလိုမျိုး တက်ကြွစွာဖြင့် သူမ၏ပေါင်ပေါ်မှ ခုန်ဆင်းကာ  မြန်ဆန်သောခြေလှမ်းဖြင့် တံခါးဆီလှမ်းပြီးမှ ရုတ်တရက် သူမ၏ရင်ခွင်ထဲသို့ ပြန်ပြေးလာခဲ့သည်။သူ ယွမ်ရှ ခါးကိုပွေ့ဖက်လိုက်ရင်း မေးလိုက်သည်။


"မားမား ပျော်ရဲ့လား... "


ယွမ်ရှ က ရိုးသားစွာ ခေါင်းညိမ့်လိုက်သည်။

"အရမ်းပျော်တာပေါ့"


သူမ အခြားလူတစ်ယောက်အဖြစ် နိုးထလာကာ 

မိဘများကို လွမ်းဆွတ်သည့် အခိုက်အတန့်များရှိသော်လည်း ထိုအတွေးများကို တွေးနေခြင်းသည် အဓိပ္ပာယ်မရှိဟု ယုံကြည်မိသည်။ ၎င်းက မိမိအတွက်စိတ်ညစ်စရာများကို နှိုးဆွနေခြင်းသာ ဖြစ်ပေလိမ့်မည်။ထို့အပြင် လက်တွေ့ကျသော ဘက်မှကြည့်လျှင် သူမ တွင် မပျော်ရွှင်နိုင်သည့် အကြောင်းရင်းများ ရှိနိုင်ပါဦးမလား...။


"အဲ့လိုဆို ကောင်းတယ်..." 


ဝမ်လေးက စိတ်သက်သာရာရသွားသည်။


"မားမားကိုပျော်စေချင်တယ် 

မားမားပျော်ရင်ပျော်တယ်..."


"အရမ်းချစ်ဖို့ကောင်းတဲ့သားလေး..."


ထို့နောက် ကလေးလေးက သူ့အဖေရှိရာသို့ အပြေးသွားပြီး မေးလိုက်သည်။


"ပါးပါး ... ဘာလို့ မားမားနဲ့အတူတူ မအိပ်တာလဲ"


ဝမ်လေး၏မေးခွန်းကို စုန့်ထင်ရှန်းက မည်သို့ဖြေရမလဲမသိပေ။


သူက ယွမ်ရှ၏အရင်ကအဖြေကို စဉ်းစားမိပြီး သူမ၏အကြောင်းပြချက်ကို ပြန်အသုံးပြုလိုက်သည်။ 


"သား မားမားက နောက်ကျမှ အိပ်ရလို့ နောက်ကျမှနိုးမှာ ပါးပါးသူ့ကို မနှောင့်ယှက်ချင်ဘူးလေ"


ဝမ်လေးက အော်ဟစ်လိုက်သည်။


"သားက အလိမ်ခံရလွယ်တဲ့ ကလေးတွေထဲ ကလေးမဟုတ်ဘူး

ပါးပါး....သားကို မလိမ်ပါနဲ့"


စုန့်ထင်ရှန်း"..."


သူက ဘာဖြစ်သွားလဲမသိသောကြောင့်  သူ့သား၏ရှေ့တွင် မည်သို့စကားဆက်ရမည်မသိဖြစ်သွားသည်။


သူ ဘာကြောင့် ယွမ်ရှနှင့်အတူတူ မအိပ်ရတာလဲ...။


အဘယ်ကြောင့်ဆိုသော် အချစ်ကြောင့် အိမ်ထောင်ပြုခဲ့ခြင်းမဟုတ်ခဲ့ပေ။ထို့အပြင် ယွမ်ရှသည် သူတို့လက်ထပ်ပြီးခါစအချိန်တွင် ကိုယ်ဝန်ရှိခဲ့သောကြောင့် သူတို့နှစ်ယောက်ကြားတွင် နားလည်မှုရှိခဲ့ကြသည်။ထို့ကြောင့် သူတို့အိမ်ထောင်ကျခဲ့သော ပထမဆုံးညကထဲက အတူတူ မအိပ်ခဲ့ကြခြင်းဖြစ်သည်။


သို့သော် သားလေးကို သူ့မိဘတွေက သူ့ကြောင့် အိမ်ထောင်ကျခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်မရှိခဲ့ဘူးဆိုတာဘယ်လိုရှင်းပြနိုင်မှာလဲ....


အစပိုင်းတွင် စုန့်ထင်ရှန်းသည် ဖခင်ကောင်းတစ်ယောက် ဖြစ်ပြီး ရိုးသားသောဖခင်တစ်ယောက်... သူ့သားလေးနှင့် သူငယ်ချင်းကောင်းဖြစ်နိုင်သည့် ဖခင်ကောင်းတစ်ယောက်အဖြစ် နေမည်ဟု ဆုံးဖြတ်ခဲ့သည်။


 သို့သော် အခုချိန်တွင် သူတကယ်အမှန်တိုင်းမပြောနိုင်ခဲ့ပေ...။


"ပါးပါးနဲ့ မားမားကို အတူတူအိပ်စေချင်တာလား..." 


စုန့်ထင်ရှန်းသည်သူ့သား၏မေးခွန်းကို မဖြေပဲ ပြန်မေးလိုက်သည်။


ဝမ်လေးက တွေးလိုက်ပြီး "အခြားကလေးတွေရဲ့ မိဘတွေလဲ အတူတူအိပ်ကြတယ်လေ"


စုန့်ထင်ရှန်းသည် သူတို့၏သားလေးက  ကြီးပြင်းလာပြီကို သိထားပြီးဖြစ်သည်။ယွမ်ရှနှင့် သူ၏အရင်ကဆက်ဆံရေးသည် ဝမ်လေး၏ အရွယ်ရောက်ဖွံ့ဖြိုးမှုအတွက် အကျိုးမရှိနိုင်အေ...။ထို့ကြောင့်ပင် သူမနှင့် ဆွေးနွေးပြောဆိုရန် သူကိုယ်သူ အတင်းအကျပ်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။


ယခုရော သူနှင့် ယွမ်ရှက ကုတင်တစ်လုံးထဲမှာ  အတူတူ အိပ်သင့်လား...။


မဟုတ်သေးဘူး....။


ဒါက မလိုလားအပ်တဲ့ ရလဒ်တစ်ခုဆိုတာ သိသာတယ်....။