Chapter 99
{ ပစ်ချက်တစ်ချက်သာ လိုအပ်သည် - ၁ }
ချန်းဟွမ်သည် ကျန်းမင်ယွမ်အား ရှင်းရှင်းလေးနှင့် အချိန်ဖြုန်းခွင့်ပေးရန် ခွင့်ပြုပေးခဲ့သော်ငြား သိပ်တော့ မကျေနပ်လှပေ...
ယခင် သူမ ပိုင်ဆိုင်ထားသောရတနာလေးကို ယခုချိန်တွင် တခြားသူတစ်ဦးက မျက်စိကျနေသောကြောင့် စိုးထိတ်နေမိပုံပင်... သို့သော် ထိုအမျိုးသားသည် ထိုရတနာလေးကို သူမတို့နှစ်ဦးအတူတကွစောင့်ရှောက်မှသာ ပျက်စီးခြင်းကပ်ဘေးတို့မှ ကင်းဝေးနိုင်လိမ့်မည်ဟု ဆိုလာခဲ့ဖူးသည်...
အမှန်တိုင်းဆိုရသော် ထိုအမျိုးသား၏စကားဟာလည်း မမှားတာသည့်အပြင် သူမဆီတွင် ထိုကမ်းလှမ်းမှုကို ငြင်းဆိုရန် ခိုင်လုံသောသက်သေမရှိပါလေ... ထို့ကြောင့်လည်း သားအဖနှစ်ဦးအား ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်...
ဒါကတော့ ချန်းဟွမ်၏လက်ရှိအခြေအနေပင်...
အတည်အကျဆိုရပါလျှင် ရှင်းရှင်းလေးတွင် ဖခင်တစ်ယောက်ရှိခြင်းမှာ ကောင်းမွန်လှပေသည်... ဒါမှသာ တခြားသူများ၏ထူးဆန်းတဲ့အကြည့်တို့ကို ရှောင်ရှားနိုင်မည်ဖြစ်လေ၏...တစ်ဖက်တွင်လည်း ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်အား အလွန်ခင်တွယ်နေသည့်အတွက် ချန်းဟွမ်တစ်ယောက် စိတ်မကောင်းဖြစ်ရပြန်သည်... သူမ၏ရှင်းရှင်းလေးအား ဇာတ်လိုက်မှ လုယူသွားမည်ကို ကြောက်ရွံ့နေရရှာသည်... ထိုအကြောင်းတို့ကို တွေးမိလေတိုင်း သူမ ရင်ထဲ၌ ဆူးနစ်သွားအောင် ခံစားရပေသည်..
ဤသို့ဖြင့် အတွေးတို့အလယ်တွင် အိပ်မောကျသွားခဲ့ပြီး နောက်တစ်နေ့တွင် သူမသည် ရှင်းရှင်းလေးအား ကျောင်းပို့ခဲ့ပြီးနောက် နေရာတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်...
သူမ ဆိုင်အသစ်ကို ပြန်လည်ပြုပြင်ခြင်းဟာ ယခုဆိုလျှင် တစ်ဝက်ကျော်ကျော်လောက် ပြီးသွားခဲ့ပြီဖြစ်ကာ နိုဝင်ဘာလလောက်တွင်အပြီးသတ်နိုင်ပေမည်... သင်တန်းပေးခံထားရသောဝန်ထမ်းတို့မှာလည်း အတော်လေး ကျွမ်းကျင်လာခဲ့ပြီပင်... ရှောင်းပြည်နယ်မှ လာသောစားဖိုမှူးဆိုသူမှာလည်း သိုးသားငယ်ပွဲချက်ပြုတ်ပုံတစ်ခုလုံးနှင့် ရင်းနှီးလို့နေပြီဖြစ်ကာ အရသာမှာလည်း နှစ်လိုဖွယ်ဖြစ်လာခဲ့ပြီဖြစ်သည်...
သူမသည် ဆိုင်တွင် နေ့တစ်ဝက်လောက်ကုန်ဆုံးပြီးနောက် ရှင်းရှင်းလေးကို ကျောင်းမှ ခေါ်ရန် ထွက်လာခဲ့လိုက်သည်..
ကလေးလေးသည် မိခင်အား အိမ်ပြန်လမ်းတွင်ရောင်စုံခဲတံတချို့ဝယ်ခိုင်းသေးသည်...
သားအမိနှစ်ယောက်သား စူပါမားကတ်မှ ထွက်လာသောအခါ အရှေ့တွင် ညဈေးကိုပင်တွေ့လိုက်ရလေပြီ
ကောင်းကင်ပြင်မှာလည်း စောစောစီးစီးပင် မှောင်စပြုလာပြီး ညဈေးတွင်လည်း လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပြီဖြစ်သည်...
ဤသို့ဖြင့် အိမ်ပြန်ရောက်ချိန်တွင်တော့ သူမသည် ရှင်းရှင်းလေးနှင့်အတူ ညစာစားရန် ညစာချက်ပြုတ်နေကာ ရှင်းရှင်းလေးမှာတော့ အခန်းတွင်း၌ ပုံဆွဲနေခဲ့တော့တယ်... ချက်ပြုတ်နေစဉ်အတွင်း ဖုန်းမြည်သံကိုကြားလိုက်ရသောကြောင့် အရှေ့သို့ ပြေးထွက်ခဲ့သော်ငြား မြည်သံထွက်လာသောဖုန်းမှာ သူမ၏ဖုန်းမဟုတ်ဘဲ ရှင်းရှင်းလေးဖုန်းနာရီလေးဆီမှပင်...
ခေတ္တအကြာတွင် ဖုန်းတစ်ဖက်ဆီမှအမျိုးသားတစ်ဦး၏အသံကို ကြားရရတော့သည်...
" ရှင်းရှင်း ဘာလုပ်နေတာလဲ? "
" သားက ပုံဆွဲနေတာ..."
တစ်ဖက်မှအမျိုးသားသည် ကလေးလေး၏ပုံဆွဲနေတာဆိုသော စကားကြောင့် အနည်းငယ်ပြုံးမိသွားလေတယ်...
" ဘာပုံတွေ ဆွဲနေတာလဲ? "
" နေရယ် လရယ် ကြယ်တွေအများကြီးရယ်... " ထို့အခါတွင်တော့ တစ်ဖက်မှ အမျိုးသားသည် ထိုပုံ၌ ခြယ်သင့်သောအရောင်တို့ကို ပြောပြပေးလေသည်...
ပုံဆွဲပြီးနောက်တွင်တော့ ကလေးလေးသည် မိခင်ဖြစ်သူအား ပြသလေတယ်... " မေမေ... မေမေ... ဒီမှာ ကြည်ပါအုံး... ပုံဆွဲလို့ပြီးပြီ "
ရှင်းရှင်းလေးတို့အရွယ်၏အိမ်စာမှာ ပြီးဆုံးသွားလျှင် မိဘအားပြသကာ မိဘအုပ်ထိန်းသူတစ်ဦးဦး၏ လက်မှတ်ယူလာရန်ပင်...
ဟုတ်တာပေါ့... ကလေးအားလုံးဟာ အမှတ်၁၀၀အပြည့်ရစမြဲပင်...
ချန်းဟွမ်သည် ကလေးလေးဆွဲထားသောပုံကို ကြည့်ပြီးကျေနပ်သွားသည်... ရှင်းရှင်းလေးသည် ယခုတွင်တော့ လမင်းကြီး၏ပုံကို ပိုကောင်း ပိုလှပစွာ ဆွဲတတ်လာပြီပင်... ထို့နောက်တွင် သူမလက်ထဲရှိနေသည့်ဟင်းချက်စရာကို ခဏချလိုက်ပြီး သူမ၏နာမည်ရေးထိုးရန် ဘောပင်တစ်ချောင်းကို ရှာလိုက်ပြီးနောက် ပုံ၏အပေါ်တွင် လက်မှတ်ထိုးပြီးနောက် ရှင်းရှင်းလေးအား ပုံကို ပြန်ပေးလိုက်ပြီး "ကောင်းပြီ... အခုသွားဆော့လို့ရပါပြီ... ဒီပုံလေးကိုလည်း မပျောက်စေနဲ့နော်... "
သားအမိနှစ်ယောက် ထိုသို့ပြောနေစဥ်အတွင်းတွင် ဖုန်းတစ်ဖက်ရှိကျန်းမင်ယွမ်သည် အကြောင်းအရာအားလုံးကို ကျေနပ်စွာ နားထောင်နေခဲ့လေသည်...
ချန်းဟွမ်မှ ရှင်းရှင်းလေးအား အမှတ် 100 အပြည့် ပေးလိုက်သည်ကိုကြားတော့ သူကအနည်းငယ်ရယ်လိုက်ပြီး " ရှင်းရှင်းလေးက အရမ်းတော်တယ် " ဟုသာ ပြောလိုက်သေး၏...
ထိုအခါတွင် ရှင်းရှင်းလေးသည် သူဟာ တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေသေးသည်ကို မေ့နေပြီဖြစ်လေတယ်... ရုတ်တရက်ပေါ်လာသောကျန်းမင်ယွမ်၏အသံကြောင့် မျက်လုံးပြူးကျယ်သွားကာ ဖုန်းနာရီအနားသို့ နီးကပ်လာကာ " ဘယ်သူလဲ " ဟု မေးလိုက်လေတယ်...
ကျန်းမင်ယွမ် ကူရာမဲ့စွာဖြင့် " သားရဲ့အေ... ဦးလေးကျန်းပါ " ဟုသာ ပြန်ဖြေလိုက်ရတော့သည်...
Xxxxxx
Chapter 100
{ ပစ်ချက်တစ်ချက်သာ လိုအပ်သည် - ၂ }
" သားရဲ့အေ... ဦးလေးကျန်းပါ "
ထိုအခါတွင်မှ ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်ကို ပြန်သတိရသွားခဲ့ကာ နှစ်ဦးသား စကားစမြည် ပြန်ပြောဖြစ်ကြတော့သည်...တစ်ဖက်တွင်တော့ ချန်းဟွမ်ဟာ အားရပါးရရယ်မောနေမိသည်..
ကလေးလေးသည် သူနှင့်စကားပြောနေသောသူမှာ မည်သူမှန်း မသိပါဘဲ စကားကောင်းနေခဲ့သည်လေ...
ခေတ္တအကြာတွင်တော့ သူမဟာ သူမ ပါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့ကာ ညစာချက်ခြင်းလုပ်ငန်းကို ပြန်လည်စတင်လိုက်တော့၏...
ချန်းဟွမ်တစ်ယောက် ညစာချက်ပြုတ်ပြီးချိန်တွင်တောင် ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်နှင့် စကားကောင်းလို့နေဆဲပင်... ကလေးလေးသည် ကျန်းမင်ယွမ်အား သူ့သူငယ်ချင်းတွေအကြောင်း၊ သူ စားခဲ့ရတဲ့အစားအသောက်တွေအကြောင့်နဲ့ သူ့အမေအကြောင်းတို့ကို ပြောပြနေခဲ့ခြင်းဖြစ်လေသည်...
ကျန်းမင်ယွမ်သည်လည်း သားဖြစ်သူရဲ့မိခင်အကြောင်းနှင့် သူမ လုပ်ပေးသောဟင်းလျာတို့အကြောင်းကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးနေ၏...
ကျန်းမင်ယွမ်ဟာ သားဖြစ်သူ ပြောပြသောဟင်းလျာအမည်များကို သေချာမမှတ်မိနိုင်သော်လည်း ဟင်းလျာတိုင်းအတွက် ကလေးလေး၏ဖော်ပြချက်များက အရသာရှိတယ်၊ အရမ်းအရသာရှိတယ်၊ အရမ်းအရမ်းအရသာရှိတယ် စသည်တို့သာဖြစ်သည်..
ရှင်းရှင်းလေးက အရသာရှိသောဟင်းလျာများအကြောင်း ပြောနေသည်ကို နားထောင်နေရင်း ကျန်းမင်ယွမ် ကိုယ်တိုင်ပင် ဗိုက်ဆာသွားခဲ့ရလေသည်... ထို့နောက် သူ နာရီကို တစ်ချက်ကြည့်လိုက်ရင်း သူ့ဂျာကင်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့တော့၏... တစ်ခဏအကြာတွင် ချန်းဟွမ်မှ ညစာအဆင်သင့်ဖြစ်ပြီဟု ပြောလာအခါတွင်တော့ ဖုန်းချလိုက်လေသည်...
ကျန်းမင်ယွမ်သည် ထိုညတွင် ညစာစားပွဲတစ်ခုကို တက်ခဲ့ရသေး၏...
ထိုသို့သောညစာစားပွဲမျိုးသည် လစဉ်လတိုင်း အနည်းအကျဥ်းရှိစမြဲပင်... ညစာစားပွဲတွင် ဆွေးနွေးကြသောစီးပွားရေးအကြောင်းအရာတို့မှာ မတူညီကြသော်ငြား တူညီသောအချက်တစ်ချက်တော့ ရှိပေတယ်... ထိုစီးပွားရေးညစာစားပွဲတိုင်းဟာ လွန်စွာပျင်းစရာကောင်းသည့်အချက်ပင်...
သူ ထိုညစာစားပွဲသို့ ရောက်ချိန်သည် အတော်လေးပင် နောက်ကျလို့နေပြီဖြစ်သည်... ပွဲထဲတွင်တော့ ဝိုင်လေး သောက်ရင်း စကားစမြည်ပြောနေကြသူများဖြင့် ပြည့်နှက်လို့နေဆဲ... ထိုစဥ် ကျန်းမင်ယွမ်တစ်ယောက် ပွဲထဲကို ခြေတစ်လှမ်းချလိုက်သည်နှင့် သူ့အနားသို့ ပွဲစီစဥ်သူအပါအဝင် တခြားသောဧည့်သည်များပါ ချဥ်းကပ်လာကြတော့တယ်...
ကျိုးဟန်ယွမ်သည်လည်း ထိုနေရာတွင် ရှိနေခဲ့၏... ထိုအမျိုးသား ပုံမှန်အတိုင်း ကျန်းမင်ယွမ်နားသို့ ချဉ်းကပ်သွားခဲ့ပြီးနောက် ကျန်းမင်ယွမ်ကို ဝိုင်တစ်ခွက် ကမ်းပေးလိုက်ရင်း စကားစလိုက်ချေသည်... " ဒီနေ့ ဘယ်ကိစ္စကြောင့် ရောက်လာတာလဲ? "
မင်ယွမ်ဟာလည် သူ့အား ကမ်းပေးသောဝိုင်တစ်ခွက်ကိုယူလိုက်ပြီးနောက် စားပွဲပေါ်သို့ ပြန်ချလိုက်ကာ ပြန်ဖြေလေသည်... " ဒါတွေအကုန်လုံးကို ရှောင်နေလို့မရဘူးလေ... "
အခုညစာစားပွဲကြီးသည် လက်ရှိတွင် သူ(ကျန်းမင်ယွမ်)နှင့် ပရောဂျက်အတူလုပ်ကိုင်နေသောကုမ္ပဏီများထဲက တစ်ခုမှ ကျင်းပခြင်းဖြစ်တာကြောင့် ကျန်းမင်ယွမ်သည် ဒီပွဲကို ငြင်းရန် မသင့်သည်မို့ ရောက်လာခဲ့ခြင်းပင်...
ကျန်းမင်ယွမ်သည် လူငယ်စွန့်ဦးစီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူ သွားလေရာနေရာတိုင်းရှိ လူတိုင်း၏အာရုံစူးစိုက်မှုကို ရရှိသောသူဖြစ်လေတယ်... ထို့ကြောင့် ကျန်းမင်ယွမ်ရောက်လာပြီး ၂မိနစ်အတွင်းတွင် ပွဲထဲက လူများဟာ ထိုအမျိုးသားအနားသို့ ဆက်တိုက်ချဥ်းကပ်နေကြချေ၏...
ပွဲအတွင်းမှ လေထုသည် ဝိုင်နှင့်စီးကရက်နံ့တို့ ရောထွေးလို့နေပြီး နေချင်စဖွယ်မဟုတ်ပေ... အနှီအမျိုးသားဟာ လူတိုင်းနှင့်စကားစမြည်ပြောပြီးနောက် အခွင့်အရေးရှာကာ ပွဲထဲမှ ထွက်လာခဲ့တော့သည်...
ကျန်းမင်ယွမ်သည် ပွဲ၏အပြင်သို့ ရောက်ချိန်တွင်တော့ လတ်ဆတ်သောလေတို့ကို ရှုရှိုက်လိုက်လေသည်... ထို့နောက် ထွက်ခွာရန် ကားဒါရိုက်ဘာအား ဖုန်းခေါ်လိုက်နေသည်... ထို့နောက် တစ်ဖက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင်တော့ မိခင်ဖြစ်သူ မိတ်ဆက်ပေးဖူးခဲ့သောချူးရန်က သူ့အနီးအနားသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏...
ချူးရန်သည် ယနေ့တွင် သူမကိုယ်သူမ အလှဆုံးဖြစ်အောင် ၀တ်ဆင်ဖို့ အကောင်းဆုံးကြိုးစားထားပေတယ်... သူမသည် သူမ၏သွယ်လျသောခါးကို ပေါ်လွင်စေသောအပြာရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ဆံနွယ်များကို အနောက်ဘက်တွင် ကြိုးအနည်းငယ်ဖြင့် ညှင်သာစွာ ချည်နှောင်ထားပြီး ချစ်စရာကောင်းသောပုံရိပ်ကို ပေါ်လွင်စေ၏... သူမလက်ထဲတွင်လည်း ဝိုင်နှစ်ခွက်ကိုင်လျက် ကျန်းမင်ယွမ်နားသို့ အပြုံးလေးဖြင့် လျှောက်လာခဲ့ပြီးနောက် စကားစလာသည်
... " Bossကျန်း... ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်... "
ကျန်းမင်ယွမ်သည် မိခင်ကုမင်လီနှင့်နောက်ဆုံးအကြိမ် စကားများပြီးတည်းက မိခင်အိမ်သို့ မပြန်ခဲ့ပါလေ...
အမေကျန်းသည် လက်ရှိကာလအတွင်း အကြောင်းပြချက်များစွာ ပေးကာ ကျန်းမင်ယွမ်အား အိမ်ပြန်လာရန် ခေါ်ခဲ့သော်ငြား အနှီအမျိုးသားဟာ ထိုအားလုံးကိုလျစ်လျူရှုထားခဲ့ပေသည်... ထို့ကြောင့်လည်း အမေကျန်းဟာ ချူးရန်အား ယနေ့ပွဲသို့ စေလွှတ်လိုက်ခြင်းဖြစ်၏...
ချူးရန်သည် ကျန်းမင်ယွမ်တစ်ယောက် ပွဲအတွင်းသို့ ရောက်လာချိန်တည်းက သတိိထားမိခဲ့ခြင်းဖြစ်သော်လည်း ကျန်းမင်ယွမ်အနီးတွင် လူများပြည့်နှက်နေတာကြောင့် အနားသို့ မကပ်နိုင်ခဲ့ပေ...
ချူးအိမ်သည် ယခုနောက်ပိုင်းတွင် ယခင်ကကဲ့သို့ အခြေအနေမကောင်းတော့ချေ... ဒါ့ပြင် သူမဟာ တချို့ရဲ့ဝိုင်းပယ်ခြင်းကို ခံထားရပြီး သူမ နောက်တွင် ရပ်တည်ပေးမည့် ခြေသလုံးကြီးကြီးတစ်ခုရှိမှသာ အခုလက်ရှိအခြေအနေမှ ရုန်းထွက်နိုင်လိမ့်မည်ပင်...
အမေကျန်း၏အကြံအစည်မဟုတ်လျှင်တောင် သူမကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဒီပွဲသို့ လာမည်ဖြစ်သည်...
ကျန်းမင်ယွမ်မှာတော့ သူ့ရှေ့သို့လျှောက်လာသောအမျိုးသမီးကို လှမ်းကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိလေသည်...
Xxxxxxx