အပိုင်း ၉၅-၉၆
Viewers 22k

Chapter 95

{ အပန်းဖြေပန်းခြံသို့တစ်ခေါက် - ၃ }


ကျန်းမင်ယွမ်သည် သားဖြစ်သူနှင့်အတူတူစီးရမည့်ကားကို အသေအချာပြင်ဆင်ထားပြီး ကားနောက်ခန်းမှာလည်း အတော်လေး

ကျယ်ဝန်းပေတယ်... ကားနောက်ခန်းတွင် ကလေးအတွက်အန္တရာယ်ကင်းထိုင်ခုံတစ်လုံးပင် တပ်ထားသေး၏... ရှင်းရှင်းလေးသည် ထိုထိုင်ခုံတွင် ထိုင်ပြီး မိနစ်အနည်းငယ်ကြာပြီးနောက်တွင် မေးမြန်းခြင်းတို့ စတင်လာတော့သည်...


ကလေးလေးသည် အစပိုင်းတွင် စပ်စုချင်စိတ်များနေခဲ့ပြီး မိခင်ဖြစ်သူအား အဆက်မပြတ်မေးနေလေတယ်... "မေမေ ဒါဘာလဲဟင် " 


သို့သော် ရှင်းရှင်းလေး မေးသမျှကို ကျန်းမင်ယွမ်မှသာ ဆက်တိုက်ဖြေကြားပေးခဲ့၏...


သို့ပေမယ့်လည်း ရှင်းရှင်း၏စပ်စုချင်စိတ်တို့သည် ကားထဲသို့ ရောက်ပြီးနောက် ဆယ်မိနစ်အကြာတွင် ပျောက်ဆုံးသွားခဲ့လေသည်... ရှင်းရှင်းလေးအတွက်တော့ အန္တရာယ်ကင်းထိုင်ခုံသည် သက်သောင့်သက်သာမဖြစ်သည့်အပြင် ချုပ်နှောင်ထားသလို ခံစားလာရတာကြောင့် ဒီထိုင်ခုံတွင် မထိုင်ချင်ဘူးဟု ကျယ်လောင်စွာ အော်ဟစ်လာချေသည်...


ထိုတောင်းဆိုမှုကိုတော့ ချန်းဟွမ်နှင့်ကျန်းမင်ယွမ်နှစ်ဦးလုံးမှာ သဘောမတူပေ... ကျန်းမင်ယွမ်အတွက် ဒီတစ်ကြိမ်သည် သားဖြစ်သူနှင့် ပထမဆုံးအကြိမ် တရား၀င်အချိန်ဖြုန်းနိုင်ခြင်းဖြစ်​တာကြောင့် ကလေးစိတ်ထဲတွင် သူနှင့်ပတ်သက်ပြီးကောင်းမွန်သောခံစားချက်တို့ကိုသာ ချန်ထားခဲ့ချင်ပေသည်... ထို့ကြောင့်လည်း သူက ပေါက်စီလုံးလေး၏လက်ကို ဆုပ်ကိုင်ထားရင်း စိတ်ရှည်လက်ရှည်ဖြင့် အကျိုးအကြောင်းကို အသေအချာ ရှင်းပြပေးလိုက်သည်...


သို့သော်ငြားလည်း ရှင်းရှင်းလေးဟာ ကလေးတစ်ယောက်သာ ဖြစ်တာကြောင့် အကျိုးအကြောင်းတို့ကို စိတ်မဝင်စားပါဘဲ တောက်လျှောက်ငိုနေတော့သည်... ထိုအခါ ကျန်းမင်ယွမ်ဟာ အနည်းငယ်ထိတ်လန့်သွားခဲ့ပြီး ချန်းဟွမ်ဘက်သို့ လှည့်ကာ အကူအညီတောင်းခံသောအကြည့်ဖြင့် ကြည့်လာခဲ့တော့တယ်...


သူ၏အကြည့်ကို နားလည်လိုက်သောချန်းဟွမ်ဟာ ရှင်းရှင်းလေးအား အကြည့်တစ်ချက်ပေးလိုက်လေသည်...


ကလေးလေးသည် မိခင်ဖြစ်သူ၏အကြည့်ကို သဘောပေါက်တာကြောင့် ချက်ချင်းအငိုတိတ်သွားခဲ့ချေ၏... ထို့နောက်တွင်တော့ နှုတ်ခမ်းလေး ဆူလိုက်ပြီး " သား ဒီထိုင်ခုံမှာ မထိုင်ချင်ဘူး မေမေ " ဟု ဆိုလာလေတယ်...


" ကောင်းပြီလေ... " ချန်းဟွမ်သည် ခေါင်းညိမ့်ပြရင်း ထိုသို့ပြန်ပြောလိုက်ကာ " ဒါဆို မေမေတို့လည်း အပန်းဖြေပန်းခြံကို မသွားတော့ဘူးပေါ့... "


ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ၏စကားကို ကြားပြီးနောက် ခေတ္တတိတ်ဆိတ်သွားခဲ့ပြီး မိခင်၏မျက်နှာကို အကဲခတ်လိုက်လေသည်... ကလေးလေးသည် ပန်းခြံသို့ သွားချင်နေခဲ့သည်မှာ ကြာပြီးဖြစ်ပြီး ယနေ့မှသာ သွားခွင့်ရခဲ့ခြင်းဖြစ်လေတယ်... သူ၏ဆန္ဒတို့ ပြည့်ဝခါနီးမှ မဆုံးရှုံးချင်ပေ...


မိခင်ဖြစ်တဲ့ချန်းဟွမ်သည် နောက်နေခြင်း မဟုတ်မှန်း ခန့်မှန်းမိသွားချိန်၌ ရှင်းရှင်းလေးဟာ မျက်ရည်တို့ကို သုတ်လိုက်ပြီး " သား ဒီမှာပဲ ထိုင်တော့မယ် မေမေ... "


" ကောင်းပြီ... "


ချန်းဟွမ်က စကားအနည်းငယ်မျှဖြင့် ကလေးကို အငိုတိတ်အောင် လုပ်လိုက်နိုင်တာကြောင့် ကျန်းမင်ယွမ်သည် ချီးမွမ်းချင်သောအကြည့်တို့ဖြင့် ကြည့်လိုက်မိလေသည်...​ ထိုစဥ် ချန်းဟွမ်က သူ့အား လှည့်ကြည့်လာတဲ့အခါတွင် ကျန်းမင်ယွမ်က " မင်းက ကလေးထိန်းတဲ့အပိုင်းမှာ အရမ်းတော်တာပဲ... " 


ယနေ့က ပိတ်ရက်ဖြစ်တာကြောင့်အပန်းဖြေပန်းခြံသို့ လာရောက်လည်ပတ်သူများ ပြည့်ကျပ်လို့နေ၏... လူအများစုမှာ မိသားစုများဖြစ်ပုံရသည်...


ကျန်းမင်ယွမ်တို့သုံးယောက်သား ကားပေါ်မှ ဆင်းလာခဲ့ပြီးနောက် ရှင်းရှင်းလေးအား အလယ်တွင်ထားကာ တစ်ဖက်တွင် ချန်းဟွမ်က ကလေး၏လက်တစ်ဖက်ကို တွဲထားပြီး နောက်တစ်ဖက်တွင်တော့ ကျန်းမင်ယွမ်က လက်တွဲထားသည်... အများအမြင်တွင်တော့ ၎င်းတို့၃ယောက်ဟာ ပျော်စရာကောင်းလှသောမိသားစုလေးနှင့်ပင် တူနေပေသည်... ကလေးလေးသည် မျှော်စင်ကြီးတစ်ခုကို  မိခင်ဖြစ်သူအား ညွှန်ပြရင်း  " မေမေ... မေမေ... ဟိုမှာကြည့်ပါဦး... မှော်ဆန်တဲ့မျှော်စင်ကြီး! "


" ရှင်းရှင်းက အဲ့မျှော်စင်ကြီးထဲကို ဝင်ချင်တာလား..."


" ဟုတ်တယ် ဦးလေးကြီး... "


" ကောင်းပြီ... ဦးလေးတို့ ဝင်ကြည့်ကြတာပေါ့... " ကျန်းမင်ယွမ် ဝင်ခွင့်လက်မှတ်များ ဝယ်လိုက်၏...


ထိုမှော်မျှော်စင်ကြီးဟာ အထပ်၇ထပ်ရှိပြီး တစ်ထပ်စီတိုင်းတွင် မတူညီသောပုံပြင်များကို ​ပြသထားသည်... ထို့ပြင် မျှော်စင်အတွင်းတွင် လမ်းလျှောက်စရာမလိုပါဘဲ ရထားတွဲလေးနှင့် သွားရခြင်းဖြစ်သည်... မျှော်စင်အတွင်းသို့ မဝင်ခင်တွင် မျက်မှန်လေးများ တပ်ရသေး၏... ရှင်းရှင်းလေးသည် ထိုမျက်မှန်လေးအား တပ်ပြီးနောက်  " မေမေ... သားကိုကြည့်ပါဦး... "


ရှင်းရှင်းလေးလိုကလေးအတွက်တော့ မျက်မှန်လေးဟာ ကြီးလို့နေပြီး ကလေးလေးရဲ့ပါးစပ်သို့သာ တွေ့ရတော့သည်... ချန်းဟွမ်သည် သားဖြစ်သူအား လှည့်ကြည့်ပြီးနောက် " မိုက်တယ်... " 


" မေမေလည်း အရမ်းမိုက်တယ်... ဦးလေးကြီးလည်း အရမ်းမိုက်တာပဲ... " 


ကျန်းမင်ယွမ်သည် သားဖြစ်သူဆီမှ ချီးကျူးစကားကို ကြားလိုက်ရတာကြောင့် ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရလေ၏...


သူတို့သုံးယောက်ပါသော ရထားတွဲငယ်လေး  စတင်ရွေ့လျားပြီး မကြာလိုက်ခင်တွင်ပင် ရှောင်ရှောင်လေးတို့ ရှေ့ရှိ မြင်ကွင်းပုံစံများ တဖြည်းဖြည်းပြောင်းလဲသွားချေတော့တယ်... အတွင်း၌ မှောင်မိုက်နေခဲ့သောမှော်မျှော်စင်ကြီးသည် ချက်ချင်းဆိုသလိုပင်  တခြားကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားလေသည်...


ချန်းဟွမ်သည် သူမရှေ့တွင် ပန်းဖူးလေးတစ်ပွင့်ကို မြင်လိုက်ရပြီးနောက် ထိုပန်းပင်၏ကြီးမားအရွက်တို့ကို တွေ့လိုက်ရလေတယ်... ထိုအရွက်ကြီးပေါ်တွင် ရေစက်လေးတစ်စက်ရှိလို့နေကာ ပန်းပင်ပေါ်တက်နေသောပိုးကောင်လေးတစ်ကောင်ဟာ ထိုရေစက်လေးထဲသို့ ပြုတ်ကျသွားသောမြင်ကွင်းတို့ကို တွေ့ရလေသည်..


ခေတ္တအကြာတွင်တော့ စောနမှပန်းဖူးလေးဟာ ပွင့်လာခဲ့ပြီး သူမတို့(ချန်းဝှမ်တို့၃ယောက်)သည်လည်း မွှေးပျံ့သောပန်းရနံ့ကို ရရှိလိုက်၏... ထိုစဥ်တွင် အဝေးတစ်နေရာမှ တိရစ္ဆာန်တစ်ကောင်၏ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ရုတ်တရက်ဆိုသလိုပင် ကြီးမားသောခြေဖဝါးတစ်ခုက ပန်းပွင့်လေးအား နင်းချေလိုက်သောမြင်ကွင်းကို ပြသလို့နေပြန်သည်...


ရုတ်တရက်ပေါ်လာသောမြင်ကွင်းကြောင့် ရှင်းရှင်းလေးမှာ အနည်းငယ် ထိတ်လန့်သွားခဲ့ကာ " Ohhh....!! "ဆိုသောအသံထွက်လာခဲ့လေသည်...


 ချန်းဟွမ်မှ ကလေး၏နောက်ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးရန် ကလေးလေး၏ကျောပေါ်သို့ သူမ၏လက်တစ်ဖက်ကို တင်လိုက်ချိန်တွင် ကလေး၏ကျောပြင်အစား နွေးထွေးသောလက်ချောင်းတို့ကိုသာ ထိတွေ့လိုက်ရပေသည်...


သူမသည်  ချက်ချင်းပင် သူမ၏လက်ကို ပြန်ဖယ်လိုက်၏... သူမ၏လက်ကို ဖယ်လိုက်ပြီးနောက် လှည့်ကြည့်လိုက်ချိန်၌ မီးမှိန်မှိန်အောက်တွင် သူမအား နူးညံ့စွာ ပြုံးပြနေသောကျန်းမင်ယွမ်အား တွေ့လိုက်ရလေသည်...


ရထားတွဲငယ်လေးသည် နောက်ဆုံး၇ထပ်ထိ တက်သွားခဲ့ပြီးနောက် အောက်သို့ ပြန်ဆင်းလာခဲ့ချေသည်... ရှင်းရှင်းလေးသည် များစွာသောပုံပြင်ဇာတ်လမ်းများကို တွေ့မြင်ခဲ့ပြီးနောက် လွန်စွာပျော်ရွှင်စိတ်လှုပ်ရှားနေခဲ့၏...


ကလေးလေးသည် မှော်မျှော်စင်မှထွက်လာအပြီးတွင် နောက်ထပ်နေရာတစ်ခုသို့ ထပ်ညွှန်ပြရင်း " မေမေ... သားတို့ အဲ့ထဲဝင်ရအောင် "ဟု ထပ်မံဆိုလာပြန်သည်...


💞💞💞💞💞💞


Chaptet 96

{ အရုပ်များစွာ ရရှိခဲ့သည် - ၁ }


ရှင်းရှင်းလေးသည် ရိုလာကိုစတာကို ညွှန်ပြနေပြန်၏... ထိုရိုလာကိုစကာအမြင့်ဆုံးနေရာသည် မြေပြင်မှမီတာတစ်ရာလောက်ရှိပေသည်...


လူကြီးနှစ်ယောက်ဖြစ်တဲ့ကျန်းမင်ယွမ်နှင့်ချန်းဟွမ်တို့က ရှင်းရှင်းလေးအား ထိုရိုလာကိုစတာပေါ်သို့ လုံးဝတက်ခွင့်မပေးကြပေ... ကလေးလေးသည် ငိုယိုပူဆာခြင်းဆိုသောလက်နက်ကို ထုတ်သုံးပါသော်ငြား ဒီတစ်ကြိမ်တွင်လည်း အသုံးမဝင်ခဲ့ပါပေ...


ကျန်းမင်ယွမ်သည် သူ့လက်ထဲရှိလမ်းညွှန်စာအုပ်ကို သေချာကြည့်ရှုပြီးနောက် သားဖြစ်သူနှင့် ချန်းဟွမ်တို့အား ပန်းခြံထဲမှအဆောက်အဦးတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်..


ထိုအဆောက်အဦးထဲရှိ ဂိမ်း၏နာမည်မှာ ကြယ်တာရာတိုက်ပွဲဖြစ်၏... ထိုဂိမ်း၏ဆော့ကစားနည်းမှာလည်း လွယ်ကူပေသည်... ထိုင်ခုံတွင် ထိုင်နေကာ လေဆာရောင်ခြည်များဖြင့် မကောင်းဆိုးဝါးဂြိုလ်သားငယ်လေးများကို ပစ်ရခြင်းပင်...


ရှင်းရှင်းလေးသည် ထိုဂိမ်းအား စဆော့ပြီးနောက် အတော်လေး စိတ်ဝင်စားသွားပုံရသည်... ဆော့ကစားနေရင်း စကားပြောလည်း မရပ်ပါဘဲ စိတ်လှုပ်ရှားစွာ ဆော့ကစားလို့နေ၏... သို့သော်လည်း ရှင်းရှင်းလေးသည် ကလေးတစ်ယောက်သာဖြစ်တာကြောင့် သူ့လက်သေးသေးလေးများ လေဆာရောင်ခြည်ကို မထိန်းချုပ်နိုင်ပါလေ... ဂြိုလ်သားငယ်လေးများကို ပစ်ဖို့မဆိုနှင့် လေဆာရောင်ခြည်ကို ဟိုဘက် ဒီဘက်ပင် သေချာ မရွေ့နိုင်ပါလေ...


ကလေးလေးသည် ဆက်တိုက်ကြိုးစားပေမယ့် တစ်မှတ်မှ မရတာကြောင့် အတော်လေး စိတ်ပျက်နေသည်...


ထိုချိန်တွင် ကျန်းမင်ယွမ်သည် သားဖြစ်သူရှေ့တွင် သူ့အစွမ်းအစတို့ကို ထုတ်ဖော်ပြသလိုသောကြောင့် ရှင်းရှင်းလေးအား ဝင်ရောက် ကူညီပေးလေသည်... သို့သော်လည်း ကလေးလေးသည် သူနှင့် မကစားချင်ပေ... သူ့အတွက်တော့ ကျန်းမင်ယွမ်သည် သူစိမ်းဦးလေးကြီးတစ်ယောက်သာဖြစ်ပေသည်... ကလေးလေးက မိခင်ဖြစ်သူနှင့်သာ ဆော့ကစားချင်ခြင်းဖြစ်၏...  သို့ပေမယ့်လည်း ချန်းဟွမ်သည် ထိုသို့ဂိမ်းအမျိုးအစားကို လုံးဝစိတ်မဝင်စားကြောင်း ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိုက်၏... ထို့ကြောင့်လည်း ကလေးလေးသည် ကျန်းမင်ယွမ်နှင့် သာ တွဲဆော့ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ...


ကျန်းမင်ယွမ်၏ထပ်တိုးအားဖြည့်မှုကြောင့် တစ်ခဏအတွင်းတွင် ရှင်းရှင်းလေး၏ရမှတ်သည် တစ်ဟုန်တိုး တိုးလာခဲ့တော့သည်...  ကျန်းမင်ယွမ်သည် အစပိုင်းတွင်တော့ ဂိမ်း၏အချိန်အဆတို့ကို သိရန် ကြိုးစားခဲ့ပြီး ခေတ္တအတွင်းတွင်ပင် နည်းလမ်းကို ရှာတွေ့သွားခဲ့သည်... မိနစ်အနည်းငယ်အကြာတွင်တော့ တစ်ခါပစ် တစ်ကောင်သေဖြစ်လာပြီး ရမှတ်များလည်း မြင့်လာလေတယ်... ရှင်းရှင်းလေးသည် ထိုအခြေအနေတို့ကို မျက်မြင်တွေ့ရချိန်တွင်တော့ စောနကလို တုံ့ဆိုင်းနေချင်မျိုး မရတော့ဘဲ လက်ခုပ်တီးကာ အော်ဟစ်အားပေးလို့နေချေသည်...


ကလေးလေးသည် ဂိမ်းကစားခြင်းအား ကြည့်နေရခြင်းကို စိတ်လှုပ်ရှားမှု ပြင်းပြလို့နေပြီး ထပ်ခါထပ်ခါကစားရန် တိုက်တွန်းလို့တော့သည်... ကျန်းမင်ယွမ်ဟာလည်း သားဖြစ်သူပြောသည့်အတိုင်း အကောင်းဆုံးဆော့ကစားပြသည် ၎င်းတို့၂ဦး၏gameသရဲဝင်ပူးနေခြင်းအား ချန်းဟွမ်မှ နှင်ထုတ်လိုက်၏..


ကျန်းမင်ယွမ်သည် တစ်ချိန်လုံးနီးပါး ပစ်ခတ်မှု အဆက်မပြတ်လုပ်ခဲ့ရသောကြောင့် လက်နှစ်ဖက်စလုံး နာကျင်နေသော်လည်း စိတ်ကျေနပ်နေပုံပင်... သူမျက်နှာပေါ်တွငိ ပြုံးရိပ်ယောင်တို့ ရှိနေသည်


ချန်းဟွမ်သည် ၃ယောက်ထဲတွင် အတော်လေးငြိမ်ငြိမ်သက်သက်နေသူဟုဆိုရပေမည်... သားအဖနှစ်ယောက် ပြန်လာတာကို တွေ့ချိန်မှာတော့ ချန်းဟွမ်ဟာ ကလေးလေးအား လှမ်းခေါ်ထားချေ၏... 


" မေမေ... ဂြိုလ်သားငယ်လေးတွေကို ဆက်ပစ်ကြမယ်လေ... " ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ လက်ကိုဆုပ်ကိုင်ထားရင်း ပန်းခြံထဲမှ ထွက်ခွာရန် တွန့်ဆုတ်နေဆဲပင်... " ဂြိုလ်သားလေးတွေကို ပစ်ရတာ အရမ်းပျော်စရာကောင်းတာ... "


" ထပ်မပစ်ရတော့ဘူး ရှင်းရှင်း " 


ချန်းဟွမ်သည် ထိုသို့ဆိုပြီးနောက် ရှင်းရှင်းလေးနှင့်အတူ အဆောက်အဦးထဲက ထွက်လာခဲ့ချေ၏... အဆောက်အဦအတွင်းပိုင်းနှင့်ယှဉ်ကြည့်ပါက အပြင်ဘက်ရှိလေဟာ ပို၍လန်းလန်းဆန်းဆန်းဖြစ်စေသည်... ချန်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သားဖြစ်သူဘက်သို့လှည့်ကာ မေးလိုက်သည်..


 " နေ့လည်စာ သွားစားကြမလား "


ကလေးလေးသည် တစ်မနက်လုံး ပြေးလွှားဆော့ကစားနေခဲ့တာကြောင့် ဗိုက်ဆာနေပြီဖြစ်သည်... ပေါက်စီလုံးလေးသည် သူ့ဗိုက်ကို ပွတ်သပ်ပြီး ခေါင်းညိမ့်ပြလာခဲ့သည်...


 " ဟုတ်ကဲ့ မေမေ... နေ့လည်စာ စားကြရအောင်... "


ဤသို့ဖြင့်ပင် ကျန်းမင်ယွမ်သည် အမေ့ခံဘဝ ပြန်ရောက်သွားပြန်သည်. 


ကျန်းမင်ယွမ်သည် သားဖြစ်သူက သူ့အား အမြဲမေ့မေ့နေတတ်တာကြောင့် စဥ်းစားရခက်နေသည်.. 


 " စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကို ကိုယ်သိတယ်... အဲ့နေရာမှာပဲ သွားစားကြမလား... "


" ကောင်းပြီလေ... "


စားသောက်ဆိုင်သို့ရောက်ချိန်တွင် အရာအားလုံးဟာ ပုံမှန်အတိုင်း နေသာထိုင်သာရှိသော်ငြား Menu(မှာယူနိုင်သောအစားအသောက်စာရင်း)ထဲမှ စျေးနှုန်းတို့ဟာ ရူးခါသွားလောက်အောင် ထူးထူးဆန်းဆန်းမြင့်လွန်းလှ၏...


တခြားနေရာတွင် ယွမ်၁ထောင်လောက်သာ ကျသင့်သည့်အစားအသောက်ဟာ ဒီဆိုင်တွင် ယွမ်၃၊ ၄ထောင်ဝန်းကျင်လောက် ကုန်ကျပေသည်... အစားအသောက်အရသာတို့မှာ ကောင်းသည်ဟု ဆိုနိုင်သော်ငြား ရှင်းရှင်းလေးသည် ထိုအစားအသောက်တို့ကို မိခင်ဖြစ်သူ၏လက်ရာလောက် မနှစ်သက်လှချေ...


နေ့လည်စာစားပြီးနောက် ကျန်းမင်ယွမ်မှငွေပေးချေပြီးချိန်တွင် ချန်းဟွမ်ဟာ ရှင်းရှင်းလေးနှင့် အရင်ထွက်လာခဲ့လိုက်ပေသည်... သူမတို့သားအမိ ထွက်သွားပြီးနောက် သူမသည် စားသောက်ဆိုင်၏ဆိုင်းဘုတ်ကို လှည့်ကြည့်နေခဲ့မိလေတယ်...


ထိုချိန်တွင် သူမအနားသို့ ကျန်းမင်ယွမ်ရောက်လာခဲ့ကာ သူမကို မေးလိုက်သည်


 " ဒီနေရာမှာ ဆိုင်ဖွင့်ချင်လို့လား... " 


Xxxxxxx