အပိုင်း ၉၇-၉၈
Viewers 20k

Chapter 97

{ အရုပ်များစွာ ရရှိခဲ့သည် - ၂ }


သူမတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စကားသိပ်မပြောဖြစ်တာကြောင့် ထိုသူ သူမအား စကားပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ... သူမသည် စက္ကန့်ပိုင်းမျှ ရပ်တန့်သွားပြီးနောက် ခေါင်းယမ်းပြလိုက်လေ၏...


" မဟုတ်ဘူး... ကျွန်မက ဒီတိုင်း ကြည့်ရုံပါပဲ... "


ချန်းဟွမ်၏ပထမဦးဆုံးသောစားသောက်ဆိုင်မှာ ယခုထိ အပြီးမသတ်သေးပါချေ... ထို့ကြောင့် ပိုကြီးမားသည့်အရာကို မမျှော်လင့် ရဲသေးပေ...


၎င်းတို့၃ယောက်ဟာ နေ့လယ်ခင်းတစ်ချိန်လုံးကို အပန်းဖြေဥယျာဉ်၌ ကုန်ဆုံးခဲ့ကြပြီး ပိတ်ချိန်ရောက်မှသာ ပြန်လာခဲ့ကြသည်...


ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်နှင့်အတူ တစ်နေတာကုန်ဆုံးခဲ့ပြီးနောက် ပို၍ရင်းနှီးလာခဲ့ချေ၏... ကလေးလေးသည် ယခင်ကလို " ဦးလေးကြီး " ဟု မခေါ်တော့ဘဲ "ဦးလေး" ဟုချိုချိုသာသာ ခေါ်လာခဲ့လေပြီ... ကျန်းမင်ယွမ်က သားအမိနှစ်ယောက်အား အိမ်ပြန်ပို့ပေးပြီးနောက်တွင် ကလေးလေးသည် သူ့လက်သေးသေးဖြင့် ဝှေ့ယမ်းနှုတ်ဆက်လိုက်သေးသည်...


ထို့နောက်တွင်တော့ မိခင်ဖြစ်သူဘက်သို့ လှည့်ကာ " မနက်ဖြန်ရော အပြင်သွားမှာလား မေမေ? "ဟု မေးလာခဲ့လေတယ်...


" မသွားဘူး... " ချန်းဟွမ် ပြတ်ပြတ်သားသား​သာပြန်ပြောလိုက်လေတယ်... သူမသည် ပန်းခြံထဲတွင် စီးစရာပေါင်းများစွာကို စီးခဲ့ရတာကြောင့် ခေါင်းတို့ချာချာလည်နေသည်...


သူမက တစ်ဖက်သို့ လှည့်သွားသော်လည်း ကလေးလေးဟာ အပန်းဖြေပန်းခြံသည် ဘယ်လောက်ပျော်စရာကောင်းကြောင်း ဆက်တိုက်ပြောနေလေ၏... ချန်းဟွမ်သည် ရှင်းရှင်းလေး၏စကားတို့ကို မကြားသလိုဟန်ဆောင်နေခဲ့လေသည်... ဤသို့ဖြင့်ညစာ အဆင်သင့်ဖြစ်ချိန်တွင်တော့ ရှင်းရှင်းလေးသည် တတွတ်တွတ်ဆက်ပြောနေခြင်းကို ရပ်တန့်လိုက်တော့သည်...


ထိုညတွင် ချန်းဟွမ်သည် ရှင်းရှင်းလေးအား ရေချိုးပေးပြီးနောက် အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကို ဖတ်ပြနေခဲ့၏... ရေချိုးပြီးနောက် အိပ်ရာဝင်ခါနီးတွင် သူမဖုန်းဆီသို့ မက်ဆေ့စ်တစ်စောင် ရောက်လာလေသည်...


ပေးပို့သူ၏ဖုန်းနံပါတ်အား ချန်းဟွမ်တစ်ယောက် ရင်းရင်းနှီးနှီးသိလို့နေ၏...


[ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် ]


ချန်းဟွမ်သည် မက်ဆေ့စ်ကို ဖတ်ပြီးနောက် မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်... ထို့နောက်တွင်တော့ သူမ  လက်ကိုင်ဖုန်းကို ဘေးတွင်ချထားလိုက်ပြီး အိပ်ယာဝင်ရန် မီးပိတ်လိုက်တော့သည်...


နောက်နေ့တွင်လည်း ကျန်းမင်ယွမ်တစ်ယောက် ရောက်လာပြန်သည်... ဒီတစ်ကြိမ်တွင် အပန်းဖြေပန်းခြံသို့ ခေါ်ခဲ့ခြင်းမဟုတ်ဘဲ စျေးဝယ်စင်တာတစ်ခုသို့ ခေါ်ဆောင်လာလေသည်... သူမတို့ အိမ်ပြန်ချိန်တွင်တော့ ရှင်းရှင်းလေးအတွက် အရုပ်အိတ်များစွာ ပါလာခဲ့၏...


ချန်းဟွမ်သည် ဆိုဖာပေါ်ရှိ အရုပ်များကို ကြည့်ကာ အနည်းငယ်မျက်မှောင်ကျုံ့လိုက်မိချေသည်... ထို့နောက်တွင်တော့ သူမသည် ကျန်းမင်ယွမ်အား ကလေးကို အရမ်းအလိုမလိုက်ရန် ပြောလိုက်ရသေး၏...


ကျန်းမင်ယွမ်ကတော့ " ဒီလောက်ကတော့ အဆင်ပြေပါတယ်... ကလေး ပျော်နေဖို့က အရေးကြီးတယ်လေ "


ကျန်းမင်ယွမ်က ထိုသို့ပြောလိုက်တဲ့အခါ ချန်းဟွမ်ဟာ ဘာမျှမပြောတော့ဘဲ တိတ်တဆိတ်သာနေနေခဲ့လေတယ်...သူ ပြန်သွားချိန်တွင်တော့ သူမသည် အရုပ်ပုံကြီးထဲမှ တစ်ဝက်ကို ကောက်သိမ်းထားလိုက်ပေသည်...​


ရှင်းရှင်းလေးကတော့ ကျန်ရှိနေသောအရုပ်ပင်လယ်ကြီးထဲတွင် ကူးခတ်နေဆဲပင်... မိခင်ဖြစ်သူ ကောက်သိမ်းသွားသောအရုပ်များကို ဗီရိုပေါ်၌ တွေ့လိုက်ချိန်တွင် ဘာမှမပြောနိုင်ပဲ ကြည့်နေရုံသာတတ်နိုင်ပေ၏...


ချန်းဟွမ်သည် ဗီရိုပေါ်သို့ အရုပ်များတင်ပြီးနောက် ရှင်းရှင်းလေးရှိရာသို့ တစ်ချက်လှည့်ကြည့်ပြီး ညစာပြင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်...


ခေတ္တအကြာတွင်တော့ က​လေး​လေးဟာ မီးဖိုချောင်အတွင်း အလုပ်များနေသောချန်းဟွမ်နားသို့ ရောက်ရှိလာပြီး သူမ၏ပေါင်ကို ဖက်လိုက်ကာ မိခင်အား ခေါ်လိုက်လေတယ်...  " မေမေ... "


" Omm.. " ချန်းဟွမ်သည် သူမလုပ်နေသည့်အလုပ်တို့ကို မရပ်တန့်ဘဲ ပြန်ထူးလိုက်လေသည်...


ရှင်းရှင်းလေးက အရုပ်များသိမ်းခံလိုက်ရသည်အပေါ်မကျေနပ်သောကြောင့် သူမဆီလာသည်ဟု ချန်းဟွမ်တစ်ယောက်တွေးနေလေသည်... 


" သားကို စိတ်ဆိုးနေတာလား မေမေ " သို့သော် ရှင်းရှင်းလေးဟာ အရုပ်ကိစ္စကို မမေးခဲ့ပါလေ...


ကလေးလေးဟာ အလွန်အကဲဆတ်ပြီး သူ့ကို ဘယ်သူက ချစ်သည် ဘယ်သူကတော့ မချစ်ဘူးဆိုသည်ကို ကြည့်လိုက်ရုံဖြင့် ပြောနိုင်သူပင်... ဒီနေ့တွင်တော့ မိခင်ဖြစ်တဲ့ချန်းဟွမ်ဟာ  သူ့အား ရှောင်နေသည်ဟု ခံစားမိတာကြောင့် သူ့စိတ်ထဲတွင် " မေမေက သူ့ကို မချစ်တော့ဘူး " ဟု ထင်နေချေသည်...


ထိုစကားကိုကြားလိုက်တဲ့အခါ ချန်းဟွမ်သည် လုပ်လက်စတို့ကို ရပ်လိုက်ကာ ကလေးလေးဟာ ငုံ့ကြည့်လိုက်လေတယ်... ကလေးလေး၏မျက်ဝန်းထဲတွင် စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့နေသောအရိပ်အယောင်တို့ပြည့်နှက်လို့နေသည်...


ထိုအခါ ချန်းဟွမ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အနည်းငယ် ဝမ်းနည်းမိသွား၏... သူမသည် ကလေးလေးကို ဖက်ထားကာကျောပြင်ကို ခပ်ဖွဖွပုတ်ပေးလိုက်ရင်း " မေမေ စိတ်ဆိုးတာ မဟုတ်ပါဘူး... နည်းနည်း စိတ်မကောင်းဖြစ်နေတာပါ... "


" ဘာ​လို့လဲ မေမေ? " ရှင်းရှင်းလေးက တအံ့တသြမေးလိုက်လေသည်...


ထိုအခါတွင် ချန်းဟွမ်ဟာ ကလေးလေးနှင့်အတူ မီးဖိုချောင်မှ ထွက်လာခဲ့ပြီးနောက်ဆိုဖာပေါ်တွင် ထိုင်လိုက်လေ၏... " မေမေ စိတ်မကောင်းဖြစ်နေတာ ဘာကြောင့်လို့ ထင်လဲ ရှင်းရှင်း... " 


ကလေးလေးသည် မိခင်ဖြစ်သူကိုကြည့်ရင်းသူ့လက်ချောင်းများဖြင့် ဆိုဖာကို ကုတ်နေခဲ့မိ၏... သူ့မိခင် စိတ်မကောင်းဖြစ်ရခြင်းသည် သူနှင့်သက်ဆိုင်နေသည်ဟု ခံစားမိသောကြောင့်ပင်...


Xxxxxx


Chapter 98

{ အရုပ်များစွာ ရရှိခဲ့သည် - ၃ }


ချန်းဟွမ်သည် ရှင်းရှင်းလေး၏လက်ကို ဆုပ်ကိုင်လိုက်ရင်း နူးညံ့သောလေသံဖြင့် ဆိုလိုက်သည်...


 " သားက ဒီနေ့ ဘာလို့ အရုပ်တွေအများကြီး ဝယ်ခိုင်းတာလဲ "


ကလေးလေးသည် မိခင်ဖြစ်သူ၏အမေးကို ကြည့်ချိန်တွင် ချက်ချင်းပြန်ဖြေရှာသည်...  " ဦးဦးကျန်းက သားအတွက် ဝယ်ပေးတာပါ..."


ပေါက်စီလုံးလေးသည် တခြားသူတစ်ဦးဦးက သူ့အတွက် ဝယ်ပေးသည်ကို လက်ခံလိုက်ခြင်းဟာ အပြစ်တစ်စုံတစ်ရာမရှိဟု ထင်နေဆဲပင်... ကလေးလေး၏အဖြေစကားကြောင့် ချန်းဟွမ်သည် သူမဟာ ကလေးကို သေချာမသင်ကြားခဲ့မိဘူးဟုပင် တွေးလိုက်မိပေ၏...


 " ဒါပေမယ့် အဲ့လိုဝယ်ပေးတိုင်း ယူလို့မရဘူးလေ "


" ဘာလို့ မယူလို့မဖြစ်တာလဲ? " ရှင်းရှင်းလေး ယခုထိ နားမလည်သေးချေ...


ပေါက်စီလုံးလေးဟာ အဖေဖြစ်သူဆီမှ လက်ဆောင်တွေအားလုံးကို လက်ခံလိုက်ခြင်းက ပြဿနာမဟုတ်ပါလေ... တကယ့်ပြဿနာမှာ ကလေးလေးသည် ကျန်းမင်ယွမ်က သူ့ဖခင်ဖြစ်သည်ကို မသိနေခြင်းပင်... 


ချန်းဟွမ်သည် ကလေးလေးအား ခေတ္တမျှကြည့်နေခဲ့ပြီးနောက် အကြောင်းအရင်းကိုစိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်ရလေ၏... ကိုယ်နှင့်မသိသောတခြားသူများဆီမှ လက်ဆောင်ပစ္စည်းကို လက်ခံခြင်း မဖြစ်သင့်ကြောင်း၊ တစ်နေ့တွင် လူဆိုးများ တစ်စုံတစ်ခုပေးမည်ဟုဆိုကာ လိမ်ညာခေါ်သွားနိုင်ကြောင်း အသေအချာရှင်းပြခဲ့လေသည်... ချန်းဟွမ်တစ်ယောက် အာခေါင်ခြောက်မတတ်ရှင်းပြပြီးချိန်တွင်တော့ ကလေးလေးသည် အနည်းငယ်သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး " ဟုတ်ကဲ့ မေမေ... သား နားလည်သွားပြီ... နောက်တစ်ခါကြရင် မေမေ ဝယ်ပေးတဲ့အရုပ်တွေကိုပဲ ယူတော့မယ်..."ဟု ပြောလာလေသည်...


ထို့သို့​ပြောပြီးသည်နှင့် အရုပ်များသို့ ပြန်လှည့်ကြည့်လိုက်ကာ  “ ဒါပေမယ့်... ဒီအရုပ်တွေကိုတော့ မလွှင့်ပစ်ချင်ဘူး မေမေ... ” ဟု တောင်းဆိုလာခဲ့တော့၏...


" ဒီတစ်ကြိမ်တော့ ထားလိုက်ပါတော့...အခုကစပြီး ဦးဦးကျန်းနဲ့မေမေ့ဆီက လက်ဆောင်တွေကိုပဲ လက်ခံရမယ်နော် ဟုတ်ပြီလား... " သူမသည် ထိုစကားတို့ကို အသေအချာထိန်းပြောနေရပေတယ်...


ရှင်းရှင်းလေးဟာလည်း မိခင်ဆီမှခွင့်ပြုချက်ရလိုက်တဲ့အခါ နားလည်ကြောင်း ခေါင်းညိမ့်ပြလေသည်...


ချန်းဟွမ်သည် ကလေးလေးအား နောက်တစ်ကြိမ်အသေအချာရှင်းပြပြီးနောက်  မီးဖိုချောင်ထဲကိုပြန်ဝင်ကာ ညစာ ချက်ရန် ပြင်ဆင်နေလေတော့တယ်... ညစာပွဲပြင်ဆင်ပြီးချိန်တွင် သူမ တစ်စုံတစ်ခုကို သတိရသွားခဲ့ကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး မက်ဆေ့စ် တစ်စောင် ပို့လိုက်၏...


" နောက်တစ်ခါကြရင် ကလေးကို အရုပ်တွေအများကြီး မဝယ်ပေးပါနဲ့... "


ကျန်းမင်ယွမ်သည် သားဖြစ်သူနှင့် စျေးဝယ်စင်တာကို သွားပြီးနောက် အလုပ်သို့သာ ပြန်လာခဲ့လိုက်သည်... သူ့အတွက် အလုပ်ပိတ်ရက်ဟူ၍ မရှိပေ... ထိုအမျိုးသားသည် ယခုတွင်မှ ညစာသွားစားရန် ထိုင်ခုံမှထလိုက်ခြင်းပင်... ထိုစဥ်တွင်ပင် ဖုန်းဆီမှ တုန်ခါမှုတစ်ခုပေါ်လာခဲ့တာကြောင့် ဖုန်းမျက်နှာပြင်အား ကြည့်လိုက်မိလေသည်... ဖုန်းမျက်နှာပြင်ပေါ်မှ မက်ဆေ့စ်ကြောင့် အတွေးတစ်ခုဝင်မိပေ၏..


သူ့၏စိတ်ထဲတွင် ရှင်းရှင်းလေးအတွက် ယနေ့ ဝယ်ပေးလိုက်သောအရုပ်တို့မှာ သိပ်မများလှချေ... သူ့ဝမ်းကွဲတချို့၏ကလေးများဆိုလျှင် ကိုယ်ပိုင်ဆော့ကစားအခန်းတစ်ခန်းစီ ရှိကြပြီး အခန်းအတွင်းတွင် အရုပ်များဖြင့် ပြည့်နှက်လို့နေပေသည်...


ကျန်းမင်ယွမ်က သူ့သားအား တခြားကလေးများနှင့် တန်းတူထားချင်ပေသည်... သူ့၏စိတ်ထဲတွင် သေချာတာကတော့ သားဖြစ်သူ စိတ်ကြိုက် အရာအားလုံးကို ဝယ်ပေးရန်သာဖြစ်၏... သို့သော်လည်း ယခုတွင် သူဟာ ပထမဆုံးအကြိမ် ဖခင်ဖြစ်ဖူးခြင်းဖြစ်တာကြောင့် ကိစ္စတော်တော်များများတွင် အတွေ့အကြုံမရှိသေးပါလေ... ထို့ကြောင့်လည်း သားဖြစ်သူ၏မိခင်ဖြစ်တဲ့အမျိုးသမီးငယ်လေး၏စကားကို နားထောင်လိုက်ခြင်းက အကောင်းဆုံးဟု တွေးလိုက်လေတော့သည်... 


ချန်းဟွမ်သည် မက်ဆေ့စ်ပို့ပြီးနောက် ကျန်းမင်ယွမ်အကြောင်း ဆက်မတွေးတော့ချေ... ညစာစားပြီးနောက်တွင်တော့ သူမသည် ကျန်းမင်ယွမ်ဘက်မှ ပြန်ပို့လာသော စကားလုံး၂လုံးကို ကြည့်လိုက်သည်.. 


ထိုညတွင် သားအမိနှစ်ယောက်ဟာ အိပ်ယာပေါ်လှဲနေရင်း စကားစမြည်ပြောနေခဲ့၏... ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ၏အင်္ကျီကို ဆုပ်ကိုင်လိုက်ပြီး " မေမေ... မေမေရော  အပန်းဖြေပန်းခြံကို ကြိုက်လားဟင် " ဟု ရုတ်တရက် မေးလာခဲ့သည်...


ပေါက်စီလုံးလေးသည် ဘာလို့ အပန်းဖြေပန်းခြံကို ရုတ်တရက်ပြန်မေးလာခဲ့သည်လဲ...မဟုတ်မှ ကလေးလေးက ထပ်သွားချင်နေသည်လား..


ချန်းဟွမ်ဟာ ထိုသို့တွေးလိုက်ရင်း ကလေစလေးအား " မနက်ဖြန်​​ကျောင်း​ပြန်တက်ရပြီနော် " ဟု နူးညံ့စွာသတိပေးလိုက်လေသည်...


ထိုစဥ်ရှင်းရှင်းလေးက မိခင်ဖြစ်သူအား လေးနက်စွာ ကြည့်လိုက်ရင်း " မေမေက ဘာလို့အပန်းဖြေပန်းခြံကို မကြိုက်တာလဲ..."


" မကြိုက်ဘူးလို့ မပြောပါဘူး... "


"မေမေ လိမ်နေတာပဲ " ရှင်းရှင်းလေးက ပြတ်ပြတ်သားသားပြောလာခဲ့ချေတယ်... " မေမေက အပန်းခြေပန်းခြံကို လုံးဝမကြိုက်ဘူး "


ချန်းဟွမ်သည် ကလေးလေးအား ဆက်လက်ရှင်းပြမနေတော့ဘဲ ကျောပြင်ကို ပွတ်သပ်ပေးရင်း ချော့သိပ်လိုက်လေ၏...


ပေါက်စီလုံးလေး အိပ်ပျော်သွားပြီးနောက် ချန်းဟွမ်သည် ကလေးလေး၏စကားများကို ပြန်စဥ်းစားလိုက်ပေသည်... ဤသို့ဖြင့် သူမဟာ ပန်းခြံကို သွားသည့်နေ့က သူမ၏ပုံစံကို ပြန်လည်တွေးဆနေမိသည်...


Xxxxxxx