Chapter 103
{ သူမအတွက် ခံစားချက် - ၂ }
ထိုညတွင် ကျိုးဟန်ယွမ်သည် ကျန်းမင်ယွမ်၏အိမ်တွင်သာ အိပ်စက်လိုက်သည်... နောက်တစ်နေ့ မနက်တွင်တော့ ကျန်းမင်ယွမ်သည် အလုပ်သွားရန် စောစောထကာ ပြင်ဆင်နေလေသည်... ထိုစဥ်တွင် သူ့အနားသို့ ကျိုးဟန်ယွမ်တစ်ယောက် ရောက်လာခဲ့ပြီး သတင်းတစ်ခုကို ပြလာခဲ့၏...
ထိုသတင်းမှာ တခြားမဟုတ် မနေ့ညက ညစာစားပွဲရှိကျန်းမင်ယွမ်နှင့်ချူးရန်တို့နှစ်ဦး၏ဓါတ်ပုံနှင့်ပတ်သက်သည့်အတင်းအဖျင်းတို့ပင်...
လူအချို့တို့သည် ချမ်းသာကြွယ်ဝသောမိသားစုများကြားမှပြဿနာအတင်းအဖျင်းတို့ကို အတော်လေး စိတ်ဝင်စားကြချေ၏... ထို့ကြောင့်လည်း ကျန်းမင်ယွမ်နှင့်ချူးရန်တို့၏ဓါတ်ပုံသည် မီဒီယာတိုင်းသို့ ခဏချင်းပြန့်သွားခဲ့ခြင်းဖြစ်ပေသည်...
မနေ့ညက ချူးရန် ယိုင်လဲသွားချိန်တွင် ကျန်းမင်ယွမ်က ဘေးတွင်ရှိနေခဲ့တာကြောင့် ဓါတ်ပုံထဲတွင် ကျန်းမင်ယွမ်က ချူးရန်ကို ဆွဲဖက်တော့မည့်ပုံစံဖြစ်လို့နေလေသည်...
ကျိုးဟန်ယွမ်က ကျန်းမင်ယွမ်ကို ထိုကောလဟလအကြောင်းကို ပြောပြနေစဥ်တွင် ချူးရန်သည် ကျန်းမင်ယွမ်ဆီသို့ ဖုန်းဆက်လာခဲ့ကာ ဒီကိစ္စနှင့်ပတ်သက်ပြီး သူမ မသိကြောင်း၊ သူမကြောင့် ယခုလိုအတင်းအဖျင်းသတင်းထွက်သွားခဲ့တာကြောင့် တောင်းပန်ကြောင်းပြောလာခဲ့ချေ၏... ကျန်းမင်ယွမ်သည် သူ့ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ချူးရန်တစ်ယောက် မည်သို့မည်ပုံရသွားမှန်း မသိပါသော်လည်း ဆက်၍မမေးတော့ဘဲ ဖုန်းချလိုက်ပြီးနောက် ချီရှန်ဆီသို့ ဖုန်းဆက်ကာ ထိုသတင်းကို ရှင်းပစ်ရန် ပြောလိုက်လေတယ်...
ချီရှန်သည် ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် ပျံ့နှံ့နေသောကောလဟလတို့ကို ၂နာရီအတွင်းရှင်းပစ်လိုက်နိုင်၏...
သို့သော် ဒါသည် အဆုံးသတ် မဟုတ်ခဲ့ပါလေ... ချူးတို့သည် နေ့စဉ်သုံးကုန်ပစ္စည်းများကို ထုတ်လုပ်နေခဲ့ပြီး ယခုတွင်တော့ အိမ်ခြံမြေဘက်သို့ ခြေချချင်လာကြလေသည်... သို့ပေမယ့်လည်း နောက်လများတွင် ချူးအိမ်ခြံမြေကုမ္ပဏီသည် ပြဿနာတချို့ ကြုံတွေ့လာခဲ့လေသည်... ၎င်းတို့မျက်စိကျနေသည့်နေရာများတွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက်အဆင်မပြေခြင်း၊ အသုံးပြုသောလုပ်ငန်းပစ္စည်းများ အရည်အသွေးနိမ့်ခြင်းတို့နှင့် ရင်ဆိုင်လာရတော့သည်... ချူးတို့သည် စိုးရိမ်ပူပန်မှုများစွာကို ခံစားခဲ့ရသည့်အပြင် ၎င်းတို့၏စတော့ရှယ်ယာတန်ဖိုးများပင် ကျဆင်းသွားခဲ့လေသည်...
ချူးတို့ကို ပစ်မှတ်ထားသူသည် ၎င်း၏လမ်းကြောင်းများကို ဖုံးကွယ်ရန် အစီအစဥ် မရှိပေ... ထို့ကြောင့်လည်း အဖေချူးသည် နောက်ကွယ်မှသူကို ရှာဖွေနိုင်ခဲ့၏... သို့သော်လည်း နောက်ကွယ်မှသူမှာ သူ မတွန်းလှန်နိုင်ပါသော ကျန်းမင်ယွမ်ဖြစ်နေခဲ့ချေသည်... ကျန်းမင်ယွမ် ၎င်းတို့ကို တိုက်ခိုက်ရသောအကြောင်းကို ရှာဖွေကြည့်သည့်အခါ သမီးဖြစ်သူ ချူးရန်ကြောင့်မှန်း သိရှိခဲ့ရပြီး ချူးရန်ကို ဆူပူလေတော့၏...
ထို့နောက်တွင် ကျန်းမင်ယွမ်ကို သွားတောင်းပန်ရန် ချူးရန်ကို ဖိအားပေးပြန်သည်...
တစ်ဖက်တွင်တော့ ချန်းဟွမ်သည် ထိုကိစ္စများနှင့်ပတ်သက်၍ ဘာမျှမသိပေ... သူမသည် အတင်းအဖျင်းစကားများကို ဂရုမစိုက်သလို ကျန်းမင်ယွမ်ကလည်း သူမကို ထိုကိစ္စများအကြောင်း မပြောပြခဲ့ချေ... ကျန်းမင်ယွမ်သည် ရှင်းရှင်းလေးဆီသို့ နေ့တိုင်းဖုန်းဆက်လေ့ရှိပြီး စနေ၊တနင်္ဂနွေနေ့တွေမှာ အပြင်ခေါ်သွားလေ့ရှိ၏...
ချန်းဟွမ်သည် အစပိုင်းတွင်တော့ ကျန်းမင်ယွမ်၏အပြုအမူကို တစ်စက်မျှ ကြည့်မရပေ... ထိုအမျိုးသား၏အသံကို ကြားလိုက်လေတိုင်း သေရကံနီးသလို ခံစားခဲ့ရလေသည်... သို့သော် အချိန်ကြာလာချိန်တွင်တော့ သူမသည် ထိုအသံကို နေသားကျလာခဲ့ပေသည်... တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာစဥ် ရှင်းရှင်းလေးကို ကြည့်ရင်း သားဖြစ်သူတွင် အဖေတစ်ယောက်ရှိနေခြင်းက မကောင်းသောအရာတစ်ခု မဟုတ်ကြောင်း သိလာခဲ့၏...
နိုဝင်ဘာ ၁၃ ရက်နေ့သည် ချန်းဟွမ်၏ဆိုင်ကို ပြန်လည်မွမ်းမံပြင်ဆင်ခြင်း ပြီးဆုံးသည့်နေ့ဖြစ်သည်... ထိုနောက်ပိုင်းတွင် ချန်းဟွမ်သည် လုပ်ငန်းလိုင်စင်ရရေးအတွက် အလုပ်ရှုပ်နေခဲ့တော့တယ်... ဤသို့ဖြင့် ဒီဇင်ဘာလရောက်ချိန်တွင်တော့ လုပ်ငန်းလိုင်စင်ရခဲ့သည်...
ဒီနှစ် ဒီဇင်ဘာလသာရှိသေးသော်ငြား အပူချိန်သည် သုည ဒီဂရီဝန်းကျင် ရှိနေလေပြီ...
ချန်းဟွမ်တစ်ယောက် အိပ်ယာထ၊ မနက်စာစားပြီးနောက် ရှင်းရှင်းလေးကို နှိုးရလေ၏...
ဆောင်းရာသီတွင် အပူချိန်နိမ့်ပြီး ကလေးငယ်တစ်ယောက်အတွက် မနက်ခင်း အိပ်ရာထရန် ခက်ခဲလှသည်... ရှင်းရှင်းလေးသည် အမေဖြစ်သူမှ သူ့ကို အိပ်ရာထရန် ပြောချိန်တွင် စောင်ထဲသို့ ပိုတိုး၀င်လိုက်သည်
ချန်းဟွမ်သည် ၂ကြိမ် ၃ကြိမ်လောက် သားဖြစ်သူ နာမည်ကို ခေါ်ကာ နှိုးသော်လည်း ကလေးက ထမလာသောကြောင့် ရှင်းရှင်းလေး အိပ်ချင်ယောင်ဆောင်နေမှန်းသိသွားခဲ့လေသည်... ထိုအခါ ချန်းဟွမ်သည် စောင်အောက်ထဲသို့ သူမ လက်ကို ထည့်လိုက်ပြီး ရှင်းရှင်းလေး၏လည်ပင်ကို ကိုင်လိုက်သည်...
သူမလက်က အေးစက်နေတာကြောင့် ကလေးလေး၏လည်ပင်းကို ထိလိုက်ချိန်၌ ကလေးလေးသည် အနည်းငယ် လန့်သွားခဲ့ပြီး အိပ်ယာနိုးလာခဲ့၏..
"မေမေ"
" အခု နိုးပြီလား... ဒီနေ့က မေမေရဲ့ဆိုင်ဖွင့်ပွဲလေ... အတူတူ သွားကြည့်ချင်လား... " ချန်းဟွမ်က ပြုံးလျက် မေးလိုက်လေသည်...
Xxxxxx
Chapter 104
{ သူမအတွက် ခံစားချက် - ၃ }
မိခင်ဖြစ်သူ၏အမေးကို ကြားပြီးချိန်တွင် ရှင်းရှင်းလေး၏ခေါင်းထဲသို့ ရွေးချယ်စရာ၂ခုရောက်ရှိလာတော့၏... ကလေးလေးသည် အမေဖြစ်သူ၏ဆိုင်ဖွင့်ပွဲကို သွားသော်လည်း အိပ်ယာထဲမှလည်း မထချင်သေးချေ... သို့သော်လည်း နောက်ဆုံးတွင်တော့ ချန်းဟွမ်နှင့်အတူ လိုက်ရန်သာ ဆုံးဖြတ်လိုက်လေသည်...
ရုံကျန်းပလာဇာသည် စနေနေ့တွင် အတော်လေး စည်ကားလို့နေ၏... ချန်းဟွမ်သည် ရှင်းရှင်းလေးကို လက်တွဲထားရင်း ပလာဇာ၏တတိယထပ်သို့ ဦးတည်ကာ လျှောက်လာခဲ့လေသည်...
တတိယထပ်ရှိ တရုတ်စတိုင် စားသောက်ဆိုင်၏အပြင်ဘက်တွင် ဝါးဖြင့်ပြုလုပ်ထားသည့်တံခါးပေါက်ရှိနေပြီး ထိုတံခါးပေါက်၏တစ်ဖက်တစ်ချက်စီတွင် အနီရောင်မီးပုံးကြီးတစ်လုံးစီကို ချိတ်ဆွဲထားပေတယ်... အပေါ်ရှိက ကမ္ပည်းပြားပေါ်တွင်လည်း ကြီးမားသောစာလုံးအရွယ်အစားဖြင့် " သိုးငယ်လေး " ဟု ရေးထိုးထားသေး၏...
စားသောက်ဆိုင်ရှေ့တံခါးမှ ပိတ်ထားဆဲဖြစ်သော်လည်း ပန်းခြင်းများ ရှိနေသည်... ပန်းခြံတစ်ခုမှာ ရှန်းလီဆီမှဖြစ်ပြီး နောက်တစ်ခုမှ ကျန်းမင်ယွမ်ဆီမှဖြစ်လေသည်..
မနက် ၉ နာရီတွင်တော့ ပုံမှန်ဆိုင်ဖွင့်ပွဲများကဲ့သို့ ဆိုင်သစ်ဖွင့်ခြင်းကို တရားဝင်ကြေငြာခဲ့၏... အစပိုင်းတွင်တော့ လာရောက်စားသုံးသူ များများစားစားမရှိပါလေ... သိုးသားကို မနက်စာအဖြစ် စားသုံးသူ နည်းပါးသည်ထင်သည်... သို့သော်လည်း ချန်းဟွမ်သည် မနက်ပိုင်း၌ စားသုံးသူ နည်းပါးနေခြင်းကို စိတ်မပူပါပေ... ဤသို့ဖြင့် နေ့လည်စာစားချိန် ရောက်လာသည်နှင့်အမျှ စားသုံးသူများ တစ်စနှင့်တစ်စ တိုးလာခဲ့တော့သည်...
ယနေ့သည် ချန်းဟွမ်၏ဆိုင်အသစ်ဖွင့်ပွဲရှိသည်ကို ကျန်းမင်ယွမ်တစ်ယောက် သိထားပြီးဖြစ်ကာ ဆိုင်ဖွင့်ပွဲသို့ သွားကာ သူမကို အားပေးရန်ပင် စဥ်းစားထားသေး၏... သူ ကြည့်ကောင်းမည့်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အပြင်သို့ ထွက်လာချိန်၌ မဖိတ်ခေါ်ထားသောဧည့်သည်ကြီး ကျိုးဟန်ယွမ်နှင့် ပက်ပင်းတွေ့လေတော့သည်... ကျိုးဟန်ယွမ်သည် ကျန်းမင်ယွမ်ဆီမှ နေ့လည်စာ ဂုန်းဆင်းရန် ရောက်ရှိနေခြင်းပင်...
" မင်း အပြင်သွားမလို့လား ရှောင်ကျိုး... " ကျိုးဟန်ယွမ်သည် အိမ်ရှေ့ပေါက်တွင် ရပ်နေရင်း မေး၏...
" ဟုတ်တယ်... "
" နေ့လည်စာ သွားစားမလို့လား? "
ကျန်းမင်ယွမ်: " ••• "
ကျန်းမင်ယွမ်သည် သူ၏အမေးကို ပြန်မဖြေပါဘဲ နှုတ်ဆိတ်နေခဲ့ပြီး ခေါင်းသာညိမ့်ပြလိုက်သည်... ထိုအခါ ကျိုးဟန်ယွမ်သည် အနည်းငယ်ပြုံးလိုက်ပြီး " ငါလည်း ထမင်းမစားရသေးဘူး... ငါ့ကိုပါ ခေါ်သွားပါလား...? "
ကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ်နှင့် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့တာကြောင့် ကျိုးဟန်ယွမ်အကြောင်းကို ကောင်းကောင်း သိပေတယ်... ထိုအစားပုတ်သည် သူ မခေါ်ပါလျှင်လည်း မရမက အတင်းလိုက်မည်သူပင်... ထို့ကြောင့်လည်း ကျန်းမင်ယွမ်သည် အနှီအမျိုးသားကို ကြည်ကြည်ဖြူဖြူဖြင့်သာ ခေါ်လာခဲ့ရချေသည်...
ရုံကျန်းပလာဇာသို့ ရောက်သော်~
" ဒါက မင်းပိုင်တဲ့ဈေးဝယ်စင်တာပဲ မဟုတ်ဘူးလား " ကျိုးဟန်ယွမ်သည် တစ်ခဏလေးမျှ စကားမရပ်ပါဘဲ ဆက်တိုက်ပြောနေဆဲပင်... " မင်း ဒီနေရာကို ဘာလာလုပ်တာလဲ? မဟုတ်မှ မင်းရဲ့ချစ်သူနဲ့ တွေ့မလို့လား "
ကျန်းမင်ယွမ်: " ••• "
ကျန်းမင်ယွမ်တစ်ယောက် ရုံကျန်းပလာဇာကို လာရခြင်းမှာ သူ့ချစ်သူနဲ့တွေ့ဖို့ မဟုတ်ပါလေ... သူ့သား၏အမေပိုင်သော စားသောက်ဆိုင်တွင် ရိုးရိုးသားသားနေ့လည်စာ စားဖို့သာဖြစ်သည်... သို့သော် နားမလည်နိုင်သော အကြောင်းပြချက်အချို့ကြောင့် ကျိုးဟန်ယွမ်ပြောသောစကားတို့ကို ကြားပြီးသောအခါ ရည်းစားနှင့် ခိုးတွေ့ခြင်းကို လူမိသွားသည့်ခံစားချက်မျိုး ခံစားနေရ၏...
ကျန်းမင်ယွမ်၏ငယ်သူငယ်ချင်းဖြစ်သည့်ကျိုးဟန်ယွမ်သည် သူ့ဘေးနားတွင် ဆက်၍ လိုက်ပါလာဆဲပင်... ဤသို့ဖြင့် ကျန်းမင်ယွမ်တစ်ယောက် စားသောက်ဆိုင်တစ်ခုရှေ့သို့ ရောက်ချိန်တွင်တော့ ကျိုးဟန်ယွမ်သည် ဆ်ုင်နာမည်ကို လှမ်းမော့ကြည့်လိုက်ကာ " ရှောင်ကျန်း မင်းက တော်တော်ကပ်စေးနဲတာပဲ... မင်းကောင်မလေးကို ဒီလိုနေရာမှာပဲ နေ့လည်စာ ကျွေးမလို့လား... "
ကျိုးဟန်ယွမ်သည် ဆိုင်တံခါးဝတွင် ရပ်နေရင်း ကျန်းမင်ယွမ်ကို ကပ်စေးနဲလိုက်တာဆိုသောအကြည့်ဖြင့် ကြည့်နေခဲ့သည်... သို့သော် ငွေရှင်းကောင်တာ နောက်ကွယ်တွင် ရပ်နေသည့်ချန်းဟွမ်ကို တွေ့လိုက်ချိန်တွင်တော့ ကျိုးဟန်ယွမ်သည် ပြုံးပြုံးစိစိဖြစ်လာခဲ့လေသည်...
" အထဲ ဝင်ရအောင် " ကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ်ကို လှည့်ကြည့်ပြီး ထိုသို့ဆိုလိုက်၏... စက္ကန့်ပိုင်းမျှအကြာတွင် ထိုအမျိုးသား၂ဦးအနားသို့ ဝန်ထမ်းတစ်ယောက်ရောက်လာခဲ့ပြီး ဘယ်နစ်ယောက်လာမည်လဲဟု မေးလာခဲ့၏...
" နှစ်ယောက်... " ကျန်းမင်ယွမ်သည် ဝန်ထမ်းကို ပြန်ဖြေလိုက်ပြီးနောက် ငွေရှင်းကောင်တာ အနောက်တွင် ရပ်နေသည့်ချန်းဟွမ်ကို လှမ်းကြည့်လိုက်မိသည်...
ထိုစဥ် ချန်းဟွမ်ကလည်း ကျန်းမင်ယွမ်ကို လှည့်ကြည့်လိုက်သောကြောင့် သူတို့နှစ်ဦး အကြည့်ချင်းစုံသွားခဲ့တော့သည်... ခေတ္တအကြာတွင်တော့ တစ်ယောက်သည် ဝန်ထမ်း လမ်းပြရာ စားပွဲဆီသို့ နောက်သွားခဲ့ပြီး ကျန်တစ်ယောက်သည်ကား သူမရှေ့မှ စားသုံးသူနှင့် ပြုံးရွှင်စွာ စကားပြန်ပြောနေခဲ့၏...
" မင်း ဒီနေရာကို လာတာက သူနဲ့ တွေ့မလို့ပေါ့လေ... " ကျိုးဟန်ယွမ်သည် ထိုသို့ပြောကာ ကျန်းမင်ယွမ်ကို ကြည့်နေခဲ့ပေသည်... " ဒါဆို မင်းက သူ့အပေါ် ခံစားချက် ရှိနေလား... "
ကျိုးဟန်ယွမ်၏စကားအဆုံးတွင် ကျန်းမင်ယွမ်က " ငါ ဒီကိုလာတာ သူ့ဆိုင်ကို အားပေးဖို့အတွက်ပဲ..." ထိုစကားကို ပြောပြီးနောက် ဆိုင်မီနူးကို ကြည့်ရင်း သူစားလို့အဆင်ပြေမည့်တစ်ခုခုကို ရှာဖွေနေချေတယ်... သူသည် သိုးသား အရသာကို သိပ်မနှစ်သက်တာကြောင့် မှာယူလိုက်သောအစားအစာအများစုသည် သားသတ်လွတ်များသာ ဖြစ်လို့နေ၏... တစ်ဖက်ရှိ ကျိုးဟန်ယွမ်မှာတော့ ဘေးဝိုင်းမှလူများစားနေသော သိုးကျောရိုးဟော့ပေါ့ကို မှာယူလိုက်သည်...
ယနေ့သည် ဆိုင်စဖွင့်သည့် ပထမနေ့ဖြစ်တာကြောင့် 20%လျှော့စျေးရရှိပြီး ဆိုင်၏ရောင်းရနှုန်းသည် အလွန်ကောင်းမွန်လှပေသည်... နေ့လည်စာစားချိန်၌ ဆိုင်ထဲတွင် ထိုင်ခုံအလွတ်ပင် မရှိတော့အောင် ပြည့်နှက်နေသည့်အပြင် ဆိုင်ပြင်တွင်လည်း စောင့်ဆိုင်းနေသူ များစွာ ရှိလာခဲ့လေပြီ...
စားသုံးသူများပြားလာသောကြောင့် အလုပ်ရှုပ်ပေမယ့်လည်း ဝန်ဆောင်မှုပေးခြင်းမှာ မြန်ဆန်ဆဲပင်... ကျိုးဟန်ယွမ် မှာထားသောဟော့ပေါ့သည် ခဏလေးအတွင်းတွင် ရောက်ရှိလာခဲ့၏...
သိုးကျောရိုးသည် ကြိုတင်ချက်ပြုတ်ထားပြီးဖြစ်ကာ ဟင်းချိုကို အပူပေးပြီးနောက် စားသုံးရန် အသင့်ဖြစ်နေခဲ့ပေသည်...
ကျိုးဟန်ယွမ်သည် အပိုင်းတစ်ပိုင်းကို ခပ်ယူပြီး အသားတစ်စကို ကိုက်လိုက်သည်... ပထမတော့ အနည်းငယ်ပူသော်လည်း နည်းနည်းချင်းဝါးလိုက်တဲ့အခါ အသားက နူးညံ့ပြီး အရသာရှိတဲ့ဟင်းချိုကြောင့် စားချင်စိတ်ကို ရပ်တန့်ထားလို့ပင် မရတော့ပါလေ...
ကျိုးဟန်ယွမ်သည် စားကြည့်ပြီးနောက်တွင် သူငယ်ချင်းဖြစ်သူ ကျန်းမင်ယွမ်ဘက်သို့ လှည့်ကြည့်လိုက်မိ၏... " ဒီအသားက တော်တော်လေးလေးကောင်းတယ်... မအီသွားဘူး... မင်း နည်းနည်းလောက်မြည်းကြည့်လိုက်... "
ကျန်းမင်ယွမ်သည် အစပိုင်းတွင်တော့ အသားစားချင်စိတ်မရှိသော်လည်း သူ မှာယူထားသောသားသတ်လွတ်သည် မရောက်သေးသည့်အပြင် ဗိုက်လည်း လွန်စွာဆာနေခဲ့ပြီးဖြစ်တာကြောင့် သိုးကျောရိုးဟော့ပေါ့ကို မြည်းကြည့်ရန် ဆုံးဖြတ်လိုက်ချေသည်... ထို့ကြောင့် သူသည် အသေးငယ်ဆုံးအပိုင်းကို ခပ်ယူကာ အနည်းငယ်မြည်းကြည့်လိုက်တော့၏...
ထို့နောက်တွင်တော့ ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး " omm... တကယ် ကောင်းတယ်..."
Xxxxxx